အစာရှောင်ရန် ဘုရားသခင် တောင်းဆိုသလော
မာရှေမှတစ်ဆင့် ပေးတော်မူသော ဘုရားသခင်၏ပညတ္တိကျမ်းသည် အစာရှောင်ရန် တစ်ကြိမ်—နှစ်ပတ်လည် အပြစ်ဖြေရာနေ့တွင်—သာတောင်းဆိုသည်။ ထိုနေ့ရက်တွင် ဣသရေလလူမျိုးတို့ အစာရှောင်ကြသည်ဟု အဓိပ္ပာယ်ရကြောင်း နားလည်ရသည့် ‘ခြိုးခြံစွာကျင့်ကြံ’ ရန်ပညတ္တိကျမ်းက မိန့်မှာသည်။ (ဝတ်ပြုရာ ၁၆:၂၉-၃၁; ၂၃:၂၇; ဆာလံ ၃၅:၁၃) သို့ရာတွင် ဤအစာရှောင်ခြင်းသည် လုပ်ရိုးလုပ်စဉ်မျှမဟုတ်ပါ။ အပြစ်ဖြေရာပွဲနေ့ ကျင်းပခြင်းအားဖြင့် မိမိတို့၌အပြစ်ရှိခြင်းနှင့် ရွေးနုတ်ခံရရန်လိုအပ်နေခြင်းကို သာ၍သိမြင်လာရန် ဣသရေလလူမျိုးအား စေ့ဆော်ပေးသည်။ မိမိတို့၏အပြစ်များကြောင့်ဝမ်းနည်းပြီး ဘုရားသခင်ရှေ့ နောင်တရကြောင်းကိုတင်ပြရန်အတွက်လည်း ထိုနေ့ရက်တွင် အစာရှောင်ကြခြင်းဖြစ်သည်။
ယင်းသည် မောရှေ၏ပညတ္တိကျမ်းအရ တစ်ခုတည်းသော မလုပ်မနေရအစာရှောင်ခြင်းဖြစ်သော်လည်း ဣသရေလလူမျိုးသည် အခြားအချိန်အခါများတွင် အစာရှောင်ခဲ့ကြသည်။ (ထွက်မြောက်ရာ ၃၄:၂၈; ၁ ဓမ္မရာဇဝင် ၇:၆; ၂ ရာဇဝင်ချုပ် ၂၀:၃; ဧဇရ ၈:၂၁; ဧသတာ ၄:၃၊ ၁၆) ၎င်းတို့တွင် နောင်တရကြောင်းတင်ပြသည့်အနေနှင့် စိတ်လိုကိုယ်လျောက် အစာရှောင်ခြင်းများ ပါဝင်သည်။ ယေဟောဝါက “ယခုတွင် အစာရှောင်ခြင်း၊ ငိုကြွေးမြည်တမ်းခြင်းနှင့်တကွ စိတ်နှလုံးအကြွင်းမဲ့ ငါ့ထံသို့ ပြန်လာကြလော့” ဟုပြစ်မှားနေကြသော ယုဒလူမျိုးကို တိုက်တွန်းတော်မူသည်။ ဘုရားသခင်က “အဝတ်ကိုမဆုတ်ဘဲ နှလုံးကိုဆုတ် . . . ကြလော့” ဟုဆက်လက်မိန့်တော်မူသည့်အတွက် ယင်းသည် ဟန်ပြလုပ်ရမည့်အရာတစ်ခုမဟုတ်ပါလေ။—ယောလ ၂:၁၂-၁၅။
အတန်ကြာလေသော် လူအများသည် ဟန်ပြလုပ်ရိုးလုပ်စဉ်တစ်ခုအနေနှင့် အစာရှောင်ကြသည်။ စိတ်ရင်းမမှန်သော အစာရှောင်ခြင်းကို ယေဟောဝါရွံမုန်းသောကြောင့် အရေခြုံဣသရေလလူမျိုးကို ဤသို့မေးတော်မူသည်– “ငါနှစ်သက်သော အစာရှောင်ခြင်းသည် ထိုသို့သောလက္ခဏာရှိသလော။ လူသည် တစ်ရက်တွင် ခြိုးခြံစွာကျင့်ခြင်း၊ ကိုင်းပင်ကဲ့သို့ဦးချခြင်း၊ အိပ်ရာဖို့ လျော်တေနှင့်ပြာကိုခင်းခြင်းလက္ခဏာရှိလျှင် အစာရှောင်ခြင်းဟူ၍လည်းကောင်း၊ ထာဝရဘုရားနှစ်သက်တော်မူသောနေ့ရက်ဟူ၍လည်းကောင်း မှည့်အပ်သလော။” (ဟေရှာယ ၅၈:၅) မိမိတို့အစာရှောင်နေကြောင်း လူအများသိစေရန် ဟိတ်ဟန်ပြနေမည့်အစား ဤဇွတ်တရွတ်သမားများသည် နောင်တရကြောင်းတင်ပြသည့်အကျင့်များကို ကျင့်ကြရန် တောင်းဆိုခံရသည်။
ဂျူးများပြုသည့် အစာရှောင်ခြင်းအချို့ကို အစကနဦးကပင် ဘုရားသခင်နှစ်သက်တော်မမူပေ။ ဥပမာ၊ တစ်ချိန်က ယုဒလူမျိုးသည် ဘီ.စီ.အီး. သတ္တမရာစုတွင် ယေရုရှလင်မြို့ ဝန်းရံခံရ၍ ပျက်စီးသွားခြင်းနှင့်ဆက်စပ်သည့် အတိဒုက္ခအဖြစ်သနစ်တို့ကို အမှတ်တရအထိမ်းအမှတ်အနေနှင့် နှစ်စဉ်အစာရှောင်ခြင်းလေးကြိမ် ပြုလုပ်ခဲ့သည်။ (၄ ဓမ္မရာဇဝင် ၂၅:၁-၄၊ ၈၊ ၉၊ ၂၂-၂၆; ဇာခရိ ၈:၁၉) ဗာဗုလုန်နိုင်ငံတွင် သုံ့ပန်းဘဝမှ ဂျူးများလွတ်မြောက်လာပြီးနောက် ယေဟောဝါက “အနှစ်ခုနစ်ဆယ်ပတ်လုံး သင်တို့သည် . . . အစာရှောင် . . . သောအခါ အကယ်စင်စစ် . . . ငါ့အား အစာရှောင်ကြသလော” ဟုပရောဖက်ဇာခရိမှတစ်ဆင့် မိန့်တော်မူခဲ့သည်။ ဂျူးတို့သည် ယေဟောဝါထံမှသက်ရောက်သော တရားစီရင်ချက်များအတွက် အစာရှောင် ငိုကြွေးမြည်တမ်းကြသောကြောင့် ထိုသို့သောအစာရှောင်ခြင်းတို့ကို ဘုရားသခင် နှစ်သက်တော်မမူပါ။ သူတို့သည် အတိဒုက္ခရောက်စေသည့် မိမိတို့၏အပြစ်အတွက်မဟုတ်၊ မိမိတို့အပေါ်ကျရောက်သည့် ဘေးဒုက္ခအတွက် အစာရှောင်နေခြင်းဖြစ်သည်။ နေရင်းတိုင်းပြည်သို့ သူတို့ပြန်ရောက်ကြပြီးနောက် သူတို့သည် အတိတ်ကိုမြည်တမ်းမနေဘဲ ဝမ်းသာရမည့်အချိန်ဖြစ်လေသည်။—ဇာခရိ ၇:၅။
အစာရှောင်ခြင်းသည် ခရစ်ယာန်များအတွက်လော
