ယေဟောဝါ၏ဝတ်ပြုရာအရပ်ကို လေးစားမှုတင်ပြပါ
၁ ကျွန်ုပ်တို့သည် တစ်စုံတစ်ဦး၏အိမ်တွင် ဧည့်သည်ဖြစ်သည့်အခါ ထိုသူ၏ဥစ္စာပစ္စည်းများကို လေးစားမှုတင်ပြကြပြီး ယင်းကိုပျက်စီးစေသည့် မည်သည့်အရာကိုမျှမလုပ်သည့်အပြင် အိမ်ရှင်၏ စည်းစနစ်ကျနသောလုပ်ရိုးလုပ်စဉ်ကိုလည်း မပျက်ပြားစေကြပါ။ ကျွန်ုပ်တို့သည် ယေဟောဝါ၏ဧည့်သည်များဖြစ်သည့်အခါ ထိုထက်ပင်ပို၍ပြုသင့်ပါသည်တကား! ကိုယ်တော်၏အိမ်တော်တွင် မည်သို့ကျင့်ကြံပြုမူရမည်ကို ကျွန်ုပ်တို့သိထားသင့်သည်။ (ဆာ. ၁၅:၁; ၁ တိ. ၃:၁၅) ကျွန်ုပ်တို့၏ခရစ်ယာန်အစည်းအဝေးကို နိုင်ငံတော်ခန်းမတွင်ကျင်းပသည်ဖြစ်စေ၊ ကိုယ်ပိုင်နေအိမ် သို့မဟုတ် လူထုအဆောက်အအုံတွင်ကျင်းပသည်ဖြစ်စေ ကျွန်ုပ်တို့အများစုမှာ “ဘုန်းတော်သည် မြေကြီးနှင့်ကောင်းကင်ထက်ကြီးမြင့်တော်မူ” သောယေဟောဝါ၏ အိမ်တော်သဖွယ် ကျွန်ုပ်တို့၏ဝတ်ပြုရာအရပ်ကို အစဉ်လေးစားမှုတင်ပြကြသည်။—ဆာ. ၁၄၈:၁၃၊ ကဘ။
၂ ညီအစ်ကိုအချို့သည် ဆူဆူညံညံလုပ်ခြင်း သို့မဟုတ် တင်ဆက်သည့်အကြောင်းအရာကို အရေးမပါသကဲ့သို့ ပြုမူခြင်းအားဖြင့် အစည်းအဝေးများတွင် လေးစားမှုမရှိကြောင်း တင်ပြကြသည်။ လူကြီးအနည်းငယ်သည် အစည်းအဝေးကျင်းပနေစဉ် နားနေခန်း၊ ဧည့်သည်စောင့်ခန်း၊ အိမ်သာ သို့မဟုတ် နိုင်ငံတော်ခန်းမအပြင်ဘက်တွင် မလိုအပ်ဘဲစကားပြောနေကြပါသည်။ အသက်ပိုကြီးသည့်ကလေးတစ်ဦးကို ပိုငယ်သည့်ကလေးအားထိန်းရန်ထားခဲ့သည့်အခါ တစ်ခါတစ်ရံ နှစ်ဦးစလုံးကစားနေပြီး အစီအစဉ်မှ မဆိုစလောက်သာအကျိုးရရှိသည်။ လူငယ်အချို့သည် အစည်းအဝေးများပြီးနောက် နိုင်ငံတော်ခန်းမအပြင်ဘက်တွင် ကစားခြင်း၊ အလွန်အကျွံဆူညံခြင်း၊ တစ်ဦးနှင့်တစ်ဦး ကရာတေးကဲ့သို့သောလှုပ်ရှားမှုများပြုနေကြသည်ကိုပင် တွေ့ရသည်။ အချို့သောအခြေအနေများတွင် သူတို့သည် အိမ်နီးနားချင်းများ သို့မဟုတ် ကားရပ်ရန်နေရာ သို့မဟုတ် လမ်းပေါ်တွင် ယာဉ်သွားယာဉ်လာများကို အနှောင့်အယှက်ဖြစ်စေခဲ့ကြပြီဖြစ်သည်။
၃ မလေးမစားဖြစ်ခြင်းကိုရှောင်ကြဉ်နိုင်ပုံ– ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ဝတ်ပြုရေး၏ဂုဏ်သိက္ခာနှင့် မြင့်မြတ်မှုကိုလေးမြတ်ကာ တီးတိုးစကားပြောခြင်း၊ အစာစားခြင်း၊ ပီကေဝါးခြင်း၊ အသံမြည်အောင်စာရွက်များကိုလှန်လှောခြင်း၊ မလိုအပ်ဘဲ အိမ်သာသို့မကြာခဏသွားခြင်း သို့မဟုတ် စည်းဝေးကိုနောက်ကျရောက်သည့်အကျင့်ပါနေခြင်းအားဖြင့် အခြားသူများကို အာရုံပျံ့လွင့်စေလိုကြမည်မဟုတ်သည်မှာ သေချာပါသည်။ တန်ဖိုးထားလေးမြတ်မှုရှိသောမိဘတို့သည် မိမိတို့၏သားသမီးများအား ကော်ဇော၊ ပရိဘောဂအဖုံးအစွပ်များ သို့မဟုတ် နိုင်ငံတော်ခန်းမနံရံများ သို့မဟုတ် စာအုပ်ကြီးသင်တန်းကျင်းပသည့်နေအိမ်ကို ညစ်ပေစေရန်ခွင့်ပြုမည်မဟုတ်ပါ။ ထို့အပြင် ကျွန်ုပ်တို့၏အစည်းအဝေးများ၌ ရှက်ဖွယ်အပြုအမူတစ်မျိုးမျိုး၊ မဆင်မခြင်ပြောဆိုခြင်း သို့မဟုတ် ညစ်ညမ်းစွာနောက်ပြောင်ပြောဆိုခြင်းများအတွက် နေရာမရှိသည်မှာသေချာကြောင်း သဘောတူကြမည်မှာ သံသယဖြစ်ဖွယ်မရှိပါ။—ဧ. ၅:၄။
၄ ကျွန်ုပ်တို့၏ခရစ်ယာန်အစည်းအဝေးများ၏ရည်ရွယ်ချက်ကို အစဉ်သတိရမည်ဆိုပါက ကျွန်ုပ်တို့နှင့် ကျွန်ုပ်တို့၏သားသမီးများသည် ‘ရပ်ရန်ရွေးချယ်’ ထားသည့်နေရာတွင် ယေဟောဝါ၏ဝတ်ပြုရေးအတွက် ထိုက်တန်သောလေးစားမှုကိုတင်ပြကြောင်း သေချာစေမည်ဖြစ်သည်။—ဆာ. ၈၄:၁၀၊ ကဘ။