အခန်း ၈၉
ကရုဏာပြရန် ယုဒပြည်သို့ ခရီးတစ်ခေါက်
လွန်ခဲ့သောသီတင်းပတ်အနည်းငယ်က ယေရုရှလင်မြို့ဗိမာန်တော်အပ်နှံပွဲတွင် ဂျူးတို့က ယေရှုကိုသတ်ရန်အားထုတ်ခဲ့ကြသည်။ သို့နှင့် ကိုယ်တော်သည် မြောက်အရပ်ဂါလိလဲအိုင်နှင့် မလှမ်းမကမ်းဒေသသို့ ခရီးထွက်ကြွသွားသည်မှာ ထင်ရှားသည်။
လတ်တလောတွင် ယေရုရှလင်မြို့သို့ရှေ့ရှု၍ တောင်ပိုင်းသို့ကြွမြန်းနေ၏။ လမ်းခရီးတစ်လျှောက်တွင် ယော်ဒန်မြစ်အရှေ့ဘက် ပေရိယခရိုင်အတွင်းရှိကျေးရွာများ၌ဟောပြောလေ၏။ သူဌေးနှင့်လာဇရုပုံဥပမာကိုဟောပြီးလျှင် ဂါလိလဲပြည်၌ရှိစဉ်ကဟောခဲ့သောအကြောင်းများကို တပည့်တို့အားဆက်၍သင်ကြားနေ၏။
ဥပမာအားဖြင့် လူတစ်ယောက်သည် ဘုရားသခင်၏ “သူငယ်” တစ်ယောက်ယောက်ကို မှားယွင်းစေသည်ထက် “လည်ပင်း၌ ကြိတ်ဆုံကျောက်ကိုဆွဲ၍ ပင်လယ်၌ချခြင်းကိုခံရလျှင်” သူ့အဖို့ပိုကောင်းသည်ဟုမိန့်ဆို၏။ အပြစ်လွှတ်ခြင်းအရေးကြီးပုံကိုလည်း ဤသို့ရှင်းပြ၏။ “[ညီအစ်ကိုတစ်ယောက်သည်] တစ်နေ့ခြင်းတွင် ခုနစ်ကြိမ်မြောက်အောင်သင့်ကိုပြစ်မှား၍ ခုနစ်ကြိမ်မြောက်အောင်သင့်ထံသို့လှည့်၍ ‘နောင်တရပါ၏’ ဟုဆိုလျှင် သူ၏အပြစ်ကိုလွှတ်လော့။”
တပည့်တို့က “အကျွန်ုပ်တို့ ယုံကြည်ခြင်းစိတ်ကို တိုးပွားစေတော်မူပါ” ဟုလျှောက်ကြသော် ယေရှုက “သင်တို့သည် မုန်ညင်းစေ့မျှလောက်သောယုံကြည်ခြင်းရှိလျှင် ထိုသဖန်းပင်ကို ‘အချင်းအပင် သင်သည်အမြစ်နှင့်တကွနှုတ်၍ ပင်လယ်၌စိုက်လျက်နေလော့’ ဟုဆိုကြသော် သင်တို့စကားကို နားထောင်လိမ့်မည်” ဟုဖြေကြားတော်မူ၏။ ထိုကြောင့် သေးငယ်သောယုံကြည်ခြင်းပင်လျှင် ကြီးသောအရာတို့ကိုတတ်စွမ်းနိုင်၏။
