နောက်ဆက်တွဲ
ယေဟောဝါသက်သေများ—ခွဲစိတ်ကုသမှုဆိုင်ရာ/ကျင့်ဝတ်ဆိုင်ရာ စိန်ခေါ်ချက်
အမေရိကန် ဆေးပညာအသင်း၏ ခွင့်ပြုချက်ဖြင့် ၁၉၈၁ ခုနှစ်၊ နိုဝင်ဘာလ ၂၇ ရက်ထုတ် အမေရိကန် ဆေးပညာအသင်း ဂျာနယ်၊ (JAMA)၊ အတွဲ ၂၄၆၊ အမှတ် ၂၁၊ စာမျက်နှာ ၂၄၇၁၊ ၂၄၇၂ မှ ထပ်မံ ရိုက်နှိပ်ဖော်ပြပါသည်။ မူပိုင်ခွင့် ၁၉၈၁ ခုနှစ်၊ အမေရိကန် ဆေးပညာအသင်း။
ဆရာဝန်များသည် ယေဟောဝါသက်သေများအား ကုသပေးရာ၌ အထူး စိန်ခေါ်ချက်တစ်ရပ်နှင့် ရင်ဆိုင်ကြရသည်။ ဤဘာသာဝင်များသည် သူတစ်ပါးထံမှ မျိုးတူ၊ သို့မဟုတ် မိမိကိုယ်တိုင်၏ ရာနှုန်းပြည့်သွေး၊ အေးခဲထားသော သွေးဆဲလ်နီ၊ သွေးဆဲလ်ဖြူ၊ သို့မဟုတ် သွေးဥမွှားတို့ကို လုံးဝလက်မခံသော နက်ရှိုင်းခိုင်မာသည့် ဘာသာရေး ခံယူချက်များ ထားရှိကြသည်။ ယေဟောဝါသက်သေ များစွာသည် ခန္ဓာပြင်ပ သွေးလှည့်ပတ်မှု ပြတ်တောက်ခြင်းမရှိလျှင် (သွေးကင်းစင်သည့်) နှလုံး-အဆုတ်စက်၊ ကျောက်ကပ်သန့်စင်စက်၊ သို့မဟုတ် အလားတူ ပစ္စည်းကိရိယာများ အသုံးပြုခြင်းကို ခွင့်ပြုကြသည်။ ဆေးဘက်ဆိုင်ရာ ဝန်ထမ်းများအနေဖြင့် ဥပဒေအရ တာဝန်ရှိခြင်းအတွက် စိုးရိမ်ကြောင့်ကြစရာ မလိုပါ၊ သက်သေခံများသည် သူတို့၏ အသိအမြင်ရှိရှိ သွေးငြင်းပယ်ခြင်းအတွက် ဥပဒေအရ တာဝန်ရှိခြင်းမှ သက်သာကင်းလွတ်စေသည့် ဥပဒေရေးရာ ဆောင်ရွက်ချက်များကို အပြည့်အစုံ လုပ်ဆောင်ပေးမည်ဖြစ်သည်။ သူတို့သည် သွေးမပါသည့် အစားထိုး အရည်များကို လက်ခံကြသည်။ ဤအရာများနှင့် အခြား စေ့စပ်တိကျသော နည်းပညာများကို အသုံးပြုလျက် ဆရာဝန်များသည် သက်သေခံလူနာများ လူကြီးကလေးမရွေးအား အရေးကြီးသော ခွဲစိတ်ကုသမှုအားလုံး ပြုလုပ်ပေးလျက်ရှိကြသည်။ “လူတစ်ကိုယ်လုံး” ကိုကုသပေးခြင်းတည်းဟူသော အခြေခံမူနှင့်အညီ ထိုကဲ့သို့သော လူနာများအတွက် လုပ်ငန်းဆိုင်ရာ စံသတ်မှတ်ချက်တစ်မျိုးပင် တိုးတက်ဖြစ်ထွန်းလာလေပြီ။—(JAMA ၁၉၈၁; ၂၄၆:၂၄၇၁-၂၄၇၂)
ဆရာဝန်များသည် တစ်နေ့တခြား ကြီးထွားလျက်ရှိသည့် အရေးကြီးသော ကျန်းမာရေးဆိုင်ရာ ပြဿနာတစ်ရပ်နှင့် ရင်ဆိုင်လျက်ရှိကြသည်။ အမေရိကန်ပြည်ထောင်စုတွင် သွေးသွင်းကုသခြင်းကို လက်မခံသည့် ယေဟောဝါသက်သေများ သန်းဝက်ကျော်ရှိသည်။ သက်သေခံများနှင့်တကွ သူတို့နှင့်ပေါင်းသင်းသူတို့၏ အရေအတွက်မှာ တိုးများလျက်ရှိသည်။ ယခင်ကဆိုလျှင် ဆရာဝန်နှင့် ဆေးရုံအရာရှိအများက သွေးသွင်းကုသခြင်း လက်မခံသည့်ကိစ္စကို ဥပဒေဆိုင်ရာ ပြဿနာအဖြစ် သဘောထားကာ ဆေးပညာအရ သင့်တော်သည်ဟု ယုံကြည်သည့်နည်းဖြင့် လူနာကို ဆက်လက်ကုသနိုင်သည့် အခွင့်အာဏာကို အပ်နှင်းပေးရန် တရားရုံးတွင် တောင်းလျှောက်ခဲ့ကြသော်လည်း