ယေရှုခရစ်တော်သည် အစာရှောင်ရန် တပည့်တော်များကို တစ်ခါမျှ အမိန့်မပေးခဲ့သော်လည်း ကိုယ်တော်နှင့် ကိုယ်တော့်တပည့်နောက်လိုက်များသည် မောရှေ၏ပညတ္တိကျမ်းအောက်၌ရှိကြသောကြောင့် အပြစ်ဖြေရာနေ့တွင် အစာရှောင်ခဲ့ကြသည်။ ထို့ပြင် အစာမရှောင်ရဟု ယေရှုက လုံးလုံးလျားလျား မိန့်တော်မမူသည့်အတွက် တပည့်တော်အချို့သည် အခြားအချိန်အခါများတွင်လည်း စိတ်လိုကိုယ်လျောက် အစာရှောင်ခဲ့ကြ၏။ (တမန်တော် ၁၃:၂၊ ၃; ၁၄:၂၃) သို့တိုင် ‘သူတို့သည် မိမိတို့အစာရှောင်နေကြောင်း လူများရှေ့ ထင်ရှားစေခြင်းငှာ မိမိတို့မျက်နှာကို ဘယ်သောအခါမျှ မဖျက်ကြ’ ရပါ။ (မဿဲ ၆:၁၆) ဘုရားတရားကြည်ညိုသည့်ဟန်ကို ဤသို့တင်ပြကြခြင်းကြောင့် အခြားသူတို့က တစ်ခဏမျှလေးစားသွားကာ ခေါင်းတညိတ်ညိတ်နှင့်သဘောကျကြပေမည်။ သို့သော်ငြားလည်း ဤသို့ဟန်ပြခြင်းကို ဘုရားသခင်နှစ်သက်တော်မမူပေ။—မဿဲ ၆:၁၇၊ ၁၈။
မိမိကွယ်လွန်ချိန်တွင် တပည့်တော်များ အစာရှောင်ကြမည့်အကြောင်းကိုလည်း ယေရှုမိန့်တော်မူခဲ့သည်။ ဤသို့အားဖြင့် ကိုယ်တော်သည် အစာရှောင်ခြင်းထုံးတမ်းကို အတည်ပြုနေခြင်းမဟုတ်ပါ။ ယင်းအစား ကိုယ်တော်သည် သူတို့ခံစားရမည့်ဝမ်းနည်းကြေကွဲမှုကို တင်ပြမည့်ပုံစံကို ဖော်ညွှန်းနေခြင်းဖြစ်သည်။ ကိုယ်တော်ရှင်ပြန်ထမြောက်သည်နှင့် သူတို့နှင့်အတူ ပြန်၍ရှိတော်မူမည်ဖြစ်ရာ သူတို့အစာရှောင်စရာအကြောင်း ရှိတော့မည်မဟုတ်ပါ။—လုကာ ၅:၃၄၊ ၃၅။
“ခရစ်တော်သည် . . . တစ်ခါတည်း ကိုယ်ကိုပူဇော်သောအားဖြင့် အပြစ်များကို သုတ်သင်ပယ်ရှင်း” ခဲ့သောအခါ မောရှေ၏ပညတ္တိကျမ်း အဆုံးသတ်ခဲ့သည်။ (ဟေဗြဲ ၉:၂၄-၂၈) ပညတ္တိကျမ်းသည် ထိုသို့အဆုံးသတ်ချိန်တွင် အပြစ်ဖြေရာနေ့တွင် အစာရှောင်ရန်အမိန့်သည် အဆုံးသတ်သွားခဲ့သည်။ ဤနည်းဖြင့် သမ္မာကျမ်းစာတွင်ဖော်ပြထားသည့် အစာရှောင်ရမည်ဟူသော တစ်ခုတည်းသောအမိန့်သည် ဖယ်ရှားခံရလေသည်။
လင့်တ်ဝါတွင်းကော
သို့ဖြစ်လျှင် လင့်တ်ဝါတွင်း၌ အစာရှောင်သည့် ခရစ်ယာန်ဘောင်ထုံးစံအတွက် အခြေအမြစ်ကား အဘယ်နည်း။ ချာ့ချ်တစ်ခုနှင့်တစ်ခုတွင် ယင်းကိုကျင်းပသည့်နည်းချင်း ကွာခြားသော်လည်း ကက်သလစ်နှင့် ပရိုတက်စတင့်ချာ့ချ်နှစ်ခုစလုံးက လင့်တ်ဝါတွင်းကို အသိအမှတ်ပြုကြသည်။ အချို့သူများသည် အီစတာပွဲမတိုင်မီ ရက်ပေါင်း ၄၀ ကာလပတ်လုံး တစ်နေ့လျှင်တစ်နပ်သာစားကြသည်။ အခြားသူများမှာမူ အက်ရှ်ဝဲန်ဇ်ဒေး [ဝါတွင်း၏ ပထမနေ့] နှင့် ဂွတ်ဖရိုင်းဒေး [အီစတာပွဲမတိုင်မီ သောကြာနေ့] ရက်များတွင်သာ လုံးလုံးအစာရှောင်ကြသည်။ အချို့သူများမူကား လင့်တ်ဝါတွင်းတွင် အသား၊ ငါး၊ ကြက်ဥနှင့် နို့ထွက်ပစ္စည်းများကို ရှောင်ရကြသည်။
လင့်တ်ဝါတွင်းသည် ယေရှုနှစ်ခြင်းခံပြီးနောက် အရက် ၄၀ အစာရှောင်ခြင်းကိုအခြေပြုသည်ဟုဆိုကြသည်။ ထိုစဉ်က ကိုယ်တော်သည် နှစ်စဉ်လိုက်လျှောက်ရမည့်ထုံးတမ်းတစ်ခုကို အတည်ပြုနေခြင်းလော။ လုံးဝမဟုတ်ပါ။ အစောပိုင်းခရစ်ယာန်များသည် ထိုသို့ပြုမူခဲ့ကြောင်း သမ္မာကျမ်းစာတွင် မှတ်တမ်းတင်ချက် လုံးဝမရှိခြင်းက ယင်းကိုထင်ရှားစေသည်။ လင့်တ်ဝါတွင်းကို ခရစ်တော်နောက်ပိုင်း စတုတ္ထရာစုတွင် ဦးဆုံးစတင်ကျင်းပခဲ့သည်။ ခရစ်ယာန်ဘောင်၏ အခြားအခြားသွန်သင်ချက် မြောက်မြားစွာနည်းတူ တိတ္ထိအယူတို့မှ တစ်ဆင့်ခံယူထားခြင်းဖြစ်သည်။
လင့်တ်ဝါတွင်းသည် ယေရှုနှစ်ခြင်းခံပြီးနောက် တောထဲတွင် အစာရှောင်ခြင်းကို တုပခြင်းဖြစ်သည်မှန်လျှင် ရှင်ပြန်ထမြောက်တော်မူသည့်အချိန်ဟု ဆိုကြသည့် အီစတာပွဲမတိုင်မီ သီတင်းပတ်များအတွင်း ယင်းကို အဘယ်ကြောင့်ကျင်းပခဲ့ရကြသနည်း။ ယေရှုသည် မိမိမသေမီ ရက်များအတွင်း အစာရှောင်တော်မမူခဲ့ပါ။ ကိုယ်တော်မသေမီ ရက်အနည်းငယ်အလိုတွင် ကိုယ်တော်နှင့် တပည့်တော်များသည် ဗေသနိမြို့၌ လူတို့၏အိမ်များထံ လည်ပတ်သွားပြီး အစာသုံးဆောင်ခဲ့ကြောင်း ခရစ်ဝင်ကျမ်းမှတ်တမ်းများက တင်ပြသည်။ ကိုယ်တော်မသေမီ ညတွင် ပသခါပွဲတော်ကို သုံးဆောင်တော်မူခဲ့သည်။—မဿဲ ၂၆:၆၊ ၇; လုကာ ၂၂:၁၅; ယောဟန် ၁၂:၂။
ယေရှုနှစ်ခြင်းယူပြီးနောက် အစာရှောင်ခြင်းမှ သင်ခန်းစာယူစရာရှိပါသည်။ ကိုယ်တော်သည် အရေးကြီးသော ဓမ္မအမှုကို စတင်ဆောင်ရွက်တော့မည်ဖြစ်သည်။ ယေဟောဝါ၏ အကြွင်းမဲ့ပိုင်သအုပ်စိုးခွင့်ကို သင်္ကာယနကင်းရှင်းရေး၊ လူမျိုးတစ်မျိုးလုံး၏ အနာဂတ်ရေးတို့နှင့် ပတ်သက်နေသည်။ ဤအချိန်သည် အလေးအနက်စဉ်းစားဆင်ခြင်ပြီး ယေဟောဝါ၏ကူညီမစမှုနှင့် လမ်းညွှန်မှုရရှိရန် ကိုယ်တော်ထံဆုတောင်းဖို့အချိန်ဖြစ်သည်။ ယေရှုသည် ထိုအချိန်အတွင်း လျောက်ပတ်သင့်တော်စွာ အစာရှောင်တော်မူခဲ့သည်။ ရည်ရွယ်ချက်မှန်နှင့် သင့်တော်သောအချိန်တွင် အစာရှောင်ခြင်းသည် အကျိုးရှိနိုင်ကြောင်း ယင်းအဖြစ်အပျက်ကတင်ပြသည်။—ကောလောသဲ ၂:၂၀-၂၃ နှိုင်းယှဉ်။
အစာရှောင်ခြင်းက အကျိုးပြုနိုင်သည့်အချိန်
ယနေ့ ဘုရားသခင်အားကိုးကွယ်သူတစ်ဦး အစာရှောင်နိုင်သည့် အချိန်အခါအချို့ကို သုံးသပ်ကြည့်ကြစို့။ ပြစ်မှားမိသူတစ်ဦးသည် အတန်ကြာ အစာစားချင်စိတ်မရှိဘဲဖြစ်ပေမည်။ ယင်းသည် မိမိကို သူတစ်ပါးအထင်ကြီးစေခြင်း သို့မဟုတ် ဆုံးမခံရသဖြင့် အမျက်ထွက်ခြင်းမဟုတ်ပါ။ ထို့ပြင် အစာရှောင်ခြင်းကိုယ်နှိုက်က ဘုရားသခင်နှင့် ပြန်သင့်သင့်မြတ်မြတ်ရှိစေမည်မဟုတ်ပါ။ သို့ရာတွင် အမှန်တကယ်နောင်တရသူတစ်ဦးသည် ယေဟောဝါကိုလည်းကောင်း၊ ဖြစ်နိုင်သည်မှာ မိတ်ဆွေအပေါင်းအသင်းနှင့် မိသားစုကိုလည်းကောင်း စိတ်ထိခိုက်စေခဲ့သောကြောင့် အလွန်ဝမ်းနည်းပါလိမ့်မည်။ စိတ်ညှိုးငယ်ပူပန်ပြီး ခွင့်လွှတ်ခြင်းခံရရန် ပြင်းပြစွာဆုတောင်းခြင်းက အစာစားချင်စိတ်ကို မရှိဖြစ်စေပေမည်။
ဣသရေလဘုရင်ဒါဝိဒ်သည် ထပ်တူပင် ခံစားခဲ့ရသည်။ ဗာသရှေဘနှင့်ရသောသားကို ဆုံးရှုံးရမည့်အရေးကြုံနေစဉ် ကလေးကိုချမ်းသာပေးရန် ယေဟောဝါထံဆုတောင်းခြင်းတွင် အစွမ်းကုန်အာရုံစိုက်ခဲ့သည်။ စိတ်ရောကိုယ်ပါ အားကြိုးမာန်တက်ဆုတောင်းနေစဉ် သူအစာရှောင်ခဲ့သည်။ ထိုနည်းတူ ယနေ့ စိတ်ထိခိုက်စရာအခြေအနေအချို့အောက်တွင် အစာစားခြင်းသည် မသင့်လျော်ပုံပေါက်ပေမည်။—၂ ဓမ္မရာဇဝင် ၁၂:၁၅-၁၇။
ဘာသာရေးကိုင်းရှိုင်းသူတစ်ဦးသည် အလွန်နက်နဲသော ဝိညာဏရေးရာတစ်ခုကို အာရုံစူးစိုက်လိုသည့် အချိန်အခါမျိုးလည်းရှိနိုင်ပါသည်။ သမ္မာကျမ်းစာနှင့် ခရစ်ယာန်စာပေစာတမ်းများတွင် သုတေသနပြုလုပ်ရန် လိုအပ်ပေမည်။ အတန်ကြာ အလေးအနက်ဆင်ခြင်သုံးသပ်ရန် လိုအပ်လိမ့်မည်။ ဤသို့အာရုံစူးစိုက် လေ့လာသည့်အချိန်အတွင်း အစာစားခြင်းကြောင့် အာရုံမပြောင်းသွားဖို့ရွေးချယ်လိုသူဖြစ်ပေမည်။—ယေရမိ ၃၆:၈-၁၀ နှိုင်းယှဉ်။