ထိုနောက် ယေရှုက အနန္တတန်ခိုးရှင်ဘုရားသခင်၏အစေခံတစ်ဦး ထားအပ်သောစိတ်သဘောကို ထင်ဟပ်စေသည့် ဘဝသရုပ်ဖေါ်အခြေအနေတစ်ရပ်အကြောင်း မိန့်ကြားတော်မူ၏။ “အစေအပါးသည် လယ်ထွန်သော်လည်းကောင်း၊ သိုး၊ နွားကျောင်းသော်လည်းကောင်း၊ လယ်ပြင်မှလာ၍ အိမ်သို့ဝင်သောအခါ ထိုအစေအပါးကို အသော့လာ၍စားပွဲ၌လျောင်းလော့ဟု သင်တို့တွင် အဘယ်သူပြောမည်နည်း။ ထိုအစေအပါးကို ‘ငါစားစရာဖို့ပြင်လော့။ ငါစားသောက်စဉ်တွင် ခါးကိုစည်း၍ငါ့ကိုလုပ်ကျွေးလော့။ ထိုနောက်မှ သင်သည်စားသောက်ရမည်’ ဟုပြောမည်မဟုတ်လော။ ထိုအစေအပါးသည် သခင်စီရင်သည်အတိုင်းပြုသောကြောင့် သခင်သည်ကျေးဇူးတင်သလော။ ကျေးဇူးမတင်။ ထိုနည်းတူ မှာထားတော်မူသမျှတို့ကိုသင်တို့သည်ကျင့်ပြီးမှ ‘ငါတို့သည် သခင်၌ကျေးဇူးပြုသောအစေအပါးဖြစ်သည်မဟုတ်။ ဝတ်ကြေရုံမျှသာရှိသည်’ ဟုဝန်ခံကြလော့” ဟုမိန့်တော်မူ၏။ သို့ဖြစ်သောကြောင့် ဘုရားသခင့်အစေခံတို့သည် ကိုယ်တော်အားဝတ်ပြုခြင်းဖြင့် ကျေးဇူးပြုနေသည်ဟု ဘယ်တော့မျှမထင်မှတ်သင့်ချေ။ ယုံကြည်စိတ်ချရသောကိုယ်တော်၏အိမ်သားအဖြစ် ကိုယ်တော်အားကိုးကွယ်ရသည့်အခွင့်အရေးကို အစဉ်သတိရနေသင့်သည်။
ဤပုံဥပမာကိုဟောကြား၍ မကြာမီ၌ သတင်းပို့သူတစ်ဦးရောက်လာသည်။ ထိုသူကား ယုဒပြည် ဗေသနိရွာ၌နေထိုင်သူ လာဇရု၏အစ်မ မာရိနှင့်မာသတို့စေလွှတ်သူဖြစ်သည်။ သူက “သခင်၊ ကိုယ်တော်ချစ်တော်မူသောသူသည် နာလျက်နေပါသည်” ဟုဆို၏။
ယေရှုက “ထိုအနာသည် သေနာမဟုတ်။ ဘုရားသခင်၏ဘုန်းတော်ကိုထင်ရှားစေသောအနာဖြစ်၏။ ထိုအနာကြောင့် ဘုရားသခင်၏သားတော်သည် ဘုန်းထင်ရှားခြင်းရှိလိမ့်မည်” ဟုမိန့်ဆို၏။ နှစ်ရက်နေပြီးနောက် တပည့်တို့အားယေရှုက “ယုဒပြည်သို့ တစ်ဖန်သွားကြကုန်အံ့” ဟုဆို၏။ သို့သော် သူတို့က ‘ဆရာတော်၊ ယုဒလူမျိုးတို့သည် ယခုပင် ကိုယ်တော်ကိုခဲနှင့်ပစ်ရန်ရှာကြံသည်ဖြစ်ပါလျက် ကြွပြန်တော်မူဦးမည်လော’ ဟု သတိပေးကြ၏။
ယေရှုက ဤသို့ပြန်၍မေးတော်မူ၏။ “တစ်နေ့တွင် တစ်ဆယ့်နှစ်နာရီရှိသည်မဟုတ်လော။ လူသည် နေ့အချိန်၌သွားလာလျှင် နေရောင်အလင်းကိုမြင်ရသောကြောင့် ထိမိ၍မလဲတတ်။ ညအချိန်၌သွားလာလျှင်မူကား အလင်းမရှိသောကြောင့် ထိမိ၍လဲတတ်၏။”
