ဘုရားသခင့်နိုင်ငံတော် ကြွေးကြော်သူများ မှတ်တမ်း
ကျွန်ုပ်တို့ခရစ်ယာန်ဓမ္မအမှုကို တန်ဆာဆင်သည့် အကျင့်အကြံ
“သာသနာပလူတို့ ရှေ့၌တင့်တယ်လျောက်ပတ်စွာကျင့်နေကြလော့” ဟုခရစ်ယာန်များကို တမန်တော်ပေတရုသြဝါဒပေးခဲ့သည်။ (၁ ပေတရု ၂:၁၂) ကျွန်ုပ်တို့၏ကောင်းသောအကျင့်အားဖြင့် “အရှင်ဘုရားသခင်၏သြဝါဒကို အရာရာ၌တန်ဆာဆင်” သည်ဟုတမန်တော်ပေါလုတင်ပြထားသည်။ (တိတု ၂:၉) ကောင်းသောအကျင့်အကြံကြောင့် ယေဟောဝါသက်သေများသည် ကမ္ဘာတစ်ဝန်း နာမည်ကောင်းရရှိထားကြပြီ။ ဥပမာအချို့ကိုကြည့်ပါ။
ကောင်းသောအမူအကျင့်ကြောင့် ဆရာတစ်ဦးစွဲမှတ်ထားရာ
▫ ကော့စ်တာရီကာရှိ လူငယ်များစွာတို့သည်ပုံသက်သေကောင်း တင်ပြကြကြောင်း ၄င်းနိုင်ငံမှကင်းမျှော်စင်အသင်း၏ဌာနခွဲရုံးက အကြောင်းကြားခဲ့သည်။ သမ္မာတရားကို အဘယ်ကြောင့်နှစ်ခြိုက်လာကြောင်း ညီအစ်ကိုတစ်ဦး ဤသို့ပြောပြသည်။ “ကျွန်တော်အထူးစွဲမှတ်စရာဖြစ်ခဲ့သည်ကား လူငယ်များရော လူကြီးများပါ အကျင့်သီလကောင်းမြတ်ခြင်းဖြစ်သည်။ အထူးသဖြင့်လူငယ်များဖြစ်သည်။ ဆရာအဖြစ်အမှုထမ်းနေစဉ် ကျောင်းတွင်ရှိသောသက်သေခံများကို ကောင်းစွာလေ့လာခွင့်ရရှိခဲ့သည်။ ယေဟောဝါသက်သေအိမ်ထောင်တစ်ခုနှင့် ကျွန်တော်စားသောက်နေထိုင်သည့်အတွက် ထိုတွင်ရှိကလေးများကိုလည်း သတိပြုမိသည်။
“သက်သေခံဖြစ်သည့်ကျောင်းသူကျောင်းသားများနှင့် အခြားသူငယ်များ၏ကွာခြားမှုကို သတိမပြုမိဘဲမဖြစ်နိုင်ခဲ့ပါ။ သက်သေခံများသည် အမြဲအချိန်မှန်ရောက်တတ်ကြပြီး အမူအကျင့်လည်းကောင်းသည်။ လိမ်ညာခြင်းလုံးဝမရှိ။ အိမ်စာများကိုလည်း အမြဲလုပ်ခဲ့ကြသည်။ စာမေးပွဲဖြေသည့်အခါ၌ အခြားကျောင်းသူကျောင်းသားများ ခိုးချလေ့ရှိသော်လည်း သက်သေခံတို့၏ရိုးသားဖြောင့်မတ်မှုကိုသတိပြုမိသည်။ ထို့ပြင် သူတို့ဆရာအနေနှင့် ကျွန်တော်ကိုယဉ်ကျေးရိုသေစွာဆက်ဆံကြသည်။ ကျောင်းတွင်ရှိသက်သေခံငယ်များနှင့် ကျွန်တော်တည်းခိုသောအိမ်မှသက်သေခံငယ်တို့သည် စွဲမှတ်စရာဖြစ်ပြီး ဤဘာသာတရားကို ကျွန်တော်စလေ့လာရာ နောက်ဆုံးသမ္မာတရားကိုလက်ခံခဲ့ပါသည်။”
စည်းဝေးပွဲကြီးတွင် ခရစ်ယာန်အမူ အကျင့်ကြောင့် ကောင်းကျိုး
အဲလ်ဆဲလ်ဗဒေါ၏နောက်ပိုင်းရှိ အသင်းတော်တစ်ခုမှ ယေဟောဝါသက်သေတစ်ဦးသည် သူ၏သွေးသားတော်စပ်သောညီအစ်ကိုနှစ်ဦးအား ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းပြောပြလိုခဲ့သည်။ တစ်ဦးသည်သတင်းတရားကိုနားထောင်၍ ယေဟောဝါသက်သေများနှင့် ကျမ်းစာစလေ့လာသည်။ အခြားညီတစ်ဦးသည် ငြိမ်းချမ်းရေးမင်းသားအမည်ရှိ ဧဝံဂေလိအသင်းသားဖြစ်၍ သူ၏အစ်ကိုအား “ကျွန်တော့်ကိုမပြောပြပါနဲ့။ အစ်ကိုကမာရ်နတ်ရဲ့အကျိုးကိုဆောင်နေတယ်။”
ခရိုင်စည်းဝေးပွဲကြီးကျသော် ကျမ်းစာလေ့လာနေသူက မိမိနှင့်အတူစည်းဝေးပွဲကိုတက်ရောက်ရန် သူ့အစ်ကိုကိုဖိတ်ခေါ်ခဲ့သည်။ အစ်ကိုက “ကောင်းပြီ။ လိုက်ခဲ့မယ်။ သက်သေခံတွေကို ဘယ်နေရာမှာ အငိုက်မိနိုင်မယ်ဆိုတာရှာဖို့ လိုက်ခဲ့မယ်” ဟုပြောသည်။ သို့နှင့်ညီအစ်ကိုနှစ်ယောက် စည်းဝေးပွဲကြီးကိုလာတက်ကြသည်။ တက်ရောက်သူဦးရေများပြားခြင်းနှင့် စည်းဝေးတွင် စည်းကမ်းစနစ်ရှိခြင်းက ဧဝံဂေလိအသင်းဝင်အား စွဲမှတ်စရာဖြစ်ခဲ့သည်။ ထိုကဲ့သို့သောအဖြစ်မျိုးကို တစ်ခါမျှမကြုံကြိုက်ဖူးဘူးဟူ၍ပင်သူပြောသည်။ အိမ်ရောက်သောအခါ ညီဖြစ်သူအား “မင်းလက်ငါ့ကိုပေးပါ” ဟုပြောသည်။ “ဘာလို့လဲ” ဟုမေးသော် “ပေးစမ်းပါ” ဟုဖြေသည်။ သူတို့လက်ဆွဲနှုတ်ဆက်ပြီး ဧဝံဂေလိအသင်းသားဖြစ်သူအစ်ကိုက “ငါလည်း အခုကစပြီး ယေဟောဝါသက်သေများနဲ့ ကျမ်းစာလေ့လာမယ်။ ငါဘာဆုံးရှုံးနေတယ်ဆိုတာ တကယ်မသိခဲ့လို့ပါ” ဟူ၍ဆိုသည်။ ယခုသူလည်း ဘုရားသခင်၏နိုင်ငံတော်သတင်းကောင်းကို တက်ကြွစွာဇွဲနှင့်ကြေညာနေသူဖြစ်ပေပြီ။