စင်ကြယ်သော ဘာသာစကား—ကိုးကွယ်သူလူအုပ်ကြီးကို စည်းလုံးစေခြင်း
ဘုရားပေးစင်ကြယ်သောဘာသာစကားသည် ခရစ်ယာန်စည်းလုံးညီညွတ်မှုအတွက် အင်အားတစ်ရပ်ဖြစ်သည်။ ၁၉၉၀ ခုနှစ်ဇူလိုင်လ ၂၄-၂၇ ရက်အတွင်းအနောက်ဘာလင်မြို့တွင် ကျင်းပခဲ့သည့်ယေဟောဝါသက်သေများ၏စည်းဝေးကြီးကို တက်ရောက်သူအားလုံး ထိုသက်သေသာဓကကို မျက်ဝါးထင်ထင်တွေ့မြင်ခဲ့ကြရသည်။ အကြောင်းမှာ၊ ထိုစည်းဝေးပွဲကြီးသို့ သီးခြား ၆၄ နိုင်ငံမှသက်သေခံများတက်ရောက်ခဲ့ကြ၍ဖြစ်သည်။
“ဘုရားရေးရာဆက်ကပ်အပ်နှံခြင်း” ခရိုင်စည်းဝေးပွဲကြီးများကို ပိုလန်နိုင်ငံတွင် ၁၉၈၉ ခုနှစ်နွေရာသီအတွင်းကျင်းပခဲ့စဉ်က ရုရှားနှင့်ချက်ကိုစလိုဗက်ကီးယားနိုင်ငံတို့မှကိုယ်စားလှယ်ထောင်ပေါင်းများစွာတက်ရောက်ခဲ့ကြသော်လည်း အရှေ့ဂျာမနီနိုင်ငံမှ ရာပေါင်းအနည်းအကျဉ်းမျှသာတက်ရောက်ခဲ့ကြသည်။ ထိုအချိန်မှစ၍ နိုင်ငံရေးဘက်တွင် အခြေအနေမည်မျှပြောင်းလဲခဲ့ပြီတကား။ ဤတစ်ကြိမ်၌ အရှေ့ဂျာမနီမှ ကိုယ်စားလှယ်ခန့်မှန်းခြေ ၃၀၀၀၀ ခန့်သည် အနောက်ဘာလင်မြို့ရှိအိုလံဗီယာအားကစားရုံကြီးတွင် သက်သေခံတို့နှင့်တွေ့ဆုံစည်းဝေးခဲ့ကြသည်။ ထိုစည်းဝေးပွဲကြီးမှာ ကမ္ဘာ့အခြားဒေသများတွင် ကျင်းပခဲ့သည့်ရာပေါင်းများစွာသောစည်းဝေးပွဲကြီးများ၏နမူနာတစ်ခုဖြစ်သည်။
ဝမ်းမြောက်ဝမ်းသာကြိုဆိုလက်ခံသည့်အဖွင့်မိန့်ခွန်း၌ သဘာပတိဖြစ်သူက ယေဟောဝါသက်သေများစင်ကြယ်သောဘာသာစကားပြောခြင်း၌ တိုးတက်အောင်ကူညီပေးရာတွင် ၁၉၁၉ ခုနှစ်မှစ၍ စည်းဝေးပွဲကြီးများထမ်းဆောင်ခဲ့သည့်အခန်းကဏ္ဍအကြောင်းကို ပြန်ပြောင်းပြောပြသည်။ ဤစည်းဝေးပွဲကြီးသည်လည်း တက်ရောက်သူအားလုံးကို စင်ကြယ်သောဘာသာစကားပြောဆိုသည့်အစွမ်းတိုးတက်စေရန်နှင့် ထိုအတိုင်းအသက်ရှင်စေရန်ပံ့ပိုးကူညီပေးပါလိမ့်မည်။ ယေဟောဝါ၏လူမျိုးတော်သည် စင်ကြယ်သောဘာသာစကားပြောခြင်း၌ မိမိတို့တိုးတက်ကြောင်းကို မိမိတို့၏ဝတ်စားဖီးလိမ်းပုံနှင့်ပြုမူကျင့်ကြံပုံတို့အားဖြင့် ထင်ရှားစေကြရန် ရွှေပွဲလာတို့အားသဘာပတိကသတိပေးနှိုးဆော်သွားသည်။
“လူမျိုးအပေါင်းအတွက်စင်ကြယ်သောဘာသာစကား”
လျောက်ပတ်စွာဖြင့် စည်းဝေးပွဲကြီး၏အဓိကဟောပြောချက်ကို အထက်ပါခေါင်းစဉ်ဖြင့်ဟောပြောတင်ပြသွားသည်။ ဇေဖနိ ၃:၉ ကိုမူတည်ထားသည်။ ထိုတွင်အောက်ပါအတိုင်းဘုရားသခင်ကတိပေးထား၏။ “အကယ်စင်စစ် လူမျိုးအပေါင်းတို့သည် ထာဝရဘုရား၏အမှုတော်ကိုတညီတညွတ်တည်းဆောင်ရွက်မည်အကြောင်း၊ နာမတော်ကို ပတ္ထနာပြုစေခြင်းငှာ သန့်ရှင်း [စင်ကြယ်] သောဘာသာစကားကို သူတို့အားငါပြန်ပေးမည်။” စင်ကြယ်သောဘာသာစကား၌ ဘုရားသခင်နှင့်ကိုယ်တော့်ရည်ရွယ်တော်မူချက်တို့နှင့်ပတ်သက်သော သမ္မာတရားကို မှန်မှန်ကန်ကန်နားလည်၍လေးမြတ်ခြင်းအကျုံးဝင်သည်။ ယေဟောဝါတစ်ပါးတည်းသာ မိမိ၏သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ယင်းကိုစီစဉ်ပေးနိုင်ပေသည်။ စင်ကြယ်သောဘာသာစကားကို သင်ကြားခြင်းအတွက် လှုံ့ဆော်ပေးသည့်အရာမှာ သမ္မာတရားကိုချစ်မြတ်နိုးခြင်းဖြစ်ရပေမည်။ စင်ကြယ်သောဘာသာစကားသည် သီလရေးညစ်ညမ်းခြင်းအားလုံးနှင့်ကင်းစင်သည်။
ထိုမျှမက၊ စင်ကြယ်သောဘာသာစကားပြောခြင်းဆိုသည်မှာ ဝေါဟာရအသုံးအနှုန်းအချို့လောက်ကိုသုံးနှုန်းခြင်းမျှသာမဟုတ်ဘဲ၊ ကျွန်ုပ်တို့၏အသက်တာလမ်းစဉ်သည် ကျွန်ုပ်တို့နှုတ်မှထွက်သည့်စကားများနှင့်ကိုက်ညီရပေမည်။ စင်စစ်ဆိုလျှင် လေယူလေသိမ်း၊ မျက်နှာအနေအထားနှင့်ကိုယ်ဟန်အမူအရာတို့သည်လည်းအရေးကြီးသည်။ အဘယ်ကြောင့်ဆိုသော်၊ ၄င်းတို့သည်ကျွန်ုပ်တို့၏အတွင်းသဘောကိုထင်ဟပ်ပေါ်လွင်စေသောကြောင့်ဖြစ်သည်။ တိုးတက်ကျယ်ပြန့်နေသည့်စင်ကြယ်သောဘာသာစကားနှင့်အမှီလိုက်နိုင်ရေးအတွက် ကျွန်ုပ်တို့သည်သင့်တော်သောလေ့လာမှုအစီအစဉ်ရှိရမည့်အပြင် အသင်းတော်စည်းဝေးအားလုံးကိုလည်းမှန်မှန်မပျက်မကွက်တက်ရောက်ရပေမည်။
