သင်တွေ့ရှိသောစိတ်ဝင်စားသူများထံ ပြန်သွားခြင်း
၁ တစ်အိမ်မှတစ်အိမ်သွားစဉ် စိတ်ဝင်စားသူအတွက် အချိန်များများမပေးနိုင်ပါ။ များသောအားဖြင့် တကယ်တမ်းသွန်သင်ခြင်းလုပ်ငန်းကို ပြန်လည်ပတ်မှုနှင့်ကျမ်းစာသင်အံမှုလုပ်ငန်းတွင် ပြုလေ့ရှိသည်။ (မ. ၂၈:၁၉၊ ၂၀) ပြန်လည်ပတ်မှုတွင် ထိရောက်စွာသွန်သင်ရန် ပထမလည်ပတ်ချိန်တွင် ဆွေးနွေးခဲ့သောအကြောင်းကိုပြန်သုံးသပ်ပြီး ထပ်မံဆွေးနွေးစရာများကိုပြင်ဆင်ဖို့လိုသည်။
၂ မိသားစုအစီအစဉ်မတည်မြဲခြင်းအကြောင်း ပြောဆိုခဲ့မည်ဆိုလျှင် “ထာဝစဉ်အသက်ရှင်” စာအုပ် အခန်း ၂၉ ပါအကြောင်းကိုအသုံးပြုနိုင်သည်။ ဤသို့ပြောနိုင်မည်–
▪ “သာယာတဲ့မိသားစုဘဝရှိဖို့ ကျမ်းစာသြဝါဒကိုလိုက်လျှောက်တာဟာ ပညာရှိလမ်းစဉ်ဖြစ်တဲ့အကြောင်း အရင်တစ်ခေါက်က ဆွေးနွေးခဲ့တယ်။ အခုအချိန်မှာ မိသားစုတွေကိုစည်းလုံးစေနိုင်တဲ့သော့ချက်က ဘာဖြစ်တယ်လို့ထင်သလဲ။” ဖြေဆိုပါစေ။ စာမျက်နှာ ၂၄၇ အပိုဒ် ၂၇ ကိုကိုးကားပြီး ကောလောသဲ ၃:၁၂-၁၄ ကိုဖတ်ပါ။ စစ်မှန်သောမေတ္တာသည် မိသားစုများမည်သို့စည်းလုံးစေနိုင်ကြောင်း ထပ်ဆင့်ပြောဆိုပါ။ ထာဝစဉ်အသက်ရှင်စာအုပ်ကို စည်းစနစ်ကျနစွာလေ့လာခြင်းက ပြဿနာများ မည်သို့ဖြေရှင်းပေးနိုင်ကြောင်းကိုရှင်းပြပါ။ သို့မဟုတ် သင်ဝေငှထားသည့်စာအုပ်ကိုအသုံးပြုနိုင်သည်။
၃ ပထမအကြိမ်လည်ပတ်ချိန်တွင် ပျက်စီးယိုယွင်းနေသောကမ္ဘာ့အခြေအနေများအကြောင်းကို သင်ဆွေးနွေးခဲ့လျှင် ဤသို့ဆက်ပြောလိုပေမည်–
▪ “ငြိမ်းငြိမ်းချမ်းချမ်းနဲ့နေထိုင်နိုင်ဖို့ဆိုရင် အကြီးအကျယ်ပြောင်းလဲမှဖြစ်မယ်ဆိုတာကို သဘောတူမှာပါ။ ပြဿနာတွေရဲ့တရားခံဟာစာတန်ဖြစ်တယ်လို့ ကျမ်းစာကဖော်ပြတယ်။ သူ့ကိုဘုရားသခင် ဘာကြောင့်ဒီလောက်တောင်ခွင့်ပြုထားရသလဲဆိုပြီး လူအများကစဉ်းစားကြတယ်။ ခင်ဗျားကော ဘယ်လိုထင်သလဲ။” ဖြေဆိုပါစေ။ ထာဝစဉ်အသက်ရှင် စာမျက်နှာ ၂၀၊ အပိုဒ် ၁၄ နှင့် ၁၅ ကိုဖွင့်ပြီး စာတန်သည် အဘယ်ကြောင့်ဖျက်ဆီးမခံရသေးကြောင်းကိုရှင်းပြပါ။ ထို့နောက် နီးကပ်နေသောအနာဂတ်တွင် ကျွန်ုပ်တို့တွေ့ရှိရမည့်အမှုကိုဖော်ပြသည့် ရောမ ၁၆:၂၀ ကိုဖတ်ပါ။
