ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၉ ၁၁/၁ စာ. ၄-၆
  • တတိယထောင်စုနှစ်အဘယ်အချိန်၌စတင်သနည်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • တတိယထောင်စုနှစ်အဘယ်အချိန်၌စတင်သနည်း
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၉
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ယေရှုအဘယ်အချိန်၌မွေးဖွားခဲ့သနည်း
  • အနှစ်တစ်ထောင်ဆိုင်ရာ သူတို့၏မျှော်လင့်ချက်ပြိုကွဲပျက်စီးမည်လော
  • ၂၀၀၀—ထူးခြားသောနှစ်လော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၉
  • သာယာချမ်းမြေ့သော ထောင်စုနှစ် နီးလာပြီ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၂
  • တတိယထောင်စုနှစ်သင့်မျှော်လင့်ရာများကို ပြည့်စုံစေမည်လော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၂
  • ထောင်စုနှစ်သစ်—သင့်အတွက် မည်သည့် အနာဂတ်အလားအလာရှိသနည်း
    ထောင်စုနှစ်သစ်—သင့်အတွက် မည်သည့် အနာဂတ်အလားအလာ ရှိသနည်း
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၉
က၉၉ ၁၁/၁ စာ. ၄-၆

တတိယထောင်စုနှစ်အဘယ်အချိန်၌စတင်သနည်း

တတိယထောင်စုနှစ်သည် ၂၀၀၀ ခုနှစ်တွင်မဟုတ်ဘဲ ၂၀၀၁ တွင်စတင်မည်ဟူသည့်အဆိုကို သင်ကြားခဲ့ပြီလော။ ၎င်းအဆိုသည် မှန်သင့်သလောက်မှန်ပါသည်။ တစ်ကြိမ်က အချို့သူများယူဆခဲ့ကြသကဲ့သို့ ဘီ.စီ.အီး. ၁ အဖြစ် ယခုသိထားကြသောနှစ်တွင် ယေရှုခရစ်မွေးဖွားသည်ဟု ကျွန်ုပ်တို့ယူမှတ်မည်ဆိုလျှင် ၂၀၀၀ ပြည့်နှစ် (၁၉၉၉ မဟုတ်) ဒီဇင်ဘာ ၃၁ ရက်နေ့သည် ဒုတိယထောင်စုနှစ်၏အဆုံး၊ ၂၀၀၁၊ ဇန်နဝါရီ ၁ ရက်နေ့သည် တတိယထောင်စုနှစ်၏အစဟုသတ်မှတ်ပေမည်။a သို့သော် မျက်မှောက်ခေတ်ကျမ်းပညာရှင်အားလုံးနီးပါးက ယေရှုခရစ်သည် ဘီ.စီ.အီး. ၁ ၌ မွေးဖွားခဲ့ခြင်းမဟုတ်ကြောင်းကို သဘောတူကြသည်။ သို့ဖြစ်လျှင် ကိုယ်တော်မည်သည့်အချိန်၌မွေးဖွားခဲ့သနည်း။

ယေရှုအဘယ်အချိန်၌မွေးဖွားခဲ့သနည်း

သမ္မာကျမ်းစာက ယေရှု၏မွေးနေ့အတိအကျကို မဖော်ပြပါ။ သို့သော် ကိုယ်တော်သည် “ဟေရုဒ်မင်းကြီးလက်ထက်” ၌ဖွားမြင်ကြောင်းဖော်ပြထားသည်။ (မဿဲ ၂:၁) ကျမ်းပညာရှင်များစွာက ဟေရုဒ်သည် ဘီ.စီ.အီး. ၄ ခုနှစ်တွင်ကွယ်လွန်ခဲ့ပြီး ယေရှုသည် ထိုအချိန်မတိုင်မီတွင် မွေးဖွားခဲ့သည်ဟုယုံကြည်ကြသည်—အစောပိုင်း ဘီ.စီ.အီး. ၅ သို့မဟုတ် ၆ လောက်ကတည်းကဖြစ်ကောင်းဖြစ်နိုင်သည်။ ဟေရုဒ်ကွယ်လွန်ချိန်နှင့်ပတ်သက်သည့် သူတို့၏ကောက်ချက်များကို ပထမရာစု ဂျူးသမိုင်းဆရာ ဖလေးဗီးယပ် ဂျိုစီဖတ်စ်၏အဆိုအပေါ် အခြေပြုခဲ့ကြသည်။b

