ကမ္ဘာ့ဖြစ်ရပ် အကဲခတ်
စနေဂြိုဟ်၏လများကို ထပ်မံတွေ့ရှိခြင်း
ဟဘ်ဘဲလ် အာကာသအဝေးကြည့်မှန်ပြောင်းမှ ရိုက်ယူခဲ့သည့်ဓာတ်ပုံများက ယခင်ကမသိရှိခဲ့သော စနေဂြိုဟ်ကိုပတ်နေသည့်လ အနည်းဆုံးနှစ်စင်းကိုဖော်ပြသည်။ စနေဂြိုဟ်၏ကွင်းများ၏ အစွန်အဖျားကိုသာ ကမ္ဘာမှတွေ့ရှိနိုင်သည့် ကြုံတောင့်ကြုံခဲသော အချိန်အခါမျိုးဖြစ်သည့် “ကမ္ဘာနှင့် စနေဂြိုဟ်၏ကွင်းများ မျဉ်းဖြောင့်ကျချိန်” အတွင်း ၎င်းပုံများကို ရိုက်ကူးခဲ့ခြင်းဖြစ်သည်။ ထိုသို့သောအခြေအနေမျိုး၌ ကွင်းများ၏တောက်ပသောအလင်းပြန်မှု မှေးမှိန်သွားသဖြင့် လများကို ပို၍လွယ်ကူစွာ ခွဲခြားသိမြင်နိုင်သည်။ နက္ခတ္တဗေဒပညာရှင်တို့က ထိုလနှစ်စင်းသည် အချင်း ၇ မိုင်နှင့် မိုင် ၄၀ အတွင်းရှိမည်ဟုခန့်မှန်းကြသည်။ ယခုအသစ်တွေ့ရှိသည့်လတို့သည် စနေဂြိုဟ်၏အလယ်ဗဟိုမှမိုင်ပေါင်း ၈၅,၀၀၀ နှင့် ၉၁,၀၀၀ အကွာမှနေ၍ စနေဂြိုဟ်ကို ဝန်းပတ်လျက်ရှိကြသည်။ ကမ္ဘာနှင့်လ၏အကွာအဝေးဖြစ်သော မိုင်ပေါင်း ၂၅၀,၀၀၀ နှင့်နှိုင်းစာလျှင် များစွာနီးကပ်ပါသည်။ စနေဂြိုဟ်သည် ကမ္ဘာမှမိုင်ပေါင်း တစ်ဘီလီယံခန့်ကွာဝေးသည်။
အနှစ် ၅၀ နောက်မှ တောင်းပန်မှု
“ဒုတိယကမ္ဘာစစ်တွင် ပါဝင်ပတ်သက်ခြင်းဖြင့် မေဂျီ ဂါကူအင် [တက္ကသိုလ်] ကျူးလွန်မိခဲ့သည့်အပြစ်အတွက် ဘုရားသခင့်ရှေ့တော်မှောက်တွင် ဤထုတ်ဖော်ကြေညာချက်အားဖြင့် ကျွန်ုပ်တို့ဝန်ချတောင်းပန်ပါသည်။ တစ်ဆက်တည်းတွင် နိုင်ငံခြားတိုင်းပြည်များ၊ အထူးသဖြင့် ကိုရီးယားနှင့် တရုတ်ပြည်တို့မှပြည်သူများကို တောင်းပန်ပါသည်” ဟူ၍ ၁၉၉၅ ခုနှစ်၊ ဇွန်လအတွင်း တိုကျိုမြို့ရှိတက္ကသိုလ်ကျောင်း ဘုရားဝတ်ပြုသည့်နေရာတွင် ပို့ချချက်ပေးရာ၌ တက္ကသိုလ်ကြီးကြပ်ရေးမှူး ဟီရိုမာဆာ နာဂါယာမကပြောကြားခဲ့သည်။ မေဂျီ ဂါကူအင်တက္ကသိုလ်မှာ “ခရစ်ယာန်” သာသနာပြုကျောင်းတစ်ကျောင်းဖြစ်သည်။ Asahi Shimbun သတင်းစာ၏ရေးသားဖော်ပြချက်အရ စစ်ရေးကြိုးပမ်းအားထုတ်မှုတွင် ၎င်းတက္ကသိုလ်ပါဝင်ပတ်သက်ခဲ့ကြောင်းကို တက္ကသိုလ်မှကိုယ်စားလှယ်တစ်ဦးက ယခုကဲ့သို့ ပွင့်ပွင့်လင်းလင်းဝန်ခံသည်မှာ ဤတစ်ကြိမ်သည် ပထမဆုံးအကြိမ်ဖြစ်သည်။ ဒုတိယကမ္ဘာစစ်အတွင်း တက္ကသိုလ်ဒါရိုက်တာဘုတ်အဖွဲ့၏ဥက္ကဋ္ဌဖြစ်သူက စစ်ရေးကြိုးပမ်းအားထုတ်မှုအတွက် ခရစ်ယာန်အသင်းတော်များကိုစည်းရုံးရန် ဂျပန်နိုင်ငံတွင် ယူနိုက်တက်ချာ့ချ်အော့ဖ်ခရိုက်စ် (United Church of Christ) ကိုစည်းရုံးဖွဲ့စည်းခဲ့သည်။ ၎င်းယူနိုက်တက်ချာ့ချ်သည် တိုက်လေယာဉ်များထုတ်လုပ်ရေးအတွက် ရန်ပုံငွေရှာဖွေပေးခဲ့သည့်အပြင် ခရစ်ယာန်များအား ၎င်းတို့၏တိုင်းပြည်ကို ခြွင်းချက်မရှိထောက်ခံအားပေးကြရန် အားပေးတိုက်တွန်းခဲ့သည်။
နာဇီကိုခုခံခြင်းမပြုခဲ့သည့် မော်မွန်းချာ့ချ်
နာဇီဂျာမနီနိုင်ငံရှိဂျူးများအပေါ် အကြမ်းဖက်အဓမ္မပြုမူခဲ့ခြင်းနှင့်ပတ်သက်၍ “မော်မွန်းချာ့ချ်သည် ဘာမျှလုပ်ဆောင်ခြင်းမရှိဘဲ လက်ပိုက်ကြည့်နေခဲ့သည်” ဟု The Salt Lake Tribune သတင်းစာကဆိုသည်။ မော်မွန်းအသင်းသားအချို့သည် အခြားချာ့ချ်အသင်းသားများနှင့်အတူ “ဟစ်တလာနှင့် သူ၏လူမျိုးသန့်စင်ရေးမိန့်မှာချက်ကို ဘဝင်ကျခဲ့ကြသည့်အပြင် နိုင်ငံ့ခေါင်းဆောင်များကိုဂုဏ်ပြုခြင်းသည် ချာ့ချ်၏သွန်သင်ချက်ကိုနာခံခြင်းဖြစ်သည်ဟူ၍ ယုံကြည်ယူဆသူများလည်းရှိနေသည်။” မီးလောင်တိုက်သွင်းသတ်ဖြတ်စဉ်ကာလအတွင်း ဂျာမနီရှိမော်မွန်းအသင်းသားများသည် “အခြားချာ့ချ်အသင်းသားအများပြုမူသကဲ့သို့ ပြုမူခဲ့ကြသည်။ ဘာသာရေးခေါင်းဆောင်များက ဆန့်ကျင်ကန့်ကွက်ခြင်း လုံးဝမပြုခဲ့ချေ” ဟု ဖိလဒေးလ်ဖီယားမြို့ တဲမ်းပါလ်တက္ကသိုလ်မှ ပါမောက္ခ ဖရန့်ကလင် လစ်တဲလ်ကပြောကြားသည်။ ဘရစ်ဟမ်း ယန်း တက္ကသိုလ်မှသမိုင်းပါမောက္ခ ဒေါက်ကလပ်စ် တော့ဘ်လာကလည်း “မော်မွန်းချာ့ချ်အနေဖြင့် နာဇီဝါဒကို အဖွဲ့အစည်းတစ်ရပ်အနေနှင့် ဆန့်ကျင်ကန့်ကွက်ရန် ပျက်ကွက်ခဲ့ရခြင်းအကြောင်း” ကို