ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • wcg အခန်း ၈ စာ. ၄၄-စာ. ၄၇
  • သွေးဆောင်မှုကို ငြင်းဆန်ခဲ့သူ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သွေးဆောင်မှုကို ငြင်းဆန်ခဲ့သူ
  • ဘုရားသခင်နဲ့အတူ သတ္တိရှိရှိ လျှောက်လှမ်းပါ
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ရှာဖွေလေ တွေ့ရှိလေ
  • တွေးတောစရာ သင်ခန်းစာ
  • အတွေးနယ်ချဲ့ကြည့်ပါ
  • ထပ်လေ့လာပါ
  • ဘုရားစကားနားထောင်တဲ့ ကျွန်တစ်ယောက်
    ကျမ်းစာကနေ သင်ယူနိုင်တဲ့ သင်ခန်းစာများ
  • “အပြစ်ကြီးသော ဤအမှုကို” ဘယ်လိုလုပ် ကျူးလွန်နိုင်မှာလဲ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၄
  • သင် အောင်မြင်ဖို့ ယေဟောဝါ ကူညီနေ
    ကင်းမျှော်စင် ယေဟောဝါရဲ့နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၃
  • သူ ကာကွယ်ပေးခဲ့၊ ကျွေးမွေးစောင့်ရှောက်ခဲ့၊ လက်မလျှော့ဘဲ ဆက်လုပ်ဆောင်ခဲ့
    သူတို့ရဲ့ယုံကြည်ခြင်းကို တုပပါ
နောက်ထပ် ကြည့်ပါ
ဘုရားသခင်နဲ့အတူ သတ္တိရှိရှိ လျှောက်လှမ်းပါ
wcg အခန်း ၈ စာ. ၄၄-စာ. ၄၇

၈ ယောသပ်

သွေးဆောင်မှုကို ငြင်းဆန်ခဲ့သူ

ပုံနှိပ်စာပေ
ပုံနှိပ်စာပေ

ယောသပ်ဟာ ငယ်ငယ်ကတည်းက ယေဟောဝါဘုရားနဲ့ ဖခင် ယာကုပ်ရဲ့ အချစ်ခံရတယ်၊ မျက်နှာသာ ပေးခံရတယ်။ ဒါနဲ့ပဲ ယောသပ်ရဲ့ ဘဝဟာ ဖယောင်းလမ်း ဖြစ်နေတာတော့ မဟုတ်ဘူး။ ဖခင် အလေးပေးတာ ခံရလို့ဆိုပြီး ယောသပ်ကို အစ်ကိုတွေ မုန်းကြတယ်။ မနာလို ဖြစ်ကြတယ်။ အနိုင်ကျင့်ကြတယ်။ တစ်နေ့ကျရင် မိသားစုဝင်တွေ ဦးညွှတ်တာကို ခံရမယ်ဆိုတဲ့ အိပ်မက် ယောသပ် အသက် ၁၇ နှစ်လောက်မှာ ယေဟောဝါ မက်စေတယ်။ အိပ်မက်အကြောင်း အစ်ကိုတွေ သိသွားတော့ ယောသပ်ကို ပိုလို့တောင် မုန်းလာကြတယ်။

