ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၄ ၅/၁ စာ. ၄-၇
  • သင့်ဝတ်ပြုနည်းသည် အရေးပါသလော

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သင့်ဝတ်ပြုနည်းသည် အရေးပါသလော
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၄
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • မည်သည့်ဘာသာမဆို ဘုရားသခင်ကိုနှစ်ခြိုက်စေနိုင်မည်လော
  • ဝတ်ပြုရေးဆိုင်ရာ ဖန်ဆင်းရှင်၏ စံချိန်များ
  • အကူအညီရရှိနိုင်
  • ဘုရားသခင်နှစ်သက်လက်ခံတဲ့ ဝတ်ပြုရေး
    သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာက ဘာလဲ
  • မှန်သောဘာသာကို သင်တွေ့ရှိပြီလော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၄
  • ဘာသာတရား
    ကျမ်းစာဖြင့် ကျိုးကြောင်းဆင်ခြင်ခြင်း
  • မှန်သောဘာသာကို ခွဲခြားသိမြင်ခြင်း
    သင်သည်ကမ္ဘာ့ပရဒိသု အတွင်းထာဝရစဉ်အသက်ရှင်နိုင်သည်
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၄
က၉၄ ၅/၁ စာ. ၄-၇

သင့်ဝတ်ပြုနည်းသည် အရေးပါသလော

အာဖရိကမြို့ငယ်လေးသည် မွန်းတည့်နေရှိန်တွင် ချစ်ချစ်တောက်အောင် ပူလောင်နေသည်။ အနီးအနားရှိ ချိုင့်ဝှမ်းမှ ပြင်းထန်သောဗုံတီးသံ၊ သီချင်းဆိုသံ၊ ပျော်မြူးစွာ လက်ခုပ်တီးသံများ ကြားနေရသည်။ သို့သော် ပျော်ပွဲရွှင်ပွဲမဟုတ်ပါ။ အာဖရိက ရိုးရာအတိုင်း ဝတ်ပြုခြင်းဖြစ်သည်။ အနီးအနားရှိ ဝိညာဉ်တော်ဂိုဏ်းချာ့ချ်တစ်ခုမှ ဆူဆူညံညံစကားပြောဆိုသံများကြောင့်လည်း အသံဗလံပေါင်းစုံဖြစ်သွားပါသည်။ ထိုတွင် စိတ်လှုပ်ရှားတက်ကြွစွာ ဝတ်ပြုနေသူများသည် အံ့ဖွယ်နည်းဖြင့် “ရောဂါများကုသ” ပြီး ဘာသာစကားအမျိုးမျိုးဖြင့် ပြောဆိုနေကြသည်။ မြို့တစ်ဖက်စွန်းတွင် ခြားနားသောဝတ်ပြုနည်းတစ်နည်း ရှိပြန်သည်။

မှန်ပါသည်၊ ဘာသာရေးဝတ်ပြုနည်းအမျိုးမျိုးကို အာဖရိကမြို့ကြီး၊ မြို့ငယ်များစွာတွင် တွေ့ရှိနိုင်သည်။ အာဖရိကတိုင်းရင်းသားများသည် ဘာသာရေး ရိုးရာထုံးစံအတိုင်း လူမျိုးအဆက်ဆက် ဝတ်ပြုကိုးကွယ်ရေးနှင့် ကျေနပ်ခဲ့ကြပါသည်။ သို့သော် ဥရောပနိုင်ငံအသီးသီး၏ စစ်တပ်များနှင့် ခရစ်ယာန်ဘောင်သာသနာပြုများ လိုက်လာ၍ လူတိုင်းကို “ခရစ်ယာန်ဖြစ်စေရန်” စာနာမှုမဲ့စွာကြိုးပမ်းခဲ့သည်—သူတို့၏အမည်များမှအစ ဖြစ်သည်။

ရလဒ်က အဘယ်နည်း။ ရိုးရာအာဖရိက ယုံကြည်ချက်များနှင့် ဓလေ့ထုံးစံများကို တင်သွင်းခဲ့သောဘာသာတရားများ၏ ယုံကြည်ချက်များနှင့် ရောထွေးသည့်ဘာသာတရားကို ဖြစ်ပေါ်လာစေသည်။ ယနေ့ထိ၊ “ခရစ်ယာန်” ဘာသာကိုးကွယ်သူများစွာသည် ရိုးရာအဆောင်လက်ဖွဲ့များကို အသုံးပြုကြသည်။ သို့တိုင် သာသနာပြုများသည် ခရစ်ယာန်ဘာသာတရားစစ်ကို အကြီးအကျယ် လွဲမှားစွာကိုယ်စားပြုခဲ့သောကြောင့် နာကြည်းစိတ်ကိုအမွေပေးခဲ့ကြသည်။ ယနေ့ အာဖရိကတိုင်းရင်းသားအချို့ သမ္မာကျမ်းစာအပေါ် သဘောထားကျဉ်းမြောင်းရခြင်းသည် အများဆုံးမှာ သူတို့ကြောင့်ဖြစ်သည်။

