အခန်း ၁၂၉
ယေရှုထပ်မံ ကိုယ်ယောင်ထင်ရှားပြ
စိတ်ညှိုးငယ်နေဆဲတပည့်တို့သည် ဗလာကျင်းနေသောဂူ၏အနက်ကိုမသိ၊ အမျိုးသမီးတို့၏စကားကိုလည်းမယုံနိုင်ကြပါ။ သို့နှင့်တနင်္ဂနွေမွန်းလွဲပိုင်း၌ ကလောဖနှင့်တပည့်တစ်ဦးသည် ယေရုရှလင်မှခုနစ်မိုင်ရှိဧမောက်ရွာသို့သွားကြ၏။
လမ်းခရီး၌ ထိုနေ့အဖြစ်အပျက်တို့ကိုပြောနေစဉ် သူစိမ်းတစ်ဦးက “သင်တို့သည်ခရီးသွားနေစဉ် အဘယ်အကြောင်းအရာများကိုဆွေးနွေးနေကြသနည်း” (သက ) ဟုမေး၏။
တပည့်တို့မျက်နှာညှိုးငယ်စွာရပ်၍ “သင်သည်ယေရုရှလင်မြို့၌ဧည့်သည်ဖြစ်လျက်သာ ယခုအခါထိုမြို့၌ဖြစ်ခဲ့ပြီးသောအကြောင်းအရာတို့ကိုမသိသလော” ဟုကလောဖဆိုသော် “အဘယ်အကြောင်းအရာနည်း” ဟုထိုသူမေး၏။
“နာဇရက်မြို့သား ယေရှု၏အကြောင်းအရာပေတည်း။ . . . ထိုသူကိုယဇ်ပုရောဟိတ်အကြီးနှင့်ငါတို့မင်းများသည် အသေသတ်ခြင်းကိုခံစေခြင်းငှာအပ်နှံ၍ လက်ဝါးကပ်တိုင်မှာကွပ်မျက်ကြပြီ။ ထိုသူသည် ဣသရေလအမျိုးကိုရွေးနှုတ်အံ့သောသူဖြစ်သည်ဟု ငါတို့သည်အထက်ကမျှော်လင့်ကြပြီ” ဟုဖြေဆိုကြ၏။
ကလောဖနှင့်အဖော်က ထိုနေ့၌ကောင်းကင်တမန်များကိုထူးဆန်းစွာမြင်ရခြင်းနှင့်ဗလာကျင်းနေသည့်ဂူအကြောင်းတို့ကိုရှင်းပြသည်။ ယင်းတို့၏အဓိပ္ပာယ်ကိုကားမသိ စိတ်တွေဝေနေကြောင်းဝန်ခံကြသည်။ သူစိမ်းက “ပရောဖက်ဟောပြောသောစကားများကိုယုံနိုင်အောင်ဉာဏ်မရှိ၊ စိတ်ခိုင်မာသောသူတို့၊ ခရစ်တော်သည် ဤသို့ပင်အသေခံ၍ မိမိဘုန်းစည်းစိမ်တော်ကိုဝင်စားရမည်မဟုတ်လော” ဟုပြစ်တင်ပြောဆိုပြီး ခရစ်တော်နှင့်ပတ်သက်သောကျမ်းပိုဒ်တို့ကို ရှင်းပြလေ၏။
နောက်ဆုံးဧမောက်ရွာနားရောက်လျှင် သူစိမ်းကခရီးဆက်မည့်ဟန်ပြုရာ ပိုမိုကြားလိုကြသဖြင့် “ယခုမိုးချုပ်စပြုပါပြီ။ သို့ဖြစ်၍ အကျွန်ုပ်တို့နှင့်အတူ တည်းခိုပါ” ဟုသူတို့ဆို၏။ သို့နှင့် ညစာအတူစားစဉ် ကျေးဇူးတော်ချီးမွမ်းပြီးမုန့်ကိုဖဲ့၍သူတို့အားပေးသောအခါ လူ့ခန္ဓာဖြင့်ထင်ရှားသည့်ယေရှုဖြစ်မှန်း သူတို့သိချိန်၌ ကိုယ်တော်ကွယ်ပျောက်လေသည်။