စင်ကြယ်သောဘာသာစကားကိုသင်ယူခြင်း
ကြာသပတေးနေ့မွန်းလွဲပိုင်းဟောပြောချက်တစ်ခု အလေးအနက်တင်ပြသွားသည့်အတိုင်း စင်ကြယ်သောဘာသာစကားပြောခြင်းဆိုရာမှာ “အခြေခံမှရင့်ကျက်ခြင်းသို့” တက်လှမ်းခြင်းကိုဆိုလိုသည်။ ဝိညာဉ်ရေးတိုးတက်နေလိုပါက ကြီးပွားတိုးတက်ခြင်းမရှိမဖြစ်ပေ။ ဆိုလိုသည်မှာဝိညာဉ်ရေးတိုးတက်မှုအတွက်ပြင်ဆင်ပေးရာအားလုံးမှ အကျိုးကျေးဇူးအပြည့်အဝရယူ၍ သမ္မာကျမ်းစာအခြေခံမူများကို နေ့စဉ်ကျင့်သုံးရမည်ဖြစ်သည်။
စင်ကြယ်သောဘာသာစကားကို ကျင်လည်စွာပြောဆိုနိုင်ရန်အတွက် ကျွန်ုပ်တို့သည်စနေနေ့နံနက်ပိုင်းမှအခန်းဆက်ဟောပြောချက်တို့၏ခေါင်းစဉ်အတိုင်း “ယေဟောဝါ၏သွန်သင်ခြင်းခံရ” ဖို့လိုသည်။ ပထမဟောပြောသူက ဤအကြောင်းနှင့်ပတ်သက်၍ ‘ယေရှုခရစ်သာဓကပြခဲ့’ ပုံအကြောင်းတင်ပြသည်။ ယေရှုသည် ယေဟောဝါ၏သွန်သင်ခြင်းခံရကြောင်းကို ကိုယ်တော်၏အဟောအပြောနှင့်အပြုအမူတို့၌ တင်ရှားစွာတွေ့မြင်ရသည်။ ထို့ကြောင့်ကျွန်ုပ်တို့သည် ကိုယ်တော်၏သွန်သင်ပုံကိုအတုယူလိုကြသည်။ ယေရှုသည်ခမည်းတော်၏အလိုတော်အတိုင်းအမြဲလိုက်သကဲ့သို့ ကျွန်ုပ်တို့လည်းလိုက်ရကြမည်။
နောက်ဟောပြောသူသုံးဦးက စည်းဝေးများနှင့်စည်းဝေးပွဲကြီးများအားဖြင့်ယေဟောဝါသွန်သင်ပုံကို အသီးသီးတင်ပြသွားကြသည်။ ကျွန်ုပ်တို့သည် အသင်းတော်စည်းဝေးငါးခုစလုံးမှ အကျိုးကျေးဇူးရရှိကြသည်ဖြစ်ရာ တစ်ခုကိုမျှမပျက်ကွက်သင့်ပေ။ စည်းဝေးတိုင်းသည် ကျွန်ုပ်တို့၏ဝိညာဉ်ရေးတိုးတက်မှုအတွက်အရေးကြီးသည်။ ယေဟောဝါသည် ကျွန်ုပ်တို့ကိုတိုက်နယ်အစည်းအဝေး၊ ခရိုင်စည်းဝေးပွဲကြီးနှင့် အထူးစည်းဝေးနေ့အစီအစဉ်တို့အားဖြင့်လည်းသွန်သင်ပေးတော်မူ၏။ ဤအရာအားလုံးတို့မှ အကျိုးကျေးဇူးရရှိရေးအတွက် ကျွန်ုပ်တို့သည်အလေးဂရုပြုနားထောင်ပြီး သင်ကြားတတ်မြောက်သမျှကို လက်တွေ့အသုံးပြုရကြမည်။
ဤအခန်းဆက်ဟောပြောချက်များပြီးနောက် “ကိုယ်ပိုင်လေ့လာမှုအတွက်စွန့်လွှတ်ခြင်း” ဟောပြောချက်လိုက်ပါလာသည်။ ဤအတွက်အချိန်ရရှိရန် သိပ်အရေးမကြီးသောအရာများမှအချိန်ဝယ်ယူပါဟူသော ဧဖက် ၅:၁၅၊ ၁၆ မှသြဝါဒကိုလိုက်နာရပေမည်။
စင်ကြယ်သောဘာသာစကားကို သင်ယူရာတွင် ကျွန်ုပ်တို့ထားရှိသောဆင်ခြင်တုံတရားနှင့်ညီသည့်ပန်းတိုင်တစ်ခုမှာ အပ်နှံခြင်းနှင့်နှစ်ခြင်းခံခြင်းဖြစ်သည်။ “စင်ကြယ်သောဘာသာစကားသင်ယူသူများအတွက်နှစ်ခြင်းမင်္ဂလာ” ဟောပြောချက်တွင် ဤအမှန်တရားကိုအသားပေးတင်ပြသွားသည်။ ဤဘာသာစကားသည် လူအများကိုအပ်နှံခြင်းနှင့်နှစ်ခြင်းခံခြင်းသို့ပို့ဆောင်ပေးသည်။ သို့ရာတွင် လူတစ်ဦးသည်နှစ်ခြင်းခံပြီးနောက်တွင် သတင်းကောင်းကိုအားတက်သရောဟောပြောခြင်း၊ ဥပဓိရုပ်သစ်ကိုဝတ်ဆင်ခြင်း၊ လောကနှင့်သီးခြားနေခြင်းအားဖြင့် ယေရှု၏ပုံစံတော်ကိုဆက်လက်၍လိုက်လျှောက်သွားရမည်ဖြစ်သည်။
ကြေခဲသောဝိညာဉ်အစာ
ရွှေပွဲလာများသည် ပရောဖက်ပြုချက်ဆိုင်ရာပြဇာတ်များပြည့်စုံချက်ကို အခြေခံသည့်ကြေခဲသောဝိညာဉ်အစာလက်ခံရရှိခြင်းအတွက်လည်း နှစ်ထောင်းအားရဖြစ်ကြသည်။ စနေနေ့မွန်းလွဲပိုင်းတွင် ဟောပြောချက်နှစ်ခုမှာ ယေဇကျေလအနာဂတ္တိကျမ်းမှထုတ်နှုတ်သောခေါင်းစဉ်နှစ်ခုပေါ်မူတည်ထားသည်။ ပထမတစ်ခုမှာ “ယေဟောဝါ၏ကောင်းကင်ရထားရှေ့သို့ရွေ့ရှားနေ” ဖြစ်ပြီး ဘုန်းရောင်ကွန့်မြူး၍ ကြက်သီးမွေးညင်းထစရာဧရာမကောင်းကင်ယာဉ်ရထားတော် အလင်း၏အမြန်နှုန်းဖြင့် ရွေ့ရှားခြင်းအကြောင်းတင်ပြသွားသည်။ ၄င်းရထားတော်သည် ယေဟောဝါ၏ကောင်းကင်အဖွဲ့အစည်းတော်ကို ပုံဆောင်ပြီး၊ ၄င်းကိုဘုရားသခင်မေတ္တာတော်နှင့်အုပ်စိုးတော်မူလျက် မိမိ၏ရည်ရွယ်တော်မူချက်များကိုဖေါ်ဆောင်ရာတွင်အသုံးပြုခြင်းအားဖြင့် စီးနေတော်မူ၏။ ယေဇကျေလသည် အထူးသဖြင့် ၁၉၁၉ ခုနှစ်မှစ၍ဝိညာဉ်တော်ဘိသိက်ခံအကြွင်းအကျန်တို့ကိုပုံဆောင်သည်။ အထူးသဖြင့် ၁၉၃၅ ခုနှစ်မှစ၍ သူတို့နှင့်အတူ “လူအုပ်ကြီး” ပူးပေါင်းလက်တွဲလာကြသည်။—ဗျာဒိတ် ၇:၉။
