ခရစ်ယာန်ခေတ်တွင်သီအိုကရက်တစ် စီမံခန့်ခွဲရေး
“ကောင်းကင်အရာ၊ မြေကြီးအရာ ခပ်သိမ်းကို ခရစ်တော်၌ တစ်ဖန်စုစည်းစေရန် စေတနာအကြံတော်ရှိသတည်း။”—ဧဖက် ၁:၉၊ ၁၀၊ ကဘ။
၁၊ ၂။ (က) စီ.အီး. ၃၃ ခုနှစ်တွင် စတင်ခဲ့သည့် “ကောင်းကင်အရာ” တို့ကိုစုစည်းခြင်းသည် မည်သို့ဆက်ဖြစ်ပျက်လာသနည်း။ (ခ) ဘိသိက်ခံခရစ်ယာန်များသည် ၁၉၁၄ ခုနှစ်ကတည်းက မောရှေနှင့်ဧလိယတို့၏စိတ်ဓာတ်ကို မည်သို့တင်ပြခဲ့ကြပြီနည်း။
“ကောင်းကင်အရာ” တို့ကိုစုစည်းခြင်းသည် “ဘုရားသခင်၏ဣသရေလအမျိုး” ဖွားမြင်ခဲ့သည့် စီ.အီး. ၃၃ ခုနှစ်တွင် စတင်ခဲ့သည်။ (ဂလာတိ ၆:၁၆; ဟေရှာယ ၄၃:၁၀; ၁ ပေတရု ၂:၉၊ ၁၀) စီ.အီး. ပထမရာစုနောက်ပိုင်းတွင် (“စပါးပင်” ဟုယေရှုခေါ်သည့်) စစ်မှန်သောခရစ်ယာန်များသည် စာတန်ကြဲသည့် ဖောက်ပြန်သူ “တောပင်” များ၏ဖုံးလွှမ်းခြင်းကိုခံရသောအခါ ၎င်းစုစည်းခြင်းအရှိန် လျော့သွားသည်။ သို့သော် “ဆုံးခန်းချိန်” နီးကပ်လာစဉ် ဘုရားသခင်၏ စစ်မှန်သော ဣသရေလအမျိုးသည် ပြန်ပေါ်ထွန်းလာပြီး ၁၉၁၉ ခုနှစ်တွင် ယေရှု၏ဥစ္စာရှိသမျှတို့အပေါ် ခန့်အပ်ခံရလေသည်။a—မဿဲ ၁၃:၂၄-၃၀၊ ၃၆-၄၃; ၂၄:၄၅-၄၇; ဒံယေလ ၁၂:၄။
၂ ပထမကမ္ဘာစစ်အတွင်း ဘိသိက်ခံခရစ်ယာန်များသည် မောရှေနှင့်ဧလိယနည်းတူ တန်ခိုးပါသောလုပ်ရပ်တို့ကို ပြုလုပ်ခဲ့ကြသည်။b (ဗျာဒိတ် ၁၁:၅၊ ၆) ၁၉၁၉ ခုနှစ်ကတည်းက ရန်စောင်သောလောကကြီးအတွင်း ဧလိယ၏သတ္တိမျိုးနှင့် သတင်းကောင်းကို ဟောပြောခဲ့ကြပြီ။ (မဿဲ ၂၄:၉-၁၄) မောရှေသည် ရှေးအီဂျစ်နိုင်ငံအပေါ် ဘုရားသခင်၏ကပ်ဘေးများကို ကျရောက်စေခဲ့သည့်နည်းတူ သူတို့သည်လည်း ၁၉၂၂ ခုနှစ်ကတည်းက လောကီသားများအပေါ် ယေဟောဝါ၏တရားစီရင်ချက်များကို ကြေညာခဲ့ကြပြီ။ (ဗျာဒိတ် ၁၅:၁; ၁၆:၂-၁၇) ဤဘိသိက်ခံခရစ်ယာန်များမှ အကြွင်းအကျန်သည် ယနေ့ ယေဟောဝါသက်သေများ၏ ကမ္ဘာသစ်အဖွဲ့အစည်း၏ မဏ္ဍိုင်ဖြစ်ပါသည်။
လှုပ်ရှားနေသော အုပ်ချုပ်ရေးအဖွဲ့
၃။ ရှေးခရစ်ယာန်အသင်းတော်သည် ကောင်းစွာဖွဲ့စည်းထားကြောင်း အဘယ်အဖြစ်အပျက်များက တင်ပြသနည်း။
၃ အစကနဦးကပင် ယေရှု၏ဘိသိက်ခံတပည့်တော်များသည် ကောင်းစွာဖွဲ့စည်းခြင်းခံထားကြရသည်။ တပည့်တော်များ၏အရေအတွက် တိုးပွားလာလေ ဒေသအလိုက် အသင်းတော်များကို တည်ထောင်ရလေဖြစ်ပြီး အကြီးအကဲများကိုလည်း ခန့်အပ်ပေးရလေသည်။ (တိတု ၁:၅) စီ.အီး. ၃၃ ခုနှစ်နောက်ပိုင်းတွင် တမန်တော် ၁၂ ပါးသည် အခွင့်အာဏာရ ဗဟိုအုပ်ချုပ်ရေးအဖွဲ့အဖြစ် ဆောင်ရွက်ကြရာ သက်သေခံခြင်းလုပ်ငန်းကို ရဲရင့်စွာဖြင့် ဦးစီးဦးဆောင်ပြုလုပ်ခဲ့ကြလေသည်။ (တမန်တော် ၄:၃၃၊ ၃၅၊ ၃၇; ၅:၁၈၊ ၂၉) အစားအသောက်လိုအပ်သူများအား အစာဝေမျှပေးခြင်းကို သူတို့စီမံပြီး ရှမာရိမြို့ရှိ စိတ်ဝင်စားသူများကို အကူအညီပေးရန် ပေတရုနှင့်ယောဟန်တို့အား စေလွှတ်ခဲ့သည်။ (တမန်တော် ၆:၁-၆; ၈:၆-၈၊ ၁၄-၁၇) ဗာနဗသည် ပေါလုကို သူတို့ထံ ခေါ်ဆောင်သွားပြီး ယခင်က နှိပ်စက်ကလူပြုခဲ့သော ဤသူသည် ယခုယေရှု၏တပည့်တော် အမှန်ဖြစ်နေကြောင်း ထောက်ခံပြောဆိုပါသည်။ (တမန်တော် ၉:၂၇; ဂလာတိ ၁:၁၈၊ ၁၉) ထို့နောက် ပေတရုသည် ကော်နေလိနှင့် သူ၏အိမ်တွင်ရှိသမျှသောသူတို့အား ဟောပြောပြီးနောက် ယေရုရှလင်မြို့သို့ပြန်သွားပြီး ထိုအချိန်တွင် ဘုရားသခင်၏အလိုတော်ကို သန့်ရှင်းသောဝိညာဉ်တော်က မည်သို့ညွှန်ပြခဲ့ကြောင်း တမန်တော်များနှင့် အခြားယုဒညီအစ်ကိုများအား ရှင်းပြသည်။—တမန်တော် ၁၁:၁-၁၈။
