သမ္မာကျမ်းစာကို သင်ယုံကြည်နိုင်သလော
သမ္မာကျမ်းစာကို ယုံကြည်ခြင်းသည် ဤခေတ်ကာလတွင်ပင် ပျံ့နှံ့ဆဲရှိ၏။ ဥပမာ၊ မကြာသေးမီက အမေရိကန်ဂဲလပ်ဆန္ဒခံယူပွဲကျင်းပခဲ့ရာ ၈၀ ရာခိုင်နှုန်းက သမ္မာကျမ်းစာသည် ဘုရားသခင်မှုတ်သွင်းတော်မူသောနှုတ်မြွက်စကားဖြစ်သည်ဟု ယုံကြည်ကြောင်းဖော်ပြခဲ့ကြသည်။ သင်နေထိုင်ရာဒေသတွင် ယင်းသို့ ရာခိုင်နှုန်းများသည်ဖြစ်စေ၊ နည်းသည်ဖြစ်စေ ထိုယုံကြည်သူတို့သည် . . . သမ္မာကျမ်းစာကိုသွန်သင်ပေးမည်ဟုမျှော်လင့်ကြခြင်းကို သင်နားလည်နိုင်သည်။ သို့သော် များသောအားဖြင့် ထိုသို့မသွန်သင်ပေးကြပါ။ ဥပမာအဖြစ် သေဆုံးပြီးနောက် အပြစ်ပေးခံရသောစိုးလ်အယူဝါဒကိုကြည့်ပါ။
ငရဲကလေး သို့မဟုတ် မီးငရဲကို သမ္မာကျမ်းစာတစ်နေရာရာ၌ သွန်သင်ထားသလော။ ယနေ့ ခရစ်ယာန်ဘောင်ရှိ ပညာရှင်များစွာက မသွန်သင်ပါဟုအဖြေပေးကြပေမည်။ . . . ခရစ်ယာန်ဓမ္မပညာအဘိဓာန်ကျမ်းက ငရဲနှင့်ပတ်သက်၍ ဤသို့မှတ်ချက်ချသည်– “ဓမ္မသစ်ကျမ်းတွင် ရှေးခေတ်ဟောပြောခြင်း၌ ငရဲမီးအကြောင်းပါဝင်သည်ကို ကျွန်ုပ်တို့မတွေ့ရှိကြပါ။”
. . . လေ့လာရေးအဖွဲ့က ငရဲဟူသည် “လုံးဝမတည်ရှိသောအရာ” ဖြစ်သည်ဟုဖော်ပြ၏။a အလားတူ ကက်သလစ်စွယ်စုံကျမ်းသစ်က ကက်သလစ်တို့၏ရှုမြင်ပုံနှင့်ပတ်သက်၍ ဤသို့မှတ်ချက်ချသည်– “ယနေ့ ဘာသာရေးပညာရပ်က ငရဲဟူသည့်အကြောင်းမှာ ဘုရားသခင်နှင့်ခွဲခြားခြင်းဖြစ်သည်ဟူ၍ရှုမြင်၏။”
အမှန်မှာ စိုးလ်နှင့်ပတ်သက်၍ သမ္မာကျမ်းစာ၏သွန်သင်ချက်သည် ငရဲကလေးနှင့်မီးငရဲသွန်သင်ချက်များနှင့် ဆန့်ကျင်သည်။ သမ္မာကျမ်းစာက လူသေစိုးလ်အကြောင်း မကြာခဏဖော်ပြသည်။ “ပြစ်မှားသောစိုးလ်သည် သူကိုယ်တိုင်အသက်သေရမည်။” (ယေဇကျေလ ၁၈:၄၊ ကဘ; ကက်သလစ်ဒူးဝေးဘာသာပြန်ကျမ်း [လိပ်] နှိုင်းယှဉ်။) သမ္မာကျမ်းစာအရ လူသေတို့သည် ဘာမျှမသိ၊ နာကျင်မှုကိုလည်း မခံစားရချေ။ “အသက်ရှင်သောသူသည် မိမိသေရမည်ကိုသိ၏။ သေသောသူမူကား၊ အဘယ်အရာကိုမျှမသိ။” (ဒေသနာ ၉:၅) လူသေတို့အတွက် သမ္မာကျမ်းစာမှပေးသောမျှော်လင့်ချက်မှာ အနာဂတ်တွင် ရှင်ပြန်ထမြောက်ခြင်းဖြစ်၏။ ယေရှု၏မိတ်ဆွေလာဇရုသေဆုံးသွားသောအခါ ယေရှုသည် သေခြင်းကို အိပ်ပျော်ခြင်းနှင့်နှိုင်းယှဉ်ခဲ့သည်။ လာဇရု၏အစ်မဖြစ်သူ မာသက “နောက်ဆုံးသောနေ့တည်းဟူသော ထမြောက်ရာကာလ၌ သူသည်ထမြောက်လိမ့်မည်ကို ကျွန်မသိပါသည်” ဟုကြွေးကြော်သောအခါ သူမသည် သမ္မာကျမ်းစာ၌သွန်သင်သောမျှော်လင့်ချက်ကို ဖော်ပြခဲ့သည်။ လာဇရုကို သေခြင်းမှ ရှင်ပြန်ထမြောက်စေခြင်းဖြင့် ယေရှုသည် လူသားတို့အတွက် အဆိုပါမျှော်လင့်ချက်ကို စိတ်ချစေခဲ့သည်။—ယောဟန် ၅:၂၈၊ ၂၉; ၁၁:၁၁-၁၄၊ ၂၄၊ ၄၄။
သမိုင်းပညာရှင်များက လူတွင် သီးခြားဖြစ်သည့် မသေနိုင်သောစိုးလ်ရှိသည်ဟူသောသွန်သင်ချက်မှာ သမ္မာကျမ်းစာမှမဟုတ်ဘဲ ဂရိအတွေးအခေါ်မှ စတင်ခြင်းဖြစ်ကြောင်း ညွှန်ပြခဲ့ကြသည်။ ကက်သလစ်စွယ်စုံကျမ်းသစ်က ရှေးခေတ်ဟေဗြဲလူမျိုးတို့အနေနှင့် လူသည် ရုပ်ခန္ဓာနှင့် မသေနိုင်သောစိုးလ်ဖြင့် ပေါင်းစပ်ထားသည်ဟုမယူမှတ်ကြောင်း ဖော်ပြသည်။ ယင်းက ဟေဗြဲတို့၏ယုံကြည်ချက်နှင့်ပတ်သက်၍ ဤသို့ဆိုသည်– “ဘုရားသခင်သည် မြေမှုန့်ဖြင့် လူကိုဖန်ဆင်း၍ . . . ဇီဝအသက်ကိုမှုတ်တော်မူလျှင် လူသည် ‘အသက်ရှင်သောသတ္တဝါ’ ဖြစ်လေ၏။ (က[မ္ဘာဦး] ၂.၇) သေခြင်းဟူသည် ဂရိအတွေးအခေါ်ဆိုသည့်အတိုင်း လူတွင်ရှိသော ခြားနားသည့်ဒြပ်စင်နှစ်ခု သီးခြားဖြစ်သွားခြင်း; ဇီဝအသက်ထွက်ရာတွင် လူသည် ‘သေသောသတ္တဝါ’ ဖြစ်သွားသည်။ (ဝတ်[ပြုရာ] ၂၁.၁၁; တော[လည်ရာ] ၆.၆; ၁၉.၁၃) အဆိုပါနှစ်ရပ်စလုံးတွင် ‘သတ္တဝါ’ ဟူသည့်စကားလုံးသည် ဟေဗြဲ [neʹphesh] မှဖြစ်ပြီး ‘စိုးလ်’ ဟူ၍ဘာသာပြန်ဆိုလေ့ရှိသော်လည်း အမှန်အားဖြင့် ယင်းက ပုဂ္ဂိုလ်နှင့်အတူတူပင်ဖြစ်သည်။”