များမကြာမီက ထွက်ပေါ်လာသည့်စာပေများက အမြင်သဘောထားများ သိသိသာသာ ပြောင်းလဲလာသည့်လက္ခဏာကို ဖော်ပြလျက်ရှိသည်။ ဤသို့ပြောင်းလဲလာရသည်မှာ ဟီမိုဂလိုဗင်အဆင့် အလွန့်အလွန် ကျဆင်းသည့်လူနာများအား ခွဲစိတ်ကုသရာ၌ အတွေ့အကြုံ ပိုမိုရရှိလာ၍ ဖြစ်နိုင်သည်။ ထို့ပြင် လူနာဘက်မှ အသိအမြင်ရှိရှိဖြင့် သဘောတူညီခြင်းဆိုင်ရာ ဥပဒေရေးရာမူကို ပို၍ပို၍ သတိမူလာမိ၍လည်း ဖြစ်နိုင်ပါသည်။
ယခုအခါ သက်သေခံ လူကြီးနှင့် ကလေးတို့ ရွေးချယ်ခွင့်ရှိသည့် ခွဲစိတ်ကုသမှုနှင့် ဒဏ်ရာဒဏ်ချက်ဆိုင်ရာ ရောဂါဝေဒနာ အတော်များများကို သွေးသွင်းခြင်းမပြုဘဲ ကုသပေးလျက်ရှိသည်။ များမကြာမီက ယေဟောဝါသက်သေများ၏ ကိုယ်စားလှယ်များက ဤနိုင်ငံ (အမေရိကန်ပြည်ထောင်စု) ရှိ အကြီးဆုံးသော ဆေးပညာ ဗဟိုဌာနအချို့မှ ခွဲစိတ်ကုနှင့် အုပ်ချုပ်မှုပိုင်းဆိုင်ရာ ဝန်ထမ်းများနှင့် တွေ့ဆုံခဲ့သည်။ ဤတွေ့ဆုံမှုများက နားလည်မှုကို တိုးပွားစေသည့်အပြင် သွေးဆယ်ခြင်း၊ ကိုယ်အင်္ဂါ အစိတ်အပိုင်း အစားထိုးကုသခြင်းနှင့် ဆေးဘက်ဆိုင်ရာ/ဥပဒေဆိုင်ရာ ထိပ်တိုက်ရင်ဆိုင်မှုများကို ရှောင်လွှဲခြင်း အစရှိသည့် ပြဿနာများကိုလည်း ဖြေရှင်းနိုင်ခဲ့သည်။
ရောဂါကုထုံးနှင့်ပတ်သက်၍ သက်သေခံများ၏ ရပ်တည်ချက်
ယေဟောဝါသက်သေများသည် ဆေးဝါးဖြင့်ကုသမှုနှင့် ခွဲစိတ်ကုသမှုတို့ကို လက်ခံကြပါသည်။ အမှန်ဆိုရလျှင် သူတို့ထဲမှ အတော်များများသည် ဆရာဝန်များ ဖြစ်ကြသည့်အပြင် ခွဲစိတ်ကုဆရာဝန်များပင် ဖြစ်ကြသည်။ သို့သော် သက်သေခံများသည် ဘာသာတရား အလွန်ကြည်ညိုကိုင်းရှိုင်းသူများ ဖြစ်ကြသည့်အလျောက် သမ္မာကျမ်းစာမှ အောက်ပါကဲ့သို့သော ကျမ်းပိုဒ်များက သွေးသွင်းကုသခြင်းကို တားမြစ်သည်ဟု ယုံကြည်ကြသည်– “အသက်တည်းဟူသော အသွေးနှင့်တကွ အသားကိုမစားရ” (ကမ္ဘာဦး ၉:၃-၄)၊ “[သင်တို့သည်] အသွေးကိုသွန်၍ မြေနှင့်ဖုံးရမည်” (ဝတ်ပြုရာ ၁၇:၁၃၊ ၁၄) နှင့် “မတရားသော မေထုန်ကိုလည်းကောင်း၊ လည်ပင်းကိုညှစ်၍ သတ်သောအရာကိုလည်းကောင်း၊ အသွေးကိုလည်းကောင်း ကြဉ်ရှောင်” လော့ (တမန်တော် ၁၅:၁၉-၂၁)။1
ဤကျမ်းပိုဒ်များသည် ဆေးပညာ စကားရပ်များဖြင့် ဖော်ပြထားခြင်းမရှိသော်လည်း သက်သေခံများက ယင်းတို့သည် ရာနှုန်းပြည့်သွေး၊ အေးခဲထားသည့် သွေးဆဲလ်နီ၊ ပလာစမာ (သွေးရည်ကြည်)၊ သွေးဆဲလ်ဖြူနှင့် သွေးဥမွှား သွင်းခြင်းကို တားမြစ်သည်ဟု ယူဆကြသည်။ သို့သော်လည်း သက်သေခံတို့၏ ဘာသာရေး အသိအမြင်အရ အယ်လဗျူမင်၊ ရောဂါပြီး ဂလိုဗျူလင်နှင့် သွေးတိတ်ဆေးကဲ့သို့သော သွေးအစိတ်အပိုင်းများ အသုံးပြုခြင်းကို ယတိပြတ် တားမြစ်ခြင်းမရှိပါ၊ သက်သေခံ တစ်ဦးစီအနေဖြင့် ယင်းအစိတ်အပိုင်းများကို လက်ခံနိုင်၊ လက်မခံနိုင် မိမိဘာသာ ဆုံးဖြတ်ရမည်ဖြစ်သည်။2