၄။ ပေတရုကိုသတ်ပစ်ရန် မည်သို့ကြိုးစားခဲ့သနည်း၊ သို့သော် သူသည် မည်သို့အသက်ချမ်းသာရသနည်း။
၄ သို့ဖြစ်ပြီးနောက် အုပ်ချုပ်ရေးအဖွဲ့သည် ရက်စက်ကြမ်းကြုတ်မှုများကို ခံခဲ့ရ၏။ ပေတရုသည် ထောင်ချခံရ၍ ကောင်းကင်တမန်၏ ကြားဝင်ကူညီမှုဖြင့်သာ အသက်ချမ်းသာရသည်။ (တမန်တော် ၁၂:၃-၁၁) ယခု ပထမဆုံးအကြိမ်၊ တမန်တော် ၁၂ ပါးတွင်မပါဝင်သော အခြားသူတစ်ဦးသည် ယေရုရှလင်မြို့တွင် အရေးပါလာလေသည်။ အကျဉ်းမှ ပေတရုလွတ်မြောက်လာသောအခါ ယောဟန်မာကု၏အမိအိမ်တွင် စုဝေးနေသောလူစုအား “သင်တို့သွား၍ယာကုပ် [ယေရှု၏ညီဝမ်းကွဲ] နှင့် ညီအစ်ကိုတို့အား ဤအကြောင်းများကိုပြန်ကြားကြလော့” ဟုမှာကြားသည်။—တမန်တော် ၁၂:၁၇။
၅။ အာဇာနည်အဖြစ် ယာကုပ်သေပြီးနောက် အုပ်ချုပ်ရေးအဖွဲ့၏ဖွဲ့စည်းပုံသည် မည်သို့ပြောင်းလဲသွားသနည်း။
၅ ထိုအချိန်မတိုင်မီ၊ သစ္စာဖောက်သောတမန်တော် ယုဒရှကာရုတ်သည် သူ့ကိုယ်သူသတ်သေပြီးနောက်တွင် ယေရှုဓမ္မအမှုဆောင်ချိန်အတွင်း ကိုယ်တော်နှင့်ပေါင်းဖော်ပြီး ကိုယ်တော်၏သေခြင်းနှင့် ရှင်ပြန်ထမြောက်ခြင်းကို တွေ့မြင်သူတစ်ဦးအား ‘သူ၏တမန်တော်အရာ’ ကိုအပ်ပေးရန်လိုအပ်ကြောင်း သဘောပေါက်ကြသည်။ သို့ရာတွင် ယောဟန်၏အစ်ကို ယာကုပ်သည် ဓားနှင့်ကွပ်မျက်ခံရပြီးနောက် တမန်တော် ၁၂ ပါးဝင်တစ်ဦးအဖြစ် မည်သူမျှသူ့နေရာကို အစားမဝင်ခဲ့ပါ။ (တမန်တော် ၁:၂၀-၂၆; ၁၂:၁၊ ၂) ယင်းအစား အုပ်ချုပ်ရေးအဖွဲ့အကြောင်း ကျမ်းစာတွင် နောက်တစ်ဖန်ကိုးကားဖော်ပြရာတွင် လူဦးရေတိုးများလာကြောင်း တွေ့ရှိရသည်။ ယေရှုနောက်တော်လိုက် တစ်ပါးအမျိုးသားတို့သည် မောရှေ၏ပညတ္တိကျမ်းကို လိုက်နာသင့်သည် မသင့်သည်နှင့်ပတ်သက်၍ အငြင်းပွားမှု ဖြစ်ပျက်ခဲ့သောအခါ ယင်းကိစ္စကို “ယေရုရှလင်မြို့ရှိ တမန်တော်များနှင့် အသင်းတော်လူကြီးများထံ” အစီရင်ခံခဲ့သည်။ (တမန်တော် ၁၅:၂၊ ၆၊ ၂၀၊ ၂၂၊ ၂၃၊ သတင်းကောင်း; ၁၆:၄) အုပ်ချုပ်ရေးအဖွဲ့တွင် ယခု “လူကြီးများ” အဘယ်ကြောင့်ပါဝင်နေသနည်း။ ယင်းအကြောင်း ကျမ်းစာတွင် မပါသော်လည်း ယင်းသည်အကျိုးရှိကြောင်း ထင်ရှားသည်။ ယာကုပ် ကွပ်မျက်ခံရခြင်းနှင့် ပေတရု အကျဉ်းကျခြင်းတို့က တမန်တော်များသည် တစ်နေ့နေ့တွင် အကျဉ်းချ၊ သတ်ဖြတ်ခံရနိုင်သည်ကို ဖော်ပြပါသည်။ ထိုသို့ဖြစ်ပျက်နိုင်စရာအကြောင်း ရှိသောကြောင့် အုပ်ချုပ်ရေးအဖွဲ့၏ အစီအစဉ်များကို အကျွမ်းတဝင်ရှိသူ အရည်အချင်းပြည့်မီသော အခြားအကြီးအကဲများ ရှိမည်ဆိုလျှင် စည်းကမ်းတကျ ဆက်လက်ကြီးကြပ်ပေးမှုရှိလိမ့်မည်ဟု သေချာစေသည်။
၆။ ယေရုရှလင်မြို့တွင် အုပ်ချုပ်ရေးအဖွဲ့၏ ကနဦးအဖွဲ့ဝင်များ မရှိကြတော့သည့်တိုင် ၎င်းသည် မည်သို့ဆက်လက်လှုပ်ရှားသနည်း။