တစ်နေ့ အိမ်နဲ့ အဝေးကြီးမှာ သိုးကျောင်းနေတဲ့ အစ်ကိုတွေ အဆင်ပြေမပြေ သွားကြည့်ဖို့ ယောသပ်ကို ယာကုပ် လွှတ်လိုက်တယ်။ အဲဒီကို ရောက်ဖို့ ရက်တော်တော်ကြာ သွားရတယ်။ အစ်ကိုတွေက ယောသပ်ကို မြင်တာနဲ့ ဖမ်းချုပ်ပြီး ရေခန်းနေတဲ့ တွင်းထဲ ပစ်ချကြတယ်။ ယောသပ် ဘယ်လောက် အကူအညီ တောင်းတောင်း အစ်ကိုတွေ သွေးအေးအေးပဲ။ ယောသပ်ကို သတ်ပစ်ဖို့ တိုင်ပင်လိုက်သေးတယ်။ ဒါပေမဲ့ မသတ်ဖြစ်လိုက်ဘူး။ ဖြတ်သွားတဲ့ ကုန်သည်တွေဆီ ရောင်းစားလိုက်တယ်။ ချစ်သားယောသပ် သားရဲ အကိုက်ခံရလို့ သေပြီဆိုပြီး ယာကုပ် ထင်အောင် လုပ်ကြံပြောတယ်။ တကယ်တော့ ဟိုးတောင်ဘက်မှာ ရှိတဲ့ အီဂျစ်ပြည်ကို ယောသပ် ပါသွားပြီး ဖာရောမင်းရဲ့ နန်းတွင်းအရာရှိ ပေါတိဖာဆီ ကျွန်အဖြစ် ရောင်းစားခံလိုက်ရတာ။

ယောသပ် စိတ်ဓာတ်ကျချင်ရင် ကျသွားနိုင်တယ်။ ဒါပေမဲ့ စိတ်ဓာတ်မကျဘူး။ သတ္တိလျော့မသွားဘူး။ အလုပ်ကြိုးစားတယ်။ “သူနဲ့အတူ ယေဟောဝါ ရှိ” တယ်။ သူ လုပ်သမျှ အောင်မြင်ခွင့် ပေးတယ်။ ပေါတိဖာကလည်း တစ်အိမ်လုံးကို ကြီးကြပ်ဖို့ ယောသပ်ကို တာဝန်ပေးတယ်။

ဒါပေမဲ့ ပြဿနာတွေ ကြုံရတော့မယ်။ ယောသပ်ဟာ “ကိုယ်လုံးကိုယ်ထည် တောင့်တဲ့ လူချောတစ်ယောက် ဖြစ်လာ” လို့ ပေါတိဖာရဲ့ မိန်းမ မျက်စိကျလာတယ်။ ခံစားချက်ကို မဖုံးနိုင် မဖိနိုင် ဖြစ်လာပြီး “ဒို့နဲ့အတူ အိပ်ပါ” လို့တောင် ပြောတယ်။ ယောသပ် ဘာလုပ်မလဲ။ မိသားစုက အဝေးမှာ။ ကိုယ်ကလည်း သခင့်လက်ခုပ်ထဲက ရေလို ဖြစ်နေတဲ့ ကျွန်တစ်ယောက်။ သခင်မကို ငြင်းရင် ဘဝ ကမောက်ကမ ဖြစ်သွားနိုင်တယ်။ သွေးဆောင်မှုကို အလျှော့ပေးမလား။ သတ္တိရှိရှိ ငြင်းမလား။

မြေကရားအိုးကို သယ်လာရင်း ရှေ့တည့်တည့်ကိုပဲ ယောသပ် ကြည့်နေ။ အိပ်ခန်းအပြင်ဘက်မှာ ထွက်စောင့်နေတဲ့ ပေါတိဖာမိန်းမ ယောသပ်ကို ညှို့ချက်ပြင်းပြင်းနဲ့ စိုက်ကြည့်နေ။

မိမိဘဝ ကမောက်ကမ ဖြစ်သွားအောင် ပေါတိဖာရဲ့ မိန်းမ လုပ်နိုင်မှန်း ယောသပ် သိတယ်။ ဒါပေမဲ့ သွေးဆောင်မှုကို ဘာကြောင့် ငြင်းဆန်ခဲ့သလဲ