ဂျိုစီဖတ်စ်၏အဆိုအရ ဟေရုဒ်မင်းမသေဆုံးမီကလေးတွင် လကြတ်ခဲ့သည်။ လတစ်စိတ်တစ်ဒေသကြတ်ခဲ့သည့် ဘီ.စီ.အီး. ၄၊ မတ် ၁၁ ကိုကျမ်းပညာရှင်များထောက်ပြ၍ ထိုနှစ်တွင် ဟေရုဒ်ကွယ်လွန်ခဲ့သည်ဟု သက်သေပြခဲ့ကြသည်။ သို့ရာတွင် ဘီ.စီ.အီး. ၁၊ ဇန်နဝါရီ ၈ ရက်နေ့တွင် လအပြည့်ကြတ်ခဲ့ပြီး ဒီဇင်ဘာ ၂၇ ရက်တွင် လတစ်စိတ်တစ်ဒေသကြတ်ခဲ့သည်။ ဂျိုစီဖတ်စ်သည် ဘီ.စီ.အီး. ၁ သို့မဟုတ် ဘီ.စီ.အီး. ၄ တွင်လကြတ်ခြင်းတို့မှ အဘယ်တစ်ခုကို ရည်ညွှန်းခဲ့ကြောင်း မည်သူမျှမပြောနိုင်ပါ။ ထို့ကြောင့် ဂျိုစီဖတ်စ်၏စကားကိုထောက်၍ ဟေရုဒ်သေသည့်နှစ်အတိအကျကို မညွှန်ပြနိုင်ချေ။ ကျွန်ုပ်တို့ညွှန်ပြနိုင်လျှင်ပင် နောက်ထပ်အချက်အလက်များမရရှိပါက ယေရှုအဘယ်အချိန်၌မွေးဖွားကြောင်းကို သတ်မှတ်နိုင်မည်မဟုတ်ပါ။

ယေရှု၏မွေးနေ့နှင့်ပတ်သက်၍ အခိုင်လုံဆုံးအထောက်အထားကို သမ္မာကျမ်းစာမှရရှိသည်။ မှုတ်သွင်းခံမှတ်တမ်းက ယေရှု၏ဝမ်းကွဲဖြစ်သူ နှစ်ခြင်းဆရာယောဟန်သည် သူ၏ပရောဖက်ပြုလုပ်ငန်းကို ရောမဧကရာဇ်တိဗေရိနန်းစံ ၁၅ နှစ်တွင် စတင်ခဲ့ကြောင်းဖော်ပြထားသည်။ (လုကာ ၃:၁၊ ၂) တိဗေရိသည် စီ.အီး. ၁၄၊ စက်တင်ဘာ ၁၅ ရက်နေ့တွင် ဧကရာဇ်မင်းဖြစ်လာကြောင်း၊ ထို့ကြောင့် သူ၏နန်းသက် ၁၅ နှစ်မှာ စီ.အီး. ၂၈ နှောင်းပိုင်းမှ စီ.အီး. ၂၉ နှောင်းပိုင်းဖြစ်မည်ဟု လောကသမိုင်းကအတည်ပြုသည်။ ထိုအချိန်၌ ယောဟန်သည် သူ၏အမှုဆောင်ခြင်းကိုစတင်ခဲ့ပြီး ခြောက်လအကြာတွင် ယေရှုလည်း သူ၏အမှုဆောင်ခြင်းကို စတင်ခဲ့ကြောင်းထင်ရှားသည်။ (လုကာ ၁:၂၄-၃၁) ဤအချက်နှင့် အခြားအထောက်အထားများကို ပေါင်းစပ်တွက်ကြည့်သော် စီ.အီး. ၂၉၊ ဆောင်းဦး၌ ယေရှု၏အမှုဆောင်ခြင်းစတင်ခဲ့ရပေမည်။c ယေရှုသည် သူ၏အမှုဆောင်ခြင်းစတင်သောအခါ ‘အသက်သုံးဆယ်ခန့်မျှ’ ရှိသည်ဟု ကျမ်းစာကဖော်ပြ၏။ (လုကာ ၃:၂၃) စီ.အီး. ၂၉၊ ဆောင်းဦး၌ ကိုယ်တော့်အသက် ၃၀ ရှိပြီဆိုလျှင် ဘီ.စီ.အီး. ၂၊ ဆောင်းဦး၌ ကိုယ်တော်မွေးဖွားရပေမည်။ (သုညခုနှစ်မရှိကြောင်းစွဲမှတ်လျက် ဘီ.စီ.အီး. ၂ မှ စီ.အီး. ၁ အထိနှစ်နှစ်) ဘီ.စီ.အီး. ၂၊ ဆောင်းဦးမှ အနှစ်နှစ်ထောင် ရှေ့တိုးရေတွက်မည်ဆိုလျှင် ၁၉၉၉၊ ဆောင်းဦး၌ ဒုတိယထောင်စုနှစ်ကုန်ဆုံးပြီး တတိယထောင်စုနှစ်စတင်ကြောင်း သိရှိရသည်!