၆ စီ.အီး. ၅၆ ခုနှစ်ခန့်တွင် ယေရုရှလင်မြို့သို့ ပေါလုရောက်လာ၍ ယာကုပ်ထံအစီရင်ခံသောအခါ ”အသင်းတော်လူကြီးအပေါင်းတို့လည်း . . . ရောက်ရှိနေ” သည်ဟုကျမ်းစာကဆိုသည်။ (တမန်တော် ၂၁:၁၈၊ သတင်းကောင်း) ဤသို့တွေ့ဆုံချိန်တွင် တမန်တော်များရှိသည်ဟု အဘယ်ကြောင့်မဖော်ပြသနည်း။ ယင်းအကြောင်းကိုလည်း ကျမ်းစာက မဖော်ပြပါ။ သို့သော် သမိုင်းဆရာယူစီဗီယပ်စ်က စီ.အီး. ၆၆ ခုနှစ်မတိုင်မီ အချိန်တစ်ချိန်တွင် “ကျန်ကြွင်းသောတမန်တော်များသည် အဆုံးစီရင်ရန် ကြံစည်မှုများကို အမြဲခံခဲ့ရကြရာ ယုဒပြည်မှ ထွက်ပြေးခဲ့ရကြောင်း၊ သို့သော် သူတို့၏သတင်းတရားကို သွန်သင်ပို့ချပေးရန် ခရစ်တော်၏တန်ခိုးတော်ဖြင့် အပြည်ပြည်သို့ ခရီးထွက်ခဲ့ကြသည်” ဟုနောက်ပိုင်းတွင် ဖော်ပြသည်။ (ယူစီဗီယပ်စ်၊ တတိယစောင်၊ ၅၊ အပိုဒ် ၂) ယူစီဗီယပ်စ်၏အရေးအသားသည် မှုတ်သွင်းခံမှတ်တမ်းဝင်မဟုတ်သည်ကား မှန်သော်လည်း မှုတ်သွင်းခံမှတ်တမ်းနှင့် ကိုက်ညီပါသည်။ ဥပမာ၊ စီ.အီး. ၆၂ ခုနှစ်တိုင်လေသော် ပေတရုသည် ယေရုရှလင်မြို့မှ ဝေးလံသော ဗာဗုလုန်မြို့တွင် ရောက်ရှိနေသည်။ (၁ ပေတရု ၅:၁၃) သို့တိုင် စီ.အီး. ၅၆ မှ စီ.အီး. ၆၆ ခုနှစ်အထိပင် ယေရုရှလင်မြို့တွင် အုပ်ချုပ်ရေးအဖွဲ့လှုပ်ရှားလျက်ရှိကြောင်း ထင်ရှားပါသည်။
မျက်မှောက်အချိန်တွင် စီမံကွပ်ကဲမှု
၇။ ပထမရာစု အုပ်ချုပ်ရေးအဖွဲ့နှင့် နှိုင်းယှဉ်ကြည့်ပါက ယနေ့ အုပ်ချုပ်ရေးအဖွဲ့၏ဖွဲ့စည်းပုံတွင် အဘယ်ထူးခြားသော ကွာခြားချက်ရှိသနည်း။
၇ စီ.အီး. ၃၃ ခုနှစ်မှ ယေရုရှလင်မြို့ပေါ် ကျရောက်သော ဒုက္ခကာလအထိ အုပ်ချုပ်ရေးအဖွဲ့ဝင်များသည် ဂျူးခရစ်ယာန်များသာဖြစ်ပုံရှိသည်။ စီ.အီး. ၅၆ ခုနှစ်၌ ပေါလုရောက်ရှိချိန်တွင် ယေရုရှလင်မြို့ရှိ ဂျူးခရစ်ယာန်များစွာတို့သည် “ငါတို့သခင်ယေရှုခရစ်ကို ယုံကြည်” ကြသော်လည်း “[မောရှေ၏] ပညတ်တရားဘက်၌ စိတ်အားကြီး” ဆဲရှိနေသေးကြောင်း သူသိရှိခဲ့ရသည်။c (ယာကုပ် ၂:၁; တမန်တော် ၂၁:၂၀-၂၅) ဤဂျူးများသည် အုပ်ချုပ်ရေးအဖွဲ့တွင် တစ်ပါးအမျိုးသားတစ်ဦး ပါဝင်လာမည့်အဖြစ်ကို စဉ်းစား၍ရမည်မဟုတ်ပေ။ သို့သော် မျက်မှောက်ခေတ်တွင် ဤအဖွဲ့၏ဖွဲ့စည်းပုံသည် နောက်တစ်နည်းပြောင်းလဲသွားပြန်သည်။ ယနေ့ ၎င်းတွင် ဘိသိက်ခံ တစ်ပါးအမျိုးသား ခရစ်ယာန်များသာပါဝင်ပြီး သူတို့၏ကြီးကြပ်ကွပ်ကဲမှုကို ယေဟောဝါ များပြားစွာကောင်းချီးသွန်းလောင်းတော်မူခဲ့ပြီ။—ဧဖက် ၂:၁၁-၁၅။
၈၊ ၉။ မျက်မှောက်ခေတ်တွင် အုပ်ချုပ်ရေးအဖွဲ့၌ အဘယ်ပြောင်းလဲမှုများ တွေ့ရှိရသနည်း။
၈ ပဲင်စီလ်ဘေးနီးယား၊ ကင်းမျှော်စင်သမ္မာကျမ်းစာနှင့်ဝေစာအသင်းကို စတည်ထောင်သည့် ၁၈၈၄ ခုနှစ်မှ ၁၉၇၂ ခုနှစ်အထိ အဖွဲ့အစည်း၏ဥက္ကဋ္ဌသည် ယေဟောဝါ၏အဖွဲ့အစည်းတွင် ဩဇာများစွာရှိ၏၊ အုပ်ချုပ်ရေးအဖွဲ့မှာမူ အဖွဲ့အစည်း၏ ဒါရိုက်တာဘုတ်အဖွဲ့နှင့် တွဲဖက်အမှုထမ်းခဲ့သည်။ ၎င်းအစီအစဉ်ကို ယေဟောဝါလက်ခံတော်မူကြောင်း ထိုနှစ်များအတွင်း ရရှိခဲ့သောကောင်းချီးများက သက်သေထူသည်။ ၁၉၇၂ နှင့် ၁၉၇၅ အတွင်း အုပ်ချုပ်ရေးအဖွဲ့ဝင် ၁၈ ဦးအထိတိုးများလာပါသည်။ ပဲင်စီလ်ဘေးနီးယား ကင်းမျှော်စင် သမ္မာကျမ်းစာနှင့် ဝေစာအသင်း၏ ဒါရိုက်တာဘုတ်အဖွဲ့ဝင် ဖြစ်ကြသူအချို့ပါဝင်သော အဖွဲ့ဝင်တိုးများလာသည့် ဤအဖွဲ့အား အခွင့်အာဏာပိုအပ်နှင်းချိန်တွင် ပထမရာစုအစီအစဉ်နှင့် ပုံစံပိုတူညီလာပါသည်။