နောက်တစ်ခုမှာ “မျက်မြင်ရအဖွဲ့အစည်းနှင့်ရင်ပေါင်တန်းနေ” ခေါင်းစဉ်ဖြစ်သည်။ ဘုရားသခင့်မျက်မြင်ရအဖွဲ့အစည်းတော်သည် ကောင်းကင်ရထားတော်နှင့်ရင်ပေါင်တန်းလိုက်နေသည်မှာ စောဒကတက်စရာအကြောင်းမရှိပေ။ ယနေ့ယေဟောဝါ၏အစေခံများအနေနှင့် ယေဇကျေလပြုလုပ်ခဲ့သည့်နည်းတူ စိတ်မဝင်စားခြင်း၊ သရော်ပြောင်လှောင်ခြင်း၊ အတိုက်အခံပြုခြင်းခံရစေကာမူ မိမိတို့၏ပရောဖက်ပြုခြင်းဆိုင်ရာလုပ်ငန်းတာဝန်ကို နာခံမှုစိတ်ဓာတ်အပြည့်နှင့်ထမ်းဆောင်ရကြမည်ဖြစ်သည်။ ယခုလိုရင်ပေါင်တန်းလိုက်ခြင်းအားဖြင့် ယခုလောလောဆယ်၌ကောင်းချီးမင်္ဂလာများစွာခံစားရသည့်ပြင် ဘုရားသခင့်ကမ္ဘာသစ်၌ထာဝရအသက်ကိုလည်းရရှိမည်ဖြစ်သည်။
တနင်္ဂနွေနေ့နံနက်ပိုင်းတွင် ဟေရှာယအခန်းကြီး၂၈ ကိုအခြေပြုသည့်ဟောပြောချက်သုံးခုအားဖြင့်ကြေခဲသောဝိညာဉ်အစာများကိုပြင်ဆင်ပေးခဲ့သည်။ ပထမတစ်ခုက ရှေးဣသရေလပြည်နှင့်ယုဒပြည်တို့မှ ဝိညာဏသောက်ကျူးသူများသည် ခရစ်ယာန်ဘောင်မှဝိညာဏသောက်ကျူးသူများကိုပုံဆောင်ကြောင်းပြင်းထန်သောအသုံးအနှုန်းများဖြင့်ဖွင့်ပြခဲ့သည်။ ဣသရေလနှင့်ယုဒပြည်တို့မှသောက်ကျူးသူများသည် ယေဟောဝါထံမှအပြစ်စီရင်ခြင်းခံခဲ့ရသကဲ့သို့ ခရစ်ယာန်ဘောင်မှသောက်ကျူးသူတို့လည်း ထို့အတူခံရကြလတံ့။
“သူတို့ခိုလှုံရာ–မုသာတည်း” ခေါင်းစဉ်ပါနောက်ဟောပြောချက်တစ်ခု၌ ပြင်းထန်သောသတိပေးချက်ပါဝင်သည်။ ၄င်းမှာရှေးယုဒပြည်က အီဂျစ်ပြည်ကိုယုံကြည်ကိုးစားခြင်းသည်အကျိုးမရှိသောခိုလှုံရာဖြစ်ခဲ့သည့်နည်းတူ ကျွန်ုပ်တို့ခေတ်ရှိနိုင်ငံရေးအာဏာစက်များနှင့် ခရစ်ယာန်ဘောင်မဟာမိတ်ဖွဲ့ခြင်းမှာလည်း ထို့အတူဖြစ်လိမ့်မည်။ ဟေရှာယအခန်းကြီး ၂၈ ကိုအခြေခံသည့်တတိယဟောပြောချက် “ယေဟောဝါ၏ထူးခြားသောလုပ်ငန်းအကြောင်းသတိပေးနေခြင်း” မှာ ဘုရားသခင့်လူမျိုးတော်အားတိုက်ရိုက်ရည်ညွှန်းထားခြင်းဖြစ်သည်။ ခရစ်ယာန်ဘောင်အပေါ်ယေဟောဝါပြုလုပ်တော်မူမည့်လုပ်ငန်းကို ထူးခြားသောလုပ်ငန်းဟူ၍ တိကျမှန်ကန်စွာခေါ်ဆိုထားသည်။ အဘယ်ကြောင့်ဆိုသော်၊ ခရစ်ယာန်ဘောင်အပေါ်မထင်မမှတ်ဘဲ ရုတ်တရက်ကျရောက်လာမည်ဖြစ်သောကြောင့်တည်း။ ယနေ့ယေဟောဝါသည် ဘိသိက်ခံခရစ်ယာန်လူစုလေးနှင့် လေးသန်းကျော်ရှိသော “အခြားသိုးများ” တို့၏ဂုဏ်ကျက်သရေဆောင်သရဖူဖြစ်သည်။ (ယောဟန် ၁၀:၁၆) “ကျွန်ုပ်တို့၏ဇွဲ၊ လုံ့လ၊ သန္နိဌာန်နှင့်ကျေးဇူးသစ္စာစောင့်သိခြင်းတို့သည် ကျွန်ုပ်တို့၏ဘုရားသခင်ယေဟောဝါ၏ထာဝရချီးမွမ်းခြင်းအတွက်ဖြစ်ပါစေ” ဟူသောတက်ကြွဖွယ်စကားတို့ဖြင့်ဟောပြောသူကနိဂုံးချုပ်ခဲ့သည်။
စင်ကြယ်သောဘာသာစကားပြောခြင်းဆိုသည်မှာ ညီရင်းအစ်ကိုမေတ္တာပြသခြင်းမည်၏
သောကြာနေ့မွန်းလွဲပိုင်းတွင် ရွှေပွဲလာတို့အားစင်ကြယ်သောဘာသာစကားပြောခြင်းဆိုသည်မှာ “ဒုက္ခကြုံနေရသောမိဘမဲ့ကလေးများနှင့်မုဆိုးမများကိုထောက်ထား” ခြင်းကိုလည်းဆိုလိုကြောင်း အလေးအနက်တင်ပြခဲ့သည်။ ဖတဆိုးကလေးများကိုတစ်ဦးချင်းလေ့ကျင့်ပေးခြင်းအားဖြင့် ကူညီပေးနိုင်သည်။ မုဆိုးမများအားကြင်နာသည့် အားပေးစကားပြောခြင်း၊ ကျွန်ုပ်တို့၏ခရစ်ယာန်လှုပ်ရှားမှုများနှင့်လူမှုပေါင်းသင်းဆက်ဆံရေးတို့၌ပါဝင်စေခြင်း၊ သူတို့ရသင့်ရထိုက်၍လိုအပ်နေသောရုပ်ပစ္စည်းပေးကမ်းကူညီခြင်းအားဖြင့် သူတို့ကိုထောက်ထားကြောင်းပြသနိုင်သည်။ ဤအတိုင်းလုပ်ဆောင်နေကြပုံကို လူတွေ့မေးမြန်းခန်းများကပေါ်လွင်စေသည်။