အရေးကြီးသောဆုံးဖြတ်ချက်များချရသည့်အချိန်တွင် ဘုရားသခင်၏ကျေးကျွန်များသည် အစာရှောင်ခဲ့ကြကြောင်း ကျမ်းစာနမူနာများရှိသည်။ နေဟမိခေတ်တွင် ယေဟောဝါအား သစ္စာကတိပြုခဲ့ရကြပြီး ဂျူးတို့သည် သစ္စာဖျက်မည်ဆိုလျှင် ကျိန်ခြင်းခံရကြမည်ဖြစ်သည်။ တစ်ပါးအမျိုးသားမိန်းမတို့ကို ကွာရှင်းပြီး ပတ်ပတ်လည်ရှိလူမျိုးတို့နှင့် မစပ်ဆိုင်ဘဲနေပါမည်ဟု သစ္စာကတိပြုရကြသည်။ ထိုသို့သစ္စာမပြုမီ မိမိတို့၏အပြစ်ကို ဝန်ခံနေကြစဉ် အသင်းတော်တစ်ခုလုံးသည် အစာရှောင်ခဲ့ကြသည်။ (နေဟမိ ၉:၁၊ ၃၈; ၁၀:၂၉၊ ၃၀) ထို့ကြောင့် ခရစ်ယာန်တစ်ဦးသည် လေးလေးနက်နက်စဉ်းစားရသည့် ဆုံးဖြတ်ရမည့်အရေးကို ကြုံရသောအခါ ခေတ္တအစာမစားဘဲနေလိုပေမည်။
အစောပိုင်းခရစ်ယာန်အသင်းတော်၏ အကြီးအကဲအဖွဲ့များသည် ဆုံးဖြတ်ချက်များချသည့်အခါ တစ်ခါတစ်ရံ အစာပါရှောင်ကြသည်။ ယနေ့လည်း ဥပမာ၊ တရားရေးကိစ္စတစ်ခုခုနှင့်ပတ်သက်၍ ခက်ခဲသောဆုံးဖြတ်ချက်များချရမည့်အချိန်အခါမျိုးတွင် အသင်းတော်အကြီးအကဲများသည် ၎င်းကိစ္စကိုစဉ်းစားသုံးသပ်စဉ် အစာရှောင်လိုပေမည်။
တစ်စုံတစ်ရာသောအခြေအနေမျိုးတွင် အစာရှောင်လိုခြင်းသည် တစ်ဦးချင်းစီ၏ဆုံးဖြတ်ချက်ဖြစ်သည်။ ယင်းကိစ္စနှင့်ပတ်သက်၍ တစ်ဦးကိုတစ်ဦး မစီရင်သင့်ပါ။ ကျွန်ုပ်တို့သည် “လူတို့ရှေ့မှာ ဖြောင့်မတ်ဟန်” မရှိလိုသင့်ပါ; တစ်ကြိမ်တည်းတွင် ကြီးလေးသောတာဝန်များကို မပြုစုနိုင်သည်အထိ အစာကိုရေးကြီးခွင့်ကျယ်ကိစ္စမဖြစ်စေသင့်ပါ။ (မဿဲ ၂၃:၂၈; လုကာ ၁၂:၂၂၊ ၂၃) ကျွန်ုပ်တို့အစာရှောင်ရန် သို့မဟုတ် အစာမရှောင်ရန် ဘုရားသခင်မတောင်းဆိုကြောင်း သမ္မာကျမ်းစာကလည်း ဖော်ပြပါသည်။
[စာမျက်နှာ ၇ ပါ ရုပ်ပုံ]
ယေရှုနှစ်ခြင်းခံပြီးနောက် ရက်ပေါင်း ၄၀ အဘယ်ကြောင့် အစာရှောင်တော်မူခဲ့ကြောင်း သင်သိပါသလော