နိုင်ငံတော်သတင်း နံပါတ် ၃၆
ထောင်စုနှစ်သစ်—သင့်အတွက် မည်သည့် အနာဂတ်အလားအလာရှိသနည်း
ထောင်စုနှစ်သစ်—ခေတ်သစ်တစ်ခေတ် ပေါ်ထွန်းလာခြင်းလော
ဒီဇင်ဘာ ၃၁၊ ၁၉၉၉ ညသန်းခေါင်အချိန်တွင် ၂၀ ရာစုအဆုံးတိုင်ခဲ့သည်။a ၎င်းသည် ဗရုန်းသုန်းကားဖြစ်မှုများစွာတွေ့မြင်ခဲ့ရသည့် ရာစုနှစ်တစ်ခုဖြစ်သည်။ သို့သော် နည်းပညာပေါ်ထွန်းမှုအသစ်အဆန်းများ၊ ဆေးပညာထူးခြားစွာတိုးတက်မှုများ၊ သတင်းအချက်အလက် ထူးခြားလျင်မြန်စွာရရှိနိုင်ခြင်းနှင့် ကမ္ဘာချီစီးပွားရေး လျင်မြန်စွာတိုးတက်ကြီးပွားနေခြင်းတို့ကိုလည်း တွေ့မြင်ခဲ့ကြရသည်။ ထို့ကြောင့် ဤထောင်စုနှစ်သစ်ကို မျှော်လင့်ချက်နှင့် အပြောင်းအလဲရှိမှု၏အထိမ်းအမှတ်အဖြစ် လူအများကြိုဆိုခဲ့ကြပေပြီ။ ယင်းထောင်စုနှစ်က စစ်၊ ဆင်းရဲချို့တဲ့မှု၊ ပတ်ဝန်းကျင်ညစ်ညမ်းမှုနှင့် ရောဂါတို့ အဆုံးတိုင်သည်ကို တွေ့မြင်စေမည်လော။
လူအများက ထိုသို့မျှော်လင့်ကြသည်။ သို့သော် ဤထောင်စုနှစ်သစ်က သင့်ကိုအကျိုးပြုမည့် အပြောင်းအလဲများ—သင်နှင့် သင့်မိသားစု အန္တရာယ်ကင်းရှင်း လုံခြုံစွာနေထိုင်နိုင်မည့် ပြောင်းလဲမှုများ—ဖြစ်ထွန်းစေလိမ့်မည်ဟု မည်မျှတိုင်ကျိန်းသေသနည်း။ ကျွန်ုပ်တို့ရင်ဆိုင်နေရသော ပြဿနာများမှ အနည်းငယ်မျှ၏ကြီးမားမှုကို သုံးသပ်ကြည့်ပါ။
ညစ်ညမ်းမှု
စက်မှုထွန်းကားသည့်နိုင်ငံများသည် “ကမ္ဘာချီအတိုင်းအတာအထိ ပတ်ဝန်းကျင်ကိုဘေးပြုနေကြကာ ညစ်ညမ်းမှုနှံ့ပြားနေစေပြီး ဂေဟစနစ်ကိုပျက်စီးနေစေကြသည်။” ဤအတိုင်းသာဆက်သွားနေမည်ဆိုလျှင် “သဘာဝပတ်ဝန်းကျင်သည် ပို၍ပို၍ပျက်စီးပါလိမ့်မည်။”—“ကမ္ဘာချီပတ်ဝန်းကျင်အမြင်—၂၀၀၀၊” ကုလသမဂ္ဂပတ်ဝန်းကျင်အစီအစဉ်။
ဖျားနာမှု
“ခရစ်နှစ် ၂၀၂၀ တိုင်သော် ဖွံ့ဖြိုးဆဲဒေသများတွင် သေဆုံးသူဆယ်ဦးလျှင် ခုနစ်ဦးသည် မကူးစက်နိုင်သောရောဂါများကြောင့်ဖြစ်လိမ့်မည်ဟု မျှော်လင့်ရသည်၊ ယင်းနှင့်နှိုင်းယှဉ်ကြည့်လျှင် ယနေ့တွင်သေဆုံးသူ ထက်ဝက်ပင်မရှိချေ။”—“ရောဂါဆိုင်ရာ ကမ္ဘာချီဝန်ထုပ်ဝန်ပိုး၊” ဟားဗတ်တက္ကသိုလ်ပုံနှိပ်တိုက်၊ ၁၉၉၆။