ယင်းသည်အကြောင်းလော။ ဥပမာ၊ တတိယထောင်စုနှစ်၏အစသည် ဗျာဒိတ်ကျမ်း၌ဖော်ပြထားသော ယေရှုခရစ်၏အနှစ်တစ်ထောင်အုပ်ချုပ်မှု၏အစဖြစ်မည်လော။ မဟုတ်ပါ။ တတိယထောင်စုနှစ်နှင့် ခရစ်တော်၏အနှစ်တစ်ထောင်အုပ်ချုပ်မှုသည် ဆက်စပ်မှုရှိ၏ဟု သမ္မာကျမ်းစာက လုံးဝမဆိုပါ။

နေ့စွဲရက်စွဲများ သတ်မှတ်ခန့်မှန်းခြင်းမပြုဖို့ တပည့်နောက်လိုက်များအား ယေရှုသတိပေးခဲ့သည်။ တပည့်တော်များကို ဤသို့မိန့်ဆိုခဲ့သည်– “ခမည်းတော်၏တန်ခိုးအားဖြင့် စီရင်တော်မူသောအချိန်ကာလကို သိရသောအခွင့်သည် သင်တို့၌မရှိ။” (တမန်တော် ၁:၇) အစောပိုင်းတွင် ယေရှုက ခရစ်တော်၏အနှစ်တစ်ထောင်အုပ်ချုပ်မှုအတွက် လမ်းခင်းပေးရန် ဤစနစ် . . . အပေါ် ဘုရားသခင်စီရင်ချက်ချမှတ်မည့်အချိန်ကို မိမိပင်မသိကြောင်းဖော်ပြခဲ့၏။ ကိုယ်တော်ကဤသို့မိန့်တော်မူ၏– “ထိုအချိန်နာရီကိုကား အဘယ်သူမျှမသိ။ ကောင်းကင်တမန်မသိ။ ငါ့ခမည်းတော်တစ်ပါးတည်းသာ သိတော်မူ၏။”—မဿဲ ၂၄:၃၆။

လူသားတစ်ဦးအဖြစ်ဖွားမြင်သည့်နေ့မှ အနှစ် ၂၀၀၀ အတိတွင် ခရစ်တော်ပြန်ကြွရောက်လာမည်ဟု မျှော်လင့်ခြင်းသည် ကျိုးကြောင်းညီညွတ်ပါသလော။ မညီညွတ်ပါ။ ယေရှုသည် မိမိ၏မွေးနေ့ကိုသိခဲ့ရမည်။ ထိုနေ့စွဲမှ အနှစ် ၂၀၀၀ ကိုလည်း ကိုယ်တော်အမှန်ရေတွက်တတ်ပါသည်။ သို့တိုင် မိမိကြွလာမည့်နေ့နှင့်အချိန်ကို ကိုယ်တော်မသိခဲ့ချေ။ ကိုယ်တော်ပြန်ကြွလာမည့်နေ့ကို သတ်မှတ်ဖို့ထိုမျှမရိုးရှင်းကြောင်း ထင်ရှားပါသည်! ‘အချိန်ကာလများနှင့် ဥတုရာသီများ’ မှာ ခမည်းတော်၏ထိန်းချုပ်မှုအောက်တွင်ရှိသည်—ကိုယ်တော်တစ်ပါးတည်းသာ အချိန်ဇယားကိုသိရန်ဖြစ်သည်။