ယောသပ် “အမြဲ ငြင်းဆန်” တယ်လို့ ကျမ်းစာမှာ ဖော်ပြထားတယ်။ သခင်ရဲ့ ယုံကြည်စိတ်ချမှုကို အလွဲသုံးစား မလုပ်နိုင်ဘူးလို့ ပြောတယ်။ အဲဒါထက် ပိုအရေးကြီးတာက “ဒီလိုကြီးလေးတဲ့အပြစ် ကျူးလွန်ပြီး ဘုရားသခင်ကို ပြစ်မှားတဲ့အဖြစ်မျိုး ကျွန်တော် အရောက်မခံနိုင်ဘူး” လို့ ပြောတယ်။ အဖယေဟောဝါကို ချစ်လို့ ပြတ်ပြတ်သားသား၊ သတ္တိရှိရှိ ငြင်းခဲ့တာ။ ဒါပေမဲ့ ပေါတိဖာမိန်းမ လက်မလျှော့ဘူး။ “နေ့စဉ်ရက်ဆက်” သွေးဆောင်တယ်။ တစ်နေ့၊ အိမ်ထဲမှာ ကျွန်တစ်ယောက်မှ မရှိတဲ့အချိန် ယောသပ်ရဲ့ အဝတ်ကို ဆွဲပြီး “ဒို့နဲ့အတူ အိပ်ပါ” လို့ ပြောတယ်။ အဝတ်ကို ထားခဲ့ပြီး ယောသပ် ကိုယ်လွတ်ရုန်းပြေးတော့တယ်။ ဒါပေမဲ့ သခင်မက ယောသပ်ရဲ့ အဝတ်ကို သိမ်းထားပြီး ပေါတိဖာကို ပြတယ်။ မတော်မတရား ကျင့်ဖို့ ယောသပ် ကြံတယ်လို့ တိုင်တယ်။ ဒါနဲ့ ပေါတိဖာ ဒေါသပေါက်ကွဲပြီး ယောသပ်ကို ထောင်ချလိုက်တယ်။

မှောင်မည်းနေတဲ့ မြေအောက်ကျင်းထဲ ချလိုက်တာ။ အချိန်အတိုင်းအတာတစ်ခုအထိ ယောသပ် ခြေကျဉ်းခတ်ခံရတယ်။ လည်ပင်းမှာ သံကြိုးတွေနဲ့ တုပ်နှောင်ခံရတယ်။ (ဆာ. ၁၀၅:၁၇၊ ၁၈) ဘဝ နာလန်မထူနိုင်တော့ဘူးဆိုပြီး စိတ်ဓာတ်ကျချင်ရင် ကျသွားနိုင်တယ်။ ယောသပ်ကို ယေဟောဝါ စွန့်ပစ်လိုက်ပြီလား။ မစွန့်ပါဘူး။ ယောသပ်လည်း ယေဟောဝါကို တစ်ခါမှ အယုံအကြည် မပျက်ဘူး။ ထောင်ထဲမှာ အလုပ်ကြိုးစားတယ်။ ဒါကြောင့် ဘုရားကောင်းချီး ရတယ်။ သိပ်မကြာခင်မှာ ထောင်သားတွေကို ကြီးကြပ်ရတဲ့ တာဝန် ရလာတယ်။ နှစ်တွေတစ်လျှောက် အခက်အခဲတွေကို သတ္တိရှိရှိ ခံရပ်ခဲ့တယ်။