ဆန်းစစ်လေ့လာရန်ဆန္ဒရှိကြောင်း ၎င်းသတင်းစာကဆိုသည်။ စိတ်ဝင်စားစရာမှာ ကနေဒါနိုင်ငံ ဗြိတိသျှကိုလမ်ဘီယာတက္ကသိုလ်မှ သမိုင်းပညာရှင် ဂျွန် အက်စ် ကောန်းဝေးက နာဇီနောက်လိုက်ခြင်းကို ပြတ်ပြတ်သားသားငြင်းပယ်သည့် တစ်ခုတည်းသောဘာသာရေးအဖွဲ့အစည်းကား ယေဟောဝါသက်သေများသာဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု Tribune သတင်းစာကသုံးသပ်ဖော်ပြထားသည်။ သက်သေခံတို့၏ဤရပ်တည်ချက်ကြောင့် သက်သေခံထက်ဝက်ကျော်သည် ချွေးတပ်စခန်းများသို့အပို့ခံရကြသည်ဟုလည်း ထပ်လောင်းပြောကြားခဲ့သည်။
ကြည့်ရှုစောင့်ရှောက်ခြင်းမရှိသော ကလေးများ
မိဘနှစ်ဦးစလုံးအလုပ်သွားသည့်အခါ သို့မဟုတ် လူမှုပေါင်းသင်းဆက်ဆံရေးအတွက် အပြင်သွားကြသည့်အခါ ခြောက်နှစ်အရွယ်အထိငယ်ရွယ်သောကလေးများကို အိမ်ထဲ၌ တစ်ယောက်တည်းထားခဲ့ကြသည်ကို ဩစတြေးလျအမျိုးသားစစ်တမ်းတစ်ခုက လေ့လာတွေ့ရှိခဲ့ကြောင်း The Canberra Times သတင်းစာကရေးသားဖော်ပြသည်။ ဘွိုင်းစ်တောင်း အမျိုးသား ရပ်ကွက်စီမံကိန်း၏ ပြောရေးဆိုခွင့်ရှိသူအမျိုးသမီး ဝင်ဒီရိတ်၏အဆိုအရ “ကလေးသူငယ်ထက်ဝက်ကျော်က အထီးကျန်ဆန်ကြောင်း၊ မိဘတို့၏ပေါင်းဖော်မှုကိုလွမ်းကြောင်း ပြောပြပြီး ၁၂ နှစ်အောက်ကလေးသူငယ် ရာခိုင်နှုန်းတော်တော်များများက အမှောင်၊ မိုးသက်မုန်တိုင်း၊ ကျူးကျော်သူ သို့မဟုတ် ပြန်ပေးဆွဲခံရခြင်းကိုကြောက်ကြသည်။” ၎င်းပြင်၊ “ကလေးသူငယ် ၇၁ ရာခိုင်နှုန်းသည် အရေးအကြောင်းပေါ်လာပါက ဘာလုပ်ရမည်ကိုမသိသည့်အပြင် ၁၂ နှစ်အောက်ကလေးတစ်ဝက်မှာလည်း မိဘတို့နှင့် မည်သို့ဆက်သွယ်ရမည်ကိုပင်မသိ” ကြောင်း ရိတ်ကပြောပြသည်ဟု Times သတင်းစာကဖော်ပြသည်။
ခွန်အားပြည့်စေသည့် တစ်မှေးအိပ်ခြင်း
