ကမ္ဘာချီ ရေရှားပါးမှု ပြဿနာအကြောင်း ကျမ်းစာအဆိုက ဘာလဲ
အသက်ရှင်ရေးအတွက် ရေသန့် မရှိမဖြစ် လိုအပ်တယ်။ ဒါပေမဲ့ “ကမ္ဘာချီအတိုင်းအတာနဲ့ ရေ လိုသည်ထက် လိုနေတယ်။ ရေရှားပါးမှုပြဿနာ တော်တော်ဆိုးနေပြီ” ဆိုပြီး ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီရို ဂူတာရက်စ် သတိပေးတယ်။ အခုတောင် ကမ္ဘာတစ်ဝန်းက သန်းနဲ့ချီတဲ့သူတွေ သောက်ရေသန့် လွယ်လွယ်ကူကူ မရနိုင်တော့ဘူး။
Strdel/AFP via Getty Images
သက်ရှိအားလုံးအတွက် ရေလုံလုံလောက်လောက် ရှိလာပါ့မလား။ ဒါမှမဟုတ် ရေရှားပါးမှုပြဿနာ ဒီအတိုင်းဆက်သွားမလား။ ကျမ်းစာအဆိုက ဘာလဲ။
ရေနဲ့ပတ်သက်တဲ့ ကျမ်းစာကတိ
ကျမ်းစာအဆိုအရ တစ်နေ့ကျရင် ရေရှားပါးမှု ပြဿနာ ပပျောက်သွားမယ့်အပြင် ကြည်လင်သန့်ရှင်းတဲ့ရေကို ဖောဖောသီသီ ရရှိပါလိမ့်မယ်။
“တောကန္တာရမှာ ရေတွေ ပန်းထွက်လိမ့်မယ်။ ကန္တာရလွင်ပြင်မှာလည်း စမ်းချောင်းတွေ စီးဆင်းလိမ့်မယ်။ ပူပြင်းခြောက်သွေ့တဲ့ မြေဟာ ကျူပင်ပေါတဲ့ရေအိုင် ဖြစ်လာမယ်။ ခြောက်သွေ့တဲ့မြေဟာ စမ်းချောင်းတွေစီးတဲ့မြေ ဖြစ်လာမယ်။”—ဟေရှာယ ၃၅:၆၊ ၇။
ဒီကျမ်းစာကတိကို ဘာကြောင့် ယုံကြည်စိတ်ချနိုင်သလဲ။ ကမ္ဘာမြေကြီးကို ပုံစံပြုထားတဲ့ အသွင်အပြင်တစ်ခုအကြောင်း ကျမ်းစာအဆိုကို လေ့လာကြည့်ပါ။
ကမ္ဘာမြေကြီးနဲ့ ရေသံသရာအကြောင်း ကျမ်းစာအဆိုက ဘာလဲ
‘ကမ္ဘာမြေကို အကြောင်းမဲ့ ဖန်ဆင်းတာ မဟုတ်ဘဲ သတ္တဝါတွေ နေထိုင်ဖို့ ဖန်ဆင်းခဲ့တယ်။’—ဟေရှာယ ၄၅:၁၈။
ဘုရားက သက်ရှိတွေ ရှင်သန်နိုင်ဖို့ ကမ္ဘာမြေကို ပုံစံပြုထားတာပါ။ ဒါကြောင့် ရေချို အလျှံပယ် ရရှိစေတဲ့ ဂေဟစနစ်တွေကို ဖန်ဆင်းပေးထားတယ်။
“ဘုရားက ရေစက်တွေကို ဆွဲယူတယ်။ ရေခိုးရေငွေ့တွေက မိုးရေအဖြစ် ငွေ့ရည်ဖွဲ့တယ်။ အဲဒီနောက် မိုးတိမ်တွေကနေ မိုးရွာချပြီး လူတွေအပေါ် ရွာသွန်းဖြိုးတော့တယ်။”—ယောဘ ၃၆:၂၇၊ ၂၈။
ရေချိုကို ပုံမှန် သန့်စင်၊ ထုတ်လုပ်ပေးတဲ့ သဘာဝစနစ်တစ်ခုကို ဘုရား ဒီဇိုင်းဆွဲထားတဲ့အကြောင်း ဒီကျမ်းပိုဒ်က ရှင်းပြနေတာပါ။ ရေဟာ ကုန်းမြေ၊ ပင်လယ်ကနေ အငွေ့ပျံတယ်၊ ငွေ့ရည်ဖွဲ့တယ်၊ မိုးအဖြစ် ပြန်ရွာကျလာတယ်။ ဒီလိုနဲ့ လူနဲ့ သတ္တဝါအားလုံးအတွက် သန့်ရှင်းတဲ့ ရေချို အဆက်မပြတ် ရရှိစေတယ်။—ဒေသနာ ၁:၇။ အာမုတ် ၅:၈။