စနေနေ့မွန်းလွဲတွင် စိတ်နှလုံးနွေးထွေးစရာဟောပြောချက်တစ်ခုက “ခရစ်ယာန်ချင်းတစ်ဦးကိုတစ်ဦးမည်သို့စောင့်ရှောက်ပုံ” ကိုတင်ပြသွားသည်။ ယေဟောဝါသက်သေများသည် အချင်းချင်းစောင့်ရှောက်ရာတွင် နာမည်ကောင်းရရှိထားကြသည်။ အထူးသဖြင့် လေမုန်တိုင်းနှင့်ငလျင်ဒဏ်စသောကပ်ဘေးများကျရောက်သည့်အခါမျိုး၊ အစိုးရအရာရှိများထံစာရေးသားရန်လိုအပ်သည့်အခါမျိုး၊ သို့မဟုတ် ဒေသအတွင်းလိုအပ်ရာများပေါ်လာသည့်အခါမျိုးတို့တွင်ဖြစ်သည်။ သို့ရာတွင်လူ့မစုံလင်မှုကြောင့်ပြဿနာအခက်အခဲများပေါ်လာသည့်အခါမျိုး၌မူကား မဿဲ ၅:၂၃၊ ၂၄ နှင့် ၁၈:၁၅-၁၇ တို့၌ပါရှိသောယေရှု၏သြဝါဒတွင်အကျုံးဝင်သည့်အခြေခံမူများကို ကျင့်သုံးသင့်သည်။ အထူးသဖြင့်ညီအစ်ကိုအချင်းချင်းစီးပွားရေးကိစ္စများ၌အလုပ်ရှင်၊ အလုပ်သမားမည်သူကမျှ ဝိညာဏဆက်ဆံရေးမှ ကိုယ်ကျိုးစီးပွားအမြတ်မထုတ်ဘဲ အပြန်အလှန်လေးစား၍စောင့်ရှောက်ကြရန်လိုအပ်သည်။
စင်ကြယ်သောဘာသာစကားပြောဆိုခြင်းဆိုသည်မှာ ကျွန်ုပ်တို့၏အကျင့်ကိုဂရုစိုက်ခြင်းမည်၏
ကျွန်ုပ်တို့၏အကျင့်ကို ဂရုစိုက်ရန်လိုအပ်ကြောင်းကို ထပ်ခါတလဲလဲအလေးအနက်တင်ပြခဲ့ကြသည်။ သို့ဖြစ်သောကြောင့်ကြာသပတေးနေ့မွန်းလွဲပိုင်းတွင် ပထမဆုံးဟောပြောသူက “ဘုရားသခင့်နှုတ်ကပတ်တော်ကိုကြားနာ၍လိုက်လျှောက်ခြင်း” ခေါင်းစဉ်နှင့်ဟောပြောသွားသည်။ သူကစည်းဝေးပွဲကြီးသို့ ကျွန်ုပ်တို့လာရောက်သည့်အဓိကအကြောင်းနှစ်ခုရှိကြောင်း၊ ၄င်းတို့မှာတိကျမှန်ကန်သည့်အသိပညာကိုဆည်းပူးရန်နှင့် ထိုအသိပညာအတိုင်းပြုမူဖို့လှုံ့ဆော်တိုက်တွန်းခံရန်ဖြစ်ကြောင်းတင်ပြသွားသည်။
သောကြာနေ့နံနက်ပိုင်း ပထမဟောပြောသူက “ခရစ်တော်‘မတရားသောအမှုကိုမုန်းတီးခဲ့’—အသင်ကော” ဟူသည့်စေ့ငှထိုးထွင်းသောအမေးကို ထုတ်ဖေါ်တင်ပြထားသည်။ ဖြောင့်မတ်ခြင်းတရားကို ချစ်ရုံနှင့်မပြီးပေ။ စင်ကြယ်သောသြတ္တပ္ပစိတ်ရှိရန်၊ ယေဟောဝါနှင့်ကောင်းသောဆက်ဆံရေးဆက်လက်တည်ရှိရန်၊ နာမတော်ကိုရှုတ်ချကဲ့ရဲ့စရာမဖြစ်စေရန်၊ မတရားမှုနှင့်ဆိုင်သောအသီးများဖြစ်သောဖောက်ပြန်ခြင်းနှင့်သေခြင်းတို့ကိုမရိတ်သိမ်းရအောင် မတရားသောအမှုကိုလည်း မုန်းတီးရပေမည်။
ထိုခေါင်းစဉ်နှင့်နီးကပ်စွာဆက်စပ်နေသည့်အကြောင်းမှာ “လောကီစိတ်ကူးများကို ငြင်းပယ်၊ နိုင်ငံတော်ဖြစ်ရပ်မှန်များနောက်လိုက်လျှောက်” ခေါင်းစဉ်ရှိဟောပြောချက်ဖြစ်သည်။ စာတန်နှင့်ဧဝတို့မှစ၍ ဖောက်ပြန်သွားသည့်ကောင်းကင်တမန်အပေါင်းတို့သည် မိမိတို့၏ပျက်စီးရာပျက်စီးကြောင်းအတွက် စိတ်ကူးယဉ်နောက်သို့ကောက်ကောက်ပါအောင်လိုက်ခဲ့ကြသည်။ လောကစိတ်ကူးများတွင် ရုပ်ဝါဒစိတ်ကူးယဉ်အိပ်မက်များ သို့မဟုတ် တရားဥပဒေနှင့်မညီသောကိစ္စတို့နှင့် မကင်းသူများပါဝင်နေတတ်သည်ဖြစ်ရာ တစ်ချိန်ချိန်တွင်ကြီးလေးသည့်အပြစ်ဒုစရိုက်မကျူးလွန်မည့်သည့်တိုင်အောင် အထင်အမြင်မှောက်မှားရာမှဟုတ်တိုင်းမှန်ရာသိမြင်လာရမည်မှာမလွဲပေ။ ထိုစိတ်ကူးများကိုတန်ပြန်သည့်အနေနှင့် ကျွန်ုပ်တို့သည်လေ့လာခြင်း၊ ဆုတောင်းခြင်း၊ စည်းဝေးတက်ခြင်းနှင့်လူထုဓမ္မအမှု၌ပါဝင်ခြင်းအားဖြင့် နိုင်ငံတော်ဖြစ်ရပ်မှန်များနောက်လိုက်လျှောက်ကြရမည်ဖြစ်သည်။
ရိုးသားဖြောင့်မှန်သောခရစ်ယာန်အသက်တာဖြင့် နေထိုင်နိုင်ရန်သောကြာနေ့မွန်းလွဲပိုင်းမှ “ခရစ်ယာန်များ—သင်တို့၏ငွေရေးကြေးရေးအခြေအနေနှင့်လိုက်ဖက်စွာနေလော့” ဟောပြောချက်တွင် ပေးထားသည့်သြဝါဒစကားများကိုလည်း နားထောင်ရပေမည်။ ထိုသို့မနေထိုင်လျှင် ကာယရေးဘက်ရောဝိညာဉ်ရေးဘက်ပါဘေးဥပဒ်နှင့်ကြုံရမည်မလွဲပေ။ ပညာရှိလမ်းစဉ်မှာမလိုအပ်ဘဲကြွေးမတင်စေခြင်း၊ လက်တွေ့ကျသောဝင်ငွေထွက်ငွေစာရင်းရေးဆွဲပြီး ထိုအတိုင်းတိတိကျကျလိုက်ခြင်းအားဖြင့် မိမိ၏တစ်ကိုယ်ကောင်းဆန်သောလိုအင်ဆန္ဒကိုထိန်းကွပ်ခြင်းဖြစ်သည်။ အချိန်တိုင်းတွင်ဘုရားဝတ်၌မွေ့လျော်ခြင်းကို မြေတောင်မြှောက်ပေးဖို့လိုအပ်သည်။ ရောင့်ရဲခြင်းစိတ်ရှိလျှင် ဤသို့ပြုခြင်းသည်ကြီးစွာသောအကျိုးစီးပွားပင်ဖြစ်သည်။—၁တိမောသေ ၆:၆-၈။
ကျွန်ုပ်တို့၏အပေါင်းအသင်းကိုဂရုစိုက်ရန်အရေးကြီးသည့်အကြောင်းကို “သင့်မိတ်ဆွေများသည်ယေဟောဝါ၏အဆွေများလော” ဟောပြောချက်တွင်အလေးပေးတင်ပြသွားသည်။ ကျွန်ုပ်တို့၏မိတ်ဆွေများမှာခရစ်တော်ကဲ့သို့သော ဥပဓိရုပ်ကိုဝတ်ဆင်၍ဟောပြောခြင်းလုပ်ငန်းတော်တွင်စိတ်အားထက်သန်သော ခရစ်ယာန်များဖြစ်သင့်ပေသည်။ လောကီအသိအကျွမ်းတို့မှာ ဘုရားသခင်၏မိတ်ဆွေများမဟုတ်ရကား၊ သူတို့နှင့်ပေါင်းသင်းလျှင်ဘေးဥပဒ်မရောက်ဘဲမရှိနိုင်ပေ။ အသင်းတော်အတွင်း၌ပင် ကျွန်ုပ်တို့၏အပေါင်းအသင်းတို့သည် တကယ်တည်ဆောက်မှုဖြစ်စေလိုပါက ရွေးချယ်ပေါင်းသင်းရမည်။
အကျင့်နှင့်ပတ်သက်သည့်အထက်ဖော်ပြပါသြဝါဒကိုခေတ်သစ်ပြဇာတ်ဖြင့်သရုပ်ပေါ်အောင်ပဓာနပြုတင်ပြခဲ့သည်။ ၄င်းပြဇာတ်၏ခေါင်းစဉ်မှာ “မာရ်နတ်၏ကလိမ်ကျသောလုပ်ရပ်များကိုခံရပ်ခြင်း” ဖြစ်သည်။
မိသားစုများအတွက်စင်ကြယ်သောဘာသာစကားသြဝါဒ
အလွန်လိုအပ်သောအရာမှာ “မိဘတို့—သင်တို့၏တာဝန်များကိုကျေပွန်စွာဆောင်ရွက်လော့” ဟောပြောချက်ဖြစ်သည်။ မိဘတို့ကိုယ်နှိုက်က ဘုရားသခင့်အလိုတော်ကိုသိပြီး ထိုအတိုင်းတတ်စွမ်းသမျှဆောင်ရွက်ရမည်ဖြစ်သည်။ မိမိတို့၏သားသမီးများအား ဘုရားသခင့်နှုတ်ကပတ်တော်ကို နှလုံးသွင်းအောင်ပြုလုပ်ရမည်။ ထို့အပြင်၊ သားသမီးများကိုခရစ်ယာန်စည်းဝေးများနှင့်လယ်ကွင်းဓမ္မအမှုသို့ခေါ်သွားရုံနှင့်မပြီးပါ။ ယေဟောဝါကိုချစ်တတ်အောင်၊ ဘုရားရေးရာလုပ်ငန်းလုပ်ဆောင်ခြင်းနှင့်ဆိုင်သောလက်တွေ့ကျသည့်ဉာဏ်ပညာကိုမြင်တတ်အောင်လည်းသင်ကြားပေးရမည်ဖြစ်သည်။
၄င်းနောက် “ကျွန်ုပ်တို့ခေတ်ရှိမိသားစု” အကြောင်းအခန်းဆက်ဟောပြောချက်များလိုက်ပါလာသည်။ ပထမဟောပြောသူက မိသားစုကိုဘုရားသခင်စတင်ဖန်တီးတော်မူကြောင်းတင်ပြသည်။ ဖခင်ဖြစ်သူတို့အနေဖြင့်ဝိညာဉ်ရေးရာကိစ္စများနှင့်ပတ်သက်၍ကောင်းစွာပြောဆိုဆက်သွယ်ရမည်။ မိခင်ဖြစ်သူတို့အနေဖြင့်အိမ်ထောင်ကိုကောင်းစွာနိုင်နင်းသူဖြစ်ရမည်။ သားသမီးတို့အနေဖြင့်မိဘတို့နှင့်ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် ယေဟောဝါအားရိုသေကြောင်းပြသကြရမည်။
မိသားစုသည် “ရန်ဘက်ပြုသူများ၏ထိုးနှက်မှုခံနေရ” ကြောင်းနောက်ဟောပြောသူကတင်ပြသွားသည်။ စီးပွားရေးဖိအားတို့မှာလည်း မခံမရပ်နိုင်အောင်ဖြစ်လာသည်။ အလုပ်ခွင်တွင်မကောင်းမှုကျူးလွန်စေမည့်သွေးဆောင်မှုတင်းကြမ်းပြည့်နေသည်။ သတင်းစာ၊ ရေဒီယို၊ ရုပ်မြင်သံကြားစသောလူထုဆက်သွယ်ရေးလမ်းကြောင်းများသည်အဓမ္မမှု၊ မတရားမေထုန်နှင့်ရုပ်ဝါဒကိုမြှင့်တင်အားပေးသည့်အရာတို့နှင့်ပြည့်နှက်နေသည်။ သားသမီးများကို ငယ်ငယ်ရွယ်ရွယ်မှစ၍ ဆုံးမသွန်သင်ပေးရမည့်အပြင်လောကီသြဇာကိုတွန်းလှန်နိုင်ရန်လုံ့လဝီရိယစိုက်ထုတ်ရန်အထူးလိုအပ်သည်။ ကင်းမျှော်စင်အသင်းမှပြင်ဆင်ပေးသည့်သီအိုကရက်တစ်လက်နက်ကိရိယာတို့ကို ကောင်းမွန်စွာအသုံးချဖို့လိုသည်။