သို့ရှိစေကာမူ “ခရစ်ယာန်ဘာသာ” ပုံစံမျိုးစုံကို အနှံ့အပြားလိုက်စားဆဲရှိသည်။ မကြာမီနှစ်များအတွင်းက ဝိညာဉ်တော်ဂိုဏ်းများကို အထူးနှစ်သက်လာကြသည်; ယုံကြည်ခြင်းကုထုံးချာ့ချ်များ အလျင်အမြန်တိုးပွားလာနေသည်။ ဤချာ့ချ်များကို လူကြိုက်များရခြင်းမှာ ‘အာဖရိကအမြင်အရ ဘာသာတရားသည် အကြီးအကျယ်အသုံးဝင်ရမည်ဖြစ်သည်။ အာဖရိကသဘောအတိုင်းဆိုလျှင် လူတည်ရှိရေးနှင့်ပတ်သက်၍ ဘာသာတရားသည် ရုပ်ပစ္စည်းဆိုင်ရာကျေနပ်မှု လုံးလုံးပေးနိုင်စွမ်း ရှိရမည်။ ထို့ကြောင့် အရာခပ်သိမ်းတွင် ဝိညာဏဆက်သွယ်ရေးလမ်းကြောင်း မရှိမဖြစ်ဟုယူမှတ်သော အာဖရိကတိုင်းရင်းသားတစ်ဦးအတွက် ဝိညာဉ်ရေးဆိုင်ရာ [သို့မဟုတ် ယုံကြည်ခြင်းကုထုံး] ချာ့ချ်များ၏ လှုပ်ရှားပုံသည် သူ့ဘဝလမ်းစဉ်၏လိုအပ်ချက်နှင့် ကိုက်ညီနေသည်’ ဟုသတင်းထောက်တစ်ဦး ဖော်ပြသည်။ သို့ရာတွင် ဝမ်းနည်းစရာကား ဝိညာဉ်တော်ဂိုဏ်းအများစုသည် ငွေရှာနည်းသက်သက်ဖြစ်ကြောင်း ထင်ရှားလာပေပြီ။

ယနေ့ အာဖရိကနိုင်ငံတွင် ဘာသာရေးဂိုဏ်းဂဏ ၆,၀၀၀ ကျော်ရှိသည်။ ဤဘာသာများနှင့် ဂိုဏ်းဂဏအားလုံးသည် ကယ်တင်ခြင်းရနည်းသော့ချက်ကို ကိုင်ဆောင်ထားသည်ဟု သင်ယူမှတ်ပေမည်။ သို့သော် အမှန်မေးစရာကား ဘုရားသခင်မည်သို့ယူမှတ်သနည်းဖြစ်သည်။

မည်သည့်ဘာသာမဆို ဘုရားသခင်ကိုနှစ်ခြိုက်စေနိုင်မည်လော

ဤကိစ္စတွင် လမ်းပြညွှန်ကြားမှုမရှိဘဲ စကြဝဠာကိုဖန်ဆင်းရှင်သည် ကျွန်ုပ်တို့အား စွန့်ပစ်ထားမည်မဟုတ်သည်ကား အမှန်ပင်။ (အာမုတ် ၃:၇; တမန်တော် ၁၇:၂၆၊ ၂၇) မြင့်မြတ်သောလမ်းပြညွှန်ကြားမှုကို သမ္မာကျမ်းစာတွင် တွေ့ရှိနိုင်ကြောင်း သာဓကဒုနှင့်ဒေးရှိသည်။ သမ္မာကျမ်းစာသည် အချို့သူများပြောသကဲ့သို့ လူဖြူစာအုပ်အလျှင်းမဟုတ်ပါ။ အမှန်မှာ အဘယ်သူမျှ—မည်းသည်ဖြစ်စေ၊ ဖြူသည်ဖြစ်စေ—ယင်းအပေါ် အသားယူမပြောဆိုနိုင်ပါ။ “ကျမ်းစာရှိသမျှသည် ဘုရားသခင်မှုတ်သွင်းတော်မူသောအားဖြင့်ဖြစ်” သည် ဟု ၂ တိမောသေ ၃:၁၆က ဆိုသည်။ သမ္မာကျမ်းစာ၏ စစ်မှန်၍ လက်တွေ့ကျသော သွန်သင်ချက်များ၊ ယင်း၏ ရှေးကျခြင်း၊ ဆန့်ကျင်တိုက်ခိုက်မှုများကြား ယင်းတည်ရှိနေခြင်း၊ ယင်း၏ တိကျမှန်ကန်သောပရောဖက်ပြုချက်များနှင့် ပြိုင်ဘက်ကင်းစွာ ကမ္ဘာတစ်ဝန်း ပျံ့နှံ့နေခြင်း—ဤအကြောင်းများက ယင်းသည် မြင့်မြတ်သောကလောင်ရှင်မှဖြစ်ပေါ်လာကြောင်းကို သိသာထင်ရှားစေသည့် အထောက်အထားများဖြစ်သည်။

