အဓိကအချက် ၁
လူတွေကို ချစ်ပါ ငွေနဲ့ပစ္စည်းတွေကို မမက်ပါနဲ့
ကျမ်းစာမှာ ဘာပြောထားသလဲ။ “ငွေကို တပ်မက်ခြင်းသည် အကျိုးပျက်စေသော အရာအမျိုးမျိုး၏ မူလအမြစ်ဖြစ်၏။”—၁ တိမောသေ ၆:၁၀။
ပြဿနာက ဘာလဲ။ ကိုယ့်မှာရှိတဲ့အရာတွေနဲ့ မရောင့်ရဲနိုင်အောင် စီးပွားရေးကြော်ငြာတွေက ဖိအားပေးနေကြတယ်။ အသစ်အသစ်သောအရာတွေ၊ ပိုကောင်းတဲ့အရာတွေကို ဝယ်ယူနိုင်အောင် ငွေကို အသည်းအသန်ရှာဖို့ ကြော်ငြာတွေက လှုံ့ဆော်ပေးတယ်။ အဲဒီလိုနဲ့ လူတွေဟာ ငွေကို တပ်မက်လာပြီး ငွေရဲ့ကျေးကျွန် အလွယ်တကူ ဖြစ်သွားကြတယ်။ စည်းစိမ်ဥစ္စာတပ်မက်သူတွေဟာ ဘယ်တော့မှ ရောင့်ရဲနိုင်မှာမဟုတ်ဘူးလို့ သမ္မာကျမ်းစာမှာ သတိပေးထားတယ်။ “ငွေကို တပ်မက်သောသူသည် ငွေနှင့် အလိုဆန္ဒမပြေနိုင်။ စည်းစိမ်ကို တပ်မက်သောသူသည် စည်းစိမ်တိုးပွားသော်လည်း မရောင့်ရဲနိုင်” ဆိုပြီး ဘုရင်ရှောလမုန် ရေးသားခဲ့တယ်။—ဒေ. ၅:၁၀။
သင် ဘာလုပ်နိုင်သလဲ။ ယေရှုကို တုပပါ။ စည်းစိမ်တွေထက် လူတွေကို ချစ်မြတ်နိုးဖို့ သင်ယူပါ။ လူတွေကို ယေရှုချစ်မြတ်နိုးတဲ့အတွက် သူ့မှာရှိတဲ့အရာတွေကိုသာမက အသက်ကိုတောင် တလိုတလားပေးခဲ့တယ်။ (ယောဟန် ၁၅:၁၃) “ခံယူခြင်းထက် ပေးကမ်းခြင်း၌ သာ၍ပျော်ရွှင်သည်” လို့ ယေရှုမိန့်ဆိုခဲ့တယ်။ (တမန်တော် ၂၀:၃၅) သူတစ်ပါးကို ကျွန်ုပ်တို့ရဲ့ အချိန်၊ ဥစ္စာအင်ခွင်တွေ ပေးကမ်းတဲ့အကျင့်လုပ်မယ်ဆိုရင် သူတစ်ပါးကလည်း ထပ်တူတုံ့ပြန်လာမှာဖြစ်တယ်။ “ပေးကမ်းခြင်းကို ကျင့်ယူကြလော့။ သို့ပြုလျှင် သင်တို့အား ပေးကမ်းကြလိမ့်မည်” လို့ ယေရှုပြောခဲ့တယ်။ (လုကာ ၆:၃၈) ငွေနဲ့ စည်းစိမ်ဥစ္စာတွေနောက် တကောက်ကောက်လိုက်နေတဲ့သူတွေက သူတို့ကိုယ်သူတို့ ထိခိုက်နစ်နာအောင် လုပ်နေတာပဲ။ (၁ တိမောသေ ၆:၉၊ ၁၀) ဒါပေမဲ့ ကိုယ်က သူများကိုချစ်မယ်၊ သူများကလည်း ကိုယ့်ကိုချစ်မယ်ဆိုရင် စစ်မှန်တဲ့ကျေနပ်ရောင့်ရဲမှုကို ရရှိမှာဖြစ်ပါတယ်။
သင့်ဘဝပုံစံကို ရိုးရှင်းအောင် လုပ်လို့ရမရ ဆန်းစစ်ကြည့်ပါလား။ သင်ပိုင်ဆိုင်ထားတဲ့ပစ္စည်းတွေကို ဒါမှမဟုတ် သင်ဝယ်ချင်တဲ့အရာတွေကို လျှော့ချနိုင်မလား။ လျှော့ချလိုက်မယ်ဆိုရင် သင့်ဘဝမှာ ပိုအရေးကြီးတဲ့ အရာတွေဖြစ်တဲ့ လူတွေကို ကူညီပေးခြင်း၊ ဘုရားသခင့်အမှုတော်ဆောင်ခြင်းအတွက် အချိန်နဲ့ခွန်အားတွေ ပိုလာမှာဖြစ်ပါတယ်။—မဿဲ ၆:၂၄; တမန်တော် ၁၇:၂၈။
[စာမျက်နှာ ၄ ပါရုပ်ပုံ]
“ပေးကမ်းခြင်းကို ကျင့်ယူကြလော့။ သို့ပြုလျှင် သင်တို့အား ပေးကမ်းကြလိမ့်မည်”