“တစ်မှေးအိပ်ခြင်းသည် စိတ်နေစိတ်ထား၊ နိုးကြားမှုနှင့် လုပ်ကိုင်ဆောင်ရွက်မှုတို့ကို တိုးတက်ကောင်းမွန်စေနိုင်သည်” ဟု The Wall Street Journal ကရေးသားဖော်ပြသည်။ တစ်မှေးအိပ်ခြင်းသည် ခွန်အားပြန်လည်ပြည့်ဝစေနိုင်စွမ်းရှိသောကြောင့် အချို့သောစက်မှုလုပ်ငန်းများက ပုံမှန်အလုပ်လုပ်ရက်များအတွင်း တစ်မှေးအိပ်ခြင်းကို ထည့်သွင်းမည့်အစီအစဉ်အတွက် နည်းလမ်းရှာကြံလာကြသည်။ ထရပ်ကားမောင်းသူ၊ လေယာဉ်မောင်းသူနှင့် နျူကလီးယားဓာတ်အားစက်ရုံအော်ပရေတာကဲ့သို့သော ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် အလုပ်သမားတို့၏နိုးကြားမှု ဆက်နွှယ်နေသည့်အလုပ်မျိုး၌ တစ်မှေးအိပ်ခြင်းသည် အထူးပင်အထောက်အကူဖြစ်စေပါသည်။ “ဆယ့်ငါးမိနစ်မျှ တစ်မှေးအိပ်လိုက်ခြင်းဖြင့် နာရီပေါင်းများစွာကြာကြာ နိုးနိုးကြားကြားပြန်ရှိလာအောင် အထောက်အကူပြုသည်ကို ကျွန်တော်တို့တွေ့ရှိရသည်” ဟုအိပ်စက်ခြင်းဆိုင်ရာသုတေသီ ကလောဒီယို ရှတမ်ဘီကဆိုသည်။ သို့သော် အလုပ်သမားများအား အလုပ်ခွင်တွင် တစ်မှေးအိပ်ခွင့်ပေးခြင်းကို အလုပ်ရှင်အများကလက်ခံလာရန်မှာ ဝေးလံသည့်အနာဂတ်တွင် ရှိနေပါသေးသည်။ “အလုပ်ခွင်တွင်အိပ်စက်ခြင်းကို ပိုမိုနှစ်ခြိုက်ဖွယ်ဖြစ်စေရန် ယခုအခါ အကြံပြုသူတို့က ၎င်းကို ‘ခွန်အားပြည့်စေသည့် တစ်မှေးအိပ်ခြင်း’ ဟူ၍ညွှန်းဆိုလာကြသည်” ဟူ၍ ၎င်းဂျာနယ်ကဆိုသည်။
ပန်းခြံသုံးဓာတုပစ္စည်းများ—ခြိမ်းခြောက်မှုလော
မြက်ခင်းနှင့်ပန်းခြံသုံး ဓာတုပစ္စည်းများသည် သင့်ကလေး၏ကျန်းမာရေးကို ထိခိုက်နိုင်ဖွယ်ရှိကြောင်း ပြင်သစ်သဘာဝမဂ္ဂဇင်း Terre Sauvage ကရေးသားဖော်ပြသည်။ “ပန်းခြံတွင် ပေါင်းသတ်ဆေးနှင့် ဖျက်ကောင်သတ်ဆေးများ သုံးစွဲသည့်အိမ်၌နေထိုင်သည့် အသက်တစ်ဆယ့်လေးနှစ်အောက် ကလေးသူငယ်များသည် ၎င်းဓာတုပစ္စည်းများနှင့်ထိတွေ့ ခြင်းမရှိသော ကလေးသူငယ်များထက် ကင်ဆာတစ်မျိုးဖြစ်သော ဆာကိုမာ (sarcoma) ရရှိနိုင်သည့်အန္တရာယ် လေးဆပိုများ” ကြောင်းသတိပေးထားသည်။ ကလေး၏ပတ်ဝန်းကျင်တွင် အင်းဆက်ပိုးသတ်ဆေးများသုံးစွဲခြင်းဖြင့် သွေးဆဲလ်ဖြူကင်ဆာ (leukemia) ဖြစ်နိုင်သည့်အန္တရာယ် တစ်ဆခွဲမှ သုံးဆအထိ တိုးများစေနိုင်ကြောင်း ၎င်းသတင်း၌ ဆက်လက်ဖော်ပြထားသည်။ ပြင်သစ်နေအိမ်ထက်ဝက်ကျော်သည် ပန်းခြံသုံးဓာတုပစ္စည်းများ သုံးစွဲနေကြသဖြင့် လူများစွာတို့သည် ညစ်ညမ်းသည့်မြို့ကြီးများထက်ပင် အဆိပ်ဖြစ်စေနိုင်သောပတ်ဝန်းကျင်မျိုးကို မိမိတို့၏ကလေးများအတွက် မထင်မမှတ်ဘဲနှင့် ဖန်တီးပေးရာရောက်နိုင်သည်။
အပူဒဏ်ခံနိုင်သောပုရွက်ဆိတ်
ဆွစ်ဇာလန်နိုင်ငံမှ သုတေသီနှစ်ဦးက ဆဟာရသဲကန္တာရရှိပုရွက်ဆိတ်အချို့သည် ၁၄၀ ဒီဂရီ ဖာရင်ဟိုက်ရှိသည့် ခြစ်ခြစ်တောက်ပူပြင်းသောအပူရှိန်ကို အဘယ်ကြောင့်ခံနိုင်ကြောင်းကို ရှာဖွေတွေ့ရှိခဲ့သည်။ ဇူးရစ်တက္ကသိုလ်၊ သတ္တဗေဒဌာနမှ ရုဒီဂျာ ဝေနာနှင့် ဘာဆဲလ်တက္ကသိုလ်မှ မျိုးရိုးဗီဇပညာရှင် ဝေါလ်တာ ဂါရင်တို့က ပုရွက်ဆိတ်များသည် “အပူဒဏ်ကြောင့် ကိုယ်ခန္ဓာပရိုတင်းပျက်စီးခြင်းမှ ကာကွယ်ပေးသည့် အပူဒဏ်ခံပရိုတင်းများ (HSPs) ခေါ်ဝတ္ထုများထုတ်လုပ်ကြောင်းတွေ့ရှိသည်ဟု Science မဂ္ဂဇင်းကရေးသားထားသည်။ အလွန်ပြင်းထန်သောအပူရှိန်နှင့် ထိတွေ့သည့်အခါ၌ “တိရစ္ဆာန်အားလုံးသည် [အပူဒဏ်ကြောင့်] ထိခိုက်ပျက်စီးမှု စတင်ဖြစ်ပေါ်သည့်နောက် အပူဒဏ်ခံပရိုတင်းအချို့ထုတ်လုပ်ကြသော်လည်း ပုရွက်ဆိတ်တို့မူကား ကြို၍လက်ဦးမှုယူတတ်ကြသည်” ဟု၎င်းမဂ္ဂဇင်းကဆိုသည်။ အဘယ်နည်းဖြင့်နည်း။ ပုရွက်ဆိတ်တို့သည် ၎င်းတို့၏တောင်ပို့ထဲမှမထွက်ခွာမီ အပူဒဏ်ခံရသယောင်ဖန်တီး၍ အပူဒဏ်ခံပရိုတင်းများကို ထုတ်လုပ်ခြင်းအားဖြင့်ဖြစ်သည်။ “ဒီလိုလုပ်ဖို့ ကျွန်တော်တို့စိတ်ကူးထဲတောင် မတွေးမိကြဘူး၊ ဒါပေမဲ့ ပုရွက်ဆိတ်တွေကျတော့ တော်လိုက်တာ” ဟု ဂါရင်က ဖြည့်စွက်ရေးသားထားသည်။ သို့တည်းမဟုတ် ပုရွက်ဆိတ်ကိုဖန်ဆင်းသောအရှင်ကပင် ပို၍တော်၍ကော မဖြစ်နိုင်ပေလော။
ဆူညံသံကို ရပ်ကြပါတော့