ထို့အပြင် တစ်စုံတစ်ခုသောနယ်မြေဒေသ၌ မိမိအားစောင့်ဆိုင်းနေကြရန် တပည့်နောက်လိုက်များကို ယေရှုမမှာကြားခဲ့ပါ။ အတူတကွစုရုံး၍စောင့်နေကြဖို့မဟုတ်ဘဲ “မြေကြီးစွန်းတိုင်အောင်” အနှံ့အပြားသွားလျက် လူမျိုးအသီးသီးမှလူတို့ကို တပည့်ဖြစ်စေဖို့မိန့်မှာခဲ့၏။ ထိုမိန့်မှာချက်ကို ကိုယ်တော်တစ်ခါမျှမရုပ်သိမ်းခဲ့ပါ။—တမန်တော် ၁:၈; မဿဲ ၂၈:၁၉၊ ၂၀။

အနှစ်တစ်ထောင်ဆိုင်ရာ သူတို့၏မျှော်လင့်ချက်ပြိုကွဲပျက်စီးမည်လော

မည်သို့ပင်ဆိုစေကာမူ ဘာသာရေးရှိရင်းစွဲဝါဒီအချို့သည် သက္ကရာဇ် ၂၀၀၀ ကိုအကြီးအကျယ်မျှော်လင့်စောင့်စားကြသည်။ နောက်ထပ်လအနည်းငယ်အတောအတွင်း ဗျာဒိတ်ကျမ်းပါအစိတ်အပိုင်းများ စာသားအတိုင်းပြည့်စုံလာမည်ဟု ယုံကြည်ကြ၏။ ထိုပြည့်စုံမှုတွင် မိမိတို့ပါဝင်နေသည်ဟု ရှုမြင်ကြ၏။ ဥပမာ၊ “သူတို့သခင်သည် လက်ဝါးကပ်တိုင်မှာအသေခံတော်မူသောအရပ်တည်းဟူသော သောဒုံဟူ၍လည်းကောင်း၊ အဲဂုတ္တုဟူ၍လည်းကောင်း အတွင်းအနက်အားဖြင့်ခေါ်ဝေါ်သော မြို့ကြီး” တွင်ပရောဖက်ပြုသော သက်သေခံနှစ်ပါးအကြောင်းဖော်ပြသည့် ဗျာဒိတ် ၁၁:၃၊ ၇၊ ၈ ၌မှတ်တမ်းတင်ထားသော ပရောဖက်ပြုချက်ကို သူတို့ထောက်ပြကြသည်။ သက်သေခံနှစ်ပါးတို့သည် သက်သေခံပြီးသောအခါ တွင်းနက်ထဲကထွက်လာသည့် ကြမ်းတမ်းသောသားရဲ၏ သတ်ဖြတ်ခြင်းကိုခံခဲ့ရကြသည်။

၁၉၉၈၊ ဒီဇင်ဘာ ၂၇ ထုတ် သည်နယူးယောက်တိုင်းမဂ္ဂဇင်းမှ မှတ်တမ်းတစ်ခုအရ ဘာသာရေးအုပ်စုတစ်ခု၏ခေါင်းဆောင်တစ်ဦးက “မိမိသည် မြေကြီးပျက်စီးခြင်းနှင့် အရှင်သခင်ကြွရောက်လာခြင်းကို ကြေညာ၍ ယေရုရှလင်မြို့လမ်းပေါ်၌ စာတန်၏သတ်ဖြတ်ခြင်းကိုခံရမည့် သက်သေခံနှစ်ပါးအနက် တစ်ပါးဖြစ်သည်ဟု သူ၏နောက်လိုက်များကိုပြောကြောင်း” သိရသည်။ အစ္စရေးအာဏာပိုင်များ စိုးရိမ်နေကြပါက စိုးရိမ်စရာပင်။ တစ်ဖက်စွန်းရောက်သူအချို့သည် မိမိတို့ဘာသာ—လက်နက်ကိုင်ဆောင်လှုံ့ဆော်ကြသည့်အထိပင်—ပရောဖက်ပြုချက်ကို “ပြည့်စုံ” စေဖို့ကြိုးစားမည်ကို သူတို့စိုးရိမ်ကြသည်! သို့သော် ဘုရားသခင်၏ရည်ရွယ်ချက် အောင်မြင်ဖြစ်ထွန်းဖို့ လူ့ “အကူအညီ” မလိုပါ။ ကျမ်းစာပရောဖက်ပြုချက်အားလုံး ဘုရားသခင့်အချိန်၌ ဘုရားသခင့်နည်းလမ်းတော်အတိုင်း ပြည့်စုံလာပါမည်။