ယေရှုက “နေ့အချိန်” သို့မဟုတ် မြေကြီးဓမ္မအမှုတော်ဆောင်ရန် ဘုရားသခင်ခန့်ခွဲပေးသည့်အချိန်မကုန်သေးကြောင်း၊ ထိုအချိန်မကုန်မချင်း မိမိကိုမည်သူမျှဒုက္ခမပေးနိုင်ကြောင်းဆိုလိုသည်မှာ ရှင်းပါသည်။ ကိုယ်တော်သည်ကျန်ရှိသော “နေ့အချိန်” တိုလေးကို အပြည့်အဝအသုံးပြုလိုသည်။ အကြောင်းမှာ ကိုယ်တော်ကိုရန်သူများကွပ်မျက်မည့် “ညအချိန်” ရောက်မည်ဖြစ်သောကြောင့်တည်း။
ယေရှုဤသို့ထပ်မိန့်ဆို၏။ “ငါတို့အဆွေလာဇရုသည်အိပ်ပျော်၏။ သူ့ကိုနှိုးခြင်းအလိုငှာ ငါသွားမည်။”
တပည့်တော်တို့က လာဇရုအိပ်ပျော်နေလျှင် ဤကားပြန်နေကောင်းလာမည့်လက္ခဏာဖြစ်သည်အထင်နှင့် “သခင်၊ သူသည် အိပ်ပျော်လျှင် သက်သာရလိမ့်မည်” ဟုပြန်လျှောက်ကြ၏။
သို့နှင့် ယေရှုက သူတို့အား ဤသို့အတိအလင်းမိန့်ဆို၏။ “လာဇရုသည်သေပြီ။ ထိုအရပ်၌ငါမရှိခဲ့သည်မှာ သင်တို့ယုံကြည်လာကြစေရန်ပင်ဖြစ်၍ သင်တို့အတွက်ငါဝမ်းမြောက်၏။ သူထံသို့သွားကြကုန်အံ့။” (သက)
ယုဒပြည်တွင် ယေရှုကွပ်မျက်ခံရနိုင်သည်ကိုသိသော်လည်း ကိုယ်တော်ကိုထောက်မလိုသဖြင့် သောမက “အကျွန်ုပ်တို့လည်းလိုက်၍ သခင်နှင့်အတူအသေခံကြကုန်အံ့” ဟုတပည့်တော်ချင်းတို့ကိုအားပေးလေ၏။ သို့နှင့် တပည့်တို့သည် အသက်အန္တရာယ်ကိုမမှုဘဲ ကရုဏာပြရန် ယုဒပြည်သို့အတူလိုက်သွားကြသည်။ လုကာ ၁၃:၂၂၊ ၁၇:၁-၁၀။ ယောဟန် ၁၀:၂၂၊ ၃၁၊ ၄၀-၄၂၊ ၁၁:၁-၁၆။
▪ များမကြာမီက အဘယ်နေရာ၌ယေရှုဟောပြောခဲ့သနည်း။
▪ အဘယ်ဆုံးမသြဝါဒကို ယေရှုထပ်၍မိန့်ကြားသနည်း။ အဘယ်အချက်ကိုပေါ်လွင်စေရန် အဘယ်ဘဝသရုပ်ဖေါ်အခြေအနေအကြောင်း ကိုယ်တော်မိန့်ကြားသနည်း။
▪ ယေရှုအဘယ်သတင်း လက်ခံရရှိသနည်း။ “နေ့အချိန်” နှင့် “ညအချိန်” အသုံးအနှုန်းအားဖြင့် ယေရှုဘာကိုဆိုလိုသနည်း။
▪ ‘သခင်နှင့်အတူအသေခံရန် သွားကြကုန်အံ့’ ဟုသောမဆိုရာတွင် ဘာကိုဆိုလိုသနည်း။