အစာရှောင်ခြင်းသည် ခေတ်ကုန်ပြီလော
“ဆယ်ကျော်သက်အရွယ်ကတည်းက တနင်္လာနေ့တိုင်း ကျွန်မအစာရှောင်လာခဲ့တယ်” ဟုချမ်းသာသော ၇၈ နှစ်ရှိ အိန္ဒိယအမျိုးသမီးတစ်ဦးဖြစ်သူ မရူဒူးလဘင်ပြောပြသည်။ ယင်းသည် သူမ၏ ဝတ်ပြုမှု၏ကဏ္ဍတစ်ခုဖြစ်ပြီး သူမ၏အိမ်ထောင်သာယာဖို့၊ သူမ၏သားသမီးများ ကျန်းမာဖို့၊ သူမ၏ခင်ပွန်းလည်း စောင့်ရှောက်ကာကွယ်မှုရရှိဖို့သေချာသည့်နည်းလမ်းတစ်သွယ်ဖြစ်သည်။ သူမသည် ယခုမုဆိုးမတစ်ဦးဖြစ်နေ၍ မိမိကျန်းမာရေးကောင်းဖို့နှင့် သားသမီးများ ကြွယ်ဝချမ်းသာဖို့ တနင်္လာနေ့တိုင်း ဆက်အစာရှောင်နေတုန်းပင်ဖြစ်သည်။ သူမနည်းတူ ဟိန္ဒူအမျိုးသမီး အများစုသည် သူတို့၏ ဘဝကဏ္ဍဖြစ်သော မှန်မှန်အစာရှောင်ခြင်းကို ပြုလုပ်ကြပါသည်။
အိန္ဒိယနိုင်ငံ၊ မွန်ဘိုင် (ဘုံဘေ) မြို့ဆင်ခြေဖုံးရပ်ကွက်တွင် နေထိုင်သော ပရာကာ့ရှ်အမည်ရှိ လူလတ်ပိုင်းအရွယ် စီးပွားရေးသမားတစ်ဦးက မိမိသည် နှစ်စဉ် စဗင် (ရှရဗင်) လ၏ တနင်္လာနေ့များတွင် အစာရှောင်သည်ဟုဆိုသည်။ ၎င်းလသည် ဟိန္ဒူပြက္ခဒိန်အရ အထူးဘာသာရေးပွဲတော်လတစ်လဖြစ်သည်။ ပရာကာ့ရှ်က “အစတုန်းကတော့ ဘာသာရေးအတွက် အဲ့ဒီလိုကျွန်တော်လုပ်ခဲ့တယ်။ အခုတော့ ကျန်းမာရေးအတွက်ပါဆက်ပြုလုပ်ဖို့ နောက်မက်လုံးတစ်ခုတွေ့ရပြန်တယ်။ စဗင်လဟာ မုတ်သုံရာသီအကုန်ပိုင်းမှာကျတော့ မိုးဥတုမှာဖြစ်တတ်တဲ့ အဖျားအနာတွေကုန်စင်အောင် ကျွန်တော့်ရဲ့ခန္ဓာကိုယ်က သူ့ဘာသာသူ ရှင်းထုတ်ခွင့်ရသွားစေတယ်” ဟုရှင်းပြသည်။
အစာရှောင်ခြင်းသည် လူတစ်ဦးကို ကာယရေး၊ စိတ္တရေးနှင့် ဝိညာဉ်ရေးဘက်တွင် အထောက်အကူပြုသည်ဟု အချို့ယူမှတ်ကြသည်။ ဥပမာ၊ ဂရိုလျာနိုင်ငံတကာအဘိဓာန်ကျမ်းက ဤသို့ဆိုသည်– “မကြာသေးမီက သိပ္ပံပညာဆိုင်ရာ သုတေသနပြုချက်က အစာရှောင်ခြင်းသည် ကျန်းမာရေးကို အကျိုးပြုနိုင်ဖွယ်ရှိပြီး ယင်းကို ဂရုတစိုက်ပြုလုပ်မည်ဆိုလျှင် သိမှတ်တတ်သည့်သဘောနှင့် ခံစားတတ်သည့်စိတ်ဓာတ်တို့ကို တိုးမြှင့်ပေးနိုင်ဖွယ်ရှိသည်။” ဂရိအတွေးအခေါ်ပညာရှင် ပလေတိုသည် ဆယ်ရက် သို့မဟုတ် ထိုထက်မက အစာရှောင်လေ့ရှိသည်၊ သင်္ချာပါရဂူ ပိုက်သာဂိုရသည် မိမိ၏တပည့်များကို မသွန်သင်မီ သူတို့အား အစာရှောင်စေခဲ့သည်ဟု ဆိုကြသည်။
