တတိယထောင်စုနှစ်သင့်မျှော်လင့်ရာများကို ပြည့်စုံစေမည်လော
သု ညအထိ အချက်ပေးရွတ်ဆိုခြင်း စလေပြီ။ ပြင်သစ်နိုင်ငံ၊ ပါရီမြို့၊ ဗိုးဗောဂ် ယဉ်ကျေးမှုဌာန အရှေ့ဘက်တွင်ရှိသော ခုဂဏန်းနာရီတစ်လုံးသည် ကျန်ကြွင်းသည့်စက္ကန့်များကို ဖော်ပြပါသည်။ ၁၉၉၉၊ ဒီဇင်ဘာ ၃၁ ရက်၊ သန်းခေါင်ချိန်အထိ မရပ်မနား တဖြည်းဖြည်း လျှော့ရေတွက်သွားပါလိမ့်မည်။ ထိုအချိန်အခါတွင် ကျွန်ုပ်တို့၏ခေတ်သက္ကရာဇ် တစ်ခါသာ ကြုံကြိုက်ဖူးသည့် ထောင်စုနှစ်သစ်ကူးခြင်းကဲ့သို့ တတိယထောင်စုနှစ်ကို ကြိုဆိုကြပါမည်။
“တစ်နည်းအားဖြင့်ဆိုလျှင် လူ့သမိုင်းတွင် ၂၀၀၀ သည် ‘အများဆုံးမျှော်လင့်ထားရာ အဖြစ်အပျက်’ တစ်ခုဖြစ်သည်” ဟုဂျာမနီနိုင်ငံ၊ ဗာလင်မြို့မှ လူမှုရေးသုတေသီ ဗာန်ဝါဒ် ဂျောဂျက်စ် အဆိုသွင်းခဲ့သည်။ အဘယ်ကြောင့် ဤမျှစောင့်မျှော်ရကြသနည်း။ အမှန်ဆိုလျှင် သက္ကရာဇ် ၂၀၀၀ သည်ခေတ်ရေစီးချောင်းတွင် ခုနှစ်တစ်ခုမျှသာဖြစ်သည်မဟုတ်လော။ ထို့ပြင် ယင်းခုနှစ်သက္ကရာဇ်ကို အနောက်တိုင်းပြက္ခဒိန်သုံးစွဲသူတို့သာ အသိအမှတ်ပြုသည်မဟုတ်လော။ အစ္စလာမ်ပြက္ခဒိန်အရဆိုလျှင် စီအီး ၂၀၀၀ သည် အစ္စလာမ်နှစ် ၁၄၂၀ အတွင်းကျသည်။ ဂျူးပြက္ခဒိန်အရမူ အေ၊ အမ် ၅၇၆၀ တွင်ကျသည်။
သို့သော် ပါမောက္ခဂျောဂျက်စ်အား လူတွေ့ခေါ်မေးမြန်းခဲ့ရာ ဤသို့ဆိုကြောင်း ဆွီဒင်နေ့စဉ်သတင်း Dagens Nyheter တွင်ဖတ်ရ၏။ “လက်အောက်ခံနိုင်ငံအဖြစ် ထိန်းချုပ်မှုနှင့် နယ်ချဲ့စနစ်ကြောင့် ခရစ်တော်မွေးဖွားချိန်ဟု သတ်မှတ်ထားသည့်ကာလနှင့်စတင်သော ကျွန်ုပ်တို့၏ ဂရက်ဂရီယန်သက္ကရာဇ်စဉ်သည် ကမ္ဘာ့ဒေသအမြောက်အမြားတွင် လက်သင့်ခံအသုံးပြုနေကြပါသည်။” ယင်းကြောင့် ၂၀၀၀ ခုနှစ်သည် လူ့လောကရှိ များစွာသောသူတို့အတွက် ကမ္ဘာ့ခေတ်ဆန်းကာလဖြစ်ပေမည်။ “လူအပေါင်းသည် မိမိတို့၏ ကိုယ်ရေးကိုယ်တာအတ္တုပ္ပတ္တိနှင့်အတူ အခြားအရာခပ်သိမ်းတို့ကို ဤအဖြစ်အပျက်နှင့် ဆက်စပ်၍သတ်မှတ်ကြလိမ့်မည်” ဟုပါမောက္ခဂျောဂျက်စ်ဆိုသည်။