ဗျာဒိတ်ကျမ်းကို “နိမိတ်” များပြခြင်းဖြင့်ရေးသားခဲ့၏။ ဗျာဒိတ် ၁:၁ အရ ယေရှုသည် မကြာမီဖြစ်ရမည့်အမှုအရာတို့ကို “မိမိအစေခံကျွန်တို့” (လူ့လောကကိုမဟုတ်) အားဖော်ပြလိုခဲ့သည်။ ဗျာဒိတ်ကျမ်းကိုနားလည်ဖို့ ယေရှု၏ကျေးကျွန်များ သို့မဟုတ် တပည့်နောက်လိုက်များသည် ယေဟောဝါနှစ်သက်သူများကို ကိုယ်တော်ပေးသနားသည့် ဘုရားသခင့်သန့်ရှင်းသောဝိညာဉ်တော် လိုအပ်ပေမည်။ ဗျာဒိတ်ကျမ်းကို စာသားအတိုင်းနားလည်ကြရဖို့ဖြစ်မည်ဆိုလျှင် ယုံကြည်ခြင်းကင်းမဲ့သူများပင် ယင်းကိုဖတ်၍နားလည်နိုင်ကြပေမည်။ သို့ဖြစ်လျှင် ယင်းကိုနားလည်ဖို့အတွက် သန့်ရှင်းသောဝိညာဉ်တော်ကို ခရစ်ယာန်များတောင်းဆိုစရာလိုတော့မည်မဟုတ်ပေ။—မဿဲ ၁၃:၁၀-၁၅။

ကျမ်းစာအထောက်အထားအရ ယေရှုမွေးဖွားချိန်မှ တတိယထောင်စုနှစ်သည် ၁၉၉၉၊ ဆောင်းဦး၌စတင်ပြီး ထိုရက်စွဲဖြစ်စေ၊ ၂၀၀၀ ပြည့်နှစ်၊ ဇန်နဝါရီ ၁ ရက်ဖြစ်စေ၊ ၂၀၀၁ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်ဖြစ်စေ အဘယ်တစ်ခုမျှသည် မည်သည့်ထူးခြားမှုမှမရှိကြောင်း ကျွန်ုပ်တို့သိခဲ့ရကြပြီ။ သို့သော် ခရစ်ယာန်များအလွန်စိတ်ဝင်စားသော အနှစ်တစ်ထောင်ရှိသေးသည်။ တတိယထောင်စုနှစ်မဟုတ်ပါက အဘယ်ထောင်စုနှစ်ကိုနည်း။ ၎င်းမေးခွန်းကို ဤအခန်းဆက်မှ နောက်ဆုံးဆောင်းပါးက ဖြေဆိုပါမည်။

[အောက်ခြေမှတ်ချက်များ]

a စာမျက်နှာ ၅ မှ “၂၀၀၀ သို့မဟုတ် ၂၀၀၁ လော” ခေါင်းစဉ်ရှိအကွက်ကိုရှု။

b ဤပညာရှင်များပြုစုသောမှတ်တမ်းအရ ၁၉၉၅ သို့မဟုတ် ၁၉၉၆ တွင် တတိယထောင်စုနှစ်စတင်ခဲ့ပြီဖြစ်သည်။

c အသေးစိတ်အချက်များအတွက် နယူးယောက်၊ ကင်းမျှော်စင်သမ္မာကျမ်းစာနှင့်ဝေစာအသင်းမှထုတ်ဝေသော ကျမ်းစာစောင်များအပေါ်ထိုးထွင်းသိမြင်ခြင်း၊ အတွဲ ၁၊ စာမျက်နှာ ၁၀၉၄-၅ ကို ကျေးဇူးပြု၍ရှု။

[စာမျက်နှာ ၇ ပါ လေးထောင့်ကွက်]

