နောက်ဆက်တွဲ
သွေး– မည်သူ၏ ရွေးချယ်မှုနည်း၊ မည်သူ၏ ဩတ္တပ္ပစိတ်နည်း
ဆရာဝန် ဂျေ၊ လိုဝဲလ် ဒစ်ဇန် ရေးသားသည်
၁၉၈၈ ခုနှစ်၊ နယူးယောက်ပြည်နယ် ဆေးပညာ ဂျာနယ် ၏ခွင့်ပြုချက်ဖြင့် ထပ်မံ ရိုက်နှိပ်ဖော်ပြပါသည်။ ၈၈:၄၆၃-၄၆၄၊
နယူးယောက်ပြည်နယ် ဆေးပညာအသင်း၏ မူပိုင်ဖြစ်သည်။
ဆရာဝန်များသည် မိမိတို့၏ အသိပညာ၊ ကျွမ်းကျင်မှုများနှင့် အတွေ့အကြုံတို့ကို အနာရောဂါ၊ သေမင်းတို့နှင့်စစ်ခင်းရာတွင် အသုံးပြုမည်ဟု ကတိပြုထားကြသည်။ သို့ရာတွင်၊ လူနာတစ်ဦးသည် အကြံပြုသည့် ကုသမှုတစ်မျိုးကို လက်မခံပါက မည်သို့ပြုမည်နည်း။ လူနာသည် ယေဟောဝါသက်သေ တစ်ဦးဖြစ်မည်၊ ကုသနည်းမှာ ရာနှုန်းပြည့်သွေး၊ အေးခဲထားသည့် သွေးဆဲလ်နီ၊ ပလာစမာ သွေးရည်ကြည်၊ သို့မဟုတ် သွေးဥမွှားကို အသုံးပြုရမည်ဆိုလျှင် အထက်ပါ အခြေအနေမျိုး ဖြစ်ပေါ်လာဖွယ်ရှိသည်။
ဆရာဝန်တစ်ဦးအနေဖြင့် သွေးအသုံးပြုခြင်းနှင့် ပတ်သက်လာလျှင် လူနာတစ်ဦးက သွေးမဲ့ကုသမှုကို ရွေးချယ်ခဲ့သည်ရှိသော် မိမိတို့၏လုပ်ငန်းအတွက် မြှုပ်နှံထားသည့် ဆေးဘက်ဆိုင်ရာ ဝန်ထမ်းများ၏လက်ကို ချည်နှောင်လိုက်သည့်နှယ် ခံစားမိပေမည်။ သို့သော်၊ ယေဟောဝါသက်သေများ မဟုတ်သည့် အခြားလူနာများလည်း ၎င်းတို့ဆရာဝန်၏ အကြံပြုချက်အတိုင်း မလိုက်နာရန် မကြာခဏ ရွေးချယ်ကြသည်ကို မမေ့သင့်ပါ။ အက်ပဲလ်ဘောမ်နှင့် ရော့သ်1 တို့၏အလိုအရ ဆေးပညာသင်ကြားသည့် ဆေးရုံများတွင် လူနာ ၁၉ ရာခိုင်နှုန်းသည် အနည်းဆုံး ကုသမှု သို့မဟုတ် လုပ်ထုံးလုပ်နည်း တစ်ခုကို ငြင်းပယ်ခဲ့ကြသည်၊ ထိုကဲ့သို့သော ငြင်းပယ်မှုထဲမှ ၁၅ ရာခိုင်နှုန်းသည် “အသက်အန္တရာယ် ခြိမ်းခြောက်မှု အလားအလာ” ရှိလျက်ပင် ထိုသို့ပြုခဲ့ကြသည်။
“ဆရာဝန်သာ အသိဆုံး” ဟူသော ယေဘုယျ အမြင်သဘောထားကြောင့် လူနာအများက ဆရာဝန်၏ အတတ်ပညာနှင့် အသိပညာကို လိုက်လျောနာခံကြသည်။ ဆရာဝန်တစ်ဦးအနေဖြင့် ဤစကားရပ်ကို သိပ္ပံနည်းကျ ဖြစ်ရပ်မှန်အလား သဘောထားကာ ထိုအတိုင်း လူနာများကို ကုသပေးမည်ဆိုပါက မသိမသာနှင့် အန္တရာယ် မည်မျှကြီးလိုက်မည်ဖြစ်ခြင်း။ ဆေးပညာ သင်ကြားမှု၊ ဆေးကုသမှုလိုင်စင်နှင့် အတွေ့အကြုံတို့က