၉ ၁၉၇၅ ခုနှစ်ကတည်းက ဤ ၁၈ ဦးတို့မှအချို့သည် သူတို့၏မြေကြီးတာဝန်ပြီးဆုံးခဲ့လေပြီ။ လောကကို သူတို့အောင်မြင်ပြီဖြစ်၍ ‘ယေရှု၏ကောင်းကင်ပလ္လင်ပေါ်မှာ ကိုယ်တော်နှင့်အတူထိုင်နေကြပြီ။’ (ဗျာဒိတ် ၃:၂၁) ယင်းနှင့်အတူ အခြားအကြောင်းများကြောင့် အုပ်ချုပ်ရေးအဖွဲ့တွင် ၁၉၉၄ ခုနှစ်ကတိုးလာသည့် တစ်ယောက်ပါအပါအဝင် ယခု အဖွဲ့ဝင်ဆယ်ဦးရှိပါသည်။ သူတို့အများစုသည် အတော်အိုမင်းနေကြပေပြီ။ သို့ရာတွင် ဤဘိသိက်ခံညီအစ်ကိုများသည် သူတို့၏ကြီးလေးသောတာဝန်များကို ထမ်းဆောင်ရာတွင် ထောက်ပံ့ကူညီမှု ကောင်းစွာရရှိနေကြသည်။ ထိုထောက်ပံ့ကူညီမှုကို အဘယ်မှရရှိကြသနည်း။ ဘုရားသခင့်လူမျိုးအတွင်း ယခုခေတ် တိုးတက်ပြောင်းလဲမှုများကို တစေ့တစောင်းကြည့်ခြင်းဖြင့် အဖြေရရှိနိုင်ပါလိမ့်မည်။
ဘုရားသခင်၏ဣသရေလလူမျိုးအတွက် ထောက်ပံ့မှု
၁၀။ ဤနောက်ဆုံးကာလတွင် ယေဟောဝါ၏လုပ်ငန်းတော်၌ ဘိသိက်ခံတို့နှင့် မည်သူများ ပူးပေါင်းလာကြပြီနည်း။ ယင်းကို မည်သို့ပရောဖက်ပြုထားသနည်း။
၁၀ ၁၈၈၄ ခုနှစ်က ဘုရားသခင်၏ဣသရေလလူမျိုးနှင့် ပေါင်းသင်းခဲ့သူအားလုံးနီးပါးသည် ဘိသိက်ခံခရစ်ယာန်များဖြစ်ကြသည်။ သို့ရာတွင် တဖြည်းဖြည်း အခြားအုပ်စုတစ်စုပေါ်လာရာ ၁၉၃၅ ခုနှစ်တွင် ဤအုပ်စုသည် ဗျာဒိတ်ကျမ်းအခန်းကြီး ၇ ၏ “လူအုပ်ကြီး” ဖြစ်ကြောင်း ခွဲခြားသိမြင်လာရသည်။ သူတို့သည် မြေကြီးမျှော်လင့်ချက်ရှိကြသဖြင့် ခရစ်တော်၌စုစည်းရန် ယေဟောဝါရည်ရွယ်တော်မူသော “မြေကြီးအရာ” တို့ကို ကိုယ်စားပြုပါသည်။ (ဧဖက် ၁:၁၀) ယေရှု၏သိုးခြံများပုံဥပမာပါ “အခြားသိုး” တို့ကို သူတို့ကိုယ်စားပြုပါသည်။ (ယောဟန် ၁၀:၁၆) အခြားသိုးများသည် ၁၉၃၅ ခုနှစ်ကတည်းက ယေဟောဝါ၏အဖွဲ့အစည်းထဲသို့ စုပြုံဝင်လာနေကြပါသည်။ သူတို့သည် “မိုးတိမ်ကဲ့သို့လည်းကောင်း၊ မိမိအိမ်သို့ပျံသော ချိုးများကဲ့သို့လည်းကောင်း ပျံလာ” နေကြသည်။ (ဟေရှာယ ၆၀:၈) လူအုပ်ကြီး၏အရေအတွက် တိုးများလာပြီး ဘိသိက်ခံအတန်းအစားဝင် များစွာတို့မှာမူ သေဆုံးခြင်း၌ မြေကြီးတာဝန်ပြီးဆုံးကြရာ အရေအတွက် လျော့နည်းနေသောကြောင့် အခြားသိုးဝင် အရည်အချင်းပြည့်မီသူများသည် ခရစ်ယာန်လုပ်ငန်းဆောင်တာများတွင် တိုး၍တိုး၍ ပါဝင်ဆောင်ရွက် နေကြပြီ။ အဘယ်နည်းများဖြင့်နည်း။
၁၁။ ကနဦးက ဘိသိက်ခံခရစ်ယာန်များအတွက်သာ ကန့်သတ်ထားသည့် အဘယ်အခွင့်အရေးများကို အခြားသိုးအား ပေးခဲ့ပြီနည်း။
၁၁ ယေဟောဝါ၏ဂုဏ်ကျေးဇူးတော်များကို ဖော်ပြခြင်းသည် ဘုရားသခင်၏ “သန့်ရှင်းသောလူမျိုး” ၏အထူးတာဝန်တစ်ရပ် အစဉ်အမြဲဖြစ်ခဲ့ပြီ။ ယင်းကို ပေါလုက ဗိမာန်တော်၌ ပူဇော်သောယဇ်အဖြစ် တင်ပြပြောဆိုပြီး “မင်းစည်းစိမ်ရှိသော ယဇ်ပုရောဟိတ်အမျိုး” ဖြစ်မည့်သူများအား ယေရှုက ဟောပြောခြင်းနှင့်သွန်သင်ခြင်းတာဝန်ကို အပ်နှင်းတော်မူခဲ့သည်။ (ထွက်မြောက်ရာ ၁၉:၅၊ ၆; ၁ ပေတရု ၂:၄၊ ၉; မဿဲ ၂၄:၁၄; ၂၈:၁၉၊ ၂၀; ဟေဗြဲ ၁၃:၁၅၊ ၁၆) မည်သို့ဆိုစေကာမူ ဩဂုတ် ၁၊ ၁၉၃၂ ခုနှစ်ထုတ် ကင်းမျှော်စင်က ယောနဒပ်ဖြင့် ပုံဆောင်ခံရသူများကို ဤလုပ်ငန်းတွင်ပါဝင်ကြရန် အတိအကျတိုက်တွန်း အားပေးသည်။ အမှန်မှာ ဤအခြားသိုးမှများစွာသောသူတို့သည် ထိုသို့ပြုလုပ်နေနှင့်ပြီးဖြစ်သည်။ ယနေ့ အခြားသိုးသည် “ဗိမာန်တော်၌ ဘုရားဝတ်ကို နေ့ညဉ့်မပြတ်ပြု” ခြင်း၏ အဓိကကဏ္ဍအဖြစ် ဟောပြောခြင်းလုပ်ငန်းအားလုံးနီးပါးကို ဆောင်ရွက်နေကြသည်။ (ဗျာဒိတ် ၇:၁၅) ထိုနည်းတူစွာ ယေဟောဝါလူမျိုး၏ ယခုခေတ်သမိုင်း၏ အစောပိုင်းတွင် အသင်းတော်အကြီးအကဲများသည် ဘိသိက်ခံခရစ်ယာန်များ၊ ယေရှုခရစ်၏ လက်ယာလက်တော်ရှိ ‘ကြယ်များ’ ဖြစ်ကြသည်။ (ဗျာဒိတ် ၁:၁၆၊ ၂၀) သို့သော် မေ ၁၊ ၁၉၃၇ ခုနှစ်ထုတ် ကင်းမျှော်စင်က အရည်အချင်းပြည့်မီသော အခြားသိုးသည် အသင်းတော်အမှုထမ်း (ဦးစီးကြီးကြပ်မှူးများ) ဖြစ်နိုင်ကြသည်ဟု ကြေညာထားသည်။ ဘိသိက်ခံအမျိုးသားများရှိသည့်တိုင် သူတို့တာဝန်မထမ်းဆောင်နိုင်လျှင် အခြားသိုးကို အသုံးပြုနိုင်သည်။ ယနေ့ အသင်းတော်အကြီးအကဲ အားလုံးနီးပါးသည် အခြားသိုးဝင်သူများဖြစ်ကြသည်။
၁၂။ အဖွဲ့အစည်းဆိုင်ရာ ကြီးလေးသောတာဝန်များကို အရည်အချင်းရှိအခြားသိုးတို့ လက်ခံယူခြင်းနှင့်ပတ်သက်၍ ကျမ်းဆိုင်ရာအဘယ်အစဉ်အလာများရှိသနည်း။
၁၂ ဤမျှကြီးလေးသောတာဝန်များကို အခြားသိုးအား အပ်နှင်းခြင်းသည် မှားပါသလော။ မမှားပါ၊ သမိုင်းတွင်ရှိခဲ့သော အစဉ်အလာအတိုင်း လုပ်ကိုင်နေခြင်းဖြစ်သည်။ တိုင်းတစ်ပါးမှ ဘာသာဝင်သူ (ဧည့်သည်အာဂန္တု) အချို့သည် ရှေးဣသရေလနိုင်ငံတွင် အရာရှိများဖြစ်ခဲ့ကြသည်။ (၂ ဓမ္မရာဇဝင် ၂၃:၃၇၊ ၃၉; ယေရမိ ၃၈:၇-၉) ဗာဗုလုန်နိုင်ငံသို့ ပြည်နှင်ခံရသည့်နောက်ပိုင်းတွင် အရည်အချင်းရှိ နက်သနင် (ဣသရေလလူမျိုးမဟုတ်သော ဗိမာန်တော်ကျေးကျွန်) များအား ယခင်က လေဝိသားများသာ ထမ်းရွက်ရသော ဗိမာန်တော်လုပ်ငန်း အခွင့်အရေးများကို အပ်နှင်းခဲ့သည်။ (ဧဇရ ၈:၁၅-၂၀; နေဟမိ ၇:၆၀) ထို့ပြင် ယေရှုနှင့်အတူ ကိုယ်ယောင်ထွန်းလင်းခြင်းရူပါရုံတွင် ထင်ရှားသော မောရှေသည် မိဒျန်အမျိုးသား ယေသရော၏ ကောင်းသောအကြံပေးချက်ကို လက်ခံခဲ့သည်။ နောက်ပိုင်းတွင်ယေသရော၏သား ဟောဗပါကို တောအရပ်၌ လမ်းပြပို့ဆောင်ပေးရန် အကူအညီတောင်းဆိုခဲ့သည်။—ထွက်မြောက်ရာ ၁၈:၅၊ ၁၇-၂၄; တောလည်ရာ ၁၀:၂၉။
၁၃။ အရည်အချင်းရှိအခြားသိုးတို့အား နှိမ့်ချစွာတာဝန်အပ်နှင်းရာတွင် ဘိသိက်ခံတို့သည် မည်သူ၏ကောင်းသောစိတ်ဓာတ်ကို တုပနေသနည်း။
၁၃ တောအရပ်၌ နှစ်ပေါင်း ၄၀ ကာလ၏အကုန်ပိုင်းတွင် ကတိထားရာပြည်တော်ထဲ ဝင်ရမည်မဟုတ်ကြောင်းသိထားသော မောရှေသည် မိမိနေရာကိုဆက်ခံမည့်သူတစ်ဦး ခန့်ပေးတော်မူပါဟု ယေဟောဝါထံ ဆုတောင်းခဲ့သည်။ (တောလည်ရာ ၂၇:၁၅-၁၇) မောရှေသည် သန်သန်မာမာရှိတုန်းပင်ဖြစ်ပြီး ဣသရေလလူမျိုး၏အမှုထမ်းခြင်းကို ချက်ချင်းမရပ်စဲခဲ့သော်လည်း လူပရိသတ်အပေါင်းရှေ့ ယောရှုအား တာဝန်အပ်နှင်းရန် ယေဟောဝါက သူ့ကိုမိန့်မှာတော်မူသည်အတိုင်း မောရှေပြုမူလေသည်။ (တရားဟောရာ ၃:၂၈; ၃၄:၅-၇၊ ၉) ထပ်တူနှိမ့်ချသောသဘောထားမျိုးဖြင့် ဘိသိက်ခံသူများသည် အခြားသိုးတို့မှ အရည်အချင်းရှိသူများကို အခွင့်အရေးများ တိုး၍တိုး၍ ပေးအပ်နေပြီဖြစ်သည်။
၁၄။ အဘယ်ပရောဖက်ပြုချက်များသည် အဖွဲ့အစည်းတွင် အခြားသိုး တိုး၍ဆောင်ရွက်သောတာဝန်များကို ညွှန်ပြသနည်း။