သူစိမ်းသည်အဘယ်ကြောင့်ဤမျှသိရခြင်းကို ယခုမှသူတို့သဘောပေါက်ကြသည်။ “လမ်းခရီး၌ငါတို့နှင့်ဟောပြော၍ ကျမ်းစာအနက်ကိုဖွင့်ပြတော်မူသောအခါ၊ ငါတို့စိတ်နှလုံးသည် ယိုဖိတ်မတတ်ဖြစ်သည်မဟုတ်လော” ဟုအချင်းချင်းမေးပြီး ချက်ချင်းထ၍ ယေရုရှလင်သို့ပြန်ကြ၏။ တမန်တော်တို့နှင့်တကွ စုရုံးနေသူတို့ကိုတွေ့ကြ၏။ သူတို့ဘာမျှမပြောနိုင်မီ အခြားသူတို့က “သခင်သည် အမှန်ထမြောက်တော်မူပြီ၊ ရှိမုန်အားကိုယ်ကိုပြတော်မူပြီ” ဟုဝမ်းသာစွာပြောကြပြီးနောက်မှ တပည့်နှစ်ဦးလည်း သူတို့အားယေရှုမည်သို့ကိုယ်ထင်ပြကြောင်းပြောကြား၏။ ထိုတစ်နေ့တည်းတွင် တပည့်အသီးသီးတို့အား လေးကြိမ်ကိုယ်ထင်ပြသည်။
ယုဒလူတို့ကိုတပည့်တို့ကြောက်ကြသဖြင့် တံခါးပိတ်ထားသော်လည်း ယေရှုသည် ပဉ္စမအကြိမ်ရုတ်တရက်ကိုယ်ထင်ပြ၍ သူတို့အလယ်၌ရပ်လျက် “သင်တို့၌ ငြိမ်သက်ခြင်းရှိစေသတည်း” ဟုမိန့်ဆို၏။ သူတို့သည်နာမ်ဝိညာဉ်ကိုမြင်သည်ဟုထင်မှတ်သဖြင့် ထိတ်လန့်နေကြသဖြင့် ယေရှုက “အဘယ်ကြောင့်တုန်လှုပ်ခြင်းရှိကြသနည်း။ အဘယ်ကြောင့် အထူးထူးအထွေထွေသောစိတ်ရှိကြသနည်း။ ငါ့လက်ကိုကြည့်ကြလော့။ ငါ့ခြေကိုလည်းကြည့်ကြလော့။ ငါ့ကိုယ်ပင်ဖြစ်၏။ ငါ့ကိုကြည့်ရှုစမ်းသပ်ကြလော့။ ငါသည်သင်တို့မြင်သည်အတိုင်း အရိုးအသားနှင့်ပြည့်စုံ၏။ နာမ်ဝိညာဉ်မည်သည်ကား ဤကဲ့သို့မပြည့်စုံ” ဟုဆို၍မိမိသည်အရိပ်သဏ္ဌာန်မဟုတ်ကြောင်းရှင်းပြသော်လည်း သူတို့ယုံရခက်နေဆဲဖြစ်သည်။
မိမိသည်အမှန်ပင်ယေရှုဖြစ်ကြောင်း သူတို့လက်ခံနိုင်ရန် ကိုယ်တော်က “သင်တို့၌ စားစရာတစ်စုံတစ်ခုရှိသလော” ဟုမေး၏။ ငါးကင်ကိုစားပြီးနောက် ယေရှုက “မောရှေ၏ပညတ္တိကျမ်းစာ၌လည်းကောင်း၊ ပရောဖက်တို့၏ကျမ်းစာ၌လည်းကောင်း၊ ဆာလံကျမ်းစာ၌လည်းကောင်း ငါ့ကိုရည်မှတ်၍ရေးထားသမျှသောအချက်တို့သည်ပြည့်စုံရမည်ဟု ငါသည်သင်တို့နှင့်အတူရှိစဉ်အခါ [မသေမီက] သင်တို့အားဟောပြောသောအကြောင်းအရာတို့ကား ဤအကြောင်းအရာပေတည်း” ဟုမိန့်ဆို၏။