အဆိုပါစွယ်စုံကျမ်းကဖော်ပြသည်မှာ မကြာသေးမီက ကက်သလစ်ကျမ်းပညာရှင်များသည် “ရှေးခေတ်ဂရိသဘောအတိုင်း မသေနိုင်သောစိုးလ်အယူဝါဒကို ဓမ္မသစ်ကျမ်းက မသွန်သင်ကြောင်း အခိုင်အမာပြောဆိုကြသည်။” ယင်းက ဤသို့နိဂုံးချုပ်သည်– “ယင်းပြဿနာ၏အဓိကဖြေရှင်းနည်းကို အတွေးအခေါ်ပညာရပ်ဆိုင်ရာမှန်းဆချက်တွင်မဟုတ်ဘဲ သဘာဝထက်လွန်ကဲသော ဆုကျေးဇူးဖြစ်သည့် ရှင်ပြန်ထမြောက်ခြင်း၌သာ တွေ့ရှိရသည်။”
သမ္မာကျမ်းစာလော၊ အစဉ်အလာလော
သို့သော် သမ္မာကျမ်းစာ၌ မပါသောအယူအဆသည် ချာ့ချ်သွန်သင်ချက်များသို့ မည်သို့ဝင်လာသနည်း။ ချာ့ချ်များစွာက သမ္မာကျမ်းစာသည် ၎င်းတို့၏အခိုင်မာဆုံးသော ကိုးကားရင်းမြစ်ဖြစ်သည်ဟု အတိအလင်းပြောကြ၏။ ဥပမာ၊ မကြာသေးမီက ပုပ်ရဟန်းမင်း ဂျွန်ပေါလ် ၂ က “ကျမ်းစာ၏ အမှန်တရားများကို သစ္စာရှိသူတို့သည် အပြည့်အဝယုံကြည်စိတ်ချပြီး ကျွန်ုပ်တို့ယုံကြည်ခြင်း၏အဓိကစံနှုန်းအဖြစ် လက်ခံကြသည်” ဟုဆိုသည်။ သို့သော် ယနေ့ခရစ်ယာန်ဘောင်၏သွန်သင်ချက်များသည် ပထမရာစုရှိခရစ်ယာန်များ၏သွန်သင်ချက်များနှင့် မတူကြောင်း အများအားဖြင့်ဝန်ခံကြသည်။ ချာ့ချ်အများစုက ထိုအပြောင်းအလဲများသည် ချာ့ချ်အယူဝါဒ၏တစ်စတစ်စတိုးတက်မှုမျှဖြစ်သည်ဟု ယူမှတ်ကြသည်။ ထို့ပြင် ကက်သလစ်ချာ့ချ်က ချာ့ချ်၏ထုံးတမ်းစဉ်လာများသည် သမ္မာကျမ်းစာကဲ့သို့ပင် အလားတူသြဇာအာဏာရှိသည်ဟုဆို၏။ ကက်သလစ်စွယ်စုံကျမ်းသစ်က ချာ့ချ်သည် “ထုံးတမ်းစဉ်လာမပါဘဲနှင့် ကျမ်းစာတစ်ခုတည်းကိုအခြေခံ၍သော်လည်းကောင်း၊ ကျမ်းစာမပါဘဲနှင့် ထုံးတမ်းစဉ်လာတစ်ခုတည်းဖြင့်လည်းကောင်း အမှန်တရားဟုမခံယူချေ” ဟုဆိုသည်။
ချာ့ချ်များသည် ထုံးတမ်းစဉ်လာတစ်ခုတည်းပေါ်အခြေခံ၍ ကျမ်းစာသွန်သင်ချက်များကို အစားထိုးလိုက်ကြကြောင်း သမိုင်းကဖော်ပြ၏။ အမှန်ပင်၊ ယခုချာ့ချ်များစွာက သမ္မာကျမ်းစာသွန်သင်ချက်များသည် မှားသည်ဟုဆိုကြသည်။ ဥပမာ၊ ကက်သလစ်စွယ်စုံကျမ်းသစ်က “သိပ္ပံနှင့် သမိုင်းပေါ်အခြေခံသော ခေတ်ပညာအရ အကဲဖြတ်ရာတွင် ကျမ်းစာဆိုင်ရာဖော်ပြချက်များစွာမှာ မှန်ကန်မှုမရှိကြောင်း သိသာထင်ရှားပါသည်” ဟုဖော်ပြသည်။ လူသေတို့သည် ဘာမျှမသိဟူသော သမ္မာကျမ်းစာသွန်သင်ချက်နှင့်ပတ်သက်၍ ဤသို့ဖြည့်စွက်ထားသည်– “ဘာသာရေးဆိုင်ရာကိစ္စများ၌ပင် ဓမ္မဟောင်းကျမ်းက သေဆုံးပြီးနောက်အသက်တာ . . . နှင့်ပတ်သက်၍ ပညာမပြည့်စုံကြောင်းတင်ပြသည်။” ယင်း၏ဥပမာတစ်ခုအဖြစ် စွယ်စုံကျမ်းက ဆာလံ ၆:၅ (အချို့ကျမ်းစာတွင် အခန်းငယ် ၆) ကိုဤသို့ကိုးကားထားသည်– “သေလျက်နေစဉ်တွင် ကိုယ်တော်ကိုအောက်မေ့ခြင်းမရှိပါ။ မရဏာနိုင်ငံတွင် ကျေးဇူးတော်ကို အဘယ်သူချီးမွမ်းပါမည်နည်း။” သမ္မာကျမ်းစာသည် မမှားနိုင်ဟူ၍ ပရိုတက်စတင့်ကျမ်းစာသင်ကျောင်းနှင့် ကောလိပ်အချို့တွင် သွန်သင်မပေးတော့ပါ။ အခြားတစ်ဖက်တွင်မူ ကက်သလစ်ချာ့ချ်က ၎င်းသာ သွန်သင်ပေးခွင့်ရရှိထားရာ ယင်းအခွင့်အာဏာဖြင့် သမ္မာကျမ်းစာသွန်သင်သမျှကို အနက်ဖွင့်ပေး၏ဟု ယုံကြည်သည်။ သို့သော် ‘ထိုသို့သော အနက်ဖွင့်ဆိုချက်များသည် သမ္မာကျမ်းစာနှင့် ဆန့်ကျင်ပုံရှိနေလျှင်ကော’ ဟုသင်သိလိုပေမည်။
သမ္မာကျမ်းစာ၏အရေးပါမှု
ယေရှုသည် “ကျမ်းစာလာသည်ကား” ဟုမကြာခဏစကားချီးစခြင်းဖြင့် သမ္မာကျမ်းစာသည် ခိုင်လုံယုံကြည်ထိုက်ကြောင်း အကြိမ်ကြိမ်ကိုးကားဖော်ပြခဲ့သည်။ (မဿဲ ၄:၄၊ ၇၊ ၁၀; လုကာ ၁၉:၄၆) အမှန်ပင် ယေရှုသည် လူ့အိမ်ထောင်ရေးအကြောင်းမိန့်တော်မူရာ၌ ဂရိအတွေးအခေါ်မှန်းဆချက်များကိုမဟုတ်ဘဲ ကမ္ဘာဦးကျမ်းပါဖန်ဆင်းခြင်းမှတ်တမ်းကို အသုံးပြုခဲ့သည်။ (ကမ္ဘာဦး ၁:၂၇; ၂:၂၄; မဿဲ ၁၉:၃-၉) ယေရှုသည် သမ္မာကျမ်းစာကို ဘုရားသခင့်မှုတ်သွင်းခြင်းအားဖြင့်ဖြစ်ပြီး မှန်ကန်သည်ဟုယူမှတ်ကြောင်း ထင်ရှား၏။ ဘုရားသခင်ထံဆုတောင်းရာတွင် “ကိုယ်တော်၏နှုတ် [မြွက်စကား] သည် သမ္မာတရားဖြစ်ပါ၏” ဟု ကိုယ်တော်ဆိုခဲ့သည်။—ယောဟန် ၁၇:၁၇။b
