အထီးကျန်စိတ်ကို တိုက်လှန်ဖို့ မိတ်ဆွေဖွဲ့ပါ—ကျမ်းစာ ကူညီပေးနိုင်ပုံ
အထီးကျန်စိတ်ကို တိုက်လှန်ရေးဟာ ၂၀၂၃ ခုနှစ်ရဲ့ ကမ္ဘာ့ကျန်းမာရေးပြဿနာ ဖြစ်လာတယ်။ အထီးကျန်စိတ်ကို တိုက်လှန်နိုင်ပါသလား။
“အထီးကျန်တာ၊ တစ်သီးပုဂ္ဂလနေတာဟာ ကိုယ်ကျန်းမာရေး၊ စိတ်ကျန်းမာရေးကို ဆိုးဆိုးရွားရွား ထိခိုက်စေတယ်။” ဒါပေမဲ့ “ကျွန်တော်တို့မှာ ဖြေရှင်းနိုင်စွမ်း ရှိပါတယ်။ . . . မိတ်ဆွေတွေနဲ့ ပိုရင်းနှီးလာအောင် ကိုယ်လုပ်နိုင်တာလေးတွေ နေ့တိုင်း ကြိုးစားလုပ်ကြည့်ပါ”a လို့ အမေရိကန် ပြည်သူ့ကျန်းမာရေးဆိုင်ရာ အရာရှိချုပ် ဒေါက်တာ ဗီဗက် မာသီ ဆိုတယ်။
တစ်ယောက်တည်းရှိနေမှ အထီးကျန်တာ မဟုတ်ဘူး။ လူအများနဲ့ရှိနေလည်း အထီးကျန်နေနိုင်တယ်။ ဘာအကြောင်းရင်းကြောင့်ပဲ အထီးကျန်နေပါစေ သင့်ကို ကျမ်းစာ ကူညီပေးနိုင်ပါတယ်။
အကူအညီဖြစ်စေတဲ့ ကျမ်းစာအခြေခံမူတွေ
ပေါင်းသင်းဆက်ဆံရေး ကောင်းအောင်လုပ်ပါ။ ပေါင်းသင်းဆက်ဆံရေး ကောင်းတဲ့သူတစ်ယောက်က ကိုယ့်ခံစားချက်တွေကို ပြောပြရုံလောက်ပဲ မဟုတ်ဘူး၊ မိတ်ဆွေ ပြောပြတာကိုလည်း ကောင်းကောင်း နားထောင်ပေးတယ်။ တစ်ဖက်သားအရေးကို ပိုစိတ်ဝင်စားလေ မိတ်ဆွေနှောင်ကြိုး ပိုခိုင်မာလေပဲ။
ကျမ်းစာအခြေခံမူ။ “ကိုယ့်အကျိုးကိုပဲ အာရုံမစိုက်ပါနဲ့၊ သူတစ်ပါးအကျိုးကိုလည်း ထည့်စဉ်းစားပေးကြပါ။”—ဖိလိပ္ပိ ၂:၄။
မိတ်ဆွေသူငယ်ချင်းဖွဲ့ရာမှာ ဘောင်ခတ်မထားပါနဲ့။ ကိုယ့်ထက်အသက်ကြီး/ငယ်သူ၊ ယဉ်ကျေးမှုနောက်ခံ/လူမျိုး မတူသူတွေနဲ့လည်း မိတ်ဆွေဖွဲ့ကြည့်ပါ။
ကျမ်းစာအခြေခံမူ။ “နှလုံးသားကို ကျယ်ကျယ် ဖွင့်ထားပါ။”—၂ ကောရိန္သု ၆:၁၃ (အောက်ခြေမှတ်ချက်)။
မိတ်ဆွေနှောင်ကြိုးခိုင်မြဲအောင် လုပ်ဆောင်နိုင်ရာတွေနဲ့ပတ်သက်ပြီး ပိုသိချင်ရင် “မိတ်ဆွေကောင်းဖြစ်နိုင်ပုံ” ဆောင်းပါးကို ဖတ်ပါ။
a အထီးကျန်မှု၊ တစ်သီးပုဂ္ဂလဖြစ်မှု တိုးများလာခြင်း– လူမှုပေါင်းသင်းဆက်ဆံရေးနဲ့ ကုစားနိုင်ပုံအကြောင်း အမေရိကန် ပြည်သူ့ကျန်းမာရေးဆိုင်ရာ အရာရှိချုပ်ရဲ့ အကြံပြုချက် စာအုပ်၊ ၂၀၂၃။