“ခရစ်နှစ် ၂၀၁၀ တိုင်သော် [အေအိုင်ဒီအက်စ်] ရောဂါဆိုးဆိုးဝါးဝါးဖြစ်သော နိုင်ငံ ၂၃ နိုင်ငံတွင် [အသက်ရှင်မည့်] လူဦးရေ ၆၆ သန်းလျော့နည်းသွားမည်” ဟု ပါရဂူအချို့က ဆိုကြသည်။—“အေအိုင်ဒီအက်စ်ကိုရင်ဆိုင်ခြင်း– ဖွံ့ဖြိုးဆဲကမ္ဘာမှ သာဓက၊” ဥရောပကော်မရှင်နှင့် ကမ္ဘာ့ဘဏ်တို့၏အစီရင်ခံစာ။
ဆင်းရဲချို့တဲ့မှု
“လူပေါင်း ၁.၃ ဘီလီယံနီးပါးသည် တစ်ရက်လျှင် ၁ ဒေါ်လာပင်မရဘဲ နေထိုင်ကြကာ ၁ ဘီလီယံနီးပါးတို့မူ သူတို့၏ အခြေခံစားကုန်လိုအပ်ရာများကို မဖြည့်ဆည်းပေးနိုင်ကြချေ။”—“လူသားတိုးတက်မှုမှတ်တမ်း ၁၉၉၉၊” ကုလသမဂ္ဂတိုးတက်မှုအစီအစဉ်။
ထို့ကြောင့် ထောင်စုနှစ်သစ်၏ ပျော်ရွှင်မြူးကြွမှုနှင့် စိတ်လှုပ်ရှားမှုတို့က တစ်ခါနှင့်မျှမတူအောင် ပိုမိုကြီးမားသော ညစ်ညမ်းမှု၊ ဖျားနာမှု၊ ဆင်းရဲချို့တဲ့မှုနှင့် စစ်မှုတို့ကို မမြင်သာစေပါ။ ဤ ပြဿနာများ၏ရင်းမြစ်မှာ လောဘ၊ အယုံအကြည်ကင်းမဲ့မှုနှင့် တစ်ကိုယ်ကောင်းဆန်မှုတို့ဖြစ်ကြသည်၊ ယင်းစရိုက်များကို သိပ္ပံပညာဆိုင်ရာ စူးစမ်းရှာဖွေမှု၊ နည်းပညာ၊ သို့မဟုတ် နိုင်ငံရေးသက်သက်ဖြင့် မပပျောက်စေနိုင်ပါ။
လူသားထုကိုကောင်းချီးပေးမည့် ထောင်စုနှစ်
တစ်ခါက ရှေးခေတ်စာရေးဆရာတစ်ဦး ဤသို့သတိပြုမိခဲ့သည်– “အိုထာဝရဘုရား၊ လူသည် မိမိသွားရာလမ်းကိုအစိုးမရ။ သွားစဉ်အခါ မိမိခြေရာတို့ကိုမစီရင်တတ်သည်ကို အကျွန်ုပ်သိပါ၏။” (ယေရမိ ၁၀:၂၃) လူ၌ ကမ္ဘာကိုအုပ်ချုပ်နိုင်သည့်စွမ်းရည်မရှိရုံသာမက အုပ်ချုပ်ပိုင်ခွင့်လည်း မရှိပါ။ ကျွန်ုပ်တို့ကိုဖန်ဆင်းတော်မူသောအရှင် ယေဟောဝါဘုရားသခင် တစ်ဦးတည်းတွင်သာ အုပ်ချုပ်ပိုင်ခွင့်ရှိပြီး လူတို့၏ပြဿနာများကိုလည်း ဖြေရှင်းနိုင်တော်မူ၏။—ရောမ ၁၁:၃၃-၃၆; ဗျာဒိတ် ၄:၁၁။
