၁၈ ဂိဒေါင်
သတ္တိကော သတိပါ ရှိသူ
သတ္တိရှိသူဟာ သတိလည်း ရှိဖို့ လိုတယ်။ သတိမရှိရင် မိုက်ရူးရဲဆန်သူ ဖြစ်သွားမယ်။ ဂိဒေါင်ဟာ သတ္တိကော သတိပါ ရှိသူ ဖြစ်တယ်။ ဂိဒေါင်ခေတ်မှာ အစ္စရေးတွေ လမ်းလွဲလာကြပြန်လို့ ရန်သူတွေလက်ထဲ ယေဟောဝါဘုရား အပ်လိုက်တယ်။ ဒါကြောင့် အစ္စရေးပြည်ထဲ မိဒျန်လူတွေ ကျူးကျော်လာပြီး အစ္စရေးတွေကို ဖိနှိပ်တယ်။ သီးနှံတွေ ဖျက်ဆီးတယ်။ မိဒျန်လူတွေကြောင့် အစ္စရေးတွေ ဆင်းရဲတွင်း နက်သည်ထက် နက်လာလို့ ယေဟောဝါဆီ အော်ဟစ်အကူအညီတောင်းကြတယ်။ ဒါနဲ့ သူတို့ကို ဘာကြောင့် ကာကွယ်မပေးတော့သလဲဆိုတာ ပရောဖက်တစ်ယောက် စေလွှတ်ပြီး ယေဟောဝါ ပြောပြတယ်။ ဒါပေမဲ့ နောက်တော့ အစ္စရေးတွေကို ကယ်တင်ဖို့ ဂိဒေါင်ဆီ ကောင်းကင်တမန် စေလွှတ်ပြီး တာဝန်ပေးတယ်။
အဲဒီအချိန်မှာ သတ္တိခဲ ဂိဒေါင် ဂျုံစပါး ရိုက်ခြွေနေတယ်။ မိဒျန်လူတွေ မမြင်အောင် စပျစ်သီးနယ်ရာကျင်းထဲမှာ ဂျုံစပါး ရိုက်ခြွေနေတာ။ တကယ့်ကို သတိရှိသူပါပဲ။ အစ္စရေးတွေကို ကယ်တင်ရမယ့် တာဝန်အကြောင်း ကောင်းကင်တမန် ပြောတော့ ယေဟောဝါ စေလွှတ်လိုက်တာပါဆိုတဲ့ သက်သေအထောက်အထား ဂိဒေါင် တောင်းဆိုတယ်။ ဒါကြောင့် ကောင်းကင်တမန်က ဂိဒေါင် ပူဇော်သက္ကာတွေ တင်ထားတဲ့ ကျောက်တုံးကနေ မီးထတောက်ပြီး ပူဇော်သက္ကာတွေ လောင်ကျွမ်းသွားအောင် လုပ်ပြလိုက်တယ်။ အဲဒီနောက် ဂိဒေါင်ရှေ့ကနေ ပျောက်ကွယ်သွားတယ်။ အဲဒီညမှာပဲ ဂိဒေါင်ကို ယေဟောဝါ စကားပြောတယ်။ ဖခင်ဖြစ်သူရဲ့ ဗာလယဇ်ပလ္လင်ကို ဖြိုချပြီး ကိုးကွယ်ရာသစ်တိုင်ကို ခုတ်လှဲခိုင်းတယ်။ ယေဟောဝါအတွက် ပူဇော်ရာပလ္လင် တည်ပြီး အလှူဆက်သခိုင်းတယ်။ ယေဟောဝါ ခိုင်းတဲ့အတိုင်း ဂိဒေါင် သတ္တိရှိရှိ လုပ်တယ်။ ဒါပေမဲ့ သတိရှိသူ ဖြစ်လို့ ဖခင်နဲ့ အိမ်သားတွေ၊ မြို့သားတွေ သတိမထားမိမယ့် ညအချိန်မှာ လုပ်တယ်။