ယောသပ် ယုံကြည်ခြင်း ခိုင်မာလို့၊ သတ္တိရှိလို့ ယေဟောဝါရဲ့ အသုံးတော် ခံရတယ်။ နိမိတ်တွေ ပါတဲ့ အိပ်မက် ဖာရောကို ယေဟောဝါ မက်စေတယ်။ အိပ်မက်အနက် ရှင်းပြနိုင်စွမ်း ယောသပ်ကို ပေးတယ်။ အစာပေါများကြွယ်ဝတဲ့ ခုနစ်နှစ် လွန်ရင် အငတ်ဘေး ခုနစ်နှစ် ဆိုက်မယ်လို့ ယောသပ် ရှင်းပြတယ်။ ဘုရားအကူအညီကြောင့် အိပ်မက်အနက်ကို ယောသပ် ရှင်းပြနိုင်တာ၊ အကြံကောင်းပေးနိုင်တာကို ဖာရော အထင်ကြီးသွားတယ်။ အငတ်ဘေးအတွက် ပြင်ဆင်ရာမှာ ဦးစီးဖို့ ယောသပ်ကို တာဝန်ပေးတယ်။ မိမိ ပြီးရင် နိုင်ငံမှာ အကြီးဆုံး ရာထူး ပေးတယ်။ ဒါကြောင့် အီဂျစ်တွေကိုသာမက မိသားစုကိုပါ အငတ်ဘေးကနေ ယောသပ် ကယ်နိုင်ခဲ့တယ်။ ငယ်ငယ်က မက်ခဲ့တဲ့ အိပ်မက်အတိုင်း တကယ် ဖြစ်လာတယ်။ အစ်ကိုတွေ အစားအစာ ဝယ်ဖို့ အီဂျစ်ပြည် ရောက်လာတော့ ညီဖြစ်မှန်း မသိဘဲ ဦးညွှတ်ကြတယ်။ ဒါပေမဲ့ အစ်ကိုတွေ သဘောထား ပြောင်းသွားပြီ။ တစ်ချိန်တုန်းက မုန်းခဲ့ရတဲ့ ညီဖြစ်သူ သတ္တိရှိလို့၊ ယေဟောဝါကို ယုံကြည်လို့ ကိုယ့်မိသားစုကိုသာမက အစ္စရေးမျိုးဆက်ကိုပါ ကယ်တင်လိုက်ပြီ။

ကျမ်းမှတ်တမ်းကို ဖတ်ပါ–

  • ကမ္ဘာဦး ၃၇:၁-၃၆။ ၃၉:၁-၂၃။ ၄၁:၁–၄၅:၂၈

ဆွေးနွေးရန်–

သတ္တိရှိကြောင်း ဘယ်နည်းတွေနဲ့ ယောသပ် ပြသလဲ။

ရှာဖွေလေ တွေ့ရှိလေ

  1. ၁။ အီဂျစ်ပြည်မှာ ယောသပ် နေထိုင်ခဲ့ကြောင်း ဒီကျမ်းမှတ်တမ်း မှန်ကန်တယ်ဆိုတာ ဘာက ထောက်ခံသလဲ။ (န ၁၁/၁၀-E ၁၅ ပိုဒ်. ၂-wcgr)

  2. ၂။ အိမ်ထောင်ရေး ဖောက်ပြန်တာကို “ကြီးလေးတဲ့အပြစ်” လို့ ယေဟောဝါ သဘောထားမှန်း ယောသပ် ဘယ်လို သိသလဲ။ (က. ၃၉:၉။ က၂၂.၀၈ ၂၆ ပိုဒ်. ၂)

  3. ၃။ အီဂျစ်ပြည်မှာ ယောသပ်ကို ယေဟောဝါ ဘာကြောင့် အခွင့်အာဏာ ရှိလာစေသလဲ။ (က၉၆ ၅/၁ ၁၁ ပိုဒ်. ၄) ရုပ်ပုံ က

    အခွင့်အာဏာ ရလာတဲ့ ယောသပ် အီဂျစ်ကျွန်နှစ်ယောက်ကို ညွှန်ကြားနေ။

    ရုပ်ပုံ က

  4. ၄။ ယောသပ် အသက် ၁၁၀ ရှိချိန်မှာတောင် ယေဟောဝါကို အခိုင်အမာ ယုံကြည်နေဆဲပဲဆိုတာ ဘာက ဖော်ပြသလဲ။ (က. ၅၀:၂၅၊ ၂၆။ က၀၇ ၆/၁ ၂၆ ပိုဒ်. ၁၀-၁၁) ရုပ်ပုံ ခ

    ကတိထားရာပြည်မှာ နောက်ဆုံး ပြန်သင်္ဂြိုဟ်ဖို့ ယောသပ်အရိုး ထည့်ထားတဲ့ အခေါင်းကို အစ္စရေးတွေ သယ်နေ။

