အယ်ဗာထရော့ပင်လယ်စင်ရော်ကြီးများအတွက် အနာဂတ်ကားအဘယ်နည်း
ဗြိတိန်မှ နိုးလော့!သတင်းထောက်ပေးပို့သည်
ကမ္ဘာ့အကြီးဆုံးပင်လယ်ငှက်ဖြစ်သော အယ်ဗာထရော့ပင်လယ်စင်ရော်ကြီးများ၏အနာဂတ်ကား အဘယ်နည်း။ “အလွန်ရတတ်ပွေစရာပင်ဖြစ်၏” ဟုလန်ဒန်သည်တိုင်းမ်စ် ကဖော်ပြထားသည်။ ၎င်းငှက်ထောင်ပေါင်းများစွာ—ဩစတြေးလျသုတေသီများခန့်မှန်းချက်အရ ၄၄,၀၀၀ ထက်မက—သည် နှစ်စဉ်အသတ်ခံနေရသည်။ ခန့်ညားလှသောအလျားဆယ်ပေရှိတောင်ပံဖြင့် လှည့်လည်ပျံသန်းနေကြသည့် အယ်ဗာထရော့ပင်လယ်စင်ရော်သည် မကြာမီမျိုးသုဉ်းသွားတော့မည်ဟု အာဏာပိုင်အချို့ကယူဆကြသည်။
အယ်ဗာထရော့ပင်လယ်စင်ရော်ကြီးများသည် ပျံတတ်ပြီးနောက် ပင်လယ်ထဲ၌ ခုနစ်နှစ်ပတ်လုံးနေထိုင်ကြပြီး မိုင်ထောင်နှင့်ချီပျံဝဲကာ လေထဲတွင်ပင်အိပ်ကြ၏။ ငှက်များသည် သားပေါက်ရန် မိမိတို့မွေးရပ်သို့မပြန်မီ ရေကြောင်းဖြင့်ကမ္ဘာကိုအကြိမ်များစွာပတ်ဖွယ်ရှိသည်ဟု လူအချို့ ယုံကြည်ကြသည်။
အယ်ဗာထရော့ပင်လယ်စင်ရော်ကြီးများသည် တစ်နှစ်ခြားတစ်ကောင်သာပေါက်သည်။ သို့သော် လွန်ခဲ့သောအနှစ် ၂၀ အတွင်း တောင်အတ္တလန္တိတ်ဂျော်ဂျီယာတောင်ပိုင်းနှင့် အိန္ဒိယသမုဒ္ဒရာခရိုဇက်တို့၌ လှည့်လည်နေသော အယ်ဗာထရော့ပင်လယ်စင်ရော်ကြီးများသည် တစ်ဝက်နီးပါးလျော့နည်းသွားခဲ့ပေပြီ။ ယင်းအကြောင်းရင်းနှင့်ပတ်သက်၍ လူတချို့၏ယူဆချက်ကားအဘယ်နည်း။ ငါးမျှားတန်းချခြင်းဖြစ်သည်။
တံငါသည်များသည် အပြာရောင်ဆူးတောင်ပါသောငါးမည်းလုံး (bluefin tuna) ကိုဖမ်းရန် တစ်ခုစီတွင် ငါးမျှားပေါင်းရာနှင့်ချီ၍ပါသော ငါးမျှားတန်းများကိုချကြသည်။ ငါးမျှားတန်းများကို တံငါလှေ၏ပဲ့ပိုင်းမှ ချထားရသည်။ အယ်ဗာထရော့ပင်လယ်စင်ရော်ကြီးများ၏အဓိကအစာဖြစ်သော ပြည်ကြီးငါးကို ငါးမျှားချိတ်တစ်ခုစီတွင် တပ်ထားရသည်။ ငှက်သည် ပြည်ကြီးငါးကိုထိုးသုတ်သောအခါ အခါအားလျော်စွာငါးမျှားချိတ်ကိုမျိုချမိ၏။ ငါးမျှားချိတ်မိနေသော အယ်ဗာထရော့ပင်လယ်စင်ရော်ကြီးများသည် လေးလံသော ငါးမျှားတန်းကြောင့် ရေနစ်သေဆုံးကြသည်။
အယ်ဗာထရော့ပင်လယ်စင်ရော်ကြီးများကိုကာကွယ်ရန် ငါးမည်းလုံးတံငါသည်တချို့ကို ငှက်တို့ ငါးမရှာသည့်ညဘက်၌ သူတို့၏ငါးမျှားတန်းများကိုချရန်အားပေးခဲ့ရာ အောင်မြင်ခဲ့သည်။ တံငါသည်များသည် အယ်ဗာထရော့ပင်လယ်စင်ရော်ကြီးများ ငါးစာကိုမမြင်နိုင်ရန် သူတို့၏လှေအောက်မှ ငါးမျှားတန်းများကိုချရန်နည်းလမ်းများကိုလည်း ရှာဖွေနေကြသည်။ ပို၍နစ်လွယ်သည့်လေးသောငါးမျှားတန်းများနှင့် ငှက်များကိုခြောက်လှန့်ရန် စာခြောက်ရုပ်များအပါအဝင် အခြားနည်းများသုံးကြသည်။
သို့ရာတွင် ကျယ်ပြောသော တောင်အတ္တလန္တိတ်အဏ္ဏဝါပြင်တွင်မူ တံငါလှေများအသုံးပြုသည့် ငါးဖမ်းနည်းများကို ကြီးကြပ်ပေးခြင်းမရှိချေ။ နယူးဇီလန်ငါးပြတိုက်မှ ပင်လယ်ငှက်နှင့်ပတ်သက်၍ကျွမ်းကျင်သူ ဆန်ဒီဘားတယ်လ်၏အဆိုအရ လှေများသည် “အယ်ဗာထရော့ပင်လယ်စင်ရော်ကြီးများ သတ်ဖြတ်ခံနေရခြင်းကို ရပ်ပစ်ရန် ဘာမျှမလုပ်ကြပါ။” မှန်ပါသည်၊ ခန့်ညားထယ်ဝါသော အယ်ဗာထရော့ပင်လယ်စင်ရော်ကြီးများ သေဆုံးရခြင်းသည် လူတို့၏ပေါ့ဆမှုနှင့် လျစ်လျူရှုမှု၏သရုပ်သကန်တစ်ရပ်ဖြစ်သည်။