၄ နိုင်ငံတော်အုပ်ချုပ်မှုအောက်ရမည့်ကောင်းချီးများအကြောင်း ဆွေးနွေးခဲ့လျှင် ပြန်လည်ပတ်မှုတွင် ဤသို့ဆိုနိုင်သည်–
▪ “ဘုရားသခင့်နိုင်ငံတော်ဟာ ကမ္ဘာနဲ့လူတို့အတွက် တကယ်အံ့သြစရာကောင်းချီးတွေကို ဆောင်ကြဉ်းပေးမယ်။ ဒီကောင်းချီးတွေကို စာမျက်နှာ ၁၂ နဲ့ ၁၃ မှာဖော်ပြထားတယ်။ ဘယ်ဟာကို ခင်ဗျားသဘောကျတာလဲ။ [ဖြေဆိုပါစေ။] ဒီလိုကမ္ဘာမျိုးမှာအသက်ရှင်ရတာ ဘယ်လိုနေမလဲဆိုတာကိုစဉ်းစားကြည့်ပါ။” အပိုဒ် ၁၂ ကိုဖတ်။ စိတ်ဝင်စားမည်ဆိုလျှင် အပိုဒ် ၁၃ ပါမေးခွန်းကိုမေးပြီး အဖြေကိုဆွေးနွေးပါ။ ဤအခန်းတွင် နိုင်ငံတော်ကောင်းချီးများအကြောင်းများစွာဖော်ပြထား၍ နောက်တစ်ကြိမ်လည်ပတ်လာသည့်အခါ ယင်းအကြောင်းကိုဆွေးနွေးလိုကြောင်းပြောပြပါ။
၅ ဤသို့ပြောဆိုကာ သင်အံမှုစနိုင်ပေမည်–
▪ “ဒီစာအုပ်ကိုအသုံးပြုပြီး ကျမ်းစာကနေ သိလိုတဲ့အဖြေတွေရခဲ့တဲ့လူတွေအများကြီးရှိတယ်။” မာတိကာသို့ဖွင့်ကာ “ဘယ်အကြောင်းကို စိတ်ဝင်စားသလဲ” ဟုမေးပါ။ ဖြေဆိုစေပြီးနောက် သူတို့စိတ်ဝင်စားသည့်အခန်းသို့ဖွင့်ကာ ပထမအပိုဒ်ကိုဖတ်ပါ။ စာမျက်နှာတိုင်း၏အောက်တွင်ပါသောမေးခွန်းများက အပိုဒ်တစ်ခုစီရှိအဓိကအချက်ကို မည်သို့ပေါ်လွင်စေကြောင်းရှင်းပြပါ။ အပိုဒ်တစ်ပိုဒ်နှစ်ပိုဒ်ကိုဆွေးနွေးတင်ပြပြီးနောက် ပြန်လည်ပတ်ရန်အစီအစဉ်များပြုလုပ်ပါ။
၆ ထာဝစဉ်အသက်ရှင် သို့မဟုတ် မည်သည့်စာအုပ်ကိုမဆိုဝေငှထား၍ ပြန်လည်ပတ်သွားခြင်းက ကျွန်ုပ်တို့၏ဓမ္မအမှုကို ကျေပွန်စွာထမ်းဆောင်လိုကြောင်း ပြသရာရောက်သည်။ (၂ တိ. ၄:၅) တရားစကားကိုကြားနာသူတို့အား ထာဝရအသက်ရနိုင်ရန် ကျွန်ုပ်တို့ကူညီပေးနိုင်ကောင်း ကူညီပေးနိုင်ပေမည်။—ယော. ၁၇:၃။