နောက်ဟောပြောချက်မှာ မိသားစုကို ‘ကမ္ဘာသစ်အတွင်းသို့ထိန်းသိမ်းဖေးမသွားခြင်း’ နှင့်ပတ်သက်၍ မိဘတို့၏ကြီးလေးသောတာဝန်ကိုထပ်ဆင့်၍ ပဓာနပြုဖေါ်ပြသွားသည်။ သားသမီးများအား လေ့ကျင့်ခြင်းကိုဇွဲကောင်းကောင်းနှင့်လုပ်ဆောင်ရပေမည်။ သားသမီးတို့၏နှလုံးထဲသို့ စိမ့်ဝင်စေရန်ရည်ရွယ်၍မိသားစုကျမ်းစာလေ့လာခြင်းနှင့်လေ့လာရမည့်စာပေများနှင့်ပတ်သက်၍ကောင်းမြတ်သော ဩဝါဒများပေးထားသည်။ သို့ပြုမှသာ မိသားစုတစ်စုအနေနှင့်ကမ္ဘာသစ်အတွင်းသို့ထိန်းသိမ်းဖေးမသွားရန် မိဘနှင့်သားသမီးများမျှော်လင့်နိုင်ကြမည်ဖြစ်သည်။
သက်သေခံများရင်ဆိုင်တွေ့ကြုံနေရသော အခြေအနေတစ်ရပ်အတွက်ကောင်းမြတ်သည့်သြဝါဒပေးထားသည့်ဟောပြောချက်တစ်ခုမှာ “ကွဲပြားသောအိမ်ထောင်အတွင်းပြေလည်စေခြင်း” ဖြစ်သည်။ ထိုသို့သောအခြေအနေမျိုးတွင်ရောက်နေသောသူတို့အနေဖြင့် မယုံကြည်သူသည်တစ်နေ့သောအခါယုံကြည်သူဖြစ်လာမည်ဟူသော မျှော်လင့်ချက်ကိုမည်သည့်အခါမျှမစွန့်လွတ်ရန်သြဝါဒပေးထားသည်။ မယုံကြည်သူအိမ်ထောင်ဖက်နှင့်အတူနေရန်အချိန်ပေးပြီး ခရစ်ယာန်အိမ်ထောင်ဖက်တစ်ဦးအတွက်လိုအပ်ချက်အားလုံးကို ပြည့်မီအောင်ကြိုးစားပါ။ အကြီးအကဲများထံမှလည်းကောင်း၊ ကွဲပြားသောအိမ်ထောင်အတွင်း၌ နေနေရသောအခြားသူတို့ထံမှလည်းကောင်း သင်အကူအညီရယူနိုင်ပေသည်။
အခြားသူတို့အားစင်ကြယ်သောဘာသာစကားပြောခြင်း
အခြားသူတို့အားစင်ကြယ်သောဘာသာစကားကို သင်ကြားပေးနိုင်သည့်အခွင့်အရေးကို အသုံးပြုရန်အကြောင်းကိုများစွာအရေးပေးထားခြင်းသည် သင့်မြတ်ဆီလျှော်လှပေသည်။ ယင်းအတွက်ကြောင့်၊ သောကြာနေ့နံနက်ပိုင်းတွင် “သင့်တန်ဖိုးရှိအချိန်ကိုပညာရှိရှိသုံးစွဲခြင်း” ဟောပြောချက်ကိုရွှေပွဲလာများကြားနာရကြသည်။ ထိုသို့ပြုလုပ်နိုင်ရန် “ဘုရားသခင်၏နိုင်ငံတော်နှင့်ဖြောင့်မတ်ခြင်းတရားတော်ကိုရှေ့ဦးစွာရှာကြလော့” ဟူ၍ဆုံးမထားသောမဿဲ ၆:၃၃ နှင့်အညီ ဦးစားပေးရမည့်အရာများကို စနစ်တကျစီစဉ်ရပေမည်။ ကိုယ်ပိုင်ကျမ်းစာလေ့လာခြင်း၊ စည်းဝေးအားလုံးတက်ရောက်ခြင်း၊ လယ်ကွင်းဓမ္မအမှုတွင်မှန်မှန်ပါဝင်ခြင်းတို့အတွက် အချိန်ဖယ်ထားခြင်းလည်းပါဝင်သည်။ စိတ်ပျော်ရွှင်မှုပေးသော်လည်းသိပ်အရေးမကြီးလှသော လှုပ်ရှားဆောင်ရွက်မှုများမှအချိန်ကို ဝယ်ယူရန်လိုအပ်ပေသည်။ အချို့မည်သို့လုပ်ဆောင်နေကြပုံကို လူတွေ့မေးမြန်းခန်းများဖြင့်တင်ပြသွားခဲ့သည်။
ကျွန်ုပ်တို့သည် ယေဟောဝါသက်သေများဖြစ်ကြောင်းမည်သည့်အခါမျှမမေ့သင့်ပေ။ စနေနေ့မွန်းလွဲပိုင်းတွင် “အခါတိုင်းစင်ကြယ်သောဘာသာစကားကိုပြောဆိုလေ” ခေါင်းစဉ်အောက်တွင် ဤအချက်ကိုသရုပ်ပြပွဲများစွာဖြင့်အလေးအနက်တင်ပြသွားသည်။ ထိုသရုပ်ပြပွဲများက လမ်းပေါ်သက်သေခံခြင်း၊ အလွတ်သဘောသက်သေခံခြင်းနှင့်တယ်လီဖုန်းဖြင့်သက်သေခံခြင်းစသည်ဖြင့်ပြုလုပ်နိုင်ကြောင်းတင်ပြသွားသည်။ ယေဟောဝါဘုရားသခင်နှင့်အိမ်နီးချင်းတို့အပေါ်ထားရှိသော ကိုယ်ကျိုးမဖက်သောမေတ္တာက ကျွန်ုပ်တို့အားအခွင့်အရေးရတိုင်း စင်ကြယ်သောဘာသာစကားကိုပြောဆိုရန်လှုံ့ဆော်ပေးမည်ဖြစ်သည်။
ဤခေါင်းစဉ်နှင့်နီးကပ်စွာဆက်နွယ်နေသည့်အကြောင်းမှာ နောက်ဟောပြောချက် “မတွန့်ဆုတ်သူများခံစားရသည့်ကောင်းချီးများ” ဖြစ်သည်။ ခရစ်ယာန်ဘောင်နှင့်သိသိသာသာကွဲပြားခြားနားလျက် ယေဟောဝါသက်သေတို့၏ကမ္ဘာချီသွန်သင်ခြင်းအဖွဲ့အစည်းကြီးသည် မားမားမတ်မတ်ရပ်တည်လျက်ရှိသည်။ တစ်ဦးချင်းအနေနှင့်ကျွန်ုပ်တို့သည် အာဏာပိုင်တို့၏ဆန့်ကျင်မှု၊ ကျယ်ပြန့်သောလျစ်လျူရှုမှုနှင့် စီးပွားရေးပြဿနာများစသောဖိအားရှိသမျှတို့ကို ခုခံတွန်းလှန်ပစ်ရမည်။ Reasoning From the Scriptures စာအုပ်ကိုအခြေပြုသည့်သရုပ်ပြပွဲများက အဆိုပါဖိအားတို့ကိုမည်သို့အောင်နိုင်ကြောင်းတင်ပြသွားသည်။
