ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၁ ၁/၁ စာ. ၁၈-၂၄
  • ရွှင်လန်းခြင်းနှင့်ပြည့်ဝကြလော့

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ရွှင်လန်းခြင်းနှင့်ပြည့်ဝကြလော့
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၁
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ကမ္ဘာချီတိုးချဲ့ခြင်း
  • အမွန်မြတ်ဆုံးပညာရေး
  • သမ္မာကျမ်းစာပညာ ရှင်သန်ဖွံ့ဖြိုး
  • ဝမ်းမြောက်မှုပြည့်ဝခြင်း
  • ရွှင်လန်းသောနှလုံးနှင့် ယေဟောဝါအမှုတော်ကို ဆောင်ရွက်လော့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၅
  • ယေဟောဝါအမှုတော်ကို ရွှင်လန်းစွာထမ်းရွက်ခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၁
  • ယေဟောဝါ၌ ရွှင်လန်းခြင်းသည် ကျွန်ုပ်တို့ခိုလှုံရာဖြစ်သည်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၅
  • ဝမ်းမြောက်ခြင်း​—⁠ဘုရားသခင်ဆီက ရရှိတဲ့ အရည်အသွေး
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၈
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၁
က၉၁ ၁/၁ စာ. ၁၈-၂၄

ရွှင်လန်းခြင်းနှင့်ပြည့်ဝကြလော့

“တပည့်တော်တို့လည်းဝမ်းမြောက်ခြင်းနှင့်လည်းကောင်း၊ သန့်ရှင်းသောဝိညာဉ်တော်နှင့်လည်းကောင်း ပြည့်ကြကုန်၏။”—⁠တမန်တော် ၁၃:၅၂၊ သမာကျမ်း။

၁။ (က) ရွှင်လန်းဝမ်းမြောက်ခြင်းသည် အဘယ်အသီးအမျိုးအစားဖြစ်သနည်း။ (ခ) အဘယ်ဝမ်းမြောက်ဖွယ်ပြင်ဆင်ပေးချက်အတွက် ဘုရားသခင်အားချီးမွမ်းရသနည်း။

ရွှ င်လန်းဝမ်းမြောက်ခြင်း၊ ဤခရစ်ယာန်အရည်အချင်းကို ပေါလုဖော်ပြသည့် ဝိညာဉ်တော်အသီးတို့တွင် မေတ္တာပြီးလျှင်ဒုတိယနေရာ၌ နေရာပေးထားသည်။ (ဂလာတိ ၅:၂၂-၂၅) အဘယ်အကြောင်းကြောင့် ထိုသို့ဝမ်းမြောက်ခြင်းဖြစ်ရသနည်း။ လွန်ခဲ့သောနှစ်ပေါင်း ၁၉၀၀ ကျော်ကစိတ်နှိမ့်ချသော သိုးထိန်းတို့အား ဘုရားသခင့်ကောင်းကင်တမန်ကြေညာခဲ့သည့် သတင်းကောင်းကြောင့်ဖြစ်သည်။ ယင်းမှာ “လူအပေါင်းတို့သည်အလွန်ဝမ်းမြောက်ဝမ်းသာစရာသတင်းကို ငါသည်သင်တို့အားကြားပြောရ၏။ ယနေ့တွင်ဒါဝိဒ်၏မြို့၌ သခင်ခရစ်တော်တည်းဟူသော ကယ်တင်သောအရှင်သည် သင်တို့အဖို့အလို့ငှာ ဖွားမြင်ခြင်းကိုခံတော်မူပြီ” ဟူ၍ဖြစ်သည်။ ထိုနောက်ကောင်းကင်ဗိုလ်ခြေတို့သည်ထင်ရှား၍ ထိုကောင်းကင်တမန်နှင့်အတူ ဘုရားသခင်အားဝမ်းမြောက်စွာချီးမွမ်းလျက် “ကောင်းကင်ဘဝဂ်ဝယ် ဘုရားသခင်သည်ဘုန်းကြီးတော်မူစေသတည်း။ မြေကြီးပေါ်၌လည်း နှစ်သက်တော်မူသောသူတို့တွင် ငြိမ်သက်ခြင်းရှိစေသတည်း” ဟုမြွက်ဆိုကြ၏။—⁠လုကာ ၂:၁၀-၁၄။

၂၊ ၃။ (က) လူသားတို့အားကယ်တင်သောအရှင်အဖြစ် သားဦးအား ဘုရားသခင်စေလွှတ်တော်မူခြင်းသည် အဘယ်ကြောင့်ဆီလျော်လှသနည်း။ (ခ) ယေရှုသည်မြေကြီးပေါ်တွင်ရှိနေစဉ် အခြားအဘယ်နည်းများဖြင့် ဘုရားရည်ရွယ်တော်မူချက်များကို လုပ်ဆောင်ခဲ့သနည်း။

၂ သခင်ခရစ်တော်အားဖြင့် ကယ်တင်ခြင်းကိုပြင်ဆင်ပေးရာတွင် ယေဟောဝါ၏စိတ်ကောင်းစေတနာ ပေါ်လွင်ထင်ရှားခဲ့သည်။ ဘုရားသခင်၏ဤသားဦးသည် စစ်မှန်သောဉာဏ်ပညာ၏ ပြယုဂ်ဖြစ်ပြီး ဖန်ဆင်းခြင်းခံရစဉ်က ခမည်းတော်အားအောက်ပါအတိုင်း လျှောက်ထားခဲ့သကဲ့သို့ ဖော်ပြခြင်းခံရသည်။ “ငါသည်ကျွေးမွေးတော်မူသောသားကဲ့သို့ အထံတော်ပါးတွင်နေ၍ အစဉ်မပြတ်မွေ့လျော်တော်မူရာဖြစ်၏။ ရှေ့တော်၌အစဉ်မပြတ်ကစားလျက် ဖန်ဆင်းတော်မူသော မြေကြီးတစ်ပြင်လုံးတွင်ရွှင်လန်းလျက် လူသားတို့နှင့်ပေါင်းဖော်၍ ပျော်ပါးလျက်နေ၏။”—⁠သု၊ ၈:၃၀၊ ၃၁။

၃ သို့ဖြစ်သောကြောင့် လူသားတို့၌မွေ့လျော်သော ဤသားတော်အား လူသားတို့၏ရွေးနှုတ်ကယ်တင်သောအရှင်အဖြစ် ယေဟောဝါစေလွှတ်တော်မူခြင်းသည် ဆီလျော်လှပေသည်။ ယင်းကဘုရားသခင့်ဘုန်းတော်ကို မည်သို့ထင်ရှားစေသနည်း။ ကမ္ဘာမြေကြီးကိုဖြောင့်မတ်၍ ငြိမ်းချမ်းရေးမြတ်နိုးသောလူသားများဖြင့် ပြည့်စေမည်ဟူသော ကြီးမြတ်သည့်ကိုယ်တော့်ရည်ရွယ်ချက် ဖြစ်မြောက်အောင်မြင်ရန်အတွက် ယင်းကလမ်းဖွင့်ပေးမည်ဖြစ်သည်။ (ကမ္ဘာဦး ၁:၂၈) ထိုမျှမက ဤသားတော်ယေရှုသည် မြေကြီးပေါ်တွင်ရှိစဉ်အခါ အပြင်းထန်ဆုံးစမ်းသပ်ခြင်းအောက်၌ စုံလင်သောလူတစ်ဦးယေဟောဝါအား အချုပ်အခြာအာဏာပိုင်သခင်အဖြစ် သစ္စာရှိစွာနာခံနိုင်ကြောင်း ပြသတော်မူခြင်းအားဖြင့် ဖန်ဆင်းခံအရာများအပေါ် ခမည်းတော်ထိုက်ထိုက်တန်တန် အုပ်ချုပ်ပိုင်သတော်မူကြောင်း သံသယကင်းစွာထင်ရှားစေတော်မူလတံ့။ (ဟေဗြဲ ၄:၁၅။ ၅:၈၊ ၉) သမာဓိစောင့်သိသောယေရှု၏လမ်းစဉ်မှာ စစ်မှန်သောခရစ်ယာန်အပေါင်း ခြေတော်ရာကိုထက်ကြပ်မကွာလိုက်ရန်အတွက် ပုံစံတော်လည်းဖြစ်ပေသည်။—⁠၁ ပေတရု ၂:၂၁။