သက်သေခံများသည် ကိုယ်ခန္ဓာမှ ထုတ်လိုက်သည့်သွေးကို စွန့်ပစ်ရမည်ဟု ယုံကြည်ကြသောကြောင့် ကြိုတင်ထုတ်ထားသည့် မိမိကိုယ်တိုင်၏သွေး ပြန်သွင်းခြင်းကို လက်မခံကြပါ။ ခွဲစိတ်ကုသစဉ် ထွက်လာသည့်သွေးကို စုသိမ်းခြင်း သို့မဟုတ် သွေးကျဲခြင်း နည်းပညာများမှာ လက်ခံနိုင်စရာဖြစ်သော်လည်း သွေးသိုလှောင်ခြင်း ပါဝင်ပါက သူတို့လက်မခံကြပါ။ သို့ရာတွင် သက်သေခံအများသည် ခန္ဓာပြင်ပ သွေးလှည့်ပတ်မှု ပြတ်တောက်ခြင်းမရှိသည့် (သွေးမပါသော) နှလုံး-အဆုတ်စက်၊ ကျောက်ကပ်သန့်စင်စက်အပြင် ခွဲစိတ်ကုသစဉ် သွေးဆယ်ကိရိယာတို့ အသုံးပြုခြင်းကို ခွင့်ပြုကြသည်။ ဆရာဝန်အနေဖြင့် လူနာ၏ သြတ္တပ္ပစိတ်က မည်သို့လမ်းညွှန်သည်ကို သိရှိရန် လူနာတစ်ဦးစီနှင့် ဆွေးနွေးတိုင်ပင်သင့်သည်။ 2
သက်သေခံများသည် ကိုယ်အင်္ဂါ အစိတ်အပိုင်း အစားထိုး ကုသခြင်းအကြောင်းကို သမ္မာကျမ်းစာက တိုက်ရိုက်ဖော်ပြထားသည်ဟု မယူဆကြပါ။ ထို့ကြောင့် မျက်ကြည်လွှာ၊ ကျောက်ကပ်၊ သို့မဟုတ် အခြားသောတစ်သျှူး အစားထိုးကုသခြင်းနှင့်ပတ်သက်သည့် ဆုံးဖြတ်ချက်များကို သက်သေခံတစ်ဦးချင်းက ဆုံးဖြတ်ရမည်ဖြစ်သည်။
အရေးကြီးသော ခွဲစိတ်ကုသမှု ပြုလုပ်နိုင်ပါသည်
သွေးမှထုတ်လုပ်သည့် ဆေးပစ္စည်းများ အသုံးပြုခြင်းနှင့်ပတ်သက်သည့် သက်သေခံတို့၏ ရပ်တည်ချက်သည် “ဆရာဝန်၏လက်ကို တုပ်နှောင်ထား” သည့်အလား ဖြစ်သောကြောင့် ခွဲစိတ်ကုဆရာဝန်များသည် မကြာခဏ သက်သေခံများအား ကုသပေးခြင်းကို ငြင်းဆိုတတ်ကြသော်လည်း ယခုအခါ ဆရာဝန်အများက ဤအခြေအနေကို သူတို့၏ ကျွမ်းကျင်မှုကို စိန်ခေါ်သည့် ဆင့်ပွားရောဂါ နောက်တစ်မျိုးအဖြစ် သဘောထားလာကြသည်။ သက်သေခံများသည် ကော်လွိုက် သို့မဟုတ် ခရစ္စတယ်လွိုက် အစားထိုးအရည်များကို မကန့်ကွက်သကဲ့သို့ လျှပ်စစ်ရှို့ခြင်း၊ သွေးဖိအားနိမ့် မေ့ဆေး၊ 3 သို့မဟုတ် ကိုယ်ပူရှိန်ချခြင်းကိုလည်း မကန့်ကွက်သဖြင့် ယင်းတို့ကို အောင်မြင်စွာ အသုံးပြုနိုင်ခဲ့သည်။ လောလောဆယ်နှင့် အနာဂတ်တွင် အသုံးပြုမည့် ဟက်တာစတာချ်၊4 သံဓာတ်ပါဝင်သော ဒက္ကစထရန် အကြောထိုးဆေး ပမာဏများများသုံးခြင်း 5,6 နှင့် “အသံလှိုင်း ခွဲခန်းဓား”7 တို့သည် အလားအလာ ကောင်းသည့်အပြင် ဘာသာရေးအရလည်း ကန့်ကွက်စရာအကြောင်း မရှိပါ။ ၎င်းပြင်၊ များမကြာမီက ပေါ်ထွက်လာသည့် ဖလူအိုရင်း ပါဝင်သော သွေးအစားထိုးဆေးရည် (Fluosol-DA) သည် ဘေးအန္တရာယ်ကင်း၍ ထိရောက်မှုရှိမည်ဆိုပါက8 ယင်းသည် သက်သေခံများ၏ ယုံကြည်ချက်နှင့် ဆန့်ကျင်မည်မဟုတ်ပါ။
၁၉၇၇ ခုနှစ်တွင် အော့ထ်နှင့် ကူးလီ (Ott and Cooley) 9 တို့က သက်သေခံများအား သွေးသွင်းခြင်းမပြုဘဲ လုပ်ဆောင်ပေးခဲ့သည့် နှလုံးသွေးကြော ခွဲစိတ်ကုသမှုပေါင်း ၅၄၂ ခုနှင့်စပ်လျဉ်း၍ အစီရင်ခံတင်ပြခဲ့ရာ ယင်းလုပ်ထုံးလုပ်နည်းသည် “ဘေးအန္တရာယ် ဖြစ်နိုင်ခြေနိမ့်၍ လက်ခံနိုင်သည့်အဆင့်တွင်” လုပ်ဆောင်နိုင်သည်ဟု ကောက်ချက်ချထားသည်။ များမကြာမီက ကူးလီသည် ဤအသင်း၏ မေတ္တာရပ်ခံချက်အရ ခွဲစိတ်ကုသမှုပေါင်း ၁,၀၂၆ ခုကို ပြန်လည်သုံးသပ်ခဲ့ရာ ၂၂ ရာခိုင်နှုန်းမှာ ကလေးသူငယ်များအား ပြုလုပ်ပေးခဲ့သည့် ခွဲစိတ်ကုသမှုများဖြစ်သည်။ ရလဒ်မှာ “ယေဟောဝါသက်သေအုပ်စုမှ လူနာများအား ခွဲစိတ်ကုသမှု ပြုလုပ်ရာ၌ ဖြစ်တတ်သည့် ဘေးအန္တရာယ်မှာ အခြားသူများထက် သိသိသာသာ မြင့်မားခြင်းမရှိကြောင်း” တွေ့ရှိခဲ့ရသည်။ အလားတူစွာ၊ ဆရာဝန် မိုက်ကယ် အီး၊ ဒီဘက္ကီက “[သက်သေခံများနှင့်ပတ်သက်သည့်] များပြားလှသော အခြေအနေမျိုးတွင် သွေးသွင်းခြင်းမပြုဘဲ ပြုလုပ်သည့် ခွဲစိတ်ကုသမှု၏ ဘေးအန္တရာယ်သည် သွေးသွင်းပေးသည့် လူနာများ၌ ပြုလုပ်သည့် ခွဲစိတ်ကုသမှုထက် မကြီးမားပါ” ဟု ရှင်းလင်းပြောကြားခဲ့သည် (ပုဂ္ဂိုလ်ရေး ဆက်သွယ်မှု၊ ၁၉၈၁ ခုနှစ်၊ မတ်လ)။ အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့သည့် အရေးကြီးသော ဆီးလမ်းကြောင်း 10 နှင့် အရိုးရောဂါ ခွဲစိတ်ကုသမှု 11 အကြောင်းကိုလည်း စာပေများ၌ မှတ်တမ်းတင်ထားသည်။ ဆရာဝန် ဂျီ၊ ဒင်း မက္ခအယ်ဝင်နှင့် ဆရာဝန် ဂျေ၊ ရစ်ချဒ် ဘိုဝင်တို့က ကျောရိုးနဗ်ကြော ပေါင်းစပ်ခြင်းကို “အရွယ်မရောက်သေးသော [သက်သေခံ] လူငယ် ၂၀ အတွက် အောင်မြင်စွာ လုပ်ဆောင်ပေးခဲ့ခြင်း” အကြောင်း ရေးသားခဲ့ကြသည် (ပုံနှိပ်ထုတ်ဝေခြင်းမပြုသော အချက်အလက်များ၊ ၁၉၈၁ ခုနှစ်၊ ဩဂုတ်လ)။ “ခွဲစိတ်ကုဆရာဝန်အနေဖြင့် သွေးသွင်းခြင်းကို ငြင်းပယ်နိုင်သည့် လူနာ၏အခွင့်အရေးကို လေးစားလိုက်နာသည့် သဘောတရားခံယူချက်မျိုး အခိုင်အမာချ၍ လူနာ၏ အသက်အန္တရာယ် ဘေးကင်းလုံခြုံသည့်နည်းဖြင့် ခွဲစိတ်ကုသမှုများ ပြုလုပ်ပေးရန်လိုသည်” ဟု သူတို့က ဖြည့်စွက်ဖော်ပြသည်။
ဟာဘ်စ်မဲင်း12 က “ဒဏ်ရာကြောင့် သွေးထွက်လွန်သည့်” လူနာများအား ကုသရာ၌ ရရှိသည့်အောင်မြင်မှုအကြောင်း အစီရင်ခံတင်ပြသည်။ ထိုလူနာများတွင် လူငယ်အချို့လည်း ပါဝင်သည်။ “သွေးသွင်းရန် လိုအပ်လာသည့်အခါများတွင် သက်သေခံများသည် အခွင့်မသာသည့် အနေအထား၌ရှိကြသည်။ သို့သော်လည်း ကျွန်ုပ်တို့၌ သွေးအစားထိုး အသုံးပြုနိုင်သည့်အရာများ ရှိနေသည်မှာလည်း သိသာထင်ရှားလှကြောင်း” သူဝန်ခံထားသည်။ ခွဲစိတ်ကုဆရာဝန်အများက “ဥပဒေဆိုင်ရာ အကျိုးဆက်များကိုကြောက်၍” သက်သေခံများကို လူနာများအဖြစ် လက်မခံလိုကြသည်ကို သတိပြုမိသဖြင့် သူက ထိုသို့သော စိုးရိမ်မှုသည် ခြေမြစ်ခိုင်လုံခြင်း မရှိကြောင်း ဖော်ပြထားသည်။