ကျွန်ုပ်တို့အား ဆေးပညာနယ်ပယ်တွင် ထူးခြားသော အခွင့်အရေးများ ရရှိစေသည်မှာ မှန်ပါသည်။ သို့သော်လည်း ကျွန်ုပ်တို့၏ လူနာများ၌ လုပ်ပိုင်ခွင့်များ ရှိကြပါသည်။ ကျွန်ုပ်တို့ သိကြသည့်အတိုင်း ဥပဒေက (သာမက ဖွဲ့စည်းပုံ အခြေခံဥပဒေကပင်) လုပ်ပိုင်ခွင့်များကို ပို၍အလေးပေးထားသည်။
ဆေးရုံအများ၏ နံရံများပေါ်တွင် “လူနာ၏ လုပ်ပိုင်ခွင့်ဆိုင်ရာ ကြော်ငြာချက်” ကပ်ထားသည်ကို တွေ့ရပါမည်။ ထိုလုပ်ပိုင်ခွင့်များအနက်မှ တစ်ခုမှာ အသိအမြင်ရှိရှိ သဘောတူညီချက်ဖြစ်သည်။ ယင်းကို ပိုမိုတိကျမှန်ကန်စွာဖြင့် အသိအမြင်ရှိရှိ ရွေးချယ်မှု ဟူ၍ခေါ်ဆိုနိုင်သည်။ လူနာအား ကုသမှုအမျိုးမျိုး၏ (သို့မဟုတ် ကုသမှု မခံယူခြင်း၏) အလားအလာရှိသော အကျိုးရလဒ်များအကြောင်း အသိပေးပြီးနောက် မည်သည်ကိုခံယူမည်မှာ လူနာက ရွေးချယ်ရမည်ဖြစ်သည်။ နယူးယောက်ပြည်နယ်၊ ဘရွန့်ဇ်မြို့ရှိ အဲလ်ဘတ် အိုင်းစတိုင်း ဆေးရုံတွင် သွေးသွင်းကုသခြင်းနှင့် ယေဟောဝါသက်သေများဆိုင်ရာ ပေါ်လစီမူကြမ်းတစ်ရပ်၌ ဤသို့ဖော်ပြထားသည်– “မသန်မစွမ်းမဟုတ်သည့် အရွယ်ရောက်ပြီးသော မည်သည့်လူနာမဆိုသည် ကုသမှုကို ငြင်းပယ်ပိုင်ခွင့်ရှိသည်၊ ထိုသို့သော ငြင်းပယ်ခြင်းသည် လူနာ၏ ကျန်းမာရေးကို မည်မျှပင် ထိခိုက်နစ်နာပါစေ ပြုခွင့်ရှိသည်။”2
ဆရာဝန်များအနေဖြင့် လူ့ကျင့်ဝတ် သို့မဟုတ် တာဝန်မကင်းခြင်းအကြောင်း စိုးရိမ်မှုများ ထုတ်ဖော်ပြောဆိုကြမည်ဖြစ်သော်လည်း တရားရုံးများက လူနာ၏ရွေးချယ်မှုသည်သာ အဓိကဖြစ်ကြောင်း အလေးပေး ဖော်ပြခဲ့ကြသည်။3 နယူးယောက်ပြည်နယ် အယူခံတရားရုံးက ဤသို့ အတည်ပြုဖော်ပြသည်– “ကုသမှုနှင့်ပတ်သက်၍ လူနာ၏ဆုံးဖြတ်ပိုင်ခွင့်သည် အဓိကဖြစ်သည်။ . . . ဆရာဝန် [တစ်ဦးအနေဖြင့်] ဆုံးဖြတ်နိုင်စွမ်းရှိသော အရွယ်ရောက် လူနာတစ်ဦး၏ ဆေးကုသမှုဆိုင်ရာ ငြင်းပယ်ပိုင်ခွင့်ကို လေးစားလိုက်နာမည်ဆိုပါက ဥပဒေဆိုင်ရာ သို့မဟုတ် အတတ်ပညာဆိုင်ရာ တာဝန်ဝတ္တရားများကို ချိုးဖောက်သည်ဟု စီရင်ဆုံးဖြတ်၍ မရနိုင်ပါ။”4 အဆိုပါ တရားရုံးက ဤသို့လည်း သဘောထားမှတ်ချက် ပေးခဲ့သည်– “ဆေးအတတ်ပညာရှင်၏ ကျင့်ဝတ်စောင့်ထိန်းမှုသည် အရေးကြီးသော်လည်း ဤတွင် အခိုင်အမာဆိုထားသည့် အခြေခံ ပုဂ္ဂိုလ်ရေး လုပ်ပိုင်ခွင့်များထက် ပို၍ အရေးမကြီးပါ။ ပဓာနကျသည့်အရာမှာ ဆေးရုံအဖွဲ့အစည်း၏ တောင်းဆိုချက်များ မဟုတ်ဘဲ ပုဂ္ဂိုလ်တစ်ဦးချင်း၏ လိုအပ်ချက်များနှင့် လိုအင်ဆန္ဒများသာဖြစ်သည်။”5