သိပ်မကြာခင်မှာပဲ မိဒျန်လူတွေ၊ အာမလက်လူတွေ၊ အရှေ့တိုင်းသားတွေ ပူးပေါင်းပြီး အစ္စရေးတွေကို တိုက်ဖို့ လာကြတယ်။ ယေဇရေလချိုင့်ဝှမ်းမှာ တပ်ချထားတာများ ကျိုင်းကောင်အုပ်ကြီး ဖုံးလွှမ်းထားသလိုပဲ။ အဲဒီအချိန်မှာ ဂိဒေါင်အပေါ် ယေဟောဝါရဲ့ စွမ်းအားတော် သက်ရောက်လာတယ်။ စွမ်းအားတော် လှုံ့ဆော်မှုကြောင့် ဂိဒေါင်လည်း အစ္စရေးမျိုးနွယ်တချို့ဆီ တမန်တွေ လွှတ်ပြီး မိမိနဲ့အတူ တိုက်ပွဲဝင်ဖို့ ဆင့်ခေါ်တယ်။ ဒီတစ်ကြိမ်မှာလည်း အံ့ဖွယ်နည်းနဲ့ သက်သေအထောက်အထားနှစ်ခု ပြပေးဖို့ ယေဟောဝါကို တောင်းဆိုတယ်။ ယေဟောဝါ ထောက်မပေးနေတယ်ဆိုတာ သေချာချင်လို့ပါ။ အဲဒီည ကောက်နယ်တလင်းမှာ ဂိဒေါင် သိုးမွေးတွေ ချထားတယ်။ သိုးမွေးပေါ်မှာပဲ နှင်းကျပြီး ပတ်လည်မြေပြင်ကို ခြောက်သွေ့နေစေဖို့ တောင်းဆိုတယ်။ နောက်တစ်ညကျတော့ မြေပြင်ပေါ်မှာ နှင်းကျပြီး သိုးမွေးကိုတော့ ခြောက်သွေ့နေစေဖို့ တောင်းဆိုတယ်။ ဂိဒေါင် တောင်းဆိုတဲ့အတိုင်း ယေဟောဝါ စိတ်ရှည်ရှည် လိုက်လျောပေးတယ်။
ဂိဒေါင်နဲ့ လူတွေဟာ ရန်သူတွေထက် အရေအတွက် အများကြီး ပိုနည်းပေမဲ့ ယေဟောဝါ လူထပ်လျှော့ခိုင်း
အံ့ဖွယ်အမှုနှစ်ခု မြင်ပြီးနောက် ဂိဒေါင် အားတက်သွားလို့ ရန်သူ ၁၃၅,၀၀၀ ကို ရင်ဆိုင်ဖို့ တပ်သား ၃၂,၀၀၀ ကို ဦးဆောင်ခေါ်လာတယ်။ ဟာရုတ်စမ်းရေနားမှာ ဂိဒေါင်နဲ့ သူ့လူတွေ တပ်ချနေတုန်း ယေဟောဝါက အတူပါလာတဲ့ လူတွေ သိပ်များနေတယ်၊ ကြောက်တတ်သူတွေကို အိမ်ပြန်ခိုင်းပါဆိုပြီး ပြောတယ်။ လူ ၂၂,၀၀၀ အိမ်ပြန်သွားလို့ လူ ၁၀,၀၀၀ ပဲ ကျန်ခဲ့တယ်။ ဒါပေမဲ့ လူသိပ်များနေသေးတယ်လို့ ယေဟောဝါ ပြောပြန်တယ်။ လူတွေကို စမ်းချောင်းဆီ ခေါ်သွားပြီး ရေသောက်ခိုင်းဖို့၊ ရေသောက်တဲ့ ပုံစံကို စောင့်ကြည့်ဖို့ ဂိဒေါင်ကို ပြောတယ်။ ဒူးထောက်ရင်း ရေကို ဝပ်ပြီး သောက်တဲ့သူတွေ အိမ်ပြန်သွားရတယ်။ ဘေးဘီဝဲယာ ကြည့်ရင်း ရေကို လက်ခုပ်နဲ့ ခပ်သောက်သူ ၃၀၀ ကတော့ တိုက်ပွဲဝင်ဖို့ ရွေးချယ်ခံရတယ်။ သတိရှိပြီး နိုးကြားကြလို့ပဲ။