အချို့သူများအတွက် အစာရှောင်ခြင်းမည်သည် အဓိဋ္ဌာန်ပြုထားသောကာလပိုင်းတွင် အစာရေစာအားလုံးရှောင်ခြင်းဖြစ်ပြီး အခြားသူများအတွက်မူ အစာရှောင်စဉ် အရည်ကို သောက်သုံးကြသည်။ အများက အစာစားချိန်အချို့ကို အလွတ်ခံခြင်း သို့မဟုတ် အစာတစ်မျိုးမျိုးကို မစားဘဲနေခြင်းတို့ကို အစာရှောင်ခြင်းဟူ၍ သဘောထားကြသည်။ သို့သော် ရက်ရှည်လများ ကြပ်မတ်မှုမရှိသော အစာရှောင်ခြင်းမျိုးသည် ဥပဒ်ဖြစ်စေနိုင်သည်။ ခန္ဓာကိုယ်သည် သိုမှီးထားသောကစီဓာတ်ကို ထုတ်ယူသုံးစွဲပြီးနောက် ကြွက်သားပရိုတင်းကို ဂလူးကို့အဖြစ်သို့ပြောင်းပေးကာ ယင်းနောက် ခန္ဓာကိုယ်အဆီကို ထုတ်ယူသုံးစွဲတော့သည်ဟု စာရေးဆရာပါရူးလ်ရှက်သ်ကပြောသည်။ အဆီကို ဂလူးကို့အသွင်သို့ ပြောင်းရာတွင် ကီတုန်းပစ္စည်းခေါ် အဆိပ်အတောက်ပစ္စည်းများ ထုတ်လွှတ်ပေးသည်။ ယင်းတို့စုပုံလာသည်နှင့်အမျှ ဦးနှောက်သို့ရွေ့လျားသွားပြီး ဗဟိုနဗ်ကြောအဖွဲ့ကို ထိခိုက်လေသည်။ “ဤအခါ အစာရှောင်ခြင်းသည် ဥပဒ်ဖြစ်လေသည်။ စိတ်ရှုပ်ထွေး၊ အယောင်ယောင်အမှားမှားဖြစ်ရုံမက သာ၍ဆိုးရွားသွားနိုင်ပါသည်။ . . . သတိလစ်မေ့မြောပြီး နောက်ဆုံးတွင် သေသွားနိုင်သည်” ဟုရှက်သ်ပြောပြသည်။
တန်ဆာပလာလည်းဖြစ် ဝတ်ပြုရေးဆိုင်ရာ ထုံးစံလည်းဖြစ်
အစာရှောင်ခြင်းကို နိုင်ငံရေး သို့မဟုတ် လူမှုရေး ရည်ရွယ်ချက်များ အောင်မြင်ဖို့အတွက် အစွမ်းထက်သောလက်နက်တစ်ခုအဖြစ် အသုံးပြုခဲ့ပြီ။ ဤလက်နက်ကိုအသုံးချခဲ့သော အထင်ကရပုဂ္ဂိုလ်တစ်ဦးမှာ အိန္ဒိယနိုင်ငံမှ မိုဟန်ဒပ်စ် ကေ. ဂန္ဒီဖြစ်ပါသည်။ လူသန်းပေါင်းများစွာ၏ အထင်အမြင်ကြီးမှုကိုခံရသူ ဂန္ဒီသည် အိန္ဒိယနိုင်ငံ၊ ဟိန္ဒူလူထုအပေါ် ကြီးမားသောသြဇာလွှမ်းမိုးရန် အစာရှောင်အငတ်ခံခြင်းကို အသုံးပြုခဲ့ပါသည်။ စက်ရုံလုပ်သားများနှင့် စက်ရုံပိုင်ရှင်များစပ်ကြားဖြစ်ပွားသည့် စက်မှုလက်မှုဆိုင်ရာ သပိတ်မှောက်မှုကိုပြေလည်စေရန် မိမိအစာငတ်ခံခြင်း၏ အကျိုးရလဒ်ကို ဂန္ဒီက ဤသို့ဖော်ပြသည်– “နောက်ဆုံးရလဒ်ကား ပတ်သက်သူအားလုံး သင့်သင့်မြတ်မြတ်ရှိသွားကြခြင်းဖြစ်သည်။ စက်ရုံပိုင်ရှင်များ စိတ်နူးညွတ်သွားသည်။ . . . ကျွန်တော်သုံးရက်သာ အငတ်ခံပြီးနောက် သပိတ်လှန်လိုက်တော့သည်။” တောင်အာဖရိက သမ္မတ နယ်လ်ဆင် မင်ဒဲလားသည် နိုင်ငံရေးအကျဉ်းသားအဖြစ် ထောင်ကျနေစဉ် ငါးရက်တိုင် အစာအငတ်ခံ သပိတ်မှောက်ခဲ့သည်။