၄။ ယေရှုသည်ခံနိုင်ရည်ရှိခြင်းကြောင့် အဘယ်ကြီးမားသောဝမ်းမြောက်ခြင်းခံစားရရှိသနည်း။ ယင်းသည်ကျွန်ုပ်တို့အား မည်သို့အားတက်စေအပ်သနည်း။။

၄ ယေရှုသည်ဤသို့ခမည်းတော်၏အလိုတော်ကို ဆောင်ခြင်းအားဖြင့် ထူးကဲသာလွန်သော ဝမ်းမြောက်ခြင်းခံစားရသည့်အပြင် ဟေဗြဲ ၁၂:၁၊ ၂ ၌တမန်တော်ပေါလုအရိပ်အမြွက်ဖော်ပြသည့်အတိုင်း သာ၍ကြီးမားသောဝမ်းမြောက်ခြင်းကို မျှော်လင့်လျက်နေတော်မူ၏။ “ငါတို့မျက်မှောက်၌ထားသော ပန်းတုံးတိုင်သို့ရောက်ခြင်းငှာ အားမလျော့ဘဲပြေးကြကုန်အံ့။ ယုံကြည်ခြင်းကိုအစအဦးစီရင်၍ စုံလင်စေတော်မူသော သခင်ယေရှုကိုစေ့စေ့ထောက်ရှုကြကုန်အံ့။ ထိုသခင်သည်မိမိရှေ့၌ထားသော ဝမ်းမြောက်ခြင်းအကြောင်းကြောင့် ရှက်ကြောက်သောအရာကိုမမှတ်ဘဲ လက်ဝါးကပ်တိုင်မှာခံပြီးမှ ဘုရားသခင်၏ပလ္လင်တော်လက်ယာဘက်၌ ထိုင်နေတော်မူ၏။” ဤဝမ်းမြောက်ခြင်းကားအဘယ်နည်း။ ယင်းမှာခမည်းတော်၏နာမတော်အား ရိုသေလေးမြတ်ခြင်းရှိစေ၍ လူသားတို့အားသေခြင်းမှ ရွေးနှုတ်ရာတွင် ယေရှုခံစားရသောဝမ်းမြောက်ခြင်းမျှသာမဟုတ်ပဲ နာခံသောလူသားတို့အား ပရဒိသုမြေကြီးပေါ်တွင်အဆုံးမရှိသောအသက်တာသို့ ပြန်လည်မြှင့်တင်ပေးစဉ် ရှင်ဘုရင်အဖြစ်၊ ယဇ်ပုရောဟိတ်မင်းကြီးအဖြစ် အုပ်စိုးရာတွင်ခံစားရသော ဝမ်းမြောက်ခြင်းလည်းဖြစ်ပေသည်။—⁠မဿဲ ၆:၉။ ၂၀:၂၈။ ဟေဗြဲ ၇:၂၃-၂၆။

၅။ ယေရှု၏ “ညီတော်များ” ကားမည်သူတို့နည်း။ အဘယ်ထူးခြားသည့် ဝမ်းမြောက်ခြင်းကို သူတို့မျှဝေခံစားရသနည်း။

၅ မှန်ပါသည်။ ဘုရားသခင့်သားတော်သည် လူသားတို့၏အကျိုးသယ်ပိုးရာတွင် အစဉ်သဖြင့်ဝမ်းမြောက်တော်မူ၏။ ထို့ပြင် သမာဓိစောင့်သိသောလူသားတစ်စုကို ရွေးချယ်ရာတွင် ခမည်းတော်နှင့်အတူ ဆောင်ရွက်ရသဖြင့်လည်း ဝမ်းမြောက်တော်မူ၏။ ဤသူတို့ကို “ညီတော်များ” ဟုကိုယ်တော်ခေါ်ဝေါ်တော်မူပြီး၊ သူတို့သည်သေလွန်သည့်အခါ ကောင်းကင်ဘုံသို့ရှင်ပြန်ထမြောက်ကြသည်။ ဤသူတို့သည် ယေရှုနှင့်အတူထူးမြတ်သောဝမ်းမြောက်ခြင်းကို ခံစားကြရသည်။ သူတို့သည် “မင်္ဂလာရှိသောသူ၊ သန့်ရှင်းသောသူ” ဟူ၍ အတိအလင်းကြေညာခြင်းခံရပြီး “ဘုရားသခင်၏ယဇ်ပုရောဟိတ်၊ ခရစ်တော်၏ယဇ်ပုရောဟိတ်ဖြစ်၍ အနှစ်တစ်ထောင်ပတ်လုံး ခရစ်တော်နှင့်အတူ စိုးစံရကြလိမ့်မည်။”—⁠ဟေဗြဲ ၂:၁၁။ ဗျာဒိတ် ၁၄:၁၊ ၄၊ ၂၀:၆။

၆။ (က) မိမိ၏ “အခြားသိုးများ” အားအဘယ်ဝမ်းမြောက်ဖွယ် ဖိတ်ကြားချက်ကို ရှင်ဘုရင်ကမ်းလှမ်းတော်မူသနည်း။ (ခ) ဤသိုးများအနက်မှ အများသောသူတို့သည် ယနေ့အဘယ်အခွင့်အရေး ခံစားနေရသနည်း။