သက်သေခံတစ်ဦး သွေးကိုလက်မခံသည့်အခါ၌ ဆရာဝန်များသည် အစွမ်းကုန် လုပ်ဆောင်နိုင်မည် မဟုတ်ဟူသော အလားအလာကြောင့် စိတ်ထိခိုက်ခံစားမှုများ ဖြစ်ကောင်းဖြစ်ကြမည်။ သို့သော် တာဝန်သိတတ်သော ဆရာဝန်များအား သက်သေခံများ မေတ္တာရပ်ခံသည်မှာ လက်ရှိအခြေအနေက ခွင့်ပြုသလောက် အခြားနည်းဖြင့် အတတ်နိုင်ဆုံး ကုသပေးရန်သာဖြစ်သည်။ သွေးတိုးခြင်း၊ ပဋိဇီဝဆေးများနှင့် ဆိုးဆိုးရွားရွား ဓာတ်မတည့်ခြင်း၊ သို့မဟုတ် တန်ဖိုးကြီးမားသည့် ပစ္စည်းကိရိယာအချို့ မရှိသည့်အခါမျိုး၌ အခြေအနေကိုလိုက်၍ ကျွန်ုပ်တို့၏ ရောဂါကုထုံးကို မကြာမကြာ ပြုပြင်ပြောင်းလဲကြရသည်။ ဆရာဝန်များအား သက်သေခံလူနာများ မေတ္တာရပ်ခံသည်မှာ လူနာ၏ ရွေးချယ်မှုနှင့် ဩတ္တပ္ပစိတ်နှင့်အညီ၊ သွေးကိုရှောင်ကြဉ်ရန် သူ၏ ကိုယ်ကျင့်တရား/ဘာသာရေး ဆုံးဖြတ်ချက်နှင့်အညီ ဆေးကုသမှု သို့မဟုတ် ခွဲစိတ်ကုသမှုဆိုင်ရာ ပြဿနာကို ကိုင်တွယ်ဖြေရှင်းပေးရန် ဖြစ်ပါသည်။
သက်သေခံလူနာများအား လုပ်ဆောင်ပေးခဲ့သည့် အရေးကြီးသော ခွဲစိတ်ကုသမှု သတင်းများ ပြဆိုသည့်အတိုင်း ဆရာဝန်များစွာသည် သွေးမသုံးရန် မေတ္တာရပ်ခံချက်ကို စိတ်သန့်သန့်နှင့် အောင်မြင်စွာ ကူညီဆောင်ကြဉ်းပေးနိုင်ကြသည်။ သာဓကအနေနှင့်၊ ၁၉၈၁ ခုနှစ်အတွင်း ကူးလီသည် နှလုံးသွေးကြော ခွဲစိတ်ကုသမှုပေါင်း ၁,၀၂၆ ခု လက်ခံခဲ့သည့်အနက် ၂၂ ရာခိုင်နှုန်းမှာ ကလေးသူငယ်များ ဖြစ်ကြသည်။ သူက “ယေဟောဝါသက်သေအုပ်စုမှ လူနာများအား ခွဲစိတ်ကုသရာ၌ တွေ့ကြုံရသည့် ဘေးအန္တရာယ်သည် အခြားလူနာများအား ခွဲစိတ်ကုသရာ၌ တွေ့ ကြုံရသည့် ဘေးအန္တရာယ်ထက် သိသိသာသာ မြင့်မားခြင်းမရှိကြောင်း” အဆုံးအဖြတ်ပေးခဲ့သည်။6 ကမ်ဘောရစ္စ7 က သက်သေခံများအား လုပ်ဆောင်ပေးသည့် အရေးကြီးသော ခွဲစိတ်ကုသမှုများအကြောင်း ရေးသားသည့်သတင်း၌ သက်သေခံအချို့သည် “သွေးသွင်းခြင်းကို