“ဘုရားသခင့်အလိုတော်ကိုဇွဲလုံ့လနှင့်ထမ်းရွက်ခြင်း” သမ္မာကျမ်းစာပြဇာတ်သည်လည်း စိတ်အားထက်သန်စွာဟောပြောရန်အားပေးထားသည်။ ယေဟုသည် ယေဟောဝါ၏နာမတော်အတွက်မည်သို့စိတ်အားထက်သန်ခဲ့ပုံအကြောင်း၊ ကျွန်ုပ်တို့လည်းဘုရားသခင့်လုပ်ငန်းတော်အတွက်အလားတူ သတ္တိနှင့်ဇွဲလုံ့လကို တင်ပြရန်မည်မျှအရေးကြီးကြောင်းတို့ကိုတင်ဆက်သွားသည်။
စည်းဝေးပွဲကြီး၌ ထုတ်ဝေသည့်စာပေများ
စည်းဝေးပွဲကြီးအတွင်းအလွန်ထူးခြားထင်ရှား၍ အဖိုးတန်သောအချိန်ကိုက်စာပေနှစ်မျိုးထုတ်ဝေခဲ့သည်။ ပထမတစ်အုပ်မှာ “သင့်အသက်ကိုသွေးဖြင့်ကယ်တင်ခြင်း—မည်သို့နည်း” ခေါင်းစဉ်ရှိဟောပြောချက်နှင့်ဆက်စပ်၍ထုတ်ဝေခဲ့ခြင်းဖြစ်သည်။ ဟောပြောသူက သွေးသွင်းခြင်းနှင့်ဆက်နွယ်သည့်ဘေးအန္တရာယ်များအကြောင်းကို ဦးစွာပြောပြသည်။ ဆုံးရှုံးသွားသောသွေးအတွက်အစားထိုးရန်သွေးအစားအခြားသွင်းပေးစရာများစွာရှိကြောင်းထောက်ပြသည်။ ယေဟောဝါသက်သေများသွေးကိုရှောင်ခြင်းမှာ ကျန်းမာရေးနှင့်မညီ၍မဟုတ်ဘဲ ယင်းကိုလက်ခံလိုက်လျှင်မသန့်ရာရောက်သွားမည်ဖြစ်သောကြောင့်ဖြစ်သည်။ သွေး၌ရောဂါပိုးမသန့်မှာကိုစိုး၍ရှောင်ခြင်းမဟုတ်ဘဲ ၄င်းသည်ဘုရားသခင်ရှေ့၌အဖိုးအနဂ္ဃထိုက်တန်သောကြောင့်ဖြစ်သည်။ အသက်ကိုတကယ်တမ်းကယ်နိုင်သောသွေးမှာ ယေရှုခရစ်၏ရွေးနှုတ်ခြင်းအသွေးတော်ဖြစ်သည်။ နိဂုံးချုပ်တွင်ဟောပြောသူက ၃၂ မျက်နှာရှိ How Can Blood Save Your Life? စာအုပ်ငယ်ကိုထုတ်ဝေလိုက်ခြင်းဖြင့် ပရိသတ်အပေါင်းတို့ကိုနှစ်ထောင်းအားရဖြစ်စေခဲ့သည်။
အဖိုးတန်သောအခြားစာပေတစ်ခုမှာ “အသင်လူသားတို့၊ ယေဟောဝါကိုရှာကြလော့” ဟောပြောချက်နှင့်ပတ်သက်၍ထွက်ပေါ်လာသည်။ ခြုံ၍ကြည့်လျှင် လူတို့သည်ဘုရားသခင်ကိုရှာမနေကြပေ။ ကွဲပြားနေသည့်ဘာသာတရားအများအပြားရှိနေသည့်အချက်က လူသားများဘုရားသခင့်နှုတ်ကပတ်တော်ကို ဥပေက္ခာပြုလာခဲ့ခြင်းကြောင့်ဘုရားသခင်ကိုရှာရာတွင် လူသားများမည်မျှလမ်းလွဲနေကြောင်း ကွက်ကွက်ကွင်းကွင်းထင်ရှားနေပေသည်။ ကျွန်ုပ်တို့၏နှစ်စဉ်သတိရအောက်မေ့ပွဲမှတ်တမ်းကို ကြည့်လျှင်ယေဟောဝါဘက်ရပ်တည်လာရန် ကူညီပေးရမည့်လူသန်းနှင့်ချီရှိနေကြောင်းတွေ့ရသည်။ ယေဟောဝါသည်အမှန်ပင်မေတ္တာပြည့်ဝ၍ ကရုဏာကြွယ်ဝသောဘုရားသခင်ဖြစ်ကြောင်း၊ “အထူးသဖြင့်အပြစ်လွှတ်” ရန်အသင့်ရှိတော်မူကြောင်း ဟေရှာယ ၅၅:၆၊ ၇ ၌ဖေါ်ပြထားသည်။ ကိုယ်တော်၏သက်သေများအနေနှင့် ကျွန်ုပ်တို့သည်အခြားသူတို့အားကျွန်ုပ်တို့နှင့်ပူပေါင်းကာ ယေဟောဝါ၏အမှုတော်ကိုပခုံးချင်းယှဉ်၍ ထမ်းဆောင်လာရန်ကူညီပေးနိုင်ရေးအတွက် ကျွန်ုပ်တို့အားသန့်ရှင်းသောဘာသာစကားကို ပေးအပ်ထားပြီးဖြစ်သည်။
ယနေ့ယေဟောဝါ၏လူမျိုးတော်သည် လူဦးရေအစုလိုက်အပြုံလိုက်ရွှေ့ပြောင်းမှုကြောင့် ကြီးမားသောစိန်ခေါ်မှုနှင့်ရင်ဆိုင်နေရသည်။ ဤသို့ပြောင်းရွှေ့မှုကြောင့်ကျွန်ုပ်တို့ရပ်ကွက်တွင်ရှိသော လူတို့သည်ဘာသာအမျိုးစုံကိုးကွယ်သူများဖြစ်လာကြသည်။ ထို့ကြောင့်ဟိန္ဒူဘာသာ၊ ရှင်တိုဘာသာနှင့်အခြားဘာသာဝင်များစွာတို့ကို ကူညီပေးနိုင်ရေးအတွက်အသင်းမသည် ၃၈၄ မျက်နှာရှိသောအလွန်ကောင်းမွန်သည့် Mankind’s Search for God စာအုပ်ကိုပြင်ဆင်ထုတ်ဝေခဲ့သည်။ ၄င်းစာအုပ်တွင် ခရစ်ယာန်ဘောင်အပရှိအဓိကဘာသာတရားတို့၏အခြေခံသွန်သင်ချက် အယူဝါဒများကိုခိုင်လုံ၍ ယုံကြည်လောက်အောင်တင်ပြထားသည်။ သို့သော်လည်း၊ ခရစ်ယာန်ဘောင်အတွင်း မှောက်မှားသောဘာသာဖြစ်ပေါ်လာသည့်သမိုင်းမှတ်တမ်းကိုလည်း စစ်ဆေးတင်ပြထားသည်။ ဤစာအုပ်၏အကူအညီဖြင့်ဘာသာအမျိုးမျိုးကိုးကွယ်နေကြသော လူတို့နှင့်သမ္မာကျမ်းစာသင်အံမှုစနိုင်ကြပေမည်။
လူထုဟောပြောချက်နှင့်နိဂုံးချုပ်မှတ်ချက်များ