၆ ထို့ပြင်၊ အုပ်စိုးလျက်ရှိသောရှင်ဘုရင် စိတ်တော်နှင့်တွေ့သည့် လက်ယာဘက်သို့ခွဲခြားခြင်းခံရသော “အခြားသိုး” မှလူအုပ်ကြီးတစ်အုပ်သည်လည်း “ငါ့ခမည်းတော်ထံမှ ကောင်းချီးမင်္ဂလာကိုခံသောသူတို့၊ ကမ္ဘာဦးကပင် သင်တို့အဖို့ပြင်ဆင်သောနိုင်ငံကို လာ၍အမွေခံကြလော့” ဟူသောဖိတ်ကြားခြင်းခံရကြသည်။ (ယောဟန်၁၀:၁၆။ မဿဲ ၂၅:၃၄) မည်မျှဝမ်းသာစရာ အခွင့်အရေးပါတကား။ နိုင်ငံတော်၏မြေကြီးပိုင်နက်ကို အမွေခံကြမည့်သူများအနက် များစွာသောသူတို့သည် အောက်ပါအတိုင်းဘိသိက်ခံတို့နှင့်အတူ ရင်ပေါင်တန်း၍ ကြီးလေးသောတာဝန်များကို ယခုအချိန်၌ပင် လက်ခံဆောင်ရွက်နေကြသည်။ “တစ်ပါးအမျိုးသားတို့သည်ရပ်လျက် သင်တို့သိုးစုများကို ထိန်းကျောင်းကြလိမ့်မည်။ တစ်ကျွန်းတစ်နိုင်ငံသားတို့သည် သင်တို့အဖို့လယ်လုပ်၍ စပျစ်ဥယျာဉ်ကိုလည်း ပြုစုကြလိမ့်မည်။ သင်တို့မူကား၊ ထာဝရဘုရား၏ယဇ်ပုရောဟိတ်ဟူ၍လည်းကောင်း၊ ငါတို့ဘုရားသခင်၏အမှုတော်ထမ်းဟူ၍လည်းကောင်း သမုတ်ခြင်းကိုခံရကြလိမ့်မည်။” ဤသူတို့အားလုံးသည် ဘုရားသခင့်ပရောဖက်နှင့်အတူပူးပေါင်း၍ “[ယေဟောဝါ] ကြောင့်ငါသည်အလွန်ဝမ်းမြောက်၍ ငါ၏ဘုရားသခင်ကြောင့်ငါ့ဝိညာဉ်သည် ရွှင်လန်းမည်။ အကြောင်းမူကား. . . ကယ်တင်ခြင်းအဝတ်တန်ဆာနှင့်ငါ့ကိုဝတ်ဆင်စေ . . . တော်မူပြီ” ဟုပြောဆိုကြ၏။—⁠ဟေရှာယ ၆၁:၅၊ ၆၊ ၁၀။

၇။ ၁၉၁၄ ခုနှစ်မှစ၍ဤ “နေ့ရက်” သည်အဘယ်ကြောင့် အလွန်ထူးခြားသနည်း။

၇ ကျွန်ုပ်တို့သည်ယခုအခါ အလွန်ထူးခြားသောနေ့ရက်၌ အသက်ရှင်လျက်ရှိကြသည်။ ၁၉၁၄ မှစ၍ ကောင်းကင်ရှင်ဘုရင်အဖြစ် ခရစ်တော်စိုးစံရာနေ့ရက်ဖြစ်လာခဲ့သည်။ ဆာလံ ၁၁၈:၂၄၊ ၂၅ ၌ဤသို့စီကုံးရေးသားထားသည်။ “ဤနေ့ရက်သည်ထာဝရဘုရား [ယေဟောဝါ၊ NW ] စီရင်တော်မူသောနေ့ရက်ဖြစ်၍ ယနေ့ဝမ်းမြောက်ရွှင်လန်းကြကုန်အံ့။ အိုထာဝရဘုရား [ယေဟောဝါ၊NW ] ကယ်တင်တော်မူပါဟု တောင်းပန်ပါ၏။ အိုထာဝရဘုရား [ယေဟောဝါ၊ NW ] ကောင်းချီးမင်္ဂလာကိုပေးတော်မူပါဟု တောင်းပန်ပါ၏။” ဗာဗုလုန်ဆိုင်ရာဘာသာတရားကို ယေဟောဝါဖျက်ဆီး၍ ခရစ်တော်၏သတို့သမီးဖြစ်သည့် ၁၄၄၀၀၀ သောညီတော်များအား သူတို့၏ကောင်းကင်ရှင်ဘုရင်နှင် ပေါင်းစည်းစေတော်မူသောအခါ ထို့နေ့ရက်သည် အထွတ်အထိပ်သို့ရောက်သောနေ့ဖြစ်လိမ့်မည်။ ဘုရားသခင့်လူမျိုးတော်အပေါင်းသည်ဤအတွက် “ဝမ်းမြောက်ရွှင်လန်းကြ” ပေမည်။ မေရှိယရှင်ဘုရင်သည် မိမိ၏သစ္စာရှိလူမျိုးကို ဖြောင့်မတ်သောကမ္ဘာသစ်အတွင်းသို့ကယ်တင်ရန်အတွက် အာမဂေဒုန်တွင်တိုက်ပွဲဝင်သောအခါ၌လည်း သူတို့ဝမ်းမြောက်ကြပေမည်။ (ဗျာဒိတ် ၁၉:၁-၇၊ ၁၁-၁၆) နှစ်ထောင်းအားရဖွယ်ကောင်းသော ဤမျှော်လင့်ခြင်းအကြောင်းကို လူမျိုးတော်ကြွေးကြော်နေစဉ် ယေဟောဝါသူတို့အားအောင်မြင်မှုဖြင့် ချီးမြှင့်တော်မူသလော။ အောက်ပါမှတ်တမ်းက ရှင်းပြပါလိမ့်မည်။

ကမ္ဘာချီတိုးချဲ့ခြင်း

၈။ (က) ဤတွင်ပါရှိသော မှတ်တမ်းတွင်သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ဝမ်းမြောက်ခြင်းအကြောင်း မည်သို့ထင်ဟပ်နေသနည်း။ (ခ) ယင်းမှတ်တမ်းမှထူးခြားပေါ်လွင်သည့် အချက်အချို့ကားအဘယ်နည်း။

၈ ခေတ်သစ်ယေဟောဝါသက်သေတို့သည် “သန့်ရှင်းသောဝိညာဉ်တော်၏တန်ခိုးအားဖြင့် မျှော်လင့်ခြင်းပါရမီနှင့်ကြွယ်ဝ” လျက်ရှိကြ၏။ (ရောမ ၁၅:၁၃) လယ်ကွင်းတွင်တက်ကြွသည့်အမှုတော်ဆောင်နှုန်းသစ် ၄၀၁၇၂၁၃ ကိုတွေ့ရခြင်းအတွက်ကျွန်ုပ်တို့မည်မျှ ဝမ်းမြောက်ကြသည်တကား။ ကမ္ဘာတစ်ဝန်းနိုင်ငံပေါင်း ၂၁၂ တွင်အရှိန်အဟုန်ပြင်းပြင်းနှင့် အလျင်အမြန်စုသိမ်းနေသည်နှင့်အမျှ အထက်ပါကိန်းဂဏန်းမှာ လွန်ခဲ့သောဆယ်နှစ်အတွင်း ၇၇ ရာနှုန်းတိုးတက်သည့်မှတ်တိုင်ဖြစ်သည်။ ၁၅ နှစ်ကြာပြီးနောက် နှစ်ခြင်းခံသူအများဆုံးအရေအတွက်ဖြစ်သည့် ၃၀၁၅၁၈ ဦးသို့ရောက်ရှိခဲ့သည်။ စည်းဝေးပွဲကြီးအများအပြား၌ နှစ်ခြင်းခံသည့်အရေအတွက် ထူးထူးခြားခြားများပြားမှုအချို့ရှိခဲ့သည်။ အထူးသဖြင့်အရှေ့ဥရောပတိုက်မှ သက်သေခံများတက်ရောက်သည့် စည်းဝေးပွဲကြီးများ၌ဖြစ်သည်။ ထိုသူတို့တွင် လူငယ်အများအပြားပါဝင်နေသည့်အချက်က ဘာသာတရားသည် အသက်ကြီးသောမျိုးဆက်နှင့်အတူ တိမ်ကောပျောက်ကွယ်သွားမည်ဟူသောအဆိုမမှန်ကြောင်း ချေဖျက်ပစ်လိုက်သည်။