လူ ၃၀၀ တည်း ကျန်ခဲ့ပေမဲ့ ဂိဒေါင် သတ္တိရှိရှိပဲ တိုက်ပွဲဝင်ဖို့ ပြင်ဆင်တယ်။ အဲဒီညမှာပဲ ယေဟောဝါက ရန်သူတပ်ဆီ ဂိဒေါင်ကို ခြေသံလုံလုံ သွားကြည့်ခိုင်းလို့ ဂိဒေါင် သွားကြည့်တယ်။ မိဒျန်တပ်သားတစ်ယောက်က အိပ်မက်အကြောင်း သူ့အဖော်ကို ပြောပြနေတာ၊ အိပ်မက်အရ အစ္စရေးတွေ စစ်နိုင်မှာ ဖြစ်ကြောင်း သူ့အဖော် ပြန်ပြောနေတာ ဂိဒေါင် ကြားလိုက်ရတယ်။ မိမိနဲ့အတူ ယေဟောဝါ အတူရှိနေကြောင်း နောက်ထပ် အထောက်အထား ဖြစ်လို့ ဂိဒေါင် ယုံကြည်စိတ်ချမှုအပြည့် ရှိသွားတယ်။ အစ္စရေးတပ်ဆီ ပြန်လာပြီး တိုက်ပွဲအတွက် ညွှန်ကြားစရာ ရှိတာတွေ ညွှန်ကြားတယ်။ “ငါ့ကို ကြည့်ပြီး ငါ လုပ်တဲ့အတိုင်း လိုက်လုပ်ကြ” လို့ မှာတယ်။ ညရောက်တော့ ဂိဒေါင်နဲ့ လူတွေ လူစုခွဲပြီး မီးတုတ် ထည့်ထားတဲ့ မြေအိုးကြီးတွေနဲ့ တံပိုးတွေ ကိုင်ရင်း ရန်သူတပ်ကို ဝိုင်းလိုက်တယ်။ ဂိဒေါင် အချက်ပြတာနဲ့ တံပိုးမှုတ်ပြီး မြေအိုးကြီးတွေကို ရိုက်ခွဲလိုက်ကြတယ်။ ပြီးတော့ “ယေဟောဝါနဲ့ ဂိဒေါင်ရဲ့ ဓား” လို့ အော်ကြတယ်။ ရုတ်တရက် ထွက်လာတဲ့ အသံကျယ်ကြီးနဲ့ မီးရောင်ကြောင့် ရန်သူတပ်ကြီး ဝင်တိုက်ပြီ ထင်ပြီး မိဒျန်တပ်သားတွေ လန့်ဖျပ်သွားကြတယ်။ သူတို့ အချင်းချင်း ပြန်တိုက်အောင် ယေဟောဝါ လုပ်လိုက်လို့ တပ်သား ၁၅,၀၀၀ လောက်ပဲ ကျန်ပြီး ထွက်ပြေးကြရတော့တယ်။
ထွက်ပြေးသွားသူတွေနောက်ကို ဂိဒေါင် ဆက်လိုက်တယ်။ နောက်ဆုံးမှာ ရန်သူခေါင်းဆောင်တွေကို လိုက်ဖမ်းပြီး မိသွားတယ်။ မိဒျန်တစ်တပ်လုံးလည်း ကစဉ့်ကလျား ဖြစ်ကုန်တယ်။ ရန်သူတွေကို ပင်ပင်ပန်းပန်း လိုက်တိုက်နေတုန်းက မိမိတို့ကို စားစရာ မပေးတဲ့ အစ္စရေးတွေကို အပြန်လမ်းမှာ ဂိဒေါင် အပြစ်ပေးတယ်။ ရန်သူခေါင်းဆောင်တွေကို ရှင်းပစ်တယ်။ နောက်တော့ ဂိဒေါင်ကို အစ္စရေးတွေ ဘုရင်မြှောက်ကြတယ်။ ဒါပေမဲ့ “အုပ်ချုပ်မယ့်အရှင်ဟာ ယေဟောဝါပဲ” လို့ ဂိဒေါင် နှိမ့်ချမှုရှိရှိ ပြောတယ်။ သတ္တိကော သတိပါ ရှိတဲ့ ဂိဒေါင်ကို ယေဟောဝါ ဆုချတဲ့အတွက် အသက်ရှည်ရှည် နေရတယ်။ တရားသူကြီးအဖြစ် သူ အမှုဆောင်ချိန်တစ်လျှောက်လုံး တိုင်းပြည် ငြိမ်းချမ်းသာယာတယ်။ ယုံကြည်ခြင်း စံနမူနာရှင်အဖြစ် ရာစုနှစ်များစွာအကြာမှာ ဂိဒေါင်ကို တမန်တော် ပေါလု မှတ်တမ်းတင်ဖော်ပြတယ်။—ဟီ. ၁၁:၃၂။