ဥပဒေကြောင်းအရ ပူပန်စရာများနှင့် အရွယ်မရောက်သေးသူများ
သက်သေခံများသည် အမေရိကန် ဆေးပညာအသင်းမှ ထုတ်ပေးသည့် ဆရာဝန်များနှင့် ဆေးရုံများအား တာဝန်ရှိခြင်းမှ သက်သာလွတ်ငြိမ်းခွင့်ပြုသည့် ပုံစံ 13 ပေါ်တွင် လက်မှတ်ထိုးရန် လိုလိုလားလား ရှိကြသည့်အပြင် သက်သေခံအများစုသည် ရက်စွဲတပ်၍ အသိသက်သေများက လက်မှတ်ရေးထိုးထားသည့် ဆေးဘက်ဆိုင်ရာ သတိပေးချက် ကတ်ပြားကို ဆောင်ထားကြသည်။ ယင်းကတ်ပြားကို ဆေးဘက်ဆိုင်ရာနှင့် ဥပဒေဆိုင်ရာ အာဏာပိုင်များနှင့် ညှိနှိုင်းတိုင်ပင်၍ ရေးသားထားသည်။ ဤစာရွက်စာတမ်းများသည် လူနာ (သို့မဟုတ် သူ၏အမွေဥစ္စာ) ကို တရားဝင်တာဝန် ရှိစေသည့်အပြင် ဆရာဝန်များအတွက်လည်း အကာအကွယ်ပေးသည်၊ အကြောင်းမှာ တရားရုံးတရားသူကြီး ဝါရင် ဘာဂျာက လူနာဘက်မှ စွန့်လွှတ်ကြောင်း တရားဝင်စာကို လက်မှတ်ရေးထိုးပြီးလျှင် နောင်တွင် ဆရာဝန်အား မသမာမှုဖြင့် တရားစွဲဆိုလျှင် “အထောက်အထားမဲ့ရာ ရောက်နိုင်သည်” ဟု စီရင်ဆုံးဖြတ်လိုက်၍ဖြစ်သည်။ ၎င်းပြင်၊ “အတင်းအကျပ် ဆေးကုသမှုနှင့် ဘာသာရေး လွတ်လပ်မှု” အကြောင်း စိတ်ဖြာလေ့လာရာ၌ ပဲရစ်14 က ဤသို့ရေးသားခဲ့သည်– “သက်ဆိုင်ရာစာပေများကို ဆန်းစစ်လေ့လာသည့် ဋီကာဆရာတစ်ဦးက ‘ဆရာဝန်အနေဖြင့် သွေးမသွင်းလိုသော လူနာတစ်ဦးအား အတင်းအကျပ် သွေးသွင်းပေးရန် ပျက်ကွက်လျှင် ပြစ်မှုဆိုင်ရာ . . . တာဝန်မကင်းမှုဖြစ်သည် ဟူသောအဆိုကို ထောက်ခံသော မည်သည့် အားကိုးလောက်သည့် ကျမ်းကိုမျှ ကျွန်ုပ် ရှာမတွေ့ပါ’ ဟု အစီရင်ခံထားသည်။ ဤကိစ္စနှင့်ပတ်သက်သည့် ဘေးအန္တရာယ်မှာ လက်တွေ့ဖြစ်နိုင်သည်ထက် ဥပဒေနယ်ပယ်မှ ဉာဏ်ရွှင်သူများ၏ စိတ်ကူးယဉ်မှုသာ ဖြစ်ဖို့များပါသည်။”
အရွယ်မရောက်သေးသည့် ကလေးငယ်များကို ကုသစောင့်ရှောက်သည့်ကိစ္စသည် အကြီးမားဆုံး စိုးရိမ်ပူပန်မှု ဖြစ်စေတတ်ရာ မိဘဖြစ်သူတို့သည် ကလေးကောင်းကျိုး လျစ်လျူရှုမှု နည်းဥပဒေများဖြင့် မကြာမကြာ တရားစွဲခံရကြသည်။ သို့သော်လည်း သက်သေခံလူနာများကို ကောင်းကောင်းသိကျွမ်းသော ဆရာဝန်များနှင့် ရှေ့နေများက ထိုသို့သော အရေးယူမှုမျိုးကို စောဒကတက်ကြသည်။ သက်သေခံမိဘတို့သည် သူတို့၏သားသမီးများအတွက် ကောင်းသော ဆေးဝါးကုသစောင့်ရှောက်မှု ရှာကြံကြကြောင်း ထိုသူတို့က ယုံကြည်ကြသည်။ မိဘတာဝန်ကို ခေါင်းရှောင်ခြင်း၊ သို့မဟုတ် ယင်းတာဝန်ကို တရားသူကြီးအားဖြစ်စေ၊ ကြားလူတစ်ဦးဦးထံဖြစ်စေ လွှဲချခြင်း မပြုလိုသဖြင့် သက်သေခံများသည် မိသားစု၏ ဘာသာရေး သက်ဝင်ယုံကြည်မှုများကို ထည့်သွင်းစဉ်းစားပေးပါရန် တိုက်တွန်းကြသည်။ ကနေဒါ ဆေးပညာအသင်း၏ အတွင်းရေးမှူးဟောင်းဖြစ်သူ ဒေါက်တာ အေ၊ ဒီ၊ ကယ်လီက “အရွယ်မရောက်သေးသည့် ကလေးငယ်များ၏ မိဘများနှင့် သတိလစ်နေသည့် လူနာများ၏ ဆွေမျိုးရင်းချာတို့သည် လူနာ၏ဆန္ဒသဘောကို ထုတ်ဖော်ရှင်းလင်းခွင့် ရှိကြသည်။ . . . သန်းခေါင်ကျော် နှစ်ချက်တီးတွင် တရားရုံးဖွင့်၍ ကလေးတစ်ဦးအား မိဘဖြစ်သူတို့၏ အုပ်ထိန်းမှုမှ လွှဲပြောင်းယူရန် အချေအတင် ငြင်းခုံ၍ တရားစွဲသည့်အမှုကို ကျွန်ုပ် သဘောမကျပါ ” ဟူ၍ရေးသားခဲ့သည်။ 15
သားသမီးများကို စောင့်ရှောက်သည့်ကိစ္စ၊ ဥပမာ ကောင်းကျိုးဆိုးပြစ်များ ဒွန်တွဲလျက်ရှိသည့် ခွဲစိတ်ကုသမှု၊ ဓာတ်ရောင်ခြည်ဖြင့် ကုသမှု၊ သို့မဟုတ် ဓာတုကုထုံးနှင့် ရင်ဆိုင်လာရသည့်အခါမျိုး၌ မိဘတို့သည် သဘောထား ထုတ်ဖော်ပိုင်ခွင့်ရှိသည်မှာ အထူးသက်သေပြစရာ မလိုပါ။ သွေးသွင်းကုသခြင်း အန္တရာယ်နှင့်ဆိုင်သော အရေးကြီးသည့် ကိစ္စထက် ကိုယ်ကျင့်တရားဆိုင်ရာ အကြောင်းတရားများအတွက်ကြောင့် သက်သေခံမိဘတို့က ဘာသာရေးအရ တားမြစ်ခြင်းမရှိသည့် ကုထုံးများကို အသုံးပြုရန် မေတ္တာရပ်ခံကြသည်။ ဤမေတ္တာရပ်ခံချက်သည် “လူတစ်ကိုယ်လုံးကို” ကုသပေးခြင်းဟူသော ဆေးပညာ၏ ခံယူချက်နှင့် ကိုက်ညီပေသည်။ ဆိုလိုသည်မှာ မိသားစုတစ်ခု၏ အခြေခံယုံကြည်ချက်များကို ဖောက်ဖျက်သည့် ကျူးကျော်နှောင့်ယှက်သော လုပ်ထုံးလုပ်နည်းတစ်မျိုးကြောင့် ဖြစ်ပေါ်လာဖွယ်ရှိသည့် စိတ်ဓာတ်ရေးရာ ထာဝရ ထိခိုက်မှုကို လျစ်လျူမရှုခြင်းဖြစ်သည်။ သက်သေခံများအား ကုသပေးသည့် အတွေ့အကြုံရှိသော အမေရိကန်နိုင်ငံ တစ်ဝန်းလုံးမှ ဆေးရုံကြီးများသည် ယခုအခါတွင် သက်သေခံများအား မကုသပေးလိုကြသည့် အဖွဲ့အစည်းများမှ လွှဲပြောင်းပေးလိုက်သည့် လူနာများအပြင် ကလေးလူနာများကိုပင် လက်ခံကုသပေးလျက်ရှိကြသည်။
ဆရာဝန်အတွက် စိန်ခေါ်ချက်
အလိုရှိသလို အသုံးပြုနိုင်သော နည်းပညာများကို သုံးစွဲလျက် လူတို့၏အသက်နှင့် ကျန်းမာရေးအတွက် စောင့်ရှောက်ပေးရန် မြှုပ်နှံထားကြသည့် ဆရာဝန်တစ်ဦးအဖို့ ယေဟောဝါသက်သေများကို စောင့်ရှောက်ရသည်မှာ အကျပ်ရိုက်သည့် အဖြစ်မျိုးနှင့် ကြုံရဘိသကဲ့သို့ ဖြစ်ရသည်မှာ နားလည်နိုင်ပါသည်။ သက်သေခံများအား ပြုလုပ်ပေးသည့် အရေးကြီးသော ခွဲစိတ်ကုသမှုများနှင့် ပတ်သက်သည့် ဆောင်းပါးစာစဉ်အတွက် အယ်ဒီတာ့အမှာ ရေးသားရာတွင် ဟာဗေး17 က ဤသို့ဝန်ခံထားသည်– “ကျွန်ုပ်၏လုပ်ငန်းကို