“အချိန်တန်တဲ့အခါ ငါမိုးရွာစေမှာဖြစ်လို့ လယ်မှာ ကောက်နှံတွေ ဖြစ်ထွန်းလိမ့်မယ်။ အပင်တွေလည်း အသီးသီးမယ်။”—ဝတ်ပြုရာ ၂၆:၄။
လယ်ယာလုပ်ငန်းနဲ့ အသက်မွေးရတဲ့ ရှေးခေတ် အစ္စရေးလူမျိုးကို ကောင်းချီးပေးတဲ့အနေနဲ့ သူတို့ကို ရေပုံမှန် ရရှိစေမယ်၊ သီးနှံစိုက်ခင်း အောင်မြင်ဖြစ်ထွန်းစေမယ်ဆိုပြီး ဘုရား ကတိပေးတယ်။ ရာသီအလိုက် မိုးရွာမှ စိုက်ပျိုးရေး ဖြစ်ထွန်းမယ်ဆိုတာ ဘုရား သိတယ်။
ဘုရားက ရှေးခေတ် အစ္စရေးတွေအတွက် လုပ်ဆောင်ပေးခဲ့သလို ကမ္ဘာချီအတိုင်းအတာနဲ့ မကြာခင် လုပ်ဆောင်ပေးပါတော့မယ်။ (ဟေရှာယ ၃၀:၂၃) အခုအချိန်မှာတော့ ကမ္ဘာ့ဒေသအတော်များများမှာ ရေရှားပါးသည်ထက် ရှားပါးလာတယ်။ ဒီလိုဖြစ်တာက မိုးခေါင်တာ တစ်ခုတည်းကြောင့် မဟုတ်ဘူး။ ရေရှားပါးမှု ပြဿနာကို ဖြေရှင်းပေးမယ့်အကြောင်း ကျမ်းစာမှာ ဘာထပ်ပြောထားသေးသလဲ။
ရေရှားပါးမှု ပြဿနာ ဘယ်လို အဆုံးတိုင်မလဲ
ရေရှားပါးမှု အပါအဝင် သဘာဝဂေဟစနစ်ကို ထိခိုက်စေတဲ့ ပြဿနာအားလုံးကို ဘုရားနိုင်ငံတော် ဖြေရှင်းပေးမယ်လို့ ကျမ်းစာ ဆိုတယ်။ (မဿဲ ၆:၉၊ ၁၀) ဘုရားနိုင်ငံတော်ဆိုတာ ကောင်းကင်မှာတည်ရှိတဲ့ အစိုးရဖြစ်ပြီး ကမ္ဘာမြေကို အုပ်ချုပ်ပါတော့မယ်။ (ဒံယေလ ၂:၄၄။ ဗျာဒိတ် ၁၁:၁၅) လူ့အစိုးရတွေ မဖြေရှင်းပေးနိုင်တဲ့ ရေရှားပါးမှုရဲ့ အရင်းခံပြဿနာတွေကိုလည်း ဘုရားနိုင်ငံတော်က ဖြေရှင်းပေးသွားမယ်။
ပြဿနာ။ ရာသီဥတု ဖောက်ပြန်မှုကြောင့် ရေသံသရာလည်ပုံ ဆိုးဆိုးဝါးဝါး ဟန်ချက်ပျက်လာတယ်။ ရလဒ်အနေနဲ့ တချို့နေရာမှာ မိုးခေါင်ရေရှားလာတယ်။ တချို့နေရာမှာတော့ မိုးများလို့ ဒါမှမဟုတ် ပင်လယ်ရေ မျက်နှာပြင် မြင့်တက်လို့ ရေကြီးရေလျှံလာတယ်။
ဖြေရှင်းနည်း။ ဘုရားနိုင်ငံတော်က သဘာဝပတ်ဝန်းကျင်ရဲ့ ထိခိုက်ပျက်စီးမှုအားလုံးကို ပြုပြင်ပေးပြီး ကမ္ဘာမြေကို ပြန်လည်ကုစားပေးပါတော့မယ်။ ဘုရား အခုလို ကတိပေးတယ်– “အရာခပ်သိမ်းကို ငါ အသစ်ဖန်ဆင်းနေတယ်။” (ဗျာဒိတ် ၂၁:၅) ကန္တာရလို နေရာမျိုးမှာတောင် ရေပေါများလာမှာဖြစ်လို့ စိမ်းလန်းစိုပြည်လာမယ်။ (ဟေရှာယ ၄၁:၁၇-၂၀) ဘုရားနိုင်ငံတော်ဘုရင် ယေရှုခရစ်က သဘာဝစွမ်းအားတွေကိုလည်း ထိန်းချုပ်ထားမှာ ဖြစ်တယ်။
ယေရှု ကမ္ဘာပေါ်မှာ အသက်ရှင်တုန်းက ဘုရားပေးတန်ခိုးနဲ့ မုန်တိုင်းစဲအောင် လုပ်ပေးခဲ့တယ်။ ယေရှု ဘယ်လောက်တန်ခိုးကြီးသလဲဆိုတဲ့ နမူနာတစ်ခုပါပဲ။ (မာကု ၄:၃၉၊ ၄၁) ယေရှု အုပ်ချုပ်တဲ့အခါ သဘာဝဘေးတွေ ရှိတော့မှာ မဟုတ်ဘူး။ ဒါကြောင့် လူတွေ စစ်မှန်တဲ့ ငြိမ်းချမ်းလုံခြုံမှု ခံစားရမယ်။
ပြဿနာ။ ရေတိုပဲ ကြည့်တဲ့သူတွေ၊ လောဘကြီးတဲ့ လုပ်ငန်းရှင်တွေကြောင့် မြစ်ချောင်းအင်းအိုင်၊ မြေအောက်ရေကြောတွေ ညစ်ညမ်းလာတယ်။
ဖြေရှင်းနည်း။ ဘုရားက ကမ္ဘာကို သန့်စင်စေမယ်၊ ညစ်ညမ်းနေတဲ့ မြစ်ချောင်းအင်းအိုင်နဲ့ မြေဆီလွှာကို ပြန်ကုစားပေးမယ်။ ကမ္ဘာမြေကြီးဟာ သာယာလှပတဲ့ ပရဒိသု ဖြစ်လာမယ်။ ကျမ်းစာမှာ အခုလို ကဗျာဆန်ဆန် ရေးစပ်ထားတယ်– “တောကန္တာရနဲ့ ပူပြင်းခြောက်သွေ့တဲ့ မြေဟာ ပျော်မြူးလိမ့်မယ်။ ကန္တာရလွင်ပြင်လည်း ရွှင်လန်းပြီး ကုံကုမံပန်းတွေလို ဝေဆာလိမ့်မယ်။”—ဟေရှာယ ၃၅:၁။
သဘာဝဝန်းကျင်ကိုလည်း ဂရုမစိုက်၊ လူသားချင်းကိုလည်း မစာနာတဲ့သူတွေ ဘာဖြစ်သွားမလဲ။ “ကမ္ဘာမြေကို ဖျက်ဆီးတဲ့သူတွေကို ဖျက်ဆီး” မယ်လို့ ဘုရားသခင် ကတိပေးထားတယ်။—ဗျာဒိတ် ၁၁:၁၈။ ပညာအလိမ္မာ ၂:၂၁၊ ၂၂။
ပြဿနာ။ ရေကို ဗုံးပေါလအော သုံးစွဲပြီး မြေကြီး ထုတ်ပေးနိုင်တာထက် သုံးဖြုန်းနေကြလို့ ရေချိုတွေ လျော့နည်းလာတယ်။
ဖြေရှင်းနည်း။ ဘုရားနိုင်ငံတော် အုပ်ချုပ်တဲ့အခါ တစ်ကိုယ်ကောင်းသမားတွေရဲ့ အလိုမဟုတ်ဘဲ ဘုရားရဲ့ အလိုတော် ‘ကမ္ဘာမြေမှာ ပြည့်စုံ’ လာမယ်။ (မဿဲ ၆:၉၊ ၁၀) ဘုရားနိုင်ငံတော် အုပ်ချုပ်မှုအောက်မှာ နေထိုင်သူတွေဟာ အကောင်းဆုံး ပညာရေး ရရှိပါလိမ့်မယ်။ “ကမ္ဘာမြေဟာ ယေဟောဝါကို သိကျွမ်းခြင်းနဲ့ ပြည့်နေ” မယ်လို့ ဟေရှာယ ၁၁:၉ မှာဆိုထားတယ်။a ဘုရားနဲ့ ဖန်ဆင်းရာတွေကို ချစ်တဲ့လူသားတွေက သာလွန်မြင့်မြတ်တဲ့ အသိပညာ ရထားလို့ ကမ္ဘာမြေကြီးနဲ့ သယံဇာတတွေကို အကောင်းဆုံး ထိန်းသိမ်းသွားနိုင်ပါလိမ့်မယ်။
ဘုရားနိုင်ငံတော် လုပ်ဆောင်ပေးမယ့်အရာတွေအကြောင်း ထပ်သိချင်ရင် “ဘုရားသခင့်နိုင်ငံတော်က ဘာတွေလုပ်ဆောင်ပေးမလဲ” ဆောင်းပါးကို ဖတ်ပါ။
ကမ္ဘာမြေ ဘယ်လိုနည်းနဲ့ သာယာလှပတဲ့ ပရဒိသု ဖြစ်လာမယ်ဆိုတာ သိချင်ရင် ဟေရှာယကျမ်း အခန်းကြီး ၃၅ ကို ဖတ်ကြည့်ပါ။
ကမ္ဘာမြေနဲ့ လူသားတွေကို ဘုရား ဖန်ဆင်းတဲ့ ရည်ရွယ်ချက် သိဖို့ ကမ္ဘာကို ဘုရားသခင် ဘာကြောင့် ဖန်ဆင်းခဲ့တာလဲ ဗီဒီယိုကို ကြည့်ပါ။
a ယေဟောဝါဆိုတာ ဘုရားသခင်ရဲ့နာမည် ဖြစ်တယ်။ (ဆာလံ ၈၃:၁၈) “ယေဟောဝါဆိုတာ ဘယ်သူလဲ” ဆောင်းပါးကို ကြည့်ပါ။