လူထုဟောပြောချက်၏ခေါင်းစဉ်မှာ “စင်ကြယ်သောဘာသာစကားဖြင့်တညီတညွတ်တည်းရှိလေ” ဖြစ်သည်။ ဟောပြောသူက ယခုအခါစည်းလုံးမှုကိုအဟန့်အတားပြုနေသောကွဲပြားသည့်ဘာသာစကားအမျိုးပေါင်းသုံးထောင်ရှိနေစေကာမူ စင်ကြယ်သောဘာသာစကားသည် အင်အားကောင်းသောစည်းလုံးခြင်းစွမ်းအားဖြစ်သည်။ စင်ကြယ်သောဘာသာစကားသည် ယေဟောဝါသက်သေတို့ကို ဗာဗုလုန်ဆိုင်ရာအမှားအယွင်းများမှကာကွယ်ပေးသည်။ အသက်နှင့်အသွေးတို့၏သန့်ရှင်းမြင့်မြတ်ခြင်းကို သင်ကြားပေးသည်။ သူတို့အားဝိညာဉ်ရေးနှင့်ကာယရေးဘက်အကျိုးပြုသည့်သမ္မာကျမ်းစာအခြေခံမူများအတိုင်းနေထိုင်ရန်ကူညီပေးသည်။ စင်ကြယ်သောဘာသာစကားကို သင်ကြား၍ပြောဆိုခြင်းကိုအားလုံးစိတ်ဝင်စားသင့်သည်။ အဘယ်ကြောင့်ဆိုသော်၊ ထိုသို့ပြုသူတို့သာလျှင်အာမဂေဒုန်ကိုကပ်ကျော်မည်ဖြစ်သောကြောင့်တည်း။ ဇေဖနိ ၂:၁-၃ မှသြဝါဒကိုလိုက်နာရန်အချိန်ဖြုန်းစရာမရှိတော့ပါ။
“ဆုတောင်းခြင်းအလိုငှာနိုးကြားနေ” ရန်လိုအပ်ခြင်းနှင့်ပတ်သက်သောမွန်မြတ်သည့်ကျမ်းစာသြဝါဒအချို့ကြားနာပြီးနောက် “စင်ကြယ်သောဘာသာစကားနှင့်အညီလျှောက်လှမ်းခြင်း” ခေါင်းစဉ်ပေါ်အခြေပြုသည့်နိဂုံးချုပ်မှတ်ချက်များအလှည့်ကျရောက်လာသည်။ စင်ကြယ်သောဘာသာစကားနှင့်အညီလျှောက်လှမ်းနေကြသူ အရေအတွက်ယခုအခါ၌အမှန်ပင်တိုးတက်များပြားလာနေသည်။ ဤစည်းဝေးပွဲကြီးများကို တက်ရောက်ကြသူတို့သည် သန့်ရှင်းခြင်း၊ စည်းကမ်းစနစ်ကျနခြင်းနှင့်အဖွဲ့အစည်းလိုက်ညီညွတ်ခြင်းတို့အားဖြင့် စင်ကြယ်သောဘာသာစကားကိုလေးမြတ်ကြောင်းပြသကြသည်။ အသစ်ထုတ်ဝေသည့်စာပေများသည် ယေဟောဝါသက်သေတို့အားစင်ကြယ်သောဘာသာစကားကို ပိုမိုထိရောက်စွာဖြန့်ဖြူးနိုင်ရန်အထောက်အကူပြုပေလိမ့်မည်။
စည်းဝေးပွဲကြီးနောက်ဆုံးဟောပြောသူက ခံနိုင်ရည်ရှိဖို့လိုအပ်ကြောင်းအားလုံးကိုသတိပေးနှိုးဆော်ခဲ့သည်။ သူကဤစည်းဝေးပွဲကြီးတက်ရောက်ခြင်းမှရရှိသောအကျိုးတစ်ခုအနေနှင့် ရှေ့သို့ချီတက်မည်ဟူသည့်မိမိတို့၏သန္နိဌာန်ကိုခိုင်မာစေသင့်သည်။ ၄င်းနောက်အောက်ပါစကားများနှင့်နိဂုံးချုပ်လိုက်သည်။ “ဘုရားပေးစင်ကြယ်သောဘာသာစကားနှင့်အညီကျွန်ုပ်တို့ဆက်လက်၍လျှောက်လှမ်းနိုင်ကြပါစေ။ သို့မှသာမေတ္တာပြည့်ဝသောကောင်းကင်ခမည်းတော်ယေဟောဝါဘုရားသခင်အားယခုအချိန်နှင့်နောင်အစဉ်ထာဝရချီးမွမ်းထောမနာပြုနိုင်ကြပေမည်။
[စာမျက်နှာ ၂၈ ပါ လေးထောင့်ကွက်]
အနောက်ဘာလင်တွင်ကျင်းပသည့်စည်းဝေးပွဲကြီးများသို့အများဆုံးတက်ရောက်သူဦးရေမှာ ၄၄,၅၃၂ ဖြစ်ပြီး၊ ၁,၀၁၈ နှစ်ခြင်းခံသည်။ နှစ်ခြင်းခံမည့်သူများ အိုလံပီယာအားကစားရုံထဲမှစီတန်းထွက်သွားရန် ၁၉ မိနစ်အချိန်ကြာသည်။ ထိုအတောအတွင်းလက်ခုပ်သြဘာအဆက်မပြတ်တီးကြသည်။ အင်္ဂလိပ်စကားပြောကိုယ်စားလှယ်များအတွက်သီးသန့်စင်မြင့်တစ်ခုထားရှိပေးသည်။ ထိုသူတို့ ၆,၀၀၀ ခန့်သည်မိမိတို့ဘာသာစကားဖြင့်အစီအစဉ်တစ်ရပ်လုံးကိုကြားနာရကြသည်။ ဤစည်းဝေးပွဲကြီး၌ပိုလန်နိုင်ငံမှ ၄,၅၀၀ လည်းတက်ရောက်သည်။ မွန်းတည့်ချိန်နှစ်နာရီအတောအတွင်းအုပ်ချုပ်ရေးအဖွဲ့ဝင်တို့သည်ထိုသူတို့၏အကျိုးအတွက်ဟောပြောချက်တိုတိုလေးများပေးခဲ့ကြသည်။
[စာမျက်နှာ ၂၆၊ ၂၇ ပါ ရုပ်ပုံများ]
၁။ အိုလံပီယာအားကစားရုံ၊ အနောက်ဘာလင်
၂။ ဂျာမနီစည်းဝေးပွဲကြီးအစီအစဉ်
၃။ အရှေ့ဂျာမနီနိုင်ငံများမှကိုယ်စားလှယ်များကိုသယ်ဆောင်လာသည့်ဘတ်စ်ကားနှစ်ရာ
၄။ ပိုလန်ရွှေပွဲလာများစာပေသစ်များရရှိသဖြင့်ပျော်ရွှင်နေကြပုံ
၅။ ရှုခင်းကိုကြည်လင်တောက်ပစေသည့်ပန်းအလှများ
၆။ အေဒီရှိုဒါ၊ အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးအနောက်ဘာလင်အစီအစဉ်တွင်ဟောပြောနေစဉ်