    ရုပ်ပုံ ခ

တွေးတောစရာ သင်ခန်းစာ

  • ညီအစ်ကို/မတစ်ယောက် ကိုယ့်ကို မတရားဆက်ဆံတဲ့အခါ ယောသပ်ကို ဘယ်လို အတုယူနိုင်သလဲ။ (က. ၄၅:၄၊ ၅။ ၅၀:၁၉-၂၁)

  • ယောသပ်ဟာ မိသားစုမျက်ကွယ်ရာမှာ ရောက်နေပေမဲ့ ယေဟောဝါအပေါ် သစ္စာရှိတယ်။

    • ကျောင်းတက်နေချိန်မှာ ယောသပ်ရဲ့ စံနမူနာက ကျွန်တော်တို့ကို ဘယ်လို ကူညီပေးနိုင်သလဲ။ ရုပ်ပုံ ဂ

      ကျောင်းကနေ အိမ်ကို ညီအစ်မငယ် လမ်းလျှောက်ပြန်နေ။ အီး စီးကရက် သောက်နေတဲ့ အတန်းဖော်တွေ စိုက်ကြည့်နေကြပေမဲ့ ရှေ့တည့်တည့်ကိုပဲ ညီအစ်မ ကြည့်နေ။

      ရုပ်ပုံ ဂ

    • ခရီးသွားချိန်မှာ ယောသပ်ရဲ့ စံနမူနာက ကျွန်တော်တို့ကို ဘယ်လို ကူညီပေးနိုင်သလဲ။ ရုပ်ပုံ ဃ

      အလုပ်ကိစ္စနဲ့ ခရီးထွက်လာတဲ့ အိမ်ထောင်သည် ညီအစ်ကိုတစ်ယောက် ဟိုတယ်မှာ တည်းဖို့ လုပ်နေ။ ညီအစ်ကိုကို ဆွဲဆောင်မှု ရှိတဲ့ လောကသား အမျိုးသမီးဧည့်သည် ကြည့်နေ။

      ရုပ်ပုံ ဃ

    • ဖုန်း၊ တခြားအီလက်ထရောနစ် ပစ္စည်းတွေ သုံးချိန်မှာ ယောသပ်ရဲ့ စံနမူနာက ကျွန်တော်တို့ကို ဘယ်လို ကူညီပေးနိုင်သလဲ။ ရုပ်ပုံ င

      ညီအစ်ကိုငယ်တစ်ယောက် အိပ်ရာပေါ်မှာ လှဲရင်း ဖုန်းကြည့်နေ။

      ရုပ်ပုံ င

  • ယောသပ်ရဲ့ သတ္တိကို တခြားဘယ်နည်းတွေနဲ့ အတုယူနိုင်မလဲ။

အတွေးနယ်ချဲ့ကြည့်ပါ

  • ဒီမှတ်တမ်းကနေ ယေဟောဝါအကြောင်း ဘာသိရသလဲ။

  • ဒီမှတ်တမ်းက ယေဟောဝါရဲ့ ရည်ရွယ်ချက်နဲ့ ဘယ်လို ဆက်စပ်နေသလဲ။

  • ယောသပ် အသက်ပြန်ရှင်လာတဲ့အခါ ဘာမေးချင်သလဲ။

ထပ်လေ့လာပါ

ယောသပ် အခက်အခဲတွေ မကြုံရအောင် ယေဟောဝါ လုပ်မပေး ပေမဲ့ ခံရပ်နိုင်ဖို့ ကူညီပေးတယ်။ သင့်ကိုလည်း ဘယ်လို ကူညီ ပေးနိုင်တယ်ဆိုတာ လေ့လာကြည့်ပါ။

“သင် အောင်မြင်ဖို့ ယေဟောဝါ ကူညီနေ” (က၂၃.၀၁ ၁၄-၁၉)

အတန်းဖော်တွေ အနိုင်ကျင့်တဲ့အခါ ယောသပ်ကို ကလေးတွေ ဘယ်လို အတုယူနိုင်သလဲ။

မတရားဆက်ဆံခံရတဲ့အခါ ခံနိုင်ရည်ရှိပါ (၁:၃၁)

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