ယေရှုသည် တစ်ခေတ်တည်းသားဘာသာရေးခေါင်းဆောင်များကို အပြစ်တင်ဝေဖန်ခဲ့ကြောင်း သမ္မာကျမ်းစာက ဤသို့မှတ်တမ်းတင်ထား၏– “သင်တို့သည် အဆက်ဆက်ခံသောနည်းဥပဒေသကို ကျင့်ရသောအခွင့်ရှိစေခြင်းငှာ၊ ဘုရားသခင်၏ပညတ်တော်ကို လျောက်ပတ်စွာပယ်ကြပြီတကား။ . . . မိမိတို့အဆက်ဆက်ခံသောနည်းဥပဒေသအားဖြင့် ဘုရားသခင်၏နှုတ် [မြွက်စကား] ကိုပယ်ကြ၏။” (မာကု ၇:၆-၁၃) အလားတူ တမန်တော်ပေါလုသည် ဂရိအတွေးအခေါ် သို့မဟုတ် မှားယွင်းသောထုံးတမ်းစဉ်လာများကို မိမိ၏သွန်သင်မှုတွင်ထည့်သွင်းရန် ဖိအားပေးခြင်းကိုတွန်းလှန်ခဲ့သည်။ သူက ဤသို့သတိပေးခဲ့သည်။ “လူအဆက်ဆက်ခံသောနည်းဥပဒေသနှင့် လောကီတရားနုကိုလိုက်၍ . . . သင်တို့ကို အဘယ်သူမျှ မလုမယူမဖျက်ဆီးစေခြင်းငှာ သတိပြုကြလော့။” (ကောလောသဲ ၂:၈; ၁ ကောရိန္သု ၁:၂၂၊ ၂၃; ၂:၁-၁၃) အစဉ်အလာ သို့မဟုတ် သွန်သင်ချက်အချို့ကို ခရစ်ယာန်များစောင့်ထိန်းရမည်ဟု ပေါလုတိုက်တွန်းခဲ့သော်လည်း ယင်းတို့သည် သမ္မာကျမ်းစာပေါ်တွင်အခြေခံပြီး ၎င်းနှင့်လုံးဝကိုက်ညီသည်။ (၂ သက်သာလောနိတ် ၂:၁၃-၁၅) ပေါလုက “ထိုကျမ်းစာရှိသမျှသည် ဘုရားသခင်မှုတ်သွင်းတော်မူသောအားဖြင့်ဖြစ်၍၊ ဘုရားသခင်၏လူသည် စုံလင်သောသူ၊ ကောင်းသောအမှုအမျိုးမျိုးတို့ကို ပြုစုခြင်းအလိုငှာ ပြင်ဆင်သောသူဖြစ်မည်အကြောင်း” တည်းဟုရေးသားခဲ့သည်။—၂ တိမောသေ ၃:၁၆၊ ၁၇။
ပေါလုသည် သမ္မာကျမ်းစာမှ တဖြည်းဖြည်းသွေဖည်သွားခြင်းကို ကြိုမြင်ခဲ့၏။ တိမောသေကို ဤသို့သတိပေးခဲ့သည်– “နောင်ကာလ၌ လူတို့သည် စင်ကြယ်သောသြဝါဒကိုနားမခံနိုင် . . . သမ္မာတရားကိုနားမထောင်ဘဲ . . . လွဲသွားကြလိမ့်မည်။” သူက တိမောသေအား “သင်မူကား၊ အရာရာ၌ [ကောင်းသော] သတိရှိစေလော့” ဟုတိုက်တွန်းခဲ့သည်။ (၂ တိမောသေ ၄:၃-၅) သို့သော် မည်သို့နည်း။ တစ်နည်းမှာ ‘စိတ်ထားမြင့်မြတ်’ ရန်ဖြစ်သည်။ ဂရိအဘိဓာန်က ဤကျမ်းစကားကို “လေ့လာသင်ယူလိုစိတ်ရှိပြီး အရာတစ်ခုကို မျှတစွာအကဲဖြတ်နိုင်ခြင်း” ဟုဖော်ပြထား၏။ လုကာသည် ပထမရာစုရှိ ပေါလု၏တရားနာသူဗေရိမြို့သားတို့အကြောင်းပြောရာတွင် ဤအသုံးအနှုန်းကို အသုံးပြုခဲ့သည်။ ပေါလု၏သွန်သင်ချက်များမှာ သူတို့အတွက်အသစ်အဆန်းဖြစ်ပြီး သူတို့သည် လှည့်ဖြားမခံလိုကြပါ။ သူတို့ကို ချီးကျူးသည့်အနေဖြင့် လုကာကဤသို့ရေးခဲ့သည်– “ဗေရိမြို့သားတို့သည် သက်သာလောနိတ်မြို့သားတို့ထက် ထူးမြတ်သဖြင့်၊ အလွန်ကြည်ညိုသောစေတနာစိတ်နှင့် နှုတ် [ထွက်] တရားတော်ကိုခံယူ၍၊ မှန်သည်မမှန်သည်ကိုသိခြင်းငှာ၊ ကျမ်းစာကိုနေ့တိုင်းအစဉ် စေ့စေ့ကြည့်ရှုကြ၏။” စိတ်ထားမြင့်မြတ်ခြင်းက ဗေရိမြို့သားတို့ကို သံသယဖြစ်သောသဘောထား၊ မည်သည့်အရာတွင်မဆို မယုံကြည်လိုစိတ်ကို မဖြစ်စေပါ။ ယင်းအစား သူတို့၏ရိုးဖြောင့်သောစူးစမ်းမှုက ‘များစွာတို့ကို ယုံကြည်သူများ’ ဖြစ်လာစေသည်။—တမန်တော် ၁၇:၁၁၊ ၁၂။
သမ္မာကျမ်းစာနှင့်အညီ အသက်ရှင်ခြင်း၏ အကျိုးကျေဇူးများ
ကနဦးခရစ်ယာန်များသည် သူတို့၏ သမ္မာကျမ်းစာအပေါ်သစ္စာရှိမှုနှင့် ကိုယ်ကျိုးစွန့်မေတ္တာအတွက် ကျော်ကြားခဲ့သည်။ သို့သော် ယနေ့များစွာသောသူတို့သည် “ဘုရားဝတ်၌မွေ့လျော်ယောင်ဆောင်၍၊ မွေ့လျော်ခြင်းတန်ခိုးကိုငြင်းပယ်သောသူဖြစ်ကြ” ၏။ (၂ တိမောသေ ၃:၄-၅) ယနေ့ မူလအစခရစ်ယာန်ဘာသာနှင့် မကိုက်ညီသော ခရစ်ယာန်ဘာသာ၏မည်သည့်ပုံစံမဆိုသည် လူ့အသက်တာတွင် ကောင်းကျိုးအတွက် စစ်မှန်သောလွှမ်းမိုးမှုမဖြစ်နိုင်ချေ။ ယင်းကြောင့် ခရစ်ယာန်ဘောင်လောကအများစုတွင် အကြမ်းဖက်မှုတိုးများလာခြင်း၊ အကျင့်ယိုယွင်းခြင်း၊ မိသားစုပြိုကွဲခြင်းနှင့် ရုပ်ပစ္စည်းလိုက်စားခြင်းတို့ဖြစ်နေသည်ကို တွေ့မြင်နေရ၏ဟု ဆိုနိုင်မည်လော။ “ခရစ်ယာန်” နိုင်ငံအချို့တွင် ဘာသာတစ်ခုတည်းရှိ အဖွဲ့ဝင်များအချင်းချင်း၌ ဆိုးရွားသောလူမျိုးရေးစစ်ပွဲများ ဖြစ်ပွားနေသည်။
ဗေရိမြို့သားများတွင်ရှိခဲ့သော မြင့်မြတ်သောစိတ်သဘောထားသည် ဆုံးပါးကုန်ကြပြီလော။ ယနေ့ သမ္မာကျမ်းစာကို ယုံကြည်သည်အတိုင်း အသက်ရှင်နေထိုင်ကြသောလူစုလူဝေးတစ်ခုခု ရှိပါ၏လော။