ထိုစာအုပ်သည် ကျွန်ုပ်တို့အား အဘယ်အရာကို သွန်သင်ပေးသနည်း။ တစ်ချက်အနေနှင့် “မှန်သောဘုရား တစ်ဆူတည်း” သာရှိကြောင်း ဖော်ပြထားသည်။ (ယောဟန် ၁၇:၃) ယင်းကြောင့် ဘာသာတိုင်းသည် မည်သို့မှန်နိုင်မည်နည်း။ ဘုရားသခင်သည် မည်သူမည်ဝါဖြစ်ကြောင်းနှင့် ဘုရားသခင်၏ပင်ကိုယ်အရည်အသွေးနှင့်စပ်လျဉ်း၍ ဘာသာဂိုဏ်းဂဏ တစ်ခုနှင့်တစ်ခု ဆန့်ကျင်နေသည်မဟုတ်လော။ ကျမ်းစာရေးသူ ယာကုပ်က “စစ်မှန်သော ဘုရားတရားကြည်ညိုမှု” အကြောင်း ပြောခဲ့သည်။ (ယာကုပ် ၁:၂၇၊ သတင်းကောင်း) စစ်မှန်သောဘုရားတရားကြည်ညိုမှုကို ခွဲခြားသိမြင်ဖို့လိုမည်ဆိုလျှင် မှောက်မှားသော သို့မဟုတ် အတုအယောင်ဖြစ်သော ဘုရားတရားကြည်ညိုမှုလည်း ရှိရမည်။ ယင်းအချက်က ဘာသာအားလုံးသည် ဘုရားထံ ရောက်နိုင်သည့် လမ်းအသွယ်သွယ်ဖြစ်သည်ဟူသောအပြောနှင့် ဆန့်ကျင်နေမည်။

ဝတ်ပြုရေးဆိုင်ရာ ဖန်ဆင်းရှင်၏ စံချိန်များ

ဘုရားသခင်ကို ဝတ်ပြုသည့် နည်းမှန်ကား အဘယ်နည်း။ စစ်မှန်သောဝတ်ပြုမှုသည် တိကျမှန်ကန်သောအသိပညာပေါ် အခြေပြုသည်ဟု သမ္မာကျမ်းစာ သွန်သင်ပါသည်။ တစ်ချိန်က ရှမာရိအမျိုးသမီးတစ်ဦးအား ကြီးမြတ်သောပရောဖက် ယေရှုခရစ် ဤသို့ဆိုသည်– “သင်တို့သည် ကိုယ်မသိသောအရာကို ကိုးကွယ်ကြ၏။” (ယောဟန် ၄:၂၂) အသင်လည်း ဤနည်းအတိုင်းပင် ဖြစ်နိုင်ပါသလော။ အနန္တတန်ခိုးရှင်ဘုရားသခင်၌ ကိုယ်ပိုင်နာမတော်ရှိ၍ ယင်းကား ယေဟောဝါဖြစ်ကြောင်း သွန်သင်ခံရပြီလော။ (ဆာလံ ၈၃:၁၈) လူသားနှင့် ကမ္ဘာမြေကြီးအတွက် ကိုယ်တော်၏ရည်ရွယ်ချက်များကို အသင်သိပါသလော။ (မဿဲ ၆:၉၊ ၁၀; ဧဖက် ၁:၉၊ ၁၀; ၃:၁၁) သင်၏ဘာသာက သာ၍ကောင်းသောအနာဂတ်ကို ယုတ္တိရှိစွာ မျှော်လင့်နိုင်ကြောင်း သင်အားကမ်းလှမ်းပါသလော။ သင်သည် ခရစ်ယာန်အမည်ခံလျှင် သင့်ယုံကြည်ချက်များကို ကျမ်းစာမှ ရှင်းပြနိုင်မည်လော၊ သို့မဟုတ် အချိန်ယူပြီး မစစ်ဆေးဘဲ လက်ဆင့်ကမ်းအမွေအဖြစ် ခံယူထားသည့်ယုံကြည်ခြင်းမျှ ဖြစ်နေပါသလော။