စွက်ဖက်နှောင့်ယှက်သည့် ထိုယုံကြည်ချက်များသည် စိတ်အနှောင့်အယှက် ဖြစ်စေသည်။” သို့သော် ဤသို့ဆက်၍ဆိုထားသည်– “ခွဲစိတ်ကုသမှုဆိုသည်မှာ ပုဂ္ဂိုလ်တစ်ဦးချင်း၏ ကိုယ်ပိုင်နည်းပညာပေါ် မူတည်သော အတတ်ပညာ ကျွမ်းကျင်မှုတစ်ရပ်ဖြစ်သည်ကို ကျွန်ုပ်တို့ လွယ်လွယ်နှင့် မေ့ထားကောင်း မေ့ထားကြမည်။ နည်းပညာဆိုသည်မှာ တိုးတက်ကောင်းမွန်အောင် ပြုလုပ်နိုင်ပါသည်။”
ပါမောက္ခ ဘိုလွတ်ကီး 18 သည် ဖလော်ရီဒါပြည်နယ်၊ ဒိတ်ဒီကောင်တီရှိ ထိခိုက်ဒဏ်ရာရ လူနာများအား အများဆုံးကုသရသည့် ဆေးရုံများအနက်မှတစ်ခုက သက်သေခံများအား “ကုသပေးခြင်းမပြုသည့် အားလုံးအကျုံးဝင်သော ပေါ်လစီ” ချမှတ်ထားသည်ဟူသော စိတ်အနှောင့်အယှက်ဖြစ်ဖွယ် သတင်းကို သတိပြုမိသည်။ “ဤလူနာအုပ်စုအား ပြုလုပ်ပေးရသည့် ခွဲစိတ်ကုသမှုအများစုမှာ သာမန်ထက် အန္တရာယ်နည်းပါးသူများတွင် ပါဝင်ကြောင်း” သူက ထောက်ပြခဲ့သည်။ သူက ဤသို့ဆက်၍ဆိုထားသည်– “ခွဲစိတ်ကုဆရာဝန်များအနေနှင့် ခေတ်ပေါ် ဆေးပညာဆိုင်ရာ ကိရိယာတစ်မျိုးကို အသုံးပြုခွင့်မရဟု ခံစားရကောင်း ခံစားရမည်ဖြစ်သော်လည်း . . . ဤလူနာများအား ခွဲစိတ်ကုသပေးခြင်းအားဖြင့် ဆရာဝန်များသည် အတွေ့အကြုံများစွာ ရရှိမည်ဖြစ်ကြောင်း ကျွန်ုပ် အခိုင်အမာ ယုံကြည်သည်။”
သက်သေခံ လူနာများအား ပြဿနာတစ်ရပ်အဖြစ် သဘောထားမည့်အစား ပို၍ပို၍ များပြားသည့် ဆရာဝန်များက ၎င်းအခြေအနေကို ဆေးပညာဆိုင်ရာ စိန်ခေါ်ချက်အဖြစ် လက်ခံလာကြသည်။ ဤစိန်ခေါ်ချက်ကို ရင်ဆိုင်ဖြေရှင်းရာ၌ ၎င်းတို့သည် နိုင်ငံတစ်ဝန်းရှိ ဆေးကုသမှု ဗဟိုဌာနများတွင် လက်ခံကုသသည့် ဤလူနာအုပ်စုအတွက် ကုသမှုစံတစ်မျိုးကို တိုးချဲ့တီထွင်ခဲ့ကြသည်။ တစ်ချိန်တည်းတွင် ၎င်းဆရာဝန်များသည် လူနာ၏ အလုံးစုံသော ကောင်းကျိုးအတွက် ကုသစောင့်ရှောက်ပေးလျက် ရှိကြသည်။ ဂဒ်နာ အက် အယ်လ်19 မှတ်ချက်ချသည့်အတိုင်းဖြစ်သည်– “လူနာ၏ ခန္ဓာကိုယ်ရောဂါ ပျောက်ကင်းသွားသော်လည်း ဘုရားသခင်နှင့်ဆိုင်သော မိမိ၏ ဝိညာဉ်ရေးအသက်မူကား အထိခိုက်ခံရသဖြင့် ဘဝသည် အဓိပ္ပာယ်မဲ့ရုံမက သေသည်ထက်ပင် ပို၍ဆိုးသည်ဟု ခံစားရလျှင် မည်သူ့အတွက် အကျိုးရှိမည်နည်း။”
သက်သေခံများသည် မိမိတို့၏ခိုင်မာသောခံယူချက်ကြောင့် ဆေးပညာအရ အတိုင်းအတာတစ်ခုအထိ အန္တရာယ်ကို တိုးများစေသယောင် ဖြစ်စေသည့်အပြင် ကုသစောင့်ရှောက်မှုကိုလည်း ပို၍ရှုပ်ထွေးစေနိုင်သည်ကို အသိအမှတ်ပြုကြပါသည်။ သို့ဖြစ်သောကြောင့် သူတို့သည် ရရှိသည့် ကုသစောင့်ရှောက်မှုအတွက် များသောအားဖြင့် အထူးတလည် ကျေးဇူးတင်ကြသည်။ သူတို့သည် နက်ရှိုင်းသည့် ယုံကြည်ခြင်းဆိုင်ရာ အလွန်အရေးပါသော အခြေခံ သဘောတရားများနှင့် အသက်ရှင်လိုသည့် ပြင်းပြသောဆန္ဒ ရှိကြသည့်အပြင် ဆရာဝန်များနှင့် ဆေးဘက်ဆိုင်ရာ ဝန်ထမ်းများနှင့်လည်း ဝမ်းမြောက်စွာ ပူးပေါင်းဆောင်ရွက်ကြသည်။ ဤသို့ဖြင့် ပြိုင်ဘက်ကင်းသော ဤစိန်ခေါ်ချက်ကို ရင်ဆိုင်ဖြေရှင်းရာ၌ လူနာနှင့် ဆရာဝန် နှစ်ဦးနှစ်ဖက်စလုံး စည်းလုံးညီညွတ်ကြသည်။