သို့သော် မည်သည့်အချိန်တွင်နည်း။ မည်သို့အားဖြင့်နည်း။ ကျွန်ုပ်တို့သည် “နောက်ဆုံးကာလ” ၏အဆုံးပိုင်းတွင်ရှိနေကြသည်ဟူသော သက်သေအထောက်အထား ဒုနှင့်ဒေးရှိသည်။ ကျေးဇူးပြု၍ သင့်ကျမ်းစာကိုဖွင့်ကာ ၂ တိမောသေ ၃:၁-၅ [ကဘ] ကိုဖတ်ပါ။ ဤ “ကျပ်တည်းသောကာလ” အတွင်း လူတို့တင်ပြကြမည့် စရိုက်လက္ခဏာများကို ကွက်ကွက်ကွင်းကွင်းဖော်ပြထားသည်။ မဿဲ ၂၄:၃-၁၄ နှင့် လုကာ ၂၁:၁၀၊ ၁၁ ကလည်း “နောက်ဆုံးကာလ” အကြောင်းကို ဖော်ပြသည်။ ထိုတွင် ကမ္ဘာချီစစ်ပွဲ၊ ကပ်ရောဂါများနှင့် ပျံ့နှံ့နေသည့်အစာခေါင်းပါးမှုများစသော ၁၉၁၄ ကတည်းက ဖြစ်ပျက်လျက်ရှိသည့် တကယ့်အဖြစ်အပျက်များကို အာရုံစိုက်စေသည်။
မကြာမီ “နောက်ဆုံးကာလ” သည်အဆုံးတိုင်ပါလိမ့်မည်။ ဒံယေလ ၂:၄၅ ကဤသို့ဆိုသည်– “ပျက်စီးခြင်းသို့မရောက်နိုင်သောနိုင်ငံတစ်ခုကို . . . ကောင်းကင်ဘုံရှင်ဘုရားသခင်သည် တည်ထောင်စေတော်မူမည်။ ထိုနိုင်ငံသည် အခြားသောလူမျိုးလက်သို့မရောက်ရဘဲ၊ အထက်ဆိုခဲ့ပြီးသောနိုင်ငံရှိသမျှကိုချိုးဖဲ့ဖျက်ဆီး၍ အစဉ်အမြဲတည်လိမ့်မည်။” သို့ဖြင့် ဘုရားသခင်သည် ကမ္ဘာကြီးကိုအုပ်ချုပ်ရန် နိုင်ငံတစ်ခု သို့မဟုတ် အုပ်ချုပ်ရေးတစ်ခုကိုတည်ထောင်မည်ဖြစ်ကြောင်း တင်ကူးဟောကြားတော်မူခဲ့သည်။ ဗျာဒိတ် ၂၀:၄ အရ ဤအစိုးရသည် အနှစ်တစ်ထောင်—ထောင်စုနှစ်တစ်ခု—အုပ်ချုပ်မည်ဖြစ်သည်! ဤဘုန်းထွန်းတောက်သည့် ထောင်စုနှစ်အတွင်း လူသားအားလုံး၏ နေထိုင်မှုအခြေအနေများ တိုးတက်လာမည့်နည်းများမှအချို့ကိုသာ သုံးသပ်ကြည့်ပါ–
စီးပွားရေး။ “ထိုသူတို့သည် ကိုယ်ဆောက်သောအိမ်၌နေကြလိမ့်မည်။ ကိုယ်စိုက်သောစပျစ်ဥယျာဉ်အသီးကိုစားကြလိမ့်မည်။ သူတို့သည် အိမ်ကိုဆောက်၍အခြားသောသူနေရမည်မဟုတ်။ သူတို့သည် စပျစ်ဥယျာဉ်ကိုစိုက်၍အခြားသောသူစားရမည်မဟုတ်။”—ဟေရှာယ ၆၅:၂၁၊ ၂၂။