ကျမ်းမှတ်တမ်းကို ဖတ်ပါ–
ဆွေးနွေးရန်–
သတ္တိရှိကြောင်း ဘယ်နည်းတွေနဲ့ ဂိဒေါင် ပြသလဲ။
ရှာဖွေလေ တွေ့ရှိလေ
၁။ မိဒျန်တပ်သားရဲ့ အိပ်မက်မှာ ပါတဲ့ “မုယောမုန့်တစ်လုံး” က ဂိဒေါင်ရဲ့ တပ်ကို ကိုယ်စားပြုတယ်လို့ ပြောတာ ဘာကြောင့် သင့်တော်သလဲ။ (သူကြီး. ၇:၁၃။ it “မုယော” ပိုဒ်. ၇-wcgr)
၂။ လူ ၃၀၀ ရဲ့ တံပိုးမှုတ်သံက ဘာကြောင့် မိဒျန်တပ်သားတွေကို လန့်ဖျပ်ပြီး ကစဉ့်ကလျား ဖြစ်သွားစေသလဲ။ (it “တံပိုး” ပိုဒ်. ၃-wcgr) ရုပ်ပုံ က
ရုပ်ပုံ က– အချက်ပေးဖို့၊ သတိပေးဖို့ သုံးတဲ့ သိုးချိုတံပိုး
၃။ မိဒျန်တွေကို အနိုင်ရဖို့ ဂိဒေါင်နဲ့ လူတွေ ဘာလုပ်ခဲ့ရသလဲ။ (က၀၄ ၁၀/၁၅ ၁၆ ပိုဒ်. ၉-၁၀) ရုပ်ပုံ ခ
ရုပ်ပုံ ခ– ယုဗေဟမြို့အထိ မိုင် ၅၀ (ကီလိုမီတာ ၈၀) လောက် မိဒျန်လူတွေနောက် ဂိဒေါင် လိုက် (လမ်းကြောင်း အတိအကျကို မသိပါ)
၄။ ဒီမှတ်တမ်း တိကျမှန်ကန်ကြောင်း ဘယ်ကျမ်းစာအထောက်အထားတွေ ရှိသလဲ။ (က၀၅ ၄/၁၅ ၃၂)
တွေးတောစရာ သင်ခန်းစာ
ဂိဒေါင်ရဲ့ ဦးဆောင်မှုကြောင့် အစ္စရေးတွေ အနိုင်ရသွားတယ်။ ဒါပေမဲ့ ဂိဒေါင် နှိမ့်ချမှု ရှိတယ်။ တခြားသူတွေကို ပြေပြေလည်လည် ပြောဆိုတတ်တယ်။ (သူကြီး. ၈:၁-၃) ကိုယ့်လုပ်ရပ်ကြောင့် တစ်ယောက်ယောက် စိတ်မကောင်းဖြစ်သွားတဲ့အခါ ဂိဒေါင်ရဲ့ စံနမူနာကို အိမ်ထောင်ဦးစီးတွေ၊ အကြီးအကဲတွေ ဘယ်လို အတုယူနိုင်သလဲ။
ဘယ်လိုအခြေအနေတွေမှာ ကျွန်တော်တို့ သတ္တိကော သတိပါ ရှိဖို့ လိုမလဲ။ ရုပ်ပုံ ဂ
ရုပ်ပုံ ဂ
ဂိဒေါင်ရဲ့ သတ္တိကို ဘယ်လို အတုယူနိုင်မလဲ။
အတွေးနယ်ချဲ့ကြည့်ပါ
ဒီမှတ်တမ်းကနေ ယေဟောဝါအကြောင်း ဘာသိရသလဲ။
ဒီမှတ်တမ်းက ယေဟောဝါရဲ့ ရည်ရွယ်ချက်နဲ့ ဘယ်လို ဆက်စပ်နေသလဲ။
ဂိဒေါင် အသက်ပြန်ရှင်လာတဲ့အခါ ဘာမေးချင်သလဲ။
ထပ်လေ့လာပါ
အခွင့်ထူးတွေ ရလာတဲ့အခါ ဂိဒေါင်ကို ဘယ်လို အတုယူနိုင်သလဲ။
“ဉာဏ်ပညာသည် ကျိုးနွံသူတို့နှင့်ရှိ၏” (က၀၀ ၈/၁ ၁၆-၁၈ ပိုဒ်. ၁၁-၁၅)
ယေဟောဝါကို သားသမီးတွေ ပိုယုံကြည်ကိုးစားလာတတ်အောင် ဒီကျမ်းစာရုပ်ပြဇာတ်လမ်း သုံးပြီး ကူညီပေးပါ။