ယေရှုဆက်၍ “ဤသို့ကျမ်းစာလာ၏။ ဤသို့ခရစ်တော်သည်အသေခံ၍ သုံးရက်မြောက်သောနေ့၌သေခြင်းမှထမြောက်ရမည်။ ခရစ်တော်၏အခွင့်အားဖြင့် နောင်တတရားနှင့်အပြစ်လွှတ်ခြင်းတရားကို ယေရုရှလင်မြို့မှစသောလူမျိုးတကာတို့အားဟောပြောရမည်” ဟုသွန်သင်လေ၏။
အရေးကြီးသောဤတနင်္ဂနွေနေ့ညနေစည်းဝေးကိုသောမ မတက်ခဲ့၍ နောက်ရက်များအတွင်း အခြားသူတို့က “အကျွန်ုပ်တို့သည်သခင်ကိုမြင်ရကြပြီ” ဟုဝမ်းသာစွာသူ့အားပြောပြ၏။
သောမက “လက်တော်၌သံရိုက်ရာကိုမမြင်၊ သံရိုက်ရာချက်ကို လက်ညှိုးနှင့်မတို့မစမ်း၊ နံဘေးတော်ကိုလည်း လက်နှင့်မစမ်းမသပ်ရလျှင် အကျွန်ုပ်မယုံ” ဟုဆိုသည်။
ရှစ်ရက်မျှကြာလေသော် တပည့်တို့သည် အိမ်အတွင်းစုဝေးကြပြန်၏။ ဤတစ်ကြိမ်တွင် သောမလည်းပါ၏။ တံခါးများပိတ်ထားသော်လည်း သူတို့အလယ်တွင် ယေရှုတစ်ဖန်ရပ်ပြန်လျက် “သင်တို့၌ငြိမ်သက်ခြင်းရှိစေသတည်း” ဟုမိန့်ဆို၏။ ထိုနောက်သောမဘက်သို့လှည့်၍ “သင်၏လက်ညှိုးကိုဆန့်၍ ငါ့လက်ကိုကြည့်လော့။ သင်၏လက်ကိုဆန့်၍ ငါ့နံဘေးကိုစမ်းလော့။ ယုံမှားခြင်းမရှိနှင့်။ ယုံလော့” ဟုမိန့်ဆို၏။
သောမက “အကျွန်ုပ်၏အရှင်၊ အကျွန်ုပ်၏ဘုရားသခင်” ဟုရုတ်တရက်ဆိုလိုက်သည်။
ယေရှုကလည်း “သင်သည် ငါ့ကိုမြင်သောကြောင့်ယုံကြည်ခြင်းရှိ၏။ ငါ့ကိုမမြင်ရဘဲ ယုံကြည်သူတို့သည် မင်္ဂလာရှိကြ၏” ဟုမိန့်ဆို၏။ လုကာ ၂၄:၁၁၊ ၁၃-၄၈။ ယောဟန် ၂၀:၁၉-၂၉။
▪ ဧမောက်ရွာသို့သွားရာလမ်းတွင် တပည့်နှစ်ယောက်အား သူစိမ်းတစ်ဦးက အဘယ်အကြောင်းစုံစမ်းမေးမြန်းသနည်း။
▪ တပည့်တို့၏စိတ်နှလုံးယိုဖိတ်မတတ်ဖြစ်စေသည့် အဘယ်အကြောင်းကို ထိုသူစိမ်းကပြောပြသနည်း။
▪ ထိုသူစိမ်းမှာ မည်သူဖြစ်ကြောင်း တပည့်များ မည်သို့သိမြင်လာသနည်း။
▪ ကလောဖနှင့်သူ၏အဖော်တို့သည် ယေရုရှလင်မြို့သို့ပြန်ရောက်သောအခါ အဘယ်စိတ်တက်ကြွဖွယ်သတင်းကိုကြားကြရသနည်း။
▪ တပည့်တို့အား ယေရှုသည်ပဉ္စမအကြိမ် မည်သို့ကိုယ်ထင်ပြတော်မူသနည်း။ ထိုအချိန်အတွင်း ဘာဖြစ်ပျက်သနည်း။
▪ ပဉ္စမအကြိမ်ကိုယ်ထင်ပြပြီးနောက် ရှစ်ရက်အကြာတွင် ဘာဖြစ်ပျက်သနည်း။ ယေရှုအသက်ရှင်နေတော်မူကြောင်း နောက်ဆုံးတွင်သောမမည်သို့ယုံကြည်သွားသနည်း။