လက်မခံသောကြောင့် အရေးတကြီးလိုအပ်သည့် ခွဲစိတ်ကုသမှုကို ငြင်းပယ်ခဲ့ကြသည်။” သူက ဤသို့ဆို၏– “လူနာအားလုံးသည် ကုသမှုမပြုမီ ခွဲစိတ်ကုသခန်းထဲ၌ အခြေအနေ မည်သို့ပင် ဖြစ်လာပါစေ၊ သူတို့၏ ဘာသာရေး ယုံကြည်ချက်များကို လေးစားလိုက်နာပါမည်ဟူသော အာမခံချက်ကို ကြိုတင်၍ ရရှိခဲ့ကြသည်။ ဤပေါ်လစီ၌ ဆိုးဆိုးရွားရွား အကျိုးဆက်များ ဖြစ်ပေါ်ခြင်း မရှိခဲ့ချေ။”
လူနာသည် ယေဟောဝါသက်သေ တစ်ဦးဖြစ်လျှင် ရွေးချယ်ခြင်းကိစ္စအပြင် ဩတ္တပ္ပစိတ်ကိစ္စလည်း ပါဝင်ပတ်သက်လာသည်။ ဆရာဝန်၏ သြတ္တပ္ပစိတ်ကိုသာ ထည့်သွင်းစဉ်းစားရမည် မဟုတ်ပါ။ လူနာ၏ သြတ္တပ္ပစိတ်ကော မည်သို့ရှိသနည်း။ ယေဟောဝါသက်သေများသည် အသက်ကို သွေးဖြင့်ကိုယ်စားပြုထားသည့် ဘုရားပေးလက်ဆောင်အဖြစ် သဘောထားကြသည်။ သူတို့သည် ခရစ်ယာန်များ “သွေးကိုရှောင်ကြဉ်” ရမည်ဟူသော သမ္မာကျမ်းစာ အမိန့်တော်ကို ယုံကြည်ကြသည် (တမန်တော် ၁၅:၂၈၊ ၂၉)။8 ထို့ကြောင့်၊ ထိုသို့သော လူနာများ၏ လေးနက်၍ ကြာမြင့်စွာ ဆုပ်ကိုင်ထားသည့် ဘာသာရေး ခံယူချက်များကို ဆရာဝန်တစ်ဦးက ဖခင်အုပ်ချုပ်ရေးဝါဒဆန်ဆန် ချိုးဖောက်မည်ဆိုပါက အကျိုးရလဒ်မှာ ဝမ်းနည်းစရာ ဖြစ်ပေမည်။ လူတစ်ဦးအား သူ၏သြတ္တပ္ပစိတ်ကို လွန်ဆန်အောင် အတင်းအကျပ် ခိုင်းစေခြင်းသည် “လူ့ဂုဏ်သိက္ခာအား အနာကျင်ဆုံး ထိုးနှက်လိုက်ခြင်းဖြစ်သည်။ တစ်နည်းအားဖြင့် ကိုယ်ခန္ဓာကို သေစေခြင်း၊ သို့မဟုတ် သတ်ဖြတ်ခြင်းထက်ပင်ဆိုးသည်”9 ဟု ပုပ်ရဟန်းမင်းကြီး ဒုတိယမြောက် ဂျွန်ပေါလ်က မှတ်ချက်ချခဲ့သည်။
ယေဟောဝါသက်သေများသည် ဘာသာရေးအကြောင်းကြောင့် သွေးကို လက်မခံခြင်းဖြစ်သော်လည်း ပို၍ပို၍ များပြားလာသည့် သက်သေခံမဟုတ်သော လူနာများကလည်း အေအိုင်ဒီအက်စ်၊ အေ-မဟုတ် ဘီ-မဟုတ် အသည်းရောင်ရောဂါနှင့် ရောဂါပြီး တုံ့ပြန်မှု အစရှိသော အန္တရာယ်များကြောင့် သွေးကိုရှောင်ကြဉ်ရန် ရွေးချယ်လာကြသည်။ ကျွန်ုပ်တို့က ထိုကဲ့သို့သော အန္တရာယ်များသည် အကျိုးကျေးဇူးများနှင့် နှိုင်းယှဉ်လျှင် အသေးအမွှားသာဖြစ်ကြောင်း ကျွန်ုပ်တို့၏အမြင်ကို တင်ပြကြပေမည်။ သို့ရာတွင် အမေရိကန် ဆေးပညာအသင်းက