ကျန်းမာရေး။ “ထိုအခါ မျက်စိကန်းသောသူတို့သည် မျက်စိပွင့်လင်းကြလိမ့်မည်။ နားပင်းသောသူတို့သည် နားပင်းခြင်းနှင့်လွတ်ကြလိမ့်မည်။ ခြေဆွံ့သောသူတို့သည် ဒရယ်ကဲ့သို့ခုန်ကြလိမ့်မည်။ စကားအသောသူတို့သည်သီချင်းဆိုကြလိမ့်မည်။” “မြို့သားကလည်း၊ ‘ငါနာသည်’ ဟုမဆိုရ။”—ဟေရှာယ ၃၃:၂၄; ၃၅:၅၊ ၆။
ပတ်ဝန်းကျင်။ ဘုရားသခင်သည် “မြေကြီးကိုဖျက်ဆီးသောသူတို့ကို ဖျက်ဆီး” တော်မူလိမ့်မည်။—ဗျာဒိတ် ၁၁:၁၈။
လူသားချင်းဆက်ဆံရေး။ “ငါ၏သန့်ရှင်းသောတောင်တစ်ပြင်လုံး၌ အချင်းချင်းညှဉ်းဆဲခြင်း၊ ဖျက်ဆီးခြင်းကိုမပြုရကြ။ အကြောင်းမူကား၊ ပင်လယ်ရေသည် မိမိနေရာကိုလွှမ်းမိုးသကဲ့သို့၊ မြေကြီးသည် ထာဝရဘုရားကိုသိကျွမ်းခြင်းပညာနှင့်ပြည့်စုံလိမ့်မည်။”—ဟေရှာယ ၁၁:၉။
သန်းနှင့်ချီသောသူတို့သည် ဤကျမ်းစာကတိတော်များကို ယုံကြည်ကြကာ ယင်းကြောင့် အနာဂတ်နှင့်ပတ်သက်၍ အကောင်းမြင်တတ်ခြင်း၊ အပြုသဘောအမြင်တို့ကို ရရှိထားကြပြီဖြစ်သည်။ ရလဒ်အနေဖြင့် ဘဝ၏ဖိစီးမှုများနှင့် ပြဿနာများကို သူတို့သာ၍ကောင်းစွာဖြေရှင်းနိုင်ကြသည်။ သမ္မာကျမ်းစာသည် သင့်ဘဝအသက်တာတွင် လမ်းညွှန်မှု မည်သို့ဖြစ်လာနိုင်မည်နည်း။
အသက်ရစေသော အသိပညာ!
သိပ္ပံပညာနှင့် စက်မှုနည်းပညာသည် ရံဖန်ရံခါ အံ့သြမိန်းမောစေနိုင်သည်! သို့တိုင် လူ့အသိပညာသည် လူအများစု၏ဘဝကို လုံခြုံမှုနှင့် ပျော်ရွှင်မှုမပေးနိုင်ခဲ့ပါ။ ၎င်းကိုဖြစ်မြောက်စေနိုင်သည့် တစ်ခုတည်းသောအသိပညာကို ယောဟန် ၁၇:၃ တွင်ဖော်ပြထားသည်၊ ထိုတွင်ဤသို့ဆို၏– “ထာဝရအသက်ဟူမူကား၊ မှန်သောဘုရားသခင် . . . ဖြစ်တော်မူသော ကိုယ်တော်ကိုလည်းကောင်း၊ စေလွှတ်တော်မူသော ယေရှုခရစ်ကိုလည်းကောင်း သိကျွမ်းခြင်းတည်း။”