၉။ (က) သားသမီးများအားမိဘများ ငယ်ငယ်ရွယ်ရွယ်မှစ၍လေ့ကျင့်ပေးခြင်းမှ အဘယ်ဝမ်းမြောက်ဖွယ် အကျိုးရလဒ်ရရှိနေသနည်း။ (ခ) ဤအချက်ကိုထောက်ခံသည့် အဘယ်ဒေသန္တရ သို့မဟုတ် အခြားသောတွေ့ကြုံမှုများရှိသနည်း။

၉ “ဖြောင့်မတ်သောသူတို့ [ယေဟောဝါ] ၌ဝမ်းမြောက်ရွှင်လန်းစွာ သီချင်းဆိုကြလော့” ဟူသောဆာလံ ၃၂:၁၁ မှဖိတ်ခေါ်ချက်ကို လူငယ်လူရွယ်အမြောက်အမြား လက်ခံတုံ့ပြန်လျက်ရှိကြသည်။ မိဘအများသည် မိမိတို့သားငယ်သမီးငယ်တို့ကို “နို့စို့သူငယ်အရွယ်” မှစ၍လေ့ကျင့်ပါဟူသောသြဝါဒကို လက်တွေ့လိုက်နာပုံရသည်။ (၂ တိမောသေ၃:၁၅) ငယ်ရွယ်နုနယ်သူများအတွက် ပြင်ဆင်ထုတ်ဝေထားသည့်စာပေနှင့်ကက်ဆက်ခွေတို့ကို ကောင်းမွန်စွာအသုံးပြုခဲ့ကြသည်။ ဤကလေးသူငယ်များ ကျောင်းတက်သည့်အခါ သူတို့သည်များမကြာမီကောင်းစွာ သက်သေခံကြသည်။ ဥပမာအားဖြင့်၊ ရှစ်နှစ်သမီးဂျပန်မိန်းကလေးတစ်ယောက် အောက်ပါအတိုင်းပြန်ပြောပြခဲ့သည်။ “နွေရာသီကျောင်းပိတ်ရက်ပြီးတဲ့နောက်၊ ကျွန်မဟာဆရာမဆီသွားပြီး ‘ကျောင်းပိတ်ရက်အတွင်းမှာ ဆရာမဖခင်ရဲ့သင်္ချိုင်းကိုသွားသလား’ လို့မေးတော့ ဆရာမက ‘သွားတာပေါ့၊ ဆရာမဖေဖေဟာအင်မတန်သနားကြင်နာမှုပြည့်ဝတာ၊ ဒါကြောင့်ဆရာမတစ်နှစ်မှမပျက်ဘဲသူ့သင်္ချိုင်းကို နှစ်တိုင်းသွားတယ်’ ဟုပြန်ဖြေသည်။ ကျွန်မကလည်း ‘ဆရာမကသာသမ္မာကျမ်းစာကိုလေ့လာပြီး ဘုရားသခင့်သွန်သင်ချက်အတိုင်းလိုက်မယ်ဆိုရင် ဆရာမရဲ့မေတ္တာပြည့်ဝတဲ့ဖေဖေကို မြေကြီးပရဒိသုမှာ ပြန်တွေ့နိုင်မှာ’ လို့ပြောပြတယ်။ အဲ့ဒီနောက် ကျွန်ုပ်၏ကျမ်းစာပုံပြင်စာအုပ် ကိုပေးလိုက်တယ်။ အခုဆိုရင်ဆရာမဟာ နေ့လည်စာစားချိန်မှာတစ်ပတ်ကို အဲ့ဒီစာအုပ်ကနေအခန်းတစ်ခန်းကျ တစ်ခန်းလုံးကိုဖတ်ပြတယ်။”

၁၀။ ။Young People Ask စာအုပ်က အဘယ်ကောင်းမြတ်သောရည်ရွယ်ချက်ကို ပြည့်ဝစေသနည်း။ ဥပမာအချို့ကားအဘယ်နည်း။

၁၀ ဆယ်ကျော်သက်လူငယ်များသည် ကိုယ်ပိုင်လေ့လာမှုအတွက်လည်းကောင်း၊ အခြားလူငယ်များအား သက်သေခံရာတွင်လည်းကောင်း Questions Young People Ask—Answers That Work စာအုပ်ကိုကောင်းစွာ အသုံးပြုခဲ့ကြသည်။ မိဘတို့လည်းဤစာအုပ်ကို အထူးလေးမြတ်ကြသည်။ ဆွစ်ဇာလန်နိုင်ငံမှ ညီအစ်မတစ်ဦးသည် အရံရှေ့ဆောင်အဖြစ် နာမည်စာရင်းပေးသွင်းပြီးနောက် သူ့ကလေး၏ကျောင်းနေဖက်တို့၏မိဘတို့ထံ သွားလည်ပတ်ရန်ဆုံးဖြတ်သည်။ ဤသို့ဖြင့်မိဘဖြစ်သူများစွာတို့နှင့် ကောင်းစွာဆွေးနွေးနိုင်သည့် လမ်းစပွင့်လာသည့်အပြင်စာအုပ် (များသောအားဖြင့် Young People Ask) ၂၀ နှင့်မဂ္ဂဇင်း ၂၇ စောင်ဝေငှနိုင်ခဲ့သည်။ ထရင်နိဒက်နိုင်ငံမှ ကျောင်းသူလေးတစ်ယောက်သည် ကျောင်း၌ဆရာဖြစ်သူအား ယင်းစာအုပ်ဝေငှသည့်အခါ သူမ၏မိခင်သည်လိုက်၍လက်စသတ်ပေးရာ ဝန်ထမ်း ၃၆ ယောက်အားယင်းစာအုပ် ၂၅ အုပ်ဝေငှခဲ့သည်။ နောင်တစ်လ၌လည်း ဆက်လက်၍ပုဂ္ဂိုလ်ရေးအရ သိကျွမ်းသည့်မိဘဖြစ်သူတို့အား အထူးတလည်ဂရုစိုက်လည်ပတ်ခဲ့ရာ စာအုပ်နောက်ထပ် ၉၂ အုပ်ဝေငှနိုင်ခဲ့သည့်အပြင် ကျမ်းစာသင်အံမှုအသစ်များလည်း စနိုင်ခဲ့သည်။ ကိုရီးယားနိုင်ငံ၌ အလယ်တန်းပြဆရာတစ်ယောက်သည် Young People Ask စာအုပ်ကိုအသုံးပြု၍ “ကျွန်တော့်အဆင့်ကိုတိုးတက်အောင် မည်သို့ပြုလုပ်နိုင်သနည်း” နှင့် “ဆရာနှင့်အဆင်ပြေစွာမည်သို့ ဆက်ဆံနိုင်သနည်း” ဟူသော အကြောင်းအရာများကိုမှီး၍ ဟောပြောချက်တိုကလေးများပေးပြီးနောက် ယင်းစာအုပ်ကိုယူလိုလျှင်ယူရန် တင်ပြသည်။ ကျောင်းသားများ ၃၉ အုပ်ယူပြီးနောက် မိဘအချို့ကမကျေမနပ်တိုင်တန်းကြသည်။ သို့သော်လည်း ကျောင်းအုပ်ဆရာဖြစ်သူက ယင်းစာအုပ်ကိုစစ်ဆေးကြည့်ပြီးနောက် “ထူးဆန်းအံ့သြစရာ” ဟုဆိုကာ သူ့သမီးအတွက် တစ်အုပ်မှာယူခဲ့သည်။