၁၄ အဖွဲ့အစည်းတွင် အခြားသိုး တိုး၍ဆောင်ရွက်ရသော တာဝန်သည်လည်း ပရောဖက်ပြုစရာအကြောင်း ဖြစ်ချေပြီ။ ဣသရေလလူမျိုးမဟုတ်သူ ဖိလိတ္တိအမျိုးသားသည် “ယုဒပြည်၌ မင်းကဲ့သို့နေလိမ့်မည်” ဟုဇာခရိက ကြိုတင်ဟောသည်။ (ဇာခရိ ၉:၆၊ ၇) ဤမင်းများသည် အမျိုးအနွယ်ခေါင်းဆောင်များဖြစ်ကြရာ ဇာခရိဆိုလိုသည်မှာ ယခင်က ဣသရေလလူမျိုး၏ ရန်သူများသည် စစ်မှန်သောဝတ်ပြုရေးကိုခံယူပြီး ကတိထားရာပြည်တော်တွင် လူမျိုးခေါင်းဆောင်ကဲ့သို့ဖြစ်လာလိမ့်မည်ဖြစ်သည်။ ထို့ပြင် ဘုရားသခင်၏ဣသရေလလူမျိုးကို ယေဟောဝါက ဤသို့မိန့်တော်မူခဲ့သည်– “တစ်ပါးအမျိုးသားတို့သည်ရပ်လျက်၊ သင်တို့သိုးစုများကို ထိန်းကျောင်းကြလိမ့်မည်။ တစ်ကျွန်းတစ်နိုင်ငံသားတို့သည် သင်တို့အဖို့လယ်လုပ်၍၊ စပျစ်ဥယျာဉ်ကိုလည်း ပြုစုကြလိမ့်မည်။ သင်တို့မူကား၊ ထာဝရဘုရား၏ယဇ်ပုရောဟိတ်ဟူ၍လည်းကောင်း၊ ငါတို့ဘုရားသခင်၏အမှုတော်ထမ်းဟူ၍လည်းကောင်း သမုတ်ခြင်းကိုခံရကြလိမ့်မည်။” (ဟေရှာယ ၆၁:၅၊ ၆) “တစ်ပါးအမျိုးသားတို့” နှင့် “တစ်ကျွန်းတစ်နိုင်ငံသားတို့” သည်အခြားသိုးများဖြစ်ကြသည်။ အသက်ကြီးရင့်ပြီဖြစ်သော ဘိသိက်ခံအကြွင်းအကျန်သည် သူတို့၏မြေကြီးတာဝန်ကို ထမ်းဆောင်ပြီး၍ ယေဟောဝါ၏ဘုန်းတန်ခိုးကြီးမြတ်သော ပလ္လင်တော်ဝန်းကျင်တွင် ‘ယေဟောဝါ၏ [ကောင်းကင်] ယဇ်ပုရောဟိတ်များ’ အဖြစ် အပြည့်အဝသွားရောက် ထမ်းဆောင်ကြမည်ဖြစ်ရာ အခြားသိုးတို့သည် အလုပ်တာဝန်များ တိုး၍တိုး၍ အပ်နှင်းခံရကြပေပြီ။—၁ ကောရိန္သု ၁၅:၅၀-၅၇; ဗျာဒိတ် ၄:၄၊ ၉-၁၁; ၅:၉၊ ၁၀။
“နောက်ဖြစ်လတ္တံ့သောသူအပေါင်းတို့”
၁၅။ ဤဆုံးခန်းချိန်တွင် အဘယ်ခရစ်ယာန်အုပ်စုသည် “အိုမင်း” နေပြီး အဘယ်အုပ်စုသည် ‘လာလတ္တံ့သောလူများ’ ကိုပုံဆောင်သနည်း။
၁၅ အခြားသိုးအနေနှင့် လုပ်ငန်းတာဝန်များကို တိုး၍ထမ်းဆောင်နိုင်ရန် ဘိသိက်ခံအကြွင်းအကျန်သည် သူတို့အားလေ့ကျင့်ပေးဖို့ စိတ်အားထက်သန်ကြသည်။ ဆာလံ ၇၁:၁၈ က “တစ်ဖန်တုံ အိုဘုရားသခင်၊ အကျွန်ုပ်အသက်ကြီး၍ ဆံပင်ဖြူသည်ကာလတိုင်အောင်၊ ယခုလူများတို့အား ကိုယ်တော်၏အစွမ်းသတ္တိကိုလည်းကောင်း၊ နောက်ဖြစ်လတ္တံ့သောသူအပေါင်းတို့အား တန်ခိုးတော်ကိုလည်းကောင်း အကျွန်ုပ်မပြမီတွင်၊ အကျွန်ုပ်ကိုစွန့်ပစ်တော်မမူပါနှင့်” ဟုဆိုသည်။ ဤအခန်းငယ်အကြောင်း ဒီဇင်ဘာ ၁၅၊ ၁၉၄၈ ခုနှစ်ထုတ် ကင်းမျှော်စင်က ဘိသိက်ခံခရစ်ယာန်အသင်းတော်သည် အမှန်ပင်အိုမင်းနေပြီဟုဖော်ပြထားသည်။ ဘိသိက်ခံတို့သည် ဝမ်းသာအားရစွာဖြင့် “ကျမ်းစာပရောဖက်ပြုချက်၏အလင်း၌ ရှုမျှော်ကြရာ လူမျိုးဆက်အသစ်ကို တွေ့မြင်သည်” ဟုဆက်လက်တင်ပြသည်။ အဓိကအားဖြင့် မည်သူ့ကို ရည်ရွယ်သနည်း။ ကင်းမျှော်စင်က “သူတို့ကို ယေရှုက ကိုယ်တော်၏ ‘အခြားသိုး’ ဟုခေါ်ဆိုသည်” ဟူ၍တင်ပြသည်။ ‘လာလတ္တံ့သောလူများ’ သည်ကောင်းကင်နိုင်ငံတော်အစိုးရမည့် မြေကြီးသစ်ဆိုင်ရာ အုပ်ချုပ်စီမံမှုအောက် အသက်ရှင်မည့်လူသားများကို ဆိုလိုပါသည်။
၁၆။ ‘လာလတ္တံ့သောလူများ’ ခံစားရမည့် အဘယ်ကောင်းချီးများကို စောင့်မျှော်ကြသနည်း။