ထိုသို့သောအသိပညာကို သမ္မာကျမ်းစာတွင်တွေ့ရသည်။ လူအများသည် ထိုမြင့်မြတ်သောစာအုပ်နှင့်စပ်လျဉ်း၍ ပြင်းထန်သောခံယူချက်များရှိကြောင်း ဖော်ပြကြသော်လည်း ၎င်းကို ကိုယ်တိုင်ဆန်းစစ်ကြည့်သူနည်းသည်။ အသင်ကော မည်သို့နည်း။ သမ္မာကျမ်းစာကိုဖတ်ရှုခြင်းသည် အတော်အတန်ကြိုးစားအားထုတ်မှုလိုသည်မှာ မှန်၏။ သို့သော် အကျိုးနပ်ပါသည်။ သမ္မာကျမ်းစာသည် “ဘုရားသခင်မှုတ်သွင်းတော်မူသောအားဖြင့်ဖြစ်၍ . . . [ဆုံးမ]ပေးခြင်း၊ အပြစ်ကိုဖော်ပြခြင်း၊ ဖြောင့်မတ်စွာပြုပြင်ခြင်း၊ တရားကိုသွန်သင်ခြင်းကျေးဇူးများကိုပြု” သည့် တစ်ခုတည်းသောစာအုပ်ဖြစ်သည်။—၂ တိမောသေ ၃:၁၆။
သို့ဖြစ်လျှင် သင်သည် သမ္မာကျမ်းစာနှင့် မည်သို့စ၍အကျွမ်းတဝင်ဖြစ်နိုင်မည်နည်း။ ယေဟောဝါသက်သေများ၏ အကူအညီကိုလက်ခံပါလေ။ သူတို့သည် သန်းနှင့်ချီသောလူတို့၏အိမ်များတွင် အခမဲ့သွန်သင်ပေးနေကြသည်။ သင့်ကိုကူညီပေးရန် သူတို့သည် ကျွန်ုပ်တို့ထံမှဘုရားသခင်အဘယ်အရာတောင်းဆိုတော်မူသနည်း ဘရိုရှာကဲ့သို့သော ကျမ်းစာအခြေပြုစာပေအမျိုးမျိုးကို အသုံးပြုကြသည်။ သမ္မာကျမ်းစာနှင့်ပတ်သက်၍ သင်သိလိုမည့်မေးခွန်းများဖြစ်သော ဘုရားသခင်ကား မည်သူနည်း။ ကမ္ဘာမြေကြီးအတွက် ဘုရားသခင်၏ရည်ရွယ်ချက်ကား အဘယ်နည်း။ ဘုရားသခင်၏နိုင်ငံတော်ကား အဘယ်နည်း။ သမ္မာကျမ်းစာသည်သင့်မိသားစုဘဝကို မည်သို့တိုးတက်စေနိုင်မည်နည်း အစရှိသည်တို့ကို တိုတိုနှင့်လိုရင်းဖြေဆိုပေးသည်။
ယေဟောဝါသက်သေတစ်ဦးကို သင့်အိမ်သို့လာရောက်စေလိုပါက အောက်ပါကူပွန်ကို ကျေးဇူးပြု၍ ဖြည့်စွက်ပါ။ သူတို့သည် ဘုရားသခင်၏နိုင်ငံတော်ဆိုင်ရာ ဘုန်းထွန်းတောက်သော ထောင်စုနှစ်အုပ်ချုပ်ရေးအကြောင်း ပိုမိုသိရှိစေလိုကြပါသည်!
□ ကျွန်ုပ်တို့ထံမှ ဘုရားသခင် အဘယ်အရာတောင်းဆိုတော်မူသနည်း ဘရိုရှာကို ရရှိလိုပါသည်။
□ အခမဲ့အိမ်တွင်းကျမ်းစာသင်အံမှုနှင့်စပ်လျဉ်း၍ ကျေးဇူးပြု၍ ကျွန်ုပ်ကို ဆက်သွယ်ပါ
[အောက်ခြေမှတ်ချက်]
a ဤတွင် ထောင်စုနှစ်သစ်နှင့်စပ်လျဉ်း၍ အနောက်တိုင်းတွင် ခေတ်စားနေသောအမြင်များကို ကျွန်ုပ်တို့ရည်ညွှန်းခြင်းဖြစ်သည်။ ပညာရပ်သဘောအရ ဤထောင်စုနှစ်သစ်သည် ဇန်နဝါရီ ၁၊ ၂၀၀၁ တွင်စတင်သည်။