“ကျေးဇူးပြု၍ ဆူညံသံကို ရပ်လိုက်ကြပါ” ဟူ၍ The Toronto Star သတင်းစာက ခေါင်းကြီးတစ်ခု၌ မေတ္တာရပ်ခံထားသည်။ ဓာတ်ငွေ့ မြက်ခင်းရိတ်စက်၊ သစ်ရွက်မှုတ်စက်၊ ဂျက်ပေါင်း (jackhammers)၊ ကားဟွန်းနှင့် ကားဖောက်ထွင်းမှုအချက်ပေးကိရိယာ၊ လက်ဆွဲရေဒီယိုကက်ဆက်ကြီး၊ ဟောင်သောခွေး၊ ငိုသောကလေးနှင့် ညဉ့်နက်သန်းခေါင်ပါတီပွဲတို့မှ မနားမနေထွက်ပေါ်သည့် မြို့ပြအသံများကြောင့် ဆူညံသံဆန့်ကျင်သည့်လှုပ်ရှားမှုပေါ်ပေါက်ပြီး ငြိမ်သက်တိတ်ဆိတ်မှုကို တောင်းဆိုသည့်အသံများ ထွက်ပေါ်လာသည်။ ဤသို့သောဆူညံသံကို ကြာရှည်ကြားနေရလျှင် “ပင်ပန်းနွမ်းနယ်မှုနှင့် စိုးရိမ်ပူပန်စိတ်ကို တိုးပွားစေနိုင်သည်” ဟု Star သတင်းစာကဆိုသည်။ “ဆေးသုတေသနပြုချက်အရ သွေးဖိအားတက်စေနိုင်သည်၊ နှလုံးခုန်နှုန်းပြောင်းလဲ၍ ကိုယ်ခန္ဓာသွေးကြောများကို ထိခိုက်စေနိုင်သည့် အာဒရီနယ်လင်း (adrenaline) နှင့်အခြားသောဟိုမုန်းတို့ကို ထွက်ရှိစေနိုင်သည်” ဟုထပ်လောင်းဖော်ပြထားသည်။ ကျန်းမာရေးအာဏာပိုင်များ၏အဆိုအရ ဆူညံသောမြက်ခင်းရိတ်စက် သို့မဟုတ် မော်တော်ဘိုက်ကဲ့သို့သော ၈၅ ဒက်စီဘယ်အထက်ရှိသော မည်သည့်အသံကိုမဆို ရှစ်နာရီထက်ကျော်၍နားထောင်ရပါက အကြားအာရုံကိုထိခိုက်နိုင်ပါသည်။
အရိုးပွရောဂါကို တိုက်ဖျက်ခြင်း
ကာယလှုပ်ရှားမှုသည် အရိုးပွရောဂါကြောင့် အရိုးပစ္စည်းဆုံးရှုံးမှုကို ပြန်လည်ဖြည့်တင်းရာ၌ အထောက်အကူပြုသည်ဟု Jornal do Brasil သတင်းစာကဆိုသည်။ ရီယိုဒီ ဂျန်နေးရိုးမြို့၊ ပြင်ပဒဏ်ရာကုဆေးရုံမှ အထူးကုဆရာဝန်များက လူမမာများအား ကိုယ်လက်လှုပ်ရှားလေ့ကျင့်နည်းများဖြင့် ကုသပေးသည့်အပြင် “သင့်တော်မှန်ကန်စွာ လမ်းလျှောက်တတ်အောင်၊ မှန်ကန်သောကိုယ်နေကိုယ်ထားဖြင့် နေထိုင်တတ်အောင်” ပါသင်ကြားပေးသည်။ အသက် ၄၅ နှစ်မှ ၇၇ နှစ်အတွင်းရှိ အမျိုးသမီးတစ်စုကို နှစ်နှစ်ကြာကုသပေးပြီးနောက် လူမမာ ၈၀ ရာခိုင်နှုန်းသည် အရိုးပစ္စည်း သိသိသာသာတိုးတက်လာသည်ကို တွေ့ရှိရသည်။ ထိုကာလအတောအတွင်း