ကနေဒီယန်စွယ်စုံကျမ်းက ဤသို့သတိပြုစေသည်– “ယေဟောဝါသက်သေများ၏လုပ်ငန်းသည် ကျွန်ုပ်တို့ခေတ်သက္ကရာဇ်၏ ပထမနှင့် ဒုတိယရာစုနှစ်များအတွင်း ယေရှုနှင့် ကိုယ်တော်၏တပည့်များလိုက်လျှောက်ခဲ့ကြသည့် ရှေးခရစ်ယာန်ဘာသာ ပြန်လည်ရှင်သန်လာ၍ ပြန်တည်ထောင်လာခြင်းဖြစ်၏။” သက်သေခံများကိုရည်ညွှန်း၍ ကက်သလစ်စွယ်စုံကျမ်းသစ်က ဤသို့ဖော်ပြသည်– “သူတို့သည် သမ္မာကျမ်းစာကို သူတို့၏ယုံကြည်ခြင်းနှင့် အမူအကျင့်စည်းမျဉ်းအတွက် တစ်ခုတည်းသောဇာစ်မြစ်အဖြစ် ရှုမြင်ကြသည်။”
ယင်းသည် ကမ္ဘာတစ်ဝန်းရှိ ယေဟောဝါသက်သေတို့ကို သူတို့၏ဝိညာဉ်ရေးကြွယ်ဝမှု၊ ငြိမ်သက်မှုနှင့် ပျော်ရွှင်မှုအတွက် ကျော်ကြားရသည့် အဓိကအကြောင်းတစ်ရပ်ဖြစ်စေသည်မှာ သံသယဖြစ်ဖွယ်မရှိချေ။ သို့ဖြစ်၍ စာရှုသူတို့အား သမ္မာကျမ်းစာ၏ဝိညာဉ်ရေးဆိုင်ရာ ကျန်းခံ့သောသွန်သင်ချက်များကို သာ၍သိရှိဖို့လေ့လာရန် ကျွန်ုပ်တို့အားပေးလိုပါသည်။ အသိပညာပိုများလာခြင်းက သမ္မာကျမ်းစာကို သာ၍ယုံကြည်စိတ်ချလာခြင်းနှင့် ဘုရားသခင်ကိုယုံကြည်အားထားမှုတိုးပွားလာခြင်းတို့ ဖြစ်စေနိုင်သည်။ ထိုသို့သောယုံကြည်ခြင်း၏ထာဝရအကျိုးကျေးဇူးများက ကြိုးစားရကျိုးနပ်စေသည်။
[အောက်ခြေမှတ်ချက်များ]
a နိုင်ငံတကာလူထု ရေဒီယို—“နံနက်ပိုင်းထုတ်လွှင့်ခြင်း”
b သမ္မာကျမ်းစာကို ယုံကြည်စိတ်ချနိုင်ခြင်းအကြောင်း ထပ်ဆင့်သိလိုလျှင် ကင်းမျှော်စင်သမ္မာကျမ်းစာနှင့်ဝေစာအသင်း၊ မြန်မာမှထုတ်ဝေသော လူခပ်သိမ်းအတွက် စာအုပ်တစ်အုပ် ဘရိုရှာကိုရှု။
[စာမျက်နှာ ၆ ပါ ရုပ်ပုံ]
တမန်တော်ပေါလုနှင့် အခြားသူတို့သည် ဈေး၌ဟောပြောခဲ့ကြ
[စာမျက်နှာ ၇ ပါ ရုပ်ပုံ]
ယေဟောဝါသက်သေများသည် “သမ္မာကျမ်းစာကို သူတို့၏ယုံကြည်ခြင်းနှင့် အမူအကျင့်စည်းမျဉ်းအတွက် တစ်ခုတည်းသောဇာစ်မြစ်အဖြစ် ရှုမြင်ကြသည်”