ထောက်ပြသည့်အတိုင်း “ဆရာဝန် ထောက်ခံသည့် ကုသမှု သို့မဟုတ် ခွဲစိတ်ကုသမှုကို အရဲစွန့်၍ လက်ခံမည်လော၊ သို့တည်းမဟုတ် အရဲစွန့်၍ လက်မခံဘဲနေမည်လောဟူ၍ နောက်ဆုံး အဆုံးအဖြတ် ပေးရမည့်သူမှာ ကာယကံရှင် လူနာသာဖြစ်သည်။ ဤကား ပုဂ္ဂိုလ်တစ်ဦးချင်း၏ မွေးရာပါ အခွင့်အရေးဖြစ်သည့်အပြင် တရားဥပဒေကလည်း အသိအမှတ် ပြုထားသည်။”10
ဤအချက်နှင့်ပတ်သက်၍ မက္ကလင်းက11 “သွေးသွင်းခြင်းကိုလက်မခံဘဲ သေသည်အထိ သွေးထွက်ခံသွားသည့်” သက်သေခံတစ်ဦးနှင့် စပ်လျဉ်းသည့် ကောင်းကျိုး/ဆိုးပြစ် အရေးကိစ္စတစ်ရပ်ကို တင်ပြခဲ့သည်။ ဆေးကျောင်းသားတစ်ဦးက ဤသို့ဆိုခဲ့သည်– “ထိုသူ၏ အတွေးအမြင်အာရုံသည် ပျက်ယွင်းမှုမရှိပါ။ ဘာသာရေး ယုံကြည်ချက်များက တစ်ခုတည်းသော ကုသနည်းကို ဆန့်ကျင်ခဲ့သည်ရှိသော် သင်ဘာပြုလုပ်မည်နည်း။” မက္ကလင်းက ဤသို့ ကျိုးကြောင်းဆင်ခြင်ခဲ့သည်– “ဤသူ မှားနေပြီဟု ကျွန်ုပ်တို့ အခိုင်အမာ ယုံကြည်ကြပေမည်။ သို့သော် ယေဟောဝါသက်သေများက သွေးသွင်းခြင်းကိုလက်ခံလျှင် . . . ထာဝရ အပြစ်ဒဏ် ခံရ [နိုင်] သည်ဟု ယုံကြည်ကြသည်။ ဆေးပညာတွင် ကောင်းကျိုး-ဆိုးပြစ် စိတ်ဖြာလေ့လာချက် ပြုလုပ်ရန် ကျွန်ုပ်တို့ သင်ကြားခံခဲ့ရသော်လည်း ထာဝရ အပြစ်ဒဏ်ခံခြင်းနှင့် ကမ္ဘာပေါ်မှ ကျန်ကြွင်းသည့် အသက်တာတို့ကို နှိုင်းချိန်တွေးဆမည်ဆိုလျှင် ကွဲပြားသည့်ရှုထောင့်မှ စိတ်ဖြာလေ့လာရမည်ဖြစ်သည်။”11
ဗာစီးလ်လိုနှင့် ဒူပရေး12 တို့က ဤဂျာနယ် ဤလထုတ်တွင် အော်စဘွန်း၏အမှု ကိုရည်ညွှန်း၍ မှီခိုသူများ၏ လုံခြုံရေး အာမခံချက်ကို မီးမောင်းထိုးပြထားသည်။ သို့သော် ၎င်းအမှု မည်သို့ပြေလည်သွားသနည်း။ အမှုမှာ လူမမယ်ကလေးငယ် နှစ်ယောက်ရှိသော ဒဏ်ရာ အပြင်းအထန် ရထားသည့် ဖခင်တစ်ဦးနှင့်ပတ်သက်သည်။ သူသေဆုံးခဲ့လျှင် သူ၏ကလေးများကို ဆွေမျိုးများက ပစ္စည်းဥစ္စာအားဖြင့်လည်ကောင်း၊ စိတ်ပိုင်းဆိုင်ရာအရလည်းကောင်း ကြည့်ရှုစောင့်ရှောက်စေဟု တရားရုံးက စီရင်ချက်ချမှတ်ခဲ့သည်။ ထို့ကြောင့် အခြားသော လတ်တလော အမှုများနည်းတူ 13 တရားရုံးသည် ကုသမှုနှင့်ပတ်သက်၍ မိဘဖြစ်သူ၏ ရွေးချယ်မှုကို ပယ်ဖျက်ရန် လက်ခံလောက်သည့် နိုင်ငံတော် အကျိုးစီးပွားဆိုင်ရာ အကြောင်းပြချက်ကို မတွေ့ရှိရပါ။ လူနာဖြစ်သူက အလေးအနက် ကန့်ကွက်သည့် ကုသမှုကို လုပ်ဆောင်စေရန် ဆေးရုံအား အခွင့်အာဏာ ပေးအပ်သည့် တရားရေးရာ စွက်ဖက်မှုသည် အကြောင်းခိုင်လုံမှု မရှိပါ။14 ထိုလူနာသည် အခြားသော ကုသနည်းဖြင့် ပြန်လည်ကျန်းမာလာပြီး မိသားစုကို ဆက်လက် ပြုစုစောင့်ရှောက်လာနိုင်သည်။
ဆရာဝန်များ တွေ့ကြုံခဲ့သည့်၊ သို့မဟုတ် တွေ့ကြုံဖွယ်ရှိသည့် ရောဂါဝေဒနာ အများစုကို သွေးမသုံးဘဲနှင့် ကုသပေးနိုင်သည် မဟုတ်ပေလော။ ကျွန်ုပ်တို့ လေ့လာသင်ကြား၍ အကောင်းဆုံး သိရှိထားသည့်အရာများမှာ ဆေးပညာဆိုင်ရာ ပြဿနာများဖြစ်သည်။ သို့ရာတွင် လူနာများမှာ လူသားများဖြစ်ကြသဖြင့် သူတို့၏ တစ်ဦးချင်း တန်ဖိုးများနှင့် ရည်မှန်းချက်ပန်းတိုင်များကို လျစ်လျူရှု၍မဖြစ်ပါ။ သူတို့သည် သူတို့၏ကိုယ်ပိုင် ဦးစားပေးကိစ္စများ၊ သူတို့၏ကိုယ်ပိုင် ကိုယ်ကျင့်တရားများနှင့် ဩတ္တပ္ပစိတ်ကို အကောင်းဆုံး သိရှိကြသည်။ ဤအရာများသည် သူတို့၏ဘဝကို အဓိပ္ပာယ်ပြည့်ဝစေသည်။
သက်သေခံလူနာများ၏ ဘာသာရေး ဩတ္တပ္ပစိတ်ကို လေးစားခြင်းသည် ကျွန်ုပ်တို့၏ ကျွမ်းကျင်မှုအတွက် စိန်ခေါ်ချက် ဖြစ်ကောင်းဖြစ်မည်။ ဤစိန်ခေါ်ချက်ကို ရင်ဆိုင်ဖြေရှင်းသည်နှင့်အမျှ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့အားလုံး အမြတ်တနိုးထားကြသည့် တန်ဖိုးကြီးသော လွတ်လပ်မှုများကို အလေးထားကြောင်း တင်ပြကြသည်။ ဂျွန် စတူအတ် မီးလ် အချက်ကျကျ ရေးသားခဲ့သည့်အတိုင်းပင်ဖြစ်သည်– “အစိုးရပုံစံ မည်သို့ပင်ရှိပါစေ၊ အဆိုပါ လွတ်လပ်မှုများ အပြည့်အဝ လေးစားခြင်း မခံရသည့် လူ့အဖွဲ့အစည်းသည် လွတ်လပ်သော လူ့အဖွဲ့အစည်းဟု မဆိုနိုင်ပါ။ . . . လူတိုင်းလူတိုင်းသည် မိမိကိုယ်ပိုင် ကျန်းမာရေး၏ သင့်တော်သော ကာကွယ်စောင့်ရှောက်သူ ဖြစ်ကြသည်။ ကာယ၊ စိတ္တ၊ ဝိညာဏ ကျန်းမာရေး၊ မည်သည့်ကျန်းမာရေးမဆို အကျုံးဝင်သည်။ လူတစ်ဦးချင်းအား ကျန်လူများအတွက် ကောင်းသည်ထင်သည်အတိုင်း အတင်းအကျပ် အသက်ရှင်စေသည်ထက် သူတို့အတွက် ကောင်းသည်ထင်သည့်အတိုင်း အသက်ရှင်ရန် သည်းခံခွင့်ပြုလျှင် လူသားများသည် ကြီးစွာသော အကျိုးအမြတ် ရရှိမည်ဖြစ်သည်။”15