သို့သော် အစာရှောင်သည့်အလေ့အထရှိသူ လူအများစုမှာမူ ဘာသာရေးအကြောင်းများကြောင့် ထိုသို့ပြုရခြင်းဖြစ်သည်။ အစာရှောင်ခြင်းသည် ဟိန္ဒူဘာသာတွင် ထင်ရှားသော ထုံးတမ်းတစ်ခုဖြစ်သည်။ အချို့နေ့ရက်များတွင် “လုံးဝအငတ်ခံသည်ကို တွေ့ရှိရသည်။ . . . ရေပင်မသောက်ကြပေ။ အမျိုးသား၊ အမျိုးသမီးအားလုံးတို့သည် . . . ပျော်ရွှင်မှု၊ ကြီးပွားမှုနှင့် အပြစ်လွှတ်ခံရဖို့ရန် လုံးလုံးအငတ်ခံအစာရှောင်ကြသည်” ဟုအိန္ဒိယနိုင်ငံ၏ အစာရှောင်ခြင်းနှင့် ပွဲတော်များ (လိပ်) စာအုပ်တွင် ဖော်ပြထားသည်။
ဂျိန်းဘာသာတွင် အစာရှောင်ခြင်းကို များစွာကျင့်သုံးသည်။ The Sunday Times of India Review သတင်းစာက ဤသို့ဆိုသည်– “ဘုံဘေ [မွန်ဘိုင်] မြို့မှ ဂျိန်းမူနီ [ပညာရှင်] တစ်ဦးသည် ရက်ပေါင်း ၂၀၁ ရက်ကြာ နေ့စဉ် ရေကျက်အေးနှစ်ခွက်သာသောက်သည်။ သူသည် အလေးချိန် ၃၃ ကီလို [၇၃ ပေါင်] လျော့သွားပါသည်။” အချို့ဆိုလျှင် ကယ်တင်ခြင်းရမည်အထင်နှင့် သေသည့်တိုင်ပင် အငတ်ခံအစာရှောင်ကြသည်။
အစ္စလာမ်ဘာသာဝင် လူကြီးအများသည် ရမာဒန်လတွင် မဖြစ်မနေအစာရှောင်ရကြသည်။ တစ်လလုံး နေထွက်ချိန်မှ နေဝင်ချိန်တိုင်အောင် အစာသော်လည်းကောင်း၊ ရေသော်လည်းကောင်း မသုံးဆောင်ရကြပါ။ ဤအချိန်အတွင်း ဖျားနာနေသူ၊ သို့မဟုတ် ခရီးလွန်နေသူ မည်သူမဆိုသည် အစာရှောင်ရမည့် ရက်ပြည့်အောင် ဖြည့်ပေးရ၏။ အီစတာပွဲမတိုင်မီ ရက်ပေါင်း ၄၀ လဲင့်တ်အချိန်သည် ခရစ်ယာန်ဘောင်ရှိအချို့သူများ အစာရှောင်ချိန်ဖြစ်သည်။ အခြားဘာသာရေးအဖွဲ့များသည် သတ်မှတ်ထားသည့် အချို့ရက်များတွင် အစာရှောင်တတ်ကြသည်။
အစာရှောင်ခြင်းအကျင့်သည် အမှန်မပျောက်သေးပါ။ ဘာသာတရားများစွာတွင် ယင်းကိုကျင့်သုံးနေကြရာ အစာရှောင်ခြင်းကို ဘုရားသခင် တောင်းဆိုသလောဟု ကျွန်ုပ်တို့မေးမြန်းပေမည်။ ခရစ်ယာန်များသည် အစာရှောင်ရန် စိတ်ဆုံးဖြတ်မည့် အချိန်အခါများရှိပါသလော။ ယင်းသည် အကျိုးရှိနိုင်ပါသလော။ နောက်ဆောင်းပါးတွင် ဤမေးခွန်းများကို ဆွေးနွေးတင်ပြပါမည်။
[စာမျက်နှာ ၃ ပါ ရုပ်ပုံ]
အစာရှောင်ခြင်းသည် ဝိညာဉ်စိုးလ် ကယ်တင်ခြင်းရနိုင်သည့်နည်းဖြစ်သည်ဟု ဂျိန်းဘာသာတရားက ယူမှတ်သည်
[စာမျက်နှာ ၄ ပါ ရုပ်ပုံ]
မိုဟန်ဒပ်စ် ကေ. ဂန္ဒီသည် အစာရှောင်ခြင်းကို နိုင်ငံရေး သို့မဟုတ် လူမှုရေး ရည်ရွယ်ချက်များ အောင်မြင်ဖို့အတွက် အစွမ်းထက်သော လက်နက်တစ်ခုအဖြစ် အသုံးပြုခဲ့သည်
[စာမျက်နှာ ၄ ပါ ရုပ်ပုံ]
အစ္စလာမ်ဘာသာတွင် ရမာဒန်လအတွင်း မဖြစ်မနေအစာရှောင်ရသည်
[Credit Line]
Garo Nalbandian