၁၆ ဘိသိက်ခံခရစ်ယာန်များသည် အဘယ်အချိန်တွင်ဤ ‘လာလတ္တံ့သောလူများ’ မှသူတို့၏ညီအစ်ကိုများနှင့် ခွဲခွာကာ ယေရှုခရစ်နှင့်အတူ ဘုန်းဝင်စားသွားကြမည်ကို ကျမ်းစာက ရှင်းလင်းပြတ်သားစွာမဖော်ပြပါ။ သို့သော် ဤအချိန်နီးကပ်နေကြောင်း ထိုဘိသိက်ခံများ တထစ်ချယုံကြည်ကြသည်။ “ဆုံးခန်းချိန်” ဆိုင်ရာ ယေရှု၏မဟာပရောဖက်ပြုချက်ပါ အဖြစ်အပျက်များသည် ၁၉၁၄ ခုနှစ်ကတည်းက ပြည့်စုံလျက်ရှိရာ ဤလောကပျက်စီးချိန်နီးကြောင်း ထင်ရှားပါသည်။ (ဒံယေလ ၁၂:၄; မဿဲ ၂၄:၃-၁၄; မာကု ၁၃:၄-၂၀; လုကာ ၂၁:၇-၂၄) မကြာမီ ယေဟောဝါသည် ‘လာလတ္တံ့သောလူများ’ အတွက် ‘ကမ္ဘာဦးကပင် ပြင်ဆင်ထားသောနိုင်ငံ [မြေကြီးပိုင်နက်] ကို လာ၍အမွေခံကြ’ ရန်ကမ္ဘာသစ်ကို ရောက်လာစေတော်မူမည်။ (မဿဲ ၂၅:၃၄) ပရဒိသုပြန်လည်တည်ထောင်ပြီးနောက် ဟေဒီးစ်မှ သန်းပေါင်းများစွာသောလူသေတို့ ရှင်ပြန်ထမြောက်မည့်အချိန်ကို သူတို့စောင့်မျှော်နိုင်သည့်အတွက် ပီတိဖြာကြသည်။ (ဗျာဒိတ် ၂၀:၁၃) ဤရှင်ပြန်ထမြောက်လာမည့်သူများကို ကြိုဆိုရန် ဘိသိက်ခံများရှိနေကြမည်လော။ မေ ၁၊ ၁၉၂၅ ခုနှစ်ထုတ် ကင်းမျှော်စင်က ဤသို့ဆိုသည်– “ဘုရားသခင်ရှိစေတော်မူမည် သို့မဟုတ် ရှိစေတော်မမူပါဟူ၍ မိမိသဘောနှင့်မိမိ မဆုံးဖြတ်သင့်ပါ။ . . . [သို့သော်] ချာ့ချ်အဖွဲ့ဝင် [ဘိသိက်ခံခရစ်ယာန်] များသည် ရှေးထိုက်တန်သူများ [ခရစ်ယာန်ခေတ်မတိုင်မီက သစ္စာရှိသက်သေခံများ] မထမြောက်မီ ဘုန်းထင်ရှားကြလိမ့်မည်ဟု နားလည်ရသည်။” ထိုနည်းတူ ရှင်ပြန်ထမြောက်သူများကိုကြိုဆိုရန် ဘိသိက်ခံအချို့ ရှိမရှိဟူသည့်ကိစ္စနှင့်ပတ်သက်၍ ဆွေးနွေးရာတွင် စက်တင်ဘာ ၁၊ ၁၉၈၉ ခုနှစ်ထုတ် ကင်းမျှော်စင်က “ရှိနေဖို့ရန် မလိုအပ်ပါ” ဟုဖော်ပြထားသည်။d
၁၇။ ဘိသိက်ခံများသည် နန်းထိုင်ဘုရင်ယေရှုခရစ်နှင့်အတူ အဘယ်အံ့ဖွယ်အခွင့်ထူးများကို အုပ်စုလိုက် ပါဝင်ခံစားရမည်နည်း။
၁၇ မှန်ပါသည်၊ ဘိသိက်ခံခရစ်ယာန်တစ်ဦးစီ မည်သို့ဖြစ်ပျက်မည်ကို ကျွန်ုပ်တို့မသိကြပါ။ သို့သော် ကိုယ်ယောင်ထွန်းလင်းခြင်းရူပါရုံတွင် ယေရှုနှင့်အတူ မောရှေနှင့်ဧလိယတို့ရောက်ရှိနေခြင်းက ယေရှုသည် ဘုန်းအာနုဘော်ကိုဆောင်လျက် “လူအသီးသီးကျင့်သောအကျင့်နှင့်အလျောက်၊ အကျိုးအပြစ်ကို ဆပ်ပေး” ရန်ကြွလာ၍ စီရင်တော်မူသည့်အခါ ရှင်ပြန်ထမြောက်သော ဘိသိက်ခံခရစ်ယာန်များသည် ကိုယ်တော်နှင့်အတူရှိလိမ့်မည်ဟု ယူမှတ်စရာအကြောင်းရှိသည်။ ထို့ပြင် ‘အောင်မြင်သော’ ဘိသိက်ခံခရစ်ယာန်များသည် ယေရှုနှင့်အတူ အာမဂေဒုန်၌ ‘သံလှံတံနှင့်အုပ်စိုး’ လိမ့်မည်ဟူသော ကိုယ်တော်၏ကတိတော်ကိုလည်း ကျွန်ုပ်တို့သတိရကြမည်။ ယေရှုသည် ဘုန်းအာနုဘော်ကိုဆောင်လျက် ကြွလာတော်မူသောအခါ သူတို့သည် ကိုယ်တော်နှင့်အတူ ပလ္လင်ပေါ်မှာထိုင်လျက်၊ “ဣသရေလလူတစ်ဆယ့်နှစ်မျိုးကို စစ်ကြောစီရင်ရကြလတ္တံ့။” သူတို့သည် ယေရှုနှင့်အတူ ‘စာတန်ကို သူတို့ခြေအောက်၌ နှိပ်စက်တော်မူမည်။’—မဿဲ ၁၆:၂၇–၁၇:၉; ၁၉:၂၈; ဗျာဒိတ် ၂:၂၆၊ ၂၇; ၁၆:၁၄၊ ၁၆; ရောမ ၁၆:၂၀; ကမ္ဘာဦး ၃:၁၅; ဆာလံ ၂:၉; ၂ သက်သာလောနိတ် ၁:၉၊ ၁၀။