အသင်၌ တိကျမှန်ကန်သောအသိပညာမရှိသေးကြောင်း တွေ့ရှိလျှင် ဘုရားသခင့်နှုတ်ကပါဌ်တော်၊ သမ္မာကျမ်းစာကို လေ့လာခြင်းအားဖြင့် ရရှိနိုင်ပါမည်။ ယေဟောဝါဘုရားသခင်သည် စစ်မှန်သောဝတ်ပြုသူများအား ထိုမြင့်မြတ်သောစာစောင်၏ သွန်သင်ချက်များနှင့် အကျွမ်းတဝင်ဖြစ်စေလိုတော်မူသည်။ ထိုထက်ကား ယင်းကို သူတို့၏ဘဝအသက်တာတွင် ကျင့်သုံးစေလိုတော်မူသည်။ ကျွန်ုပ်တို့စိတ်ထားသည် ဆာလံဆရာဆိုခဲ့သည့်နည်းတူဖြစ်ရမည်– “နှုတ်ကပါဌ်တော်သည် အကျွန်ုပ်ခြေရှေ့မှာ မီးခွက်ဖြစ်၍ အကျွန်ုပ်လမ်းခရီးကို လင်းစေပါ၏။” (ဆာလံ ၁၁၉:၁၀၅) သမ္မာကျမ်းစာကို သိရှိနားလည်ရန် သင့်ဘာသာသည် သင့်အား မည်မျှထိတိုင် ကူညီပေးခဲ့ပြီနည်း။

စစ်မှန်သောဝတ်ပြုရေး၏ အရေးကြီးလက္ခဏာ အခြားတစ်ခုမှာ ယေရှုခရစ်ကို ကြီးမြတ်သောပရောဖက်တစ်ပါးထက်မက ဘုရားသခင်၏ တစ်ပါးတည်းသောသားတော်အဖြစ် ယုံကြည်ခြင်းဖြစ်သည်။ ယေရှုသည် “အသက်ရှင်ခြင်းသို့ ပို့ဆောင်တော်မူသောအရှင်” ဖြစ်သည်ဟု ကျမ်းစာက ရှင်းလင်းပြတ်သားစွာ ကြေညာထားသည်။ (တမန်တော် ၃:၁၅; ၄:၁၂) ယေရှုကိုယုံကြည်ပါသည်ဟုပြောသူ များစွာရှိသည်။ သို့သော် သူတို့၏ယုံကြည်ခြင်းသည် မည်မျှအမှန်တကယ်ဖြစ်သနည်း။ ခရစ်တော်ကို စစ်မှန်သောယုံကြည်မှုရှိလျှင် ကိုယ်တော်၏သွန်သင်ချက်များကို နာခံကျင့်သုံးဖို့လိုသည်။ ယင်းသို့ပြုလုပ်ရန် ဘုရားသခင်ကိုယ်တော်တိုင် ဤသို့အားပေးခဲ့သည်– “ဤသူသည် ငါ၏ချစ်သားပေတည်း။ သူ၏စကားကို နားထောင်ကြလော့။” (မာကု ၉:၇) ဤနည်းဖြင့် စစ်မှန်သောဝတ်ပြုသူများသည် ယေရှု၏ခြေတော်ရာကို ထက်ကြပ်မကွာလိုက်ရန် တတ်နိုင်သ၍ကြိုးစားကြသည်။ (၁ ပေတရု ၂:၂၁) ထိုသို့ပြုသောနည်းတစ်နည်းကား ကိုယ်တော်စတင်ခဲ့သည့် လူသိရှင်ကြားဟောပြောခြင်းလုပ်ငန်းတွင် ပါဝင်ခြင်းဖြစ်သည်။ (မဿဲ ၄:၁၇; ၁၀:၅-၇) ဤလုပ်ငန်းတွင် ကိုယ်တိုင်ပါဝင်ရန် သင့်ဘာသာက သင့်အား တိုက်တွန်းအားပေးပါသလော။