သို့ဖြစ်၍ အချိန်ကိုသတ်မှတ်ရုံထက်မက ယင်းကိုဂရုပြုနေသူများရှိပါသည်။ “ဘဝကဏ္ဍအသီးသီးနှင့် လူမှုရေးအဆင့်အတန်းအသီးသီးတွင် ဤနှစ်သက္ကရာဇ်ရောက်ချိန်ကို ပွဲခံရန်၊ အထိမ်းအမှတ်ပြုရန် ‘အမှတ်တရ’ ဖြစ်ဖို့ ကြီးမားသောစီမံကိန်းများ၊ အစီအစဉ်များရေးဆွဲထားကြပြီ။” ထပ်ဆင့်၍လည်း “ကမ္ဘာတစ်လွှားရှိ စီးပွားရေးလုပ်ငန်းရှင်များနှင့် ‘ပြပွဲဆင်နွှဲသူများ’ သည်ပွဲလမ်းသဘင်များ အကြီးအကျယ်ခံကြရန် ကြံစည်တွေးတောနေကြပါသည်” ဟုဆိုသည်။ အခြားတင်ကြိုချင့်တွက်သူများက “လွန်ခဲ့သောရာစုနှစ်အကြောင်း စာအုပ်စာတမ်းအလျှံပယ်တွင် ကျွန်ုပ်တို့နစ်မွန်းကြမည်။ ထောင်စုနှစ်တစ်ကွေ့ကြောင့် စာနယ်ဇင်းလောကသည် စိတ်လွတ်ကိုယ်လွတ် ပျော်ရွှင်မြူးထူးကြလိမ့်မည်။ အနောက်ဂျာမန် ရုပ်မြင်သံကြားရုံတစ်ရုံသည် ကမ္ဘာ့ပတ်လည်နေထွက်ချိန်တို့ကို ၂၄-နာရီအသံလွှင့်ပေးရန် စီစဉ်ထားပါသည်။”
ဆက်သွယ်ရေးလမ်းကြောင်းတို့ကလည်း ၁၉၉၉ ခုနှစ်တွင် နောက်ဆုံးမွေးမည့်ကလေးနှင့် ၂၀၀၀ အကူးတွင် ဦးဆုံးမွေးမည့်ကလေးကို အလွန်အရေးပေးကြလိမ့်မည်။ ၁၉ ရာစုတွင်မွေးဖွားခဲ့သူ လူနည်းစုကို သတင်းထောက်များရှာဖွေပြီး ရာစုနှစ်သုံးခုအတွင်း၊ ထောင်စုနှစ်ခုအတွင်း အသက်ရှင်ခွင့်ရခဲ့၍ အဘယ်ခံစားမှုများရှိကြောင်း မေးမြန်းကြမည်အမှန်။ ဤထောင်စုနှစ် ကြော်ငြာလုပ်ငန်းကြောင့် လူထုသည် စိတ်လှုပ်လှုပ်ရွရွ ဖြစ်လာစရာအကြောင်းရှိ၏ဟု အချို့ယူဆကြသည်။ ကြောက်ဖွယ်ကောင်းသော ဟောကိန်းတစ်ခုအရ ထိုနှစ်သစ်ကူး သန်းခေါင်ချိန်တွင် များစွာသောသူတို့သည် ကိုယ်ကိုယ်ကိုသတ်သေကြမည် ဖြစ်သည်။
ဤထူးခြားသောလွန်ကဲမှုများဖြစ်လင့်ကစား ထိုအဖြစ်အပျက်သည် အထူးစိတ်ဝင်စားဖွယ်ဖြစ်ရခြင်းသည် အံ့ဩစရာမဟုတ်ပါ။ ကျွန်ုပ်တို့၏ ဒုက္ခလွှမ်းမိုးသောလောကရှိ လူအများအတွက် ထောင်စုနှစ်သစ်သည် မျှော်လင့်စောင့်ဆိုင်းရာ အလင်းပမာဖြစ်ပြီး တောက်ပသောအနာဂတ်သို့ ဝင်ပေါက်ပင်ဖြစ်ပေသည်။ အချို့က သိပ္ပံပညာနှင့်စက်မှုလက်မှုပညာကြောင့် ကောင်းစွာစားသောက်ရန်၊ အသက်ပိုရှည်လာရန်၊ အလုပ်ချိန်လျော့နည်းသွားပြီး အိမ်မှာပိုနေထိုင်နိုင်ရန်၊ စက်ရုပ်ကြီးများကြောင့် ငြီးငွေ့စရာလုပ်ငန်းများ မလုပ်ရတော့ဘဲ၊ ရေမှလောင်စာရမည့် အချိန်အခါကို မြင်ယောင်ကြသည်။ ရုပ်ကြွတီဗွီ၊ ရုပ်ပြတယ်လီဖုန်း၊ ရောင်စုံဖက်စ်များ၊ တစ်ခဏချင်းဘာသာပြန် တယ်လီဖုန်းများခေတ်ကို သူတို့ကြို၍မြင်ကြသည်။ လကမ္ဘာ၊ အင်္ဂါဂြိုဟ် သို့မဟုတ် အခြားဂြိုဟ်များထံ လည်ပတ်သွားရောက်ပြီး ၄င်းတို့၏သယံဇာတမှ အမြတ်ထုတ်မည်ဟု စိတ်ကူးယဉ်ကြသည်။