REFERENCES
1. Appelbaum PS, Roth LH: Patients who refuse treatment in medical hospitals. JAMA 1983; 250:1296-1301.
2. Macklin R: The inner workings of an ethics committee: Latest battle over Jehovah’s Witnesses. Hastings Cent Rep 1988; 18(1):15-20.
3. Bouvia v Superior Court, 179 Cal App 3d 1127, 225 Cal Rptr 297 (1986); In re Brown, 478 So 2d 1033 (Miss 1985).
4. In re Storar, 438 NYS 2d 266, 273, 420 NE 2d 64, 71 (NY 1981).
5. Rivers v Katz, 504 NYS 2d 74, 80 n 6, 495 NE 2d 337, 343 n 6 (NY 1986).
6. Dixon JL, Smalley MG: Jehovah’s Witnesses. The surgical/ethical challenge. JAMA 1981; 246:2471-2472.
7. Kambouris AA: Major abdominal operations on Jehovah’s Witnesses. Am Surg 1987; 53:350-356.
8. Jehovah’s Witnesses and the Question of Blood. Brooklyn, NY, Watchtower Bible and Tract Society, 1977, pp 1-64.
9. Pope denounces Polish crackdown. NY Times, January 11, 1982, p A9.
10. Office of the General Counsel: Medicolegal Forms with Legal Analysis. Chicago, American Medical Association, 1973, p 24.
11. Kleiman D: Hospital philosopher confronts decisions of life. NY Times, January 23, 1984, pp B1, B3.
12. Vercillo AP, Duprey SV: Jehovah’s Witnesses and the transfusion of blood products. NY State J Med 1988; 88:493-494.
13. Wons v Public Health Trust, 500 So 2d 679 (Fla Dist Ct App) (1987); Randolph v City of New York, 117 AD 2d 44, 501 NYS 2d 837 (1986); Taft v Taft, 383 Mass 331, 446 NE 2d 395 (1983).
14. In re Osborne, 294 A 2d 372 (DC Ct App 1972).
15. Mill JS: On liberty, in Adler MJ (ed): Great Books of the Western World. Chicago, Encyclopaedia Britannica, Inc, 1952, vol 43, p 273.