အမွန်မြတ်ဆုံးပညာရေး

၁၁၊ ၁၂။ ကင်းမျှော်စင်အသင်းမှထုတ်ဝေသော စာပေများသည် အကောင်းဆုံးပညာအတွက် အထောက်အကူပြုကြောင်း အဘယ်သက်သေခံချက်အချို့ရှိသနည်း။

၁၁ ကျွန်ုပ်တို့မဂ္ဂဇင်းများ၏ ပညာရေးတန်ဖိုးကိုလည်း လူအများတန်ဖိုးထားလေးမြတ်ကြသည်။ ဥပမာအနေနှင့် အမေရိကန်ပြည်မှ စာသင်ကျောင်းတစ်ကျောင်းက အတန်းများတွင်အသုံးပြုရန်အတွက် ၁၉၉၀၊ ဇူလိုင် ၂၂ ရက်ထုတ် နိုးလော့ (အပြင်းစားကိုကင်းစွဲခြင်းအကြောင်း ဖော်ထုတ်ခြင်း) စောင်ရေ ၁၂၀၀ မှာယူခဲ့သည်။ ထိုမျှမက၊ ကျောင်းတွင်ယေဟောဝါသက်သေများကလေးတို့၏ စံပြုလောက်သောအကျင့်ကလည်း ကောင်းစွာအကျိုးသက်ရောက်မှုရှိသည်။ ထိုင်းနိုင်ငံမှဆူညံသောအတန်းတစ်တန်းတွင်ဆရာမသည် ၁၁ နှစ်အရွယ်ရှိ ရာချာကို အတန်းရှေ့သို့ခေါ်ထုတ်ကာသူ့အကျင့်ကို အောက်ပါအတိုင်းချီးမွမ်းပြောဆိုခဲ့သည်။ “မင်းတို့လေးတွေဘာကြောင့်သူ့ကို အတုမယူကြတာလဲ။ သူဟာစာလည်းကြိုးစားတယ်။ အကျင့်လည်းကောင်းတယ်။” “ကဲမင်းတို့လေးတွေ ရာချာလိုအကျင့်ကောင်းလာဖို့ အားလုံးယေဟောဝါသက်သေဖြစ်ဖို့လိုမယ်လို့ ဆရာမထင်တယ်” ဟူ၍ ထပ်ဆင့်ပြောဆိုခဲ့သည်။—⁠သု၊ ၁:၈။ ၂၃:၂၂၊ ၂၃ နှင့်နှိုင်းယှဉ်။

၁၂ ဒိုမီနီကန်သမ္မတနိုင်ငံမှ ညီအစ်မလေးတစ်ဦး အောက်ပါအတိုင်းစာရေးခဲ့သည်။ “ကျွန်မလေးနှစ်သမီးအရွယ်မှာ အရေးအဖတ်သင်ကြားပေးတဲ့ ဘာသာရေးမူကြိုကျောင်း အောင်ခါနီးအချိန်ဖြစ်တယ်။ ကျွန်မဟာဆရာမဖြစ်သူမယ်သီလကို သင်သည်ကမ္ဘာ့ပရဒိသုအတွင်း ထာဝစဉ်အသက်ရှင်နိုင်သည် စာအုပ်ကိုအမှာစာရေးပြီး မေတ္တာလက်ဆောင်ပေးလိုက်တယ်။ အမှာစာမှာ ‘ကျွန်မကိုအရေးအဖတ်သင်ပေးတဲ့အတွက် သိပ်ကျေးဇူးတင်ပါတယ်။ ဆရာမလည်းကျွန်မရဲ့ဘာသာတရားကိုနားလည်ပြီး၊ ဒီကမ္ဘာကြီးပရဒိသုဖြစ်လာတဲ့အခါမှာ ထာဝစဉ်အသက်ရှင်ဖို့ ကျွန်မမျှော်လင့်သလို မျှော်လင့်ခြင်းရှိပါစေလို့ ဆန္ဒပြုလိုက်ပါတယ်’ လို့ပါရှိတယ်။ အဲ့ဒီအတွက်ကြောင့် ကျွန်မကျောင်းထုတ်ခံလိုက်ရတယ်။ ကိုးနှစ်ကြာပြီးနောက် အဲ့ဒီဆရာမနဲ့ပြန်ဆုံးဆည်းခွင့်ရခဲ့တယ်။ ဆရာမကဘုန်းကြီးဖြစ်သူ အမျိုးမျိုးအတိုက်အခံလုပ်တဲ့ကြားက ဒီစာအုပ်ကိုဖတ်ဖြစ်အောင်ဖတ်ခဲ့ကြောင်း၊ မြို့တော်ကိုပြောင်းသွားပြီးနောက် သက်သေခံတစ်ဦးနဲ့ ကျမ်းစာသင်ဖို့စီစဉ်နိုင်ခဲ့ကြောင်း ပြန်ပြောပြတယ်။ သူမဟာကျွန်မနဲ့အတူ ‘စင်ကြယ်သောဘာသာစကား’ ခရိုင်စည်းဝေးပွဲကြီးမှာ နှစ်ခြင်းခံခဲ့တယ်။” ပရောဖက်ပြုထားသည့်အတိုင်း “နို့စို့သူငယ်တို့နှုတ်ထဲမှ” ပင်ဉာဏ်ပညာထွက်လာနိုင်ပေသည်တကား။—⁠မဿဲ ၂၁:၁၆။ ဆာလံ ၈:၁၊ ၂။

၁၃။ ရှောလမုန်၏သြဝါဒစကားကို ဆယ်ကျော်သက်အများက မည်သို့တုံ့ပြန်နေကြသနည်း။ တစ်ကမ္ဘာလုံးမှရရှိသောမှတ်တမ်း၌ ဤအချက်မည်သို့ထင်ဟပ်နေသနည်း။