သို့သော် လူတိုင်းဤမျှ အကောင်းဘက်ချည်း တွေးမြင်ကြသည်မဟုတ်ပါ။ အချို့သောသုတေသီများသည် ထောင်စု နှစ်သစ်ဝင်လာသည့်အခါ ကမ္ဘာ့လူဦးရေပေါက်ကွဲမှုကို မချုပ်ထိန်းနိုင်မည့်အချိန်၊ ဝန်းကျင်အခြေအနေ ပျက်သုဉ်းပျောက်လွင့်မည့်အခါဟူ၍ တွေ့မြင်ကြသည်။ လေထုညစ်ညမ်းမှုသည် ကမ္ဘာ့လေထုကို အငွေ့ပြန်သောဖန်လုံအိမ်အဖြစ်သို့ ပြောင်းလဲလိမ့်မည်။ ရေခဲတောင်များ အရည်ပျော်၍ ပင်လယ်ရေကြီးမည်ဖြစ်ရာ ဖွံ့ဖြိုး၍ လူဦးရေများသောဒေသတို့ကို ရေလွှမ်းမိုးပြီး လယ်ယာမြေသန်းပေါင်းများစွာကို သဲကန္တာရဖြစ်စေလိမ့်မည်။ ကမ္ဘာ့စီးပွားရေးပျက်ပြားမှု၊ အစိုးရများနှင့်လူ့အသိုင်းအဝိုင်းတို့ကို ဖြိုခွင်းမည့် နိုင်ငံရေးမတည်ငြိမ်မှုများ၊ မထိန်းကွပ်နိုင်သော ရာဇဝတ်မှုများအပြင် အဆိုးရွားဆုံးကား သက်ရှိသတ္တဝါအပေါင်းကို ကွယ်ပျောက်စေမည့် နျူကလီးယား မီးလောင်တိုက်ကို ကြိုတင်မြင်ယောင်ကြသည်။
နီးကပ်လာနေသော သာယာချမ်းမြေ့သည့်အနာဂတ်နှင့်ပတ်သက်လျှင် တင်ကြိုဟောသူများသည် တွေးဆချက်များပြီး ယတိပြတ်ပြောဆိုနိုင်သည်ကား နည်းလှပါသည်။ အနာဂတ်ကို အတိအကျဟောကိန်းထုတ် ပြောဆိုနိုင်ရန် ကြိုတင်၍မမြင်နိုင်သောအရာ မြောက်မြားစွာရှိနေသည်ကား အမှန်ပါ။ ကြေးစားဟောကိန်းထုတ်သူတစ်ဦးက ထိုသို့ပြုခြင်းကို စစ်တုရင်ကစားခြင်းနှင့်နှိုင်းပြီး ဤသို့ဆိုသည်။ “နောက်ထပ်မရွှေ့မီ စိတ်ကူးတွင် ကျွန်ုပ်အတတ်နိုင်ဆုံး သုံးလေးနေရာရွှေ့ကြည့်ပါသည်။ သို့သော် ကျွန်ုပ်၏ပြိုင်ဘက် ရွှေ့ပြီးနောက်လည်း ထိုအတိုင်းပင် ပြန်ရွှေ့ကြည့်သေးသည်။”
ထိုကြောင့် ၂၀၀၀ ခုနှစ်တွင် အဘယ်သို့ဖြစ်ပျက်မည်ကို သိရှိရန် အချိန်ကသာစကားပြောပါလိမ့်မည်။ သို့ရာတွင် သင့်အနာဂတ်သည် မရေရာ၊ မသေချာဟူ၍ကား မဟုတ်ပါ။ ဆယ်စုနှစ်ထက်နည်းပြီး စတင်မည့်ထောင်စုနှစ်ထက် ပိုမိုအရေးကြီး၍ထူးခြားသော သာယာချမ်းမြေ့သည့် ထောင်စုနှစ်အနာဂတ် နီးကပ်နေကြောင်း သမ္မာကျမ်းစာက အထောက်အထားများစွာပေးထားသည်။ ရောက်လာလုဆဲ ဤသာယာချမ်းမြေ့သော ထောင်စုနှစ်သည် လူ့မျှော်လင့်ရာအားလုံးတို့ထက် သာလွန်ကောင်းမွန်ပါလိမ့်မည်။ ဤသို့ဆိုခြင်းဖြင့် အဘယ်အရာကို ဆိုလိုနေသနည်း။ အဘယ်အရာ ပါဝင်ပတ်သက်မည်နည်း။ နောက်ဆက်တွဲဆောင်းပါးကို သုံးသပ်၍ သမ္မာကျမ်းစာ မည်သို့ဆိုထားသည်ကို လေ့လာကြည့်ပါ။