ချစ်ခြင်းမေတ္တာသည်လည်း စစ်မှန်သောဝတ်ပြုရေး၏ လိုအပ်ချက်တစ်ခုဖြစ်သည်။ ယေဟောဝါဘုရားသခင်သည် မေတ္တာ၏ပြယုဂ်ဖြစ်တော်မူသည်ဟုဖော်ပြထားကာ တပည့်တော်များသည် အချင်းချင်းတင်ပြသောချစ်ခြင်းမေတ္တာအားဖြင့် သူတို့ ခွဲခြားသတ်မှတ်ခံရလိမ့်မည်ဟု ယေရှုမှာကြားတော်မူခဲ့သည်။ (ယောဟန် ၁၃:၃၄၊ ၃၅; ၁ ယောဟန် ၄:၈) ယနေ့ ခရစ်ယာန်အမည်ခံသူ သန်းပေါင်းများစွာရှိနေသည့်အတွက် ဤလောကသည် အသရေရှိရှိမေတ္တာလွှမ်းမိုးနေသင့်သည်မဟုတ်လော။ အမှန်သော်ကား ဤလောကသည် ချစ်ခြင်းမေတ္တာ တကယ်အကင်းမဲ့ဆုံးနေရာဖြစ်နေပါသည်။ ဤရာစုနှစ်တစ်ခုတည်းတွင်ပင် စစ်ပွဲများကြောင့် သန်းပေါင်းများစွာ အသက်စတေးခဲ့ရကြပြီ။ ရာဇဝတ်မှုနှင့်အဓမ္မမှု ဆက်တိုးပွားများပြားနေသည်။ ထို့ကြောင့် ‘လူတိုင်း ငါ့ဘာသာဝင်များဖြစ်မယ်ဆိုရင် ဒီလောကဟာ ပိုမေတ္တာရှိတဲ့နေရာ ဖြစ်နေမလား’ ဟုကိုယ့်ကိုယ်ကိုမေးမြန်းပါ။

နောက်ဆုံးအနေနှင့် စစ်မှန်သောဝတ်ပြုသူများသည် ဘုရားကိုမသိသောလောကနှင့် သီးခြားနေရမည်ဟု သမ္မာကျမ်းစာဖော်ပြပါသည်။ စင်ကြယ်သောဝတ်ပြုရေး ခံယူထားသူများအနေနှင့် ရှေးဣသရေလလူမျိုးအား ဘုရားသခင်သီးသန့်ခွဲခြားထားစဉ်က သူတို့ဝန်းကျင်ရှိ ယုတ်ညံ့ပျက်ပြားသောလူမျိုးများနှင့် ရင်းနှီးစွာပေါင်းသင်းခြင်းကို ရှောင်ကြဉ်ရန် မိမိလူမျိုးတော်အားကိုယ်တော်သတိပေးတော်မူခဲ့သည်။ (တရားဟောရာ ၇:၁-၆) ယောဟန် ၁၇:၁၆ တွင် တပည့်တော်များနှင့်စပ်လျဉ်း၍ ခရစ်တော်ယေရှုသည် ထပ်တူမိန့်တော်မူသည်– “အကျွန်ုပ်သည် ဤလောကနှင့် မဆက်ဆံသကဲ့သို့ ဤသူတို့သည် မဆက်ဆံကြပါ။” ဘုရားသခင်၏ စစ်မှန်သောဝတ်ပြုသူများသည် နိုင်ငံရေး၊ စာရိတ္တယိုယွင်းမှု၊ လောဘရမ္မက်ကြီးသော စီးပွား၊ သို့မဟုတ် ဘုရားသခင်ကို ရှုတ်ချသောအတွေးအခေါ်များနှင့် မစပ်ဆိုင်ကြပါ။ (ယောဟန် ၁၈:၃၆; ၁ ယောဟန် ၂:၁၅-၁၇) ရောမ ၁၂:၂ တွင်မှတ်တမ်းတင်ထားသည့် အမိန့်တော်ကို သူတို့နာခံကြသည်– “သင်တို့သည် လောကီပုံသဏ္ဌာန်ကို မဆောင်ကြနှင့်။” သင့်ဘာသာသည် သင့်အား ထိုအတိုင်း တိုက်တွန်းအားပေးသလော။