၁၃ ရှောလမုန်သည်အောက်ပါဆုံးမစကား မြွက်ကြားခဲ့သည်။ “အချင်းလူပျို၊ အသက်ပျိုသောအခါ ပျော်မွေ့လော့။ အသက်ပျိုစဉ်ကာလတွင် စိတ်ရွှင်လန်းခြင်းရှိလော့။ ကိုယ်အလိုရှိရာလမ်းနှင့် ကိုယ်ဉာဏ်ပြသောလမ်းသို့လိုက်လော့။” (ဒေသနာ ၁၁:၉) ယနေ့ယေဟောဝါသက်သေတို့၏ကလေးအများသည် ဤဆုံးမစကားကိုလိုက်နာလျက် သူတို့၏ဆယ်ကျော်သက်အရွယ်ကိုအသုံးပြု၍ ယေဟောဝါအမှုတော်ကို အချိန်ပြည့်ထမ်းဆောင်မည့်အသက်တာအတွက် ပြင်ဆင်ကြပြီး ကျောင်းပြီးသည့်အခါ သက်မွေးမှုလုပ်ငန်းတစ်ကါတို့တွင် အကြီးမြတ်ဆုံးဖြစ်သော ဤလုပ်ငန်းသို့ ခြေစုံပစ်ဝင်ရောက်ကြသည်ကိုတွေ့ရသည်မှာ နှစ်ထောင်းအားရဖွယ်ကောင်းလှသည်။ ရှေ့ဆောင်ဦးရေသည် အဆက်မပြတ်လျင်မြန်စွာတိုးပွားနေရာ ၁၉၉၀ ခုနှစ်အတွင်း ၈၂၁၁၀၈ ဦးမှတ်တမ်းသွင်းသည်။ ကြေညာသူစုစုပေါင်း၏ ၂၁ ရာနှုန်းဖြစ်သော ဗေသလတွင်အမှုထမ်းသည့် ၁၁၀၉၂ ယောက်သောညီအစ်ကို၊ ညီအစ်မများနှင့်အတူဖြစ်သည်။

၁၄။ ညီအစ်မများမည်သို့ ကူညီပံ့ပိုးပေးနေကြသနည်း။ သူတို့အဘယ်ချီးကျူးခြင်း ခံထိုက်သနည်း။

၁၄ အမေရိကန်ပြည်ထောင်စုကဲ့သို့သော တိုင်းပြည်အများတွင် ရှေ့ဆောင်ကြေညာသူအားလုံးပေါင်း၏ ၇၅ ရာနှုန်းခန့်သည် ညီအစ်မများဖြစ်သည်မှာ စိတ်ဝင်စားစရာကောင်းသည်။ “[ယေဟောဝါ] သည်အမိန့်တော်ရှိ၍ သတင်းကောင်းကိုကြားပြောသောမိန်းမတို့သည် အလွန်များကြပါ၏” ဟူသော ဆာလံ ၆၈:၁၁ မှစကားကိုပို၍အားကောင်းစေသည်။ ကျွန်ုပ်တို့၏ညီအစ်မများသည် လယ်ကွင်းလုပ်ငန်းတွင် ကျယ်ကျယ်ပြန့်ပြန့်ပါဝင်လုပ်ဆောင်နေခြင်းအတွက် ချီးမွမ်းစရာကောင်းသည်။ အိမ်တွင်းကျမ်းစာသင်အံမှုများ၌ ကျွမ်းကျင်စွာသင်ကြားပေးခြင်းဖြင့် လူအမြောက်အမြားတို့ကို သမ္မာတရားသို့ပို့ဆောင်နေကြသည်။ ထို့ပြင်အသင်းတော်တာဝန်များစွာယူထားသည့် ခင်ပွန်းဖြစ်သူအား သစ္စာရှိရှိထောက်ခံအားပေးသည့် အိမ်ထောင်သည်ညီအစ်မများသည်လည်း လှိုက်လှဲစွာချီးမွမ်းထိုက်ပေသည်။—⁠သု၊ ၃၁:၁၀-၁၂။ ဧဖက် ၅:၂၁-၂၅၊ ၃၃။

သမ္မာကျမ်းစာပညာ ရှင်သန်ဖွံ့ဖြိုး

၁၅။ (က) ကမ္ဘာ့မှတ်တမ်း၌ပါရှိသော တိုင်းနိုင်ငံအချို့သည် အိမ်တွင်းကျမ်းစာသင်အံမှုလုပ်ငန်း၌ မည်သို့ထူးကဲသနည်း။ (ခ) ကျမ်းစာသင်အံမှုသည် မည်သို့အကျိုးပြုနိုင်ပုံကို ထင်ရှားစေသည့် အဘယ်တွေ့ကြုံမှုများကို ပြောပြနိုင်သနည်း။

၁၅ သမ္မာကျမ်းစာပညာရေးလုပ်ငန်းသည် ရှင်သန်ဖွံ့ဖြိုးလျက်ရှိရာ ကမ္ဘာတစ်ဝန်းတွင် လစဉ်ဖျမ်းမျှခြင်းသင်အံမှုပေါင်း ၃၆၂၄၀၉၁ ခုကျင်းပနေသည်။ ကမ္ဘာ့တစ်ဖက်ထိပ်ခြမ်းရှိ အရပ်ဒေသများမှလာသော သတင်းတစ်ပုဒ်အရ သမ္မာကျမ်းစာမှသမ္မာတရားသည် လူတို့၏ဥပဓိရုပ်ကို ပြောင်းလဲပေးနိုင်သည်။ ၁၉၈၇ ခုနှစ်ဇန္နဝါရီလဆန်းပိုင်း၌ အမျိုးသားတစ်ဦးသည် လုယက်မှုနှင့်အတုအပလုပ်မှုဖြင့် ထောင်ဒဏ် ၂၅ လကျခံပြီးနောက် ဩစတြေးလျနိုင်ငံမှနယူးဇီလန်နိုင်ငံသို့ ပြည်နှင်ဒဏ်ခတ်ခံရသည်။ ထိုသူသည်မူးယစ်ဆေးစွဲနေပြီး၊ ၁၇ နှစ်ကျော်ကြာ မူးယစ်ဆေးဝါးသယ်ပိုးရောင်းချခဲ့သည်။ နောက်တစ်နှစ်တွင်သူ့မိန်းမသည် ယေဟောဝါသက်သေတို့နှင့် သမ္မာကျမ်းစာစတင်သင်အံသည်။ သူမကျမ်းစာအသိပညာတိုးတက်လာသည့်အခါ သူမ၏အကျင့် ထူးထူးခြားခြားပြောင်းလာသည်ကို သူသတိပြုမိသည်။ သူမသည်သာ၍ကောင်းသောဇနီး၊ သာ၍ကောင်းသောမိခင်ဖြစ်လာသည်။ သူ့မိန်းမ၏တိုက်တွန်းမှုဖြင့် ၁၉၈၉ ခုနှစ်ဇွန်လတွင် တိုက်နယ်စည်းဝေးတစ်ခုတက်ရောက်သည်။ ယခုအခါသူသည် အိမ်တွင်းကျမ်းစာသင်အံမှုကို လက်ခံပြီး သူ၏ပုံပန်းအသွင်အပြင်နှင့် ဘဝပုံစံဘက်တွင် အကြီးအကျယ်ပြောင်းလဲလာသည်ကို စတင်မြင်တွေ့လာရသည်။ မိသားစုခုနစ်ယောက်စလုံး စည်းဝေးစတင်တက်လာသည်။ သူသည်ဧဖက် ၄:၁၇-၂၄ မှပေါလု၏ကောင်းမြတ်လှသော ဩဝါဒကိုလိုက်နာသူတစ်ဦးအနေနှင့် ၁၉၉၀ ခုနှစ်ဇန္နဝါရီလ၌ နှစ်ခြင်းခံလိုက်သည်။

၁၆။ (က) ၁၉၉၀ ခုနှစ်သတိရအောက်မေ့ဖွယ်မှတ်တမ်းသည် အဘယ်သို့ဝမ်းမြောက်စရာ အကြောင်းဖြစ်သနည်း။ (ခ) အဘယ်အပူတပြင်းဆောင်ရွက်စရာကို တွေ့ရသနည်း။ အကူအညီပေးရန် ကျွန်ုပ်တို့မည်သို့ အားထုတ်သင့်သနည်း။

