အခန်း ၁၆
ယေဟောဝါ၏ ဝတ်ပြုကိုးကွယ်ရေးအတွက် ထက်သန်သောစိတ်ဓာတ်
မာရိ၏အခြားသားများဖြစ်ကြသော ယာကုပ်၊ ယောသပ်၊ ရှိမုန်နှင့်ယုဒတို့သည်ယေရှု၏ညီတော်များဖြစ်ကြသည်။ ကပေရနောင်မြို့သို့ ယေရှုနှင့်တပည့်တော်တို့ ခရီးမထွက်မီ နာဇရက်မြို့ရှိအိမ်တွင် တစ်ထောက်ရပ်နားပြီး ယေရှု၏မိသားစုသည် လိုအပ်မည့်ပစ္စည်းများကို ထုပ်ပိုးခဲ့ကြပေမသည်။
သို့သော်ယေရှုသည် ကာနမြို့၊ နာဇရက်မြို့ သို့မဟုတ် ဂါလိလဲတောင်ကုန်းတစ်ကြောရှိ အခြားတစ်နေရာရာတွင် မိမိဓမ္မအမှုကိုထမ်းရွက်မည့်အစား ကပေရနောင်မြို့သို့ အဘယ်ကြောင့် ကြွမြန်းတော်မူသနည်း။ တစ်ချက်အနေနှင့် ကပေရနောင်သည် ပို၍ကြီးကျယ်ထင်ရှားသောမြို့ဖြစ်သည်။ ထို့ပြင်ယေရှု၏တပည့်တော်သစ်အများမှာ ကပေရနောင်မြို့တွင်း သို့မဟုတ် အနီးအနားနေထိုင်ကြရာ ယေရှု၏လေ့ကျင့်သွန်သင်မှုခံယူရန် သူတို့မြို့ရွာများမှ ထွက်ခွာစရာမလို၍ဖြစ်သည်။
ကပေရနောင်မြို့တွင်နေထိုင်စဉ် ယေရှုသည်အံ့ဖွယ်အမှုများပြုလုပ်တော်မူခဲ့ကြောင်း လအတန်ကြာတွင် ယေရှုကိုယ်တော်တိုင် သက်သေထွက်ဆိုသည်။ သို့သော်များမကြာမီ ယေရှုနှင့်အပေါင်းအပါတို့သည် တစ်ဖန်ခရီးထွက်ကြသည်။ အချိန်အားဖြင့်နွေဦးရာသီဖြစ်ပြီး စီအီး ၃၀ ခုနှစ်ပသခါပွဲတော်တက်ရန် ယေရုရှလင်မြို့သို့ဦးတည်သွားနေကြသည်။ ယေရုရှလင်မြို့တွင် ယခင်ကတွေ့မြင်ဖူးဟန်မတူသော ယေရှုနှင့်ပတ်သက်သည့် အရာတစ်ခုကိုတပည့်တော်တို့တွေ့မြင်ကြသည်။
ဘုရားသခင်ပညတ်တရားအရ ဣသရေလလူတို့သည် တိရစ္ဆာန်ယဇ်များပူဇော်ကြရသည်။ ထိုကြောင့်သူတို့အဆင်ပြေစေရန် ယေရုရှလင်မြို့မှကုန်သည်တို့သည် ဤအတွက်တိရစ္ဆာန်နှင့် ကျေးငှက်များကိုရောင်းကြသည်။ သို့သော်ဗိမာန်တော်ဝင်းအတွင်း၌ရောင်းချသည့်အပြင် မတန်တဆဈေးတင်ရောင်းခြင်းဖြင့် လူထုကိုလိမ်လည်နေကြသည်။
ယေရှုသည်ဒေါသထွက်လျက် ကြိုးမြွားနှင်တံလုပ်ပြီးလျှင် ရောင်းချသူတို့အား ပြင်သို့နှင်ထုတ်တော်မူ၏။ ငွေလဲလှယ်သူတို့၏ ငွေဒ င်္ဂါးများကို သွန်ချ၍စားပွဲများကိုလည်း မှောက်လှန်ပစ်တော်မူ၏။ ချိုးငှက်ရောင်းသူတို့အား “ဤဥစ္စာကိုယူသွားကြ” ဟူ၍မိန့်တော်မူ၏။ “ငါ့အဘ၏အိမ်တော်ကို ဈေးရုံမလုပ်ကြနှင့်။”
ဤသို့ပြုသည်ကိုယေရှုတပည့်တော်များ တွေ့ကြသောအခါ “ကိုယ်တော်၏အိမ်တော်၌ စိတ်စေတနာထက်သန်ခြင်းသည် အကျွန်ုပ်ကိုစားပါ၏” ဟူသောပရောဖက်ပြုချက်ကိုသတိရကြ၏။ သို့သော်ဂျူးတို့က “သင်သည်ဤသို့ပြုလျှင် အဘယ်နိမိတ်လက္ခဏာကိုငါတို့အားပြမည်နည်း” ဟုမေးကြ၏။ ယေရှုက “ဤဗိမာန်တော်ကို ဖြိုဖျက်ကြလော့။ သုံးရက်အတွင်းတွင် ငါတည်ဆောက်မည်” ဟုမိန့်တော်မူ၏။
ဂျူးတို့က ပကတိဗိမာန်တော်ကို ကိုယ်တော်ရည်ညွှန်းသည်ဟုထင်ကြသည်။ သို့နှင့်သူတို့က “အနှစ်လေးဆယ်ခြောက်နှစ်ပတ်လုံး ဤဗိမာန်တော်ကိုတည်ဆောက်ရကြ၏။ သင်မူကားသုံးရက်တည်းနှင့် တည်ဆောက်မည်လော” ဟုဆိုကြ၏။ သို့သော်ယေရှုသည် မိမိခန္ဓာကိုယ်ဗိမာန်တော်အကြောင်း ပြောဆိုနေခြင်းဖြစ်သည်။ သုံးနှစ်အကြာတွင် ကိုယ်တော်သေရာမှ ထမြောက်လာသောအခါ တပည့်တော်တို့သည် ကိုယ်တော်မိန့်တော်မူခဲ့သော ဤစကားကိုသတိရကြ၏။ ယောဟန် ၂:၁၂-၂၂။ မဿဲ ၁၃:၅၅။ လုကာ ၄:၂၃။
▪ ကာနမြို့မှ မင်္ဂလာဆောင်အပြီးတွင် အဘယ်နေရာသို့ ယေရှုထွက်ကြွတော်မူသနည်း။
▪ ယေရှုအဘယ်ကြောင့် အလွန်ဒေါသထွက်သနည်း။ ကိုယ်တော်ဘာလုပ်သနည်း။
▪ ယေရှု၏အပြုအမူကိုတွေ့လျှင် တပည့်တော်များ ဘာကိုသတိရကြသနည်း။
▪ “ဤဗိမာန်တော်” နှင့်ပတ်သက်၍ ယေရှုဘာမိန့်တော်မူခဲ့သနည်း။ ကိုယ်တော်ဘာကိုဆိုလိုသနည်း။