အမျိုးသမီးများသည် နောက်ကျောခါးဆစ်နာခြင်း ဖြစ်ပွားမှုလျော့နည်းသည့်အပြင် အရိုးအက်ခြင်းဖြစ်ပွားသူ တစ်ဦးမျှမရှိခဲ့ချေ။ ဆေးရုံညွှန်ကြားရေးမှူး ဒေါက်တာ သီအို ကိုဟင်က ကယ်လ်ဆီယံထုံးဓာတ်ကြွယ်ဝ၍ အဆီဓာတ်နည်းသည့်အာဟာရကိုမှီဝဲရန်လည်း အကြံပြုသည်။ ထို့အပြင်၊ ဘဝရည်ရွယ်ချက်တစ်ခုတွေ့အောင်ရှာရန်လည်း သူကအားပေးထားသည်။ “အသက်ကြီးသူများ ထိုင်ခုံတွင်ထိုင်၍ဇာထိုးနေသည်ကို ကျွန်ုပ်တို့မတွေ့ မြင်လိုပါ။ အပြင်ထွက်၍လမ်းလျှောက်ခြင်းသည် ဦးနှောက်ဆဲလ်များလေ့ကျင့်ရန် စကားလုံးပဟေဠိကစားခြင်းတမျှ အရေးကြီးသည်” ဟု ဒေါက်တာ ကိုဟင်ကပြောကြားသည်။
ရတက်မအေးစရာ သွေးမှကူးစက်သောရောဂါ
အမေရိကန် အမျိုးသားသိပ္ပံအကယ်ဒမီ၊ ဆေးတက္ကသိုလ်မှထုတ်ပြန်သည့် အစီရင်ခံစာတစ်ရပ်အရ သွေးဖြန့်ဖြူးမှုကိုကာကွယ်ရန် ပိုမိုစိတ်ချလုံခြုံမှုရှိသောမဟာဗျူဟာများ လိုအပ်နေသည်။ သာဓကအဖြစ် အေအိုင်ဒီအက်စ်ရောဂါဖြစ်ပွားစနှစ်များအတွင်း သွေးသွင်းခြင်းမှတစ်ဆင့် ခုခံအားလျော့ဗိုင်းရပ်စ်ပိုး (HIV) ပြန့်ပွားခြင်းကို အစီရင်ခံစာကထောက်ပြထားသည်။ “အမေရိကန်ပြည်ထောင်စုတွင် သွေးမတိတ်သူဝေဒနာရှင် ၁၆,၀၀၀ မှထက်ဝက်ကျော်အပြင် သွေးနှင့်သွေးမှထုတ်လုပ်သောပစ္စည်းများ သွင်းခဲ့သည့်လူမမာ ၁၂,၀၀၀ ကျော်တို့သည် အိပ်ချ်အိုင်ဗွီရောဂါပိုး ကူးစက်ခံရကြသည်” ဟု ထိုအစီရင်ခံစာကိုသုံးသပ်ပြီးနောက် The New York Times သတင်းစာကရေးသားဖော်ပြသည်။ အိပ်ချ်အိုင်ဗွီကဲ့သို့ မသိရသေးသော အန္တရာယ်ကြီးမားသည့် ကူးစက်ရောဂါပိုးများက အသင့်ပြင်ဆင်ထားခြင်းမရှိသော အမျိုးသားကျန်းမာရေးစနစ်ကို ဒုက္ခပေးလာမည့်အရေး စိုးရိမ်ကြောင့်ကြမိကြောင်း ထိုတက္ကသိုလ်အစီရင်ခံစာ၌ဖော်ပြထားသည်။ “သွေးနှင့်သွေးမှထုတ်လုပ်သောပစ္စည်းများကို လက်ခံသူတို့၌ဖြစ်ပွားသည့်ဆိုးကျိုးများကို စူးစမ်းရှာဖွေ၊ စောင့်ကြပ်စစ်ဆေး၍သတိပေးရန်” စောင့်ကြပ်ရေးစနစ်တစ်ရပ်ထူထောင်ဖို့ အကြံပြုထားသည်။