၂၀၀၀ လော၊ ၂၀၀၁ လော

ယေရှုမွေးဖွားချိန်မှ တတိယထောင်စုသည် ၂၀၀၁ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်မှအစပြုမည်ဟု အချို့က အဘယ်ကြောင့်ဆိုကြကြောင်းကိုနားလည်ရန် ဤဥပမာကိုသုံးသပ်ကြည့်ပါ။ စာမျက်နှာ ၂၀၀ ရှိသည့်စာအုပ်တစ်အုပ်ကို သင်ဖတ်နေသည်ဆိုပါစို့။ စာမျက်နှာ ၂၀၀ ထိပ်သို့ရောက်သည့်ခါ ၁၉၉ မျက်နှာကိုသင်ဖတ်ပြီးခဲ့၍ တစ်မျက်နှာကျန်သေးသည်။ စာမျက်နှာ ၂၀၀ ၏အဆုံးပိုင်းသို့မရောက်မချင်း သင်ဖတ်ပြီးမည်မဟုတ်ပါ။ အလားတူ၊ ထောင်စုနှစ်အဆုံးပိုင်းရောက်ရန်တစ်နှစ်အလို၊ အများရှုမြင်ကြသည့် လက်ရှိထောင်စုနှစ်၏ ၉၉၉ နှစ်သည် ၁၉၉၉၊ ဒီဇင်ဘာ ၃၁ ရက်နေ့တွင် ကုန်လွန်ခဲ့ပြီးဖြစ်လိမ့်မည်။ ထိုသို့တွက်ချက်ကြည့်ရာ ၂၀၀၁ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်နေ့တွင် တတိယထောင်စုနှစ်စတင်သည်။ သို့သော် ထိုနေ့ရက်သည် ဤဆောင်းပါးဖော်ပြသကဲ့သို့ ယေရှုမွေးဖွားသည့်နေ့မှ အနှစ် ၂,၀၀၀ တိတိလွန်သွားမည်ဟုဆိုလိုခြင်းမဟုတ်ပါ။

[စာမျက်နှာ ၆ ပါ လေးထောင့်ကွက်]

ဘီ.စီ.–အေ.ဒီ. ရက်စွဲသတ်မှတ်သည့်စနစ် မည်သို့ဖြစ်ပေါ်လာပုံ

စီ.အီး. ခြောက်ရာစုအစောပိုင်းတွင် ပုပ်ရဟန်းမင်းဂျွန်ပေါလ် ၁ သည် အီစတာပွဲနေ့ကို သတ်မှတ်သည့် တရားဝင်နေ့စွဲတစ်ခုကို ချာ့ချ်များသတ်မှတ်စေနိုင်ရန် တွက်ချက်နည်းစနစ်တစ်ခုပြုစုဖို့ ဒိုင်အိုနေးရှပ်စ် အက်စ်စီဂူးအတ်စ်အမည်ရှိ ဘုန်းတော်ကြီးတစ်ပါးကို တာဝန်ပေးခဲ့သည်။

ဒိုင်အိုနေးရှပ်စ် အစပြုလုပ်ဆောင်ခဲ့သည်။ ယေရှုသေဆုံးသည့်နှစ်မှ နောက်ပြန်တွက်၍ ယေရှုမွေးသည့်နှစ်ဟုသူယူဆသောနှစ်ကို သတ်မှတ်ကာ ထိုအချိန်မှစ၍ ရှေ့သို့နှစ်တစ်နှစ်စီကို စတင်ရေတွက်ခဲ့သည်။ ဒိုင်အိုနေးရှပ်စ်သည် ယေရှုမွေးဖွားသည့်နှစ်မှစတင်သည့်အချိန်ကာလကို “အေ.ဒီ.” (အန်နိုဒိုမီနီ—“ငါတို့သခင်၏နှစ်အတွင်း”) ဟုသတ်မှတ်ခဲ့သည်။ သူ့ရည်ရွယ်ချက်မှာ အီစတာပွဲတော်ကို နှစ်စဉ်အဘယ်အချိန်၌ကျင်းပဖို့ သေချာရန်အတွက်သာဖြစ်သော်လည်း ဒိုင်အိုနေးရှပ်စ်သည် ခရစ်တော်မွေးဖွားချိန်မှ နှစ်သက္ကရာဇ်များစတင်ရေတွက်သည့် အကြံအစည်ကို မထင်မမှတ်ဘဲစတင်ခဲ့သည်။

ဒိုင်အိုနေးရှပ်စ်သည် သူ၏တွက်ချက်မှုများအတွက် အခြေခံအဖြစ် အသုံးပြုခဲ့သော နှစ်တွင် ယေရှုမွေးဖွားခဲ့ခြင်းမဟုတ်ကြောင်း ပညာရှင်အများစုက သဘောတူခဲ့ကြသော်လည်း သူ၏သက္ကရာဇ်စဉ်တွက်ချက်နည်းက အချိန်ရေစီးကြောင်းတွင် အဖြစ်အပျက်များကို သတ်မှတ်နိုင်ပြီး ၎င်းတို့ တစ်ခုနှင့်တစ်ခုဆက်စပ်ပုံကို သဘောပေါက်စေသည်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