REFERENCES
1. Jehovah’s Witnesses and the Question of Blood. Brooklyn, NY, Watchtower Bible and Tract Society, 1977, pp. 1-64.
2. The Watchtower 1978; 99 (June 15):29-31.
3. Hypotensive anesthesia facilitates hip surgery, MEDICAL NEWS. JAMA 1978; 239:181.
4. Hetastarch (Hespan)—a new plasma expander. Med Lett Drugs Ther 1981; 23:16.
5. Hamstra RD, Block MH, Schocket AL:Intravenous iron dextran in clinical medicine. JAMA 1980; 243:1726-1731.
6. Lapin R: Major surgery in Jehovah’s Witnesses. Contemp Orthop 1980; 2:647-654.
7. Fuerst ML: ‘Sonic scalpel’ spares vessels. Med Trib 1981; 22:1,30.
8. Gonzáles ER: The saga of ‘artificial blood’: Fluosol a special boon to Jehovah’s Witnesses. JAMA 1980; 243:719-724.
9. Ott DA, Cooley DA: Cardiovascular surgery in Jehovah’s Witnesses. JAMA 1977; 238:1256-1258.
10. Roen PR, Velcek F: Extensive urologic surgery without blood transfusion. NY State J Med 1972; 72:2524-2527.
11. Nelson CL, Martin K, Lawson N, et al: Total hip replacement without transfusion. Contemp Orthop 1980; 2:655-658.
12. Herbsman H: Treating the Jehovah’s Witness. Emerg Med 1980; 12:73-76.
13. Medicolegal Forms With Legal Analysis. Chicago, American Medical Association, 1976, p. 83.
14. Paris JJ: Compulsory medical treatment and religious freedom: Whose law shall prevail? Univ San Francisco Law Rev 1975; 10:1-35.
15. Kelly AD: Aequanimitas Can Med Assoc J 1967; 96:432.
16. Kolins J: Fatalities from blood transfusion. JAMA 1981; 245:1120.
17. Harvey JP: A question of craftsmanship. Contemp Orthop 1980;2:629.
18. Bolooki H: Treatment of Jehovah’s Witnesses: Example of good care. Miami Med 1981; 51:25-26.
19. Gardner B, Bivona J, Alfonso A, et al: Major surgery in Jehovah’s Witnesses. NY State J Med 1976; 76:765-766.