၁၆ နှစ်ချုပ်မှတ်တမ်း၏ထူးခြားချက်တစ်ရပ်မှာ ၁၉၉၀ ခုနှစ်ဧပြီလ ၁၀ ရက်၊ အင်္ဂါနေ့တွင်ကျင်းပခဲ့သည့် သတိရအောက်မေ့ပွဲ၌ တက်ရောက်သူ ၉၉၅၀၀၅၈ ဦးစံချိန်တင်ခဲ့ခြင်းဖြစ်သည်။ ၂၁၂ နိုင်ငံမှ ၇၀ ကျော်သည် သူတို့၏အများဆုံးကြေညာသူအရေအတွက်ထက် တက်ရောက်သူသုံးဆများကြောင်း မှတ်တမ်းပို့ခဲ့ကြသည်။ ဥပမာ၊ ပိတ်ပင်ခြင်းကြားမှ စုစုပေါင်းအများဆုံး ကြေညာသူအရေအတွက် ၆၂၇၁၂ ဦးရှိသောအာဖရိကခုနစ်နိုင်ငံသည် သတိရအောက်မေ့ပွဲတက်ရောက်သူ ၂၀၄၃၅၆ ဦးမှတ်တမ်းသွင်းခဲ့သည်။ ပစ်ခတ်တိုက်ခိုက်နေသောလိုက်ဘီးရီးယား၏ကြေညာသူ ၁၉၁၄ ဦးသည်အောက်မေ့ရာပွဲတော်တွင် ၇၈၁၁ ဦးတက်ရောက်သောကြောင့် ဝမ်းမြောက်ကြသည်။ အများဆုံးကြေညာသူအရေအတွက် ၆၄၂၇ ဦးရှိသော ဟေတီနိုင်ငံသည် တက်ရောက်သူ ၃၆၅၅၁ ဦးမှတ်တမ်းသွင်းခဲ့သည်။ ကြေညာသူ ၈၈၆ ဦးရှိသော မိုက်ကရိုနီးရှားကျွန်းစု၌ ၃၉၅၈ ဦးတက်ရောက်ခဲ့သည်။ သီရိလင်္ကာနိုင်ငံ၏ကြေညာသူ ၁၂၉၈ ဦးသည်တက်ရောက်သူ ၄၅၂၁ ဦးမှတ်တမ်းသွင်းခဲ့သည်။ ကြေညာသူ ၇၃၇၂၉ ဦးရှိသောဇမ်ဘီယာနိုင်ငံတွင် ပွဲတော်တက်ရောက်သူ ၃၂၆၉၉၁ ဦးရှိခဲ့ပြီး၊ ဇမ်ဘီယာလူဦးရေ ၂၅ ဦးတွင်ကြေညာသူတစ်ဦးနှင့် အချိုးညီလေသည်။ ကမ္ဘာတစ်ဝန်းမှရရှိသောမှတ်တမ်းအရ သိုးခြံအတွင်းသို့စုသိမ်းရန်စောင့်ဆိုင်းနေသော ရိုးဖြောင့်သောသူ သန်းပေါင်းများစွာရှိနေကြောင်း ထပ်မံထင်ရှားစေသည်။ စိတ်ဝင်စားသောဤသူတို့၌ ခိုင်ခန့်သောယုံကြည်ခြင်းတည်ဆောက်ပေးနိုင်ရေးအတွက် ကျွန်ုပ်တို့၏အိမ်တွင်းကျမ်းစာသင်အံမှုကို တိုးပွားလာအောင်၊ သင်ကြားမှုအရည်အချင်း တိုးတက်အောင် ပြုလုပ်နိုင်ပါသလော။ သူတို့တစ်တွေလည်း ကျွန်ုပ်တို့နှင့်အတူတက်ကြွစွာပေါင်းသင်းသူများ၊ ယေဟောဝါအားချီးမွမ်းသူများ ဖြစ်လာစေလိုသည့်ဆန္ဒရှိသည်။ ဤကားသူတို့၏အသက်ရေးဖြစ်ပေသည်။—⁠ဆာလံ ၁၄၈:၁၂၊ ၁၃။ ယောဟန် ၁၇:၃။ ၁ ယောဟန် ၂:၁၅-၁၇။

ဝမ်းမြောက်မှုပြည့်ဝခြင်း

၁၇။ ကျွန်ုပ်တို့၏ဝမ်းမြောက်ခြင်းကို လက်လွတ်မဆုံးရှုံးသွားရအောင် ထိန်းသိမ်းစောင့်ရှောက်မည်ဟူသော ကျွန်ုပ်တို့၏သန္နိဌာန်ကို ပထမရာစုမှ အဘယ်စံနမူနာများက ခိုင်ခံ့စေသနည်း။

၁၇ မည်သို့သောစမ်းသပ်ခြင်းမျိုးရင်ဆိုင်ရစေကာမူ ကျွန်ုပ်တို့၏ဝမ်းမြောက်ခြင်း လက်လွတ်ဆုံးရှုံးမသွားရအောင် ထိန်းသိမ်းစောင့်ရှောက်ရန် သန္နိဌာန်ချကြပါစို့။ သတေဖန်နည်းတူခက်ခက်ခဲခဲတွေ့ကြုံခံစားရမည် မဟုတ်သော်ငြားလည်း သူ၏စံနမူနာမှ ကျွန်ုပ်တို့ခွန်အားရယူနိုင်ပေသည်။ သူသည်စွပ်စွဲခြင်းခံရသော်လည်း အားရရွှင်လန်းသောစိတ်တည်ငြိမ်မှုကို ဆက်လက်ထိန်းသိမ်းထားနိုင်ခဲ့သည်။ “သူ၏မျက်နှာသည် ကောင်းကင်တမန်၏မျက်နှာကဲ့သို့ဖြစ်သည်” ကိုသူ့ရန်သူများတွေ့ရကြသည်။ သူအကြီးအကျယ်စမ်းသပ်ခံရစဉ် တစ်လျှောက်လုံးဘုရားသခင်သည် သူ့ဘက်၌ရပ်တည်တော်မူ၏။ သူသည် “သန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်” သဖြင့်အာဇာနည်ပီပီသေသည့်တိုင်အောင် ရဲရင့်စွာသက်သေခံခဲ့လေသည်။ ပေါလုနှင့်ဗာနဗတို့သည် သူတို့၏ဟောပြောခြင်းကို လူမျိုးခြားတို့ထံလှည့်ကြသည့်အခါ ထိုလူမျိုးခြားတို့သည် “ဝမ်းမြောက်၍ ထာဝရဘုရား [ယေဟောဝါ၊ NW] ၏နှုတ်ကပတ်တရားတော်ကို ချီးမွမ်းကြ၏။” နှိပ်စက်ခြင်း ခေါင်းထောင်ပြန်လာသည်။ သို့သော်လည်းယုံကြည်လာသူတို့အား စိတ်ပျက်အားလျော့မသွားစေခဲ့ပေ။ “တပည့်တော်တို့သည် ဝမ်းမြောက်ခြင်းနှင့်လည်းကောင်း၊ သန့်ရှင်းသောဝိညာဉ်တော်နှင့်လည်းကောင်း ပြည့်ဝကြကုန်၏။” (တမန်တော် ၆:၁၅။ ၇:၅၅။ ၁၃:၄၈-၅၂၊ သမာကျမ်း) ကျွန်ုပ်တို့အားရန်သူများမည်သို့ပင်ပြုပြု၊ ဘဝတွင်နေ့စဉ်နှင့်အမျှ မည်သည့်စမ်းသပ်ခြင်းကို ရင်ဆိုင်ရရင်ဆိုင်ရ ကျွန်ုပ်တို့ပိုင်ဆိုင်သည့် သန့်ရှင်းသောဝိညာဉ်တော်ဆိုင်ရာဝမ်းမြောက်ခြင်းကို မည်သည့်အခါမျှ ပျက်ပြားခံမည်မဟုတ်ပေ။ “မျှော်လင့်လျက်ဝမ်းမြောက်ကြလော့။ ဆင်းရဲဒုက္ခရောက်သောအခါ သည်းခံကြလော့။ ဆုတောင်းပတ္ထနာပြုခြင်းအမှုကို အမြဲပြုကြလော့” ဟူ၍ပေါလု ဩဝါဒပေးထားသည်။—⁠ရောမ ၁၂:၁၂။