၁၈။ (က) ‘ကောင်းကင်အရာခပ်သိမ်းကို ခရစ်တော်၌ တစ်ဖန်စုစည်းခြင်း’ နှင့်ပတ်သက်၍ အဘယ်အခြေအနေရှိသနည်း။ (ခ) ‘မြေကြီးအရာခပ်သိမ်းကို ခရစ်တော်၌ တစ်ဖန်စုစည်းခြင်း’ နှင့်ပတ်သက်၍ အဘယ်ပြောဆိုစရာရှိသနည်း။
၁၈ ယေဟောဝါသည် ရှိရှိသမျှအရာတို့ကို စီမံခန့်ခွဲရေးနှင့်အညီ “အရာခပ်သိမ်းကို ခရစ်တော်၌ တစ်ဖန်စုစည်းစေရန်” တိုး၍တိုး၍ဆောင်ရွက်နေတော်မူသည်။ “ကောင်းကင်အရာများ” နှင့်ပတ်သက်ပြီး ကိုယ်တော်၏ရည်ရွယ်တော်မူချက်သည် ပြည့်စုံလုနီးနေပြီ။ “သိုးသငယ်၏မင်္ဂလာဆောင်ပွဲ” အတွက် ကောင်းကင်တွင် ၁၄၄,၀၀၀ နှင့် ယေရှုပေါင်းစည်းမည့်အချိန်နီးပြီ။ သို့ဖြစ်၍ ဘိသိက်ခံညီအစ်ကိုများကို ထောက်မကူညီပေးသည့်အနေနှင့် “မြေကြီးပေါ်မှာရှိရှိသမျှတို့ကို” ကိုယ်စားပြုသည့်အခြားသိုးမှ ရှေ့မီနောက်မီ၊ ရင့်ကျက်သော ညီအစ်ကိုအများအပြားသည် သာ၍ကြီးလေးသောတာဝန်များကို အပ်နှင်းခံခဲ့ရပြီ။ အမှန်တကယ် စိတ်အားတက်ကြွစရာအချိန်ပိုင်းတွင် ကျွန်ုပ်တို့အသက်ရှင်နေကြရသည်တကား! ယေဟောဝါ၏ရည်ရွယ်တော်မူချက် တဖြည်းဖြည်းပြည့်စုံလာခြင်းကို တွေ့မြင်ရခြင်းသည် တကယ်ပီတိဖြာစရာပါတကား! (ဧဖက် ၁:၉၊ ၁၀; ၃:၁၀-၁၂; ဗျာဒိတ် ၁၄:၁; ၁၉:၇၊ ၉) ဘုရင်ယေရှုခရစ်အား လက်အောက်ခံကာ ကြီးမြတ်တော်မူသော စကြဝဠာပိုင်သအုပ်စိုးရှင်၊ ယေဟောဝါဘုရားသခင်၏ ဘုန်းအာနုဘော်တော် ထင်ရှားစေရေးအတွက် “သိုးထိန်းတစ်ပါး” ၏ဦးစီးမှုအောက် “သိုးအုပ်တစ်အုပ်” အဖြစ် အုပ်စုနှစ်စုစလုံးသည် အတူတကွအမှုထမ်းကြစဉ် အခြားသိုးတို့သည် ဘိသိက်ခံညီအစ်ကိုများကို ထောက်မကူညီပေးရန် မည်မျှအားရရွှင်လန်းကြပါသည်တကား!—ယောဟန် ၁၀:၁၆; ဖိလိပ္ပိ ၂:၉-၁၁။
[အောက်ခြေမှတ်ချက်များ]
a သြဂုတ် ၁၊ ၁၉၈၂ ထုတ် ကင်းမျှော်စင် စာမျက်နှာ ၈-၁၉ ရှု။
b ဥပမာ၊ ၁၉၁၄ ခုနှစ်မှစတင်၍ အနောက်တိုင်းတစ်ခွင်တွင် “ဖန်ဆင်းခြင်းဓာတ်ပုံပြဇာတ်” ဟူသော အသံပြုသရုပ်ဆောင်သည့် တင်ဆက်ပြသမှုလေးပိုင်းကို လူများကြိတ်ကြိတ်တိုးခဲ့သော ရုံများတွင်ပြသခဲ့သည်။
c ဂျူးခရစ်ယာန်အချို့သည် ပညတ္တိကျမ်းဘက် အဘယ်ကြောင့်စိတ်အားကြီးရကြောင်းသိရှိရန် ကင်းမျှော်စင် သမ္မာကျမ်းစာနှင့်ဝေစာအသင်းမှ ထုတ်ဝေသော ကျမ်းစာစောင်များအပေါ်ထိုးထွင်းသိမြင်ခြင်း [လိပ်] အတွဲ ၂၊ စာမျက်နှာ ၁၁၆၃-၄ ရှု။
သင်ရှင်းပြနိုင်သလော
◻ ပထမရာစုတွင် ဘုရားသခင့်အဖွဲ့အစည်းသည် ရှေ့သို့မည်သို့တိုးတက်ခဲ့သနည်း။
◻ ယေဟောဝါသက်သေများ၏ ယခုခေတ်သမိုင်းတွင် အုပ်ချုပ်ရေးအဖွဲ့သည် မည်သို့တိုးတက်ပြောင်းလဲလာသနည်း။
◻ ယေဟောဝါ၏အဖွဲ့အစည်းရှိ အခြားသိုးအား အခွင့်အာဏာအပ်နှင်းခြင်းကို အဘယ်ကျမ်းချက်များက ထောက်ခံသနည်း။
◻ “ကောင်းကင်အရာ၊ မြေကြီးအရာခပ်သိမ်းတို့” သည်အဘယ်နည်းဖြင့် ခရစ်တော်၌စုစည်းခံရပြီနည်း။
[စာမျက်နှာ ၁၆ ပါ ရုပ်ပုံ]
ယေရုရှလင်မြို့တွင် အုပ်ချုပ်ရေးအဖွဲ့၏ ကနဦးအဖွဲ့ဝင်များမရှိကြတော့သည့်တိုင် ၎င်းသည် ဆက်လက်လှုပ်ရှားနေသည်
[စာမျက်နှာ ၁၈ ပါ ရုပ်ပုံ]
ရင့်ကျက်သော ဘိသိက်ခံခရစ်ယာန်များသည်ယေဟောဝါ၏လူများအတွက် ကောင်းချီးဖြစ်ခဲ့ကြပြီ
စီ. တီ. ရပ်စယ်လ်၁၈၈၄-၁၉၁၆
ဂျေ. အက်ဖ်. ရပ်သဖော့ဒ်၁၉၁၆-၄၂
အဲန်. အိပ်ချ်. နောရ်၁၉၄၂-၇၇
အက်ဖ်. ဒဗလျူ. ဖရန့်ဇ်၁၉၇၇-၉၂
အမ်. ဂျီ. ဟင်ရှယ်လ်
၁၉၉၂-