အကူအညီရရှိနိုင်

မှန်သည်၊ သင်၏ဝတ်ပြုနည်းသည် ဘုရားသခင်ရှေ့ တကယ်ပင်အရေးပါသည်။ ကိုယ်တော်နှင့်စပ်လျဉ်း၍မူ စစ်မှန်သောဘာသာတစ်ခုတည်းသာရှိသည်။ (ဧဖက် ၄:၄-၆) ကျွန်ုပ်တို့၏ဤအကျဉ်းချုပ်ဆွေးနွေးခန်းတွင် ကျမ်းစာသွန်သင်သည့် အဓိကအချက် အချို့ကို အကျဉ်းမျှဖော်ပြထားသည်။ ပိုမိုသိရှိရန် ကြိုးစားပါ။

သင့်ဘာသာရေးဆိုင်ရာ လေ့ကျင့်သင်ကြားမှုသည် မည်သို့ပင်ရှိစေကာမူ အဆိုပါကိစ္စတွင် ယေဟောဝါသက်သေများ အကူအညီပေးနိုင်ပါသည်။ သူတို့၏ အာရုံစူးစိုက်ဆောင်ရွက်သော ကျမ်းစာပညာပေးရေးလုပ်ငန်းကြောင့် ကမ္ဘာကျော်ကြားနေကြသည်။ လူမျိုးအသီးသီး၊ ဘာသာရေးနောက်ခံ အမျိုးမျိုးရှိသူတို့အား သမ္မာကျမ်းစာကို နက်ရှိုင်းစွာ သဘောပေါက်နားလည်ကြစေရန် တာဝန်ယူဆောင်ရွက်နေကြပါသည်။ (သု. ၂:၁-၆) ကောင်းစွာသုတေသနပြုလုပ်ထားသော ကျမ်းစာစာပေများကို ထုတ်ဝေထားပါသည်။aအမှန်သော်ကား သင့်အား အခမဲ့ ကျမ်းစာသွန်သင်ပေးခြင်းငှာ သင့်အိမ်သို့ပင် လာပါလိမ့်မည်။ လောလောဆယ်ပင် ဤကျမ်းစာပညာပေးရေးအစီအစဉ်မှ အကျိုးခံစားနေသူ သန်းပေါင်းများစွာ ကမ္ဘာချီရှိသည်။ အသင်ကိုယ်တိုင်လည်း ထိုသို့လေ့လာကြည့်ပါ။ သင့်ဝတ်ပြုနည်းသည် အမှန်ပင် အရေးပါသောကြောင့် ထိုသို့ပြုရန် အလွန်အရေးကြီးပါသည်။

[အောက်ခြေမှတ်ချက်များ]

a ၁၉၉၀ ခုနှစ်တွင် နယူးယောက်မြို့ ကင်းမျှော်စင် သမ္မာကျမ်းစာနှင့်ဝေစာအသင်းမှ ထုတ်ဝေခဲ့သော ဘုရားသခင်ကို လူသားများရှာပုံတော် (လိပ်) သည် ဤသို့သောစာပေများတွင် တစ်အုပ်ဖြစ်သည်။ ကမ္ဘာ့အဓိကဘာသာတရားများကို ယင်းစာအုပ်သည် ဗဟုသုတကြွယ်ဝစွာ ပညာသားပါပါ ဆွေးနွေးတင်ပြထားခြင်းကို လူများစွာ တန်ဖိုးထားလေးမြတ်ကြပြီ။

[စာမျက်နှာ ၅ ပါ ရုပ်ပုံ]

ခရစ်ယာန်ဘောင်၏သာသနာပြုများသည် စစ်မှန်သောခရစ်ယာန်ဘာသာတရားကို အကြီးအကျယ် လွဲမှားစွာကိုယ်စားပြုခဲ့ပြီ

[စာမျက်နှာ ၅ ပါ ရုပ်ပုံ]

ဝိညာဉ်တော်ဂိုဏ်းအများသည် ငွေရှာနည်းသက်သက်သာဖြစ်

[စာမျက်နှာ ၆ ပါ ရုပ်ပုံ]

ယေရှုကိုယုံကြည်ခြင်းသည် စစ်မှန်သောဝတ်ပြုရေး၏ အဓိကကဏ္ဍတစ်ခုဖြစ်

[စာမျက်နှာ ၇ ပါ ရုပ်ပုံ]

အခမဲ့ အိမ်တွင်းကျမ်းစာသင်အံမှုများဖြင့် တိကျမှန်ကန်သောအသိပညာကိုရရှိရန် သန်းပေါင်းများစွာတို့ကို ယေဟောဝါသက်သေများ ကူညီပေး

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