၁၈။ (က) ယေရုရှလင်မြို့သစ်ကား အဘယ်နည်း။ ဘုရားသခင့်လူမျိုးတော်အနေဖြင့် သူမနှင့်အတူအဘယ်ကြောင့် ဝမ်းမြောက်အပ်သနည်း။ (ခ) “ကောင်းကင်သစ်နှင့်မြေကြီးသစ်” သည်လူသားတို့အား မည်သို့ကောင်းချီးသက်ရောက်စေမည်နည်း။

၁၈ ယင်းမျှော်လင့်ချက်သည် အံ့ချီးဖွယ်ပါတကား။ လူမျိုးတော်အားလုံးအား ယေဟောဝါဤသို့ကြေညာတော်မူ၏။ “မိုးကောင်းကင်သစ်နှင့်မြေကြီးသစ်ကို ငါဖန်ဆင်းမည်။ အရင်မိုးကောင်းကင်နှင့် မြေကြီးကိုမအောက်မေ့ရ။ နှလုံးမမှတ်မိရ။ ငါဖန်ဆင်းလတံ့သောအရာကြောင့် သင်တို့သည်အစဉ်အမြဲ ဝမ်းမြောက်ရွှင်လန်းကြလိမ့်မည်။” သခင်ယေရှုခရစ်တော်သည် “ယေရုရှလင်မြို့သစ်” (ယခုအခါဘုရားသခင့် ကောင်းကင်အဖွဲ့အစည်းတော်၏မြို့တော် “အထက်ယေရုရှလင်မြို့”) မှစ၍ မြေကြီးပေါ်ရှိကမ္ဘာသစ်လူ့ဘောင်အဖွဲ့အစည်းတို့နှင့်တကွ လူသားတို့အားဝမ်းမြောက်ခြင်း အလျှံပယ်ဆောင်ကြဉ်းပေးတော်မူမည်။ (ဂလာတိ ၄:၂၆) လူသေများရှင်ပြန်ထမြောက်ခြင်း၊ နာခံမှုရှိသူအပေါင်းအား လူ့စုံလင်ခြင်းနှင့် ထာဝရအသက်သို့ မြှင့်တင်ပေးခြင်း၊ ပရဒိသုမြေကြီးပေါ်တွင်အကျိုးရှိရှိ၊ အားမာန်ပြည့်ပြည့်နှင့် ထာဝရအသက်ရှင်ခြင်းတို့သည် ခမ်းနားကြီးကျယ်သော မျှော်လင့်ချက်ဖြစ်သည့်အပြင် အထူးအားရရွှင်လန်းစရာအကြောင်းလည်း ဖြစ်ပေသည်။ ယေဟောဝါကိုယ်တော်တိုင်က ‘ယေရုရှလင်မြို့ကြောင့်ဝမ်းမြောက်၍ လူမျိုးတော်ကြောင့်ရွှင်လန်း’ တော်မူသကဲ့သို့ ကိုယ်တော့်ပရောဖက်ကလည်း ဘုရားသခင့်လူမျိုးတော်အား အောက်ပါအတိုင်းထပ်မံ၍ခေါ်ဖိတ်ထားသည်။ “ယေရုရှလင်မြို့ကိုချစ်သောသူအပေါင်းတို့ သူနှင့်အတူဝမ်းမြောက်ရွှင်လန်းကြလော့။ . . . သူနှင့်အတူဝမ်းမြောက်ကြလော့။” (ဟေရှာယ ၆၅:၁၇-၁၉၊ ၆၆:၁၀။ ဗျာဒိတ် ၁၄:၁၊ ၂၀:၁၂၊ ၁၃၊ ၂၁:၂-၄) “သခင်ဘုရား၌အစဉ်မပြတ်ဝမ်းမြောက်ခြင်းရှိကြလော့။ တစ်ဖန်ငါဆိုသည်ကား၊ ဝမ်းမြောက်ကြလော့” ဟူသောတမန်တော်ပေါလု၏ဆုံးမစကားကို နှလုံးသွင်းလျက်ဝမ်းမြောက်ခြင်းနှင့်လည်းကောင်း၊ သန့်ရှင်းသောဝိညာဉ်တော်နှင့်လည်းကောင်း ကျွန်ုပ်တို့အစဉ်ပြည့်ဝကြပါစေသတည်း။—⁠ဖိလိပ္ပိ ၄:၄။

ကျွန်ုပ်တို့၏ရွှင်လန်းခြင်းကို အကျဉ်းချုပ်ခြင်း

▫ အားရရွှင်လန်းသောခံနိုင်ရည်နှင့်ပတ်သက်၍ အဘယ်စံနမူနာကိုကျွန်ုပ်တို့အတွက် ယေရှုထားတော်မူခဲ့သနည်း။

▫ အပ်နှံပြီးသောအုပ်စုနှစ်စု အဘယ်ဝမ်းမြောက်စရာအကြောင်းရှိသနည်း။

▫ ယနေ့လူငယ်နှင့်လူကြီးများသမ္မာတရား၌ အဘယ်သို့အားရဝမ်းသာနေကြသနည်း။

▫ ၁၉၉၀ ခုနှစ်မှတ်တမ်းကိုထောက်ရှုလျှင် “ယေဟောဝါ၊ ကျေးဇူးပြု၍အောင်မြင်မှု ချီးမြှင့်သနားတော်မူပါ” ဟူသောဆုတောင်းချက်အတွက် မည်သည့်အဖြေရရှိသနည်း။

▫ ရွှင်လန်းဝမ်းမြောက်ခြင်းအပြည့်အဝကို အဘယ်အချိန်နှင့်အဘယ်သို့ရရှိမည်နည်း။

[စာမျက်နှာ ၁၉ ပါ ရုပ်ပုံ]

သခင်ခရစ်တော်ဖွားမြင်တော်မူခြင်းကို “အလွန်ဝမ်းမြောက်ဝမ်းသာစရာသတင်းကောင်း” ဟူ၍ယေဟောဝါ၏ကောင်းကင်တမန်က ကြေညာခဲ့သည်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