“ဤလောက၏အလင်း“ ကိုအာရုံစိုက်စေလော့
၁။ ဘုရားသခင့်နှုတ်ကပါဌ်တော်တွင် အဘယ်ကြီးစွာသောအလင်းအကြောင်း ကြိုဟောထားသနည်း။ အဘယ်အခါသမယက ဤအလင်းကို အာရုံစိုက်စေသနည်း။
၁ ပရောဖက်ဟေရှာယမှတစ်ဆင့် ယေဟောဝါ ဤသို့တင်ကူးမိန့်တော်မူခဲ့သည်– “မှောင်မိုက်ထဲမှာသွားလာသောလူများတို့သည် ကြီးစွာသောအလင်းကိုမြင်ရ၍ သေမင်း၏နိုင်ငံအရိပ်တွင်ရှိနေသောသူတို့၌ အလင်းပေါ်ထွန်းလျက်ရှိ၏။” (ဟေရှာ. ၉:၂) ဘုရားသခင်၏သားတော် ယေရှုခရစ်၏လုပ်ဆောင်မှုများတွင် ထို “ကြီးစွာသောအလင်း” ကိုမြင်ခဲ့ရသည်။ မြေကြီးပေါ်ရှိစဉ် ကိုယ်တော့်လုပ်ဆောင်မှုနှင့် ကိုယ်တော်၏ကိုယ်ကျိုးစွန့်မှုမှ ဖြစ်ပေါ်လာသောအကျိုးကျေးဇူးများက ဝိညာဏမှောင်မိုက်တွင်ရှိနေသူများကို စိတ်ဓာတ်တက်ကြွစေခဲ့သည်။ ဤမှောင်မိုက်သောကာလတွင် ထိုသို့သောအလင်းကို လူတို့လိုအပ်နေသည်။ သခင့်ညစာစားပွဲက “ဤလောက၏အလင်း” ကိုအာရုံစိုက်ရန် ကျွန်ုပ်တို့အား အထူးအခွင့်အရေးပေးသည်။ (ယော. ၈:၁၂) လွန်ခဲ့သည့်နှစ်က သန်းနှင့်ချီသောသူတို့သည် “ငါ့ကိုအောက်မေ့ဖို့ရာ ဤသို့ပြုကြလော့” ဟူသော ယေရှု၏အမိန့်တော်ကို ကျွန်ုပ်တို့နှင့်အတူနာခံကြခြင်းဖြင့် အတိုင်းအတာတစ်ခုအထိ ယုံကြည်ခြင်းပြသခဲ့ကြသည်။ (လု. ၂၂:၁၉) ဤနှစ်အောက်မေ့ရာပွဲနီးလာစဉ် ယေဟောဝါထွန်းလင်းစေခဲ့သည့် ကြီးစွာသောအလင်းကို အာရုံစိုက်စေခြင်း၌ ကျွန်ုပ်တို့ မည်သို့ပါဝင်နိုင်သနည်း။—ဖိ. ၂:၁၅၊ ၁၆။
၂။ ရွေးနုတ်ဖိုးပူဇော်သကာအတွက် ကျွန်ုပ်တို့၏လှိုက်လှိုက်လှဲလှဲလေးမြတ်မှုကို မည်သို့တိုးပွားစေနိုင်သနည်း၊ ထိုသို့လုပ်ဆောင်ခြင်းက အဘယ်အကျိုးသက်ရောက်မှုရှိစေမည်နည်း။
၂ လှိုက်လှိုက်လှဲလှဲလေးမြတ်မှုကို တည်ဆောက်ပါ– အောက်မေ့ရာပွဲတော်ရာသီသည် လူသားများအတွက် ရွေးနုတ်ဖိုးပူဇော်သကာစီမံပေးခြင်းဖြင့် ယေဟောဝါနှင့် ယေရှုတို့ပြသခဲ့သည့် ကြီးမားသောမေတ္တာကို တွေးတောဆင်ခြင်ရန် အခွင့်သာသောအချိန်ဖြစ်၏။ (ယော. ၃:၁၆; ၂ ကော. ၅:၁၄၊ ၁၅) ထိုသို့လုပ်ဆောင်ခြင်းဖြင့် ဤထူးမြတ်သောအခါသမယကို ကျွန်ုပ်တို့ပို၍လေးမြတ်လာမည်မှာ သေချာသည်။ ဘုရားသခင့်လူမျိုးတော်အားလုံးသည် ကျမ်းစာကိုနေ့စဉ်စေ့စေ့ကြည့်ရှုခြင်း တွင်ဖော်ပြထားသည့် အောက်မေ့ရာပွဲအတွက် အထူးကျမ်းစာဖတ်ရှုခြင်းအစီအစဉ်အတိုင်း ဖတ်ရှုကာ တွေးတောဆင်ခြင်ရန် အချိန်ပေးလိုကြပေမည်။ ရွေးနုတ်ဖိုးအစီအစဉ်တွင် အထူးထင်ရှားပေါ်လွင်သည့် ယေဟောဝါ၏သာလွန်ထူးကဲသော ဂုဏ်ရည်တော်များအကြောင်း စဉ်းစားခြင်းက ကျွန်ုပ်တို့၏ဘုရားသခင်အဖြစ် ကိုယ်တော်အား ကိုးကွယ်ရခြင်းကို ဂုဏ်ယူစေသည်။ ရွေးနုတ်ဖိုးသည် ကျွန်ုပ်တို့တစ်ဦးစီအတွက် အဘယ်အဓိပ္ပာယ်ရှိကြောင်း ပြန်သုံးသပ်ခြင်းက ဘုရားသခင်နှင့် ကိုယ်တော့်သားတော်ကို ကျွန်ုပ်တို့ ပို၍နှစ်နှစ်ကာကာချစ်လာစေပြီး ဘုရားသခင်၏အလိုတော်ကို အစွမ်းကုန်ထမ်းဆောင်ရန် လှုံ့ဆော်ပေးသည်။—ဂလ. ၂:၂၀။
၃။ အောက်မေ့ရာပွဲကို လေးမြတ်ကြောင်း ကျွန်ုပ်တို့ မည်သို့ပြသနိုင်သနည်း။
၃ ယေဟောဝါ၏ကယ်တင်ခြင်းအစီအစဉ်အတွက် ကျွန်ုပ်တို့၏လေးမြတ်မှုကို တိုးပွားစေမည်ဆိုလျှင် အောက်မေ့ရာပွဲအတွက် ကျွန်ုပ်တို့၏စိတ်အားထက်သန်မှုသည် ကျမ်းစာသင်သားများ၊ ပြန်လည်ပတ်မှုများ၊ ဆွေမျိုးများ၊ အိမ်နီးချင်းများ၊ ကျောင်းနေဖက်များ၊ အလုပ်ဖော်များနှင့် ဤအထူးအခါသမယသို့ ကျွန်ုပ်တို့ဖိတ်ခေါ်ထားသူများထံ ကူးစက်ပျံ့နှံ့သွားလိမ့်မည်။ (လု. ၆:၄၅) ထို့ကြောင့် ထိုသို့သောသူအားလုံးကို နှိုးဆော်မှုဖြစ်စေရန် ပုံနှိပ်ထားသည့် အောက်မေ့ရာပွဲဖိတ်စာပေး၍ ဖိတ်ခေါ်ဖို့ အထူးကြိုးစားပါ။ တစ်ဦးကိုမျှမမေ့စေရန် နှစ်စဉ် လူသစ်များအပါအဝင် အောက်မေ့ရာပွဲသို့ မိမိတို့ပုံမှန်ဖိတ်ခေါ်သူများ စာရင်းတစ်ခုထားခြင်းသည် လက်တွေ့ကျကြောင်း များစွာတွေ့ရှိခဲ့ကြပြီ။ ယင်းကို စနစ်တကျပြုလုပ်ကာ စိတ်ဝင်စားသူများကို စိတ်အားထက်သန်စွာဖိတ်ခေါ်ခြင်းသည် ‘ပြော၍မကုန်နိုင်သော ဆုကျေးဇူးတော်’ အတွက် ယေဟောဝါဘုရားသခင်အား ကျေးဇူးတင်ကြောင်းဖော်ပြသည့် နည်းလမ်းကောင်းတစ်ခုဖြစ်မည်။—၂ ကော. ၉:၁၅။
၄။ မတ်လနှင့် ဧပြီလအတွင်း ဓမ္မအမှု၌တိုးချဲ့ပါဝင်ရန် အဘယ်အရာက ကျွန်ုပ်တို့ကို ကူညီပေးနိုင်သနည်း။
၄ ဓမ္မအမှုတွင် ပိုမိုပါဝင်ပါ– မတ်လနှင့် ဧပြီလအတွင်း ဓမ္မအမှု၌ သင်ပိုမိုပါဝင်နိုင်မည်လော။ ‘ခရစ်တော်၏ဘုန်းအသရေနှင့်ပြည့်စုံသော သတင်းကောင်း’ ကို အခြားသူများအား ဝေမျှရန်ကြိုးစားခြင်းက ဘုရားသခင့်ကောင်းချီးခံစားရစေမည်မှာ သေချာသည်။ ဝိညာဏအလင်းရှိသမျှ၏ ရင်းမြစ်ဖြစ်တော်မူသော ယေဟောဝါသည် “မှောင်မိုက်ထဲက အလင်းထွန်းလင်းမည်အကြောင်း” မိန့်တော်မူခဲ့သည်။ (၂ ကော. ၄:၄-၆) လိုအပ်လျှင် အကြီးအကဲများသည် သက်သေခံချိန်ပိုမိုရရှိစေရန် ဦးဆောင်ကာ ထပ်ဆင့်အချိန်နှင့် နေရာများတွင် လယ်ကွင်းလုပ်ငန်းအတွက် စုဆုံမှုများပြုလုပ်ပေးရန် စီစဉ်ပါမည်။ ယင်းတွင် နံနက်စောစော လမ်းပေါ်သက်သေခံခြင်း၊ မွန်းလွဲပိုင်း သို့မဟုတ် ညနေအစောပိုင်း၌ စီးပွားရေးရပ်ကွက်တွင် သက်သေခံခြင်းနှင့် တယ်လီဖုန်းဖြင့် သက်သေခံခြင်းအစီအစဉ်များပါဝင်ပေမည်။ ဓမ္မအမှုတွင် သင်၏တိုးချဲ့ပါဝင်မှုကို အထောက်အကူဖြစ်စေရန် အကျိုးသင့်အကြောင်းသင့်ရှိသော နာရီပန်းတိုင်ထားကာ ယင်းကို ရရှိရန်ကြိုးစားပါ။ များစွာသောသူတို့အတွက် ယေဟောဝါအား အတတ်နိုင်ဆုံးပေးဆက်ခြင်းတွင် အရန်ရှေ့ဆောင်ခြင်းအခွင့်ထူးပါဝင်သည်။—ကော. ၃:၂၃၊ ၂၄။
၅။ အရန်ရှေ့ဆောင်အတွက် သတ်မှတ်နာရီလျှော့ပေးထားခြင်းကြောင့် များစွာသောသူတို့ မည်သို့အကျိုးခံစားနေရသနည်း။
၅ သင် အရန်ရှေ့ဆောင်လုပ်နိုင်မည်လော။ အရန်ရှေ့ဆောင်အတွက် သတ်မှတ်နာရီလျှော့ပေးထားသည်မှာ ယခု ခုနစ်နှစ်ကျော်ပြီဖြစ်၏။ ဤပြုပြင်ပြောင်းလဲမှုကြောင့် များစွာသောသူတို့သည် အရန်ရှေ့ဆောင်လုပ်ငန်း၏ ကောင်းချီးများခံစားခဲ့ကြရပြီ။ ယင်းကို သင်စမ်းကြည့်ဖူးသလော။ တချို့သူတို့သည် နှစ်စဉ်ထိုသို့လုပ်ဆောင်ခြင်းကို အလေ့အထဖြစ်စေကြသည်။ အသင်းတော်များစွာရှိ ကြေညာသူများစွာသည် ဤလုပ်ငန်းတွင် ပါဝင်ခဲ့ကြရာ ယင်းသည် တစ်နှစ်တာအတွင်း အသင်းတော်၏ အားရကျေနပ်စရာကောင်းသော လုပ်ဆောင်မှုတစ်ခုဖြစ်လာသည်။ အောက်မေ့ရာပွဲတော်ရာသီအတွင်း ပျော်ရွှင်ဖွယ် အရန်ရှေ့ဆောင်လတစ်လကို သင်စီစဉ်နိုင်မည်လော။ ဧပြီလသည် စနေတနင်္ဂနွေငါးကြိမ်ရှိသောကြောင့် အချို့သူတို့အတွက် အထူးကောင်းမွန်သောလဖြစ်ပေမည်။
၆။ အဘယ်စိတ်လှုပ်ရှားဖွယ်အစီအစဉ်များကို ရရှိနိုင်သနည်း။
၆ သင့်အသင်းတော်တွင် မတ် သို့မဟုတ် ဧပြီအတွင်း တိုက်နယ်ကြီးကြပ်မှူးလည်ပတ်ရန် အစီအစဉ်ရှိသလော။ ထပ်ဆင့်ကောင်းချီးတစ်ခုကို သင် ရရှိပေမည်။ ယခင်ကြေညာခဲ့သည့်အတိုင်း ၂၀၀၆ လုပ်ငန်းတော်နှစ်အတွင်း တိုက်နယ်ကြီးကြပ်မှူးလည်ပတ်သောလအတွင်း အရန်ရှေ့ဆောင်လုပ်သူအားလုံးသည် လည်ပတ်သည့်အပတ်အတွင်း ရှေ့ဆောင်များနှင့်ကျင်းပသည့် အစည်းအဝေး၏ပထမတစ်ဝက်ကို တက်ရောက်ရန် ဖိတ်ခေါ်ခံရကြပါမည်။ ဤအစည်းအဝေးတွင် ပြင်ဆင်ထားသည့် ဝိညာဉ်ရေးခွန်အားရှိစေသော အချက်အလက်များက အရန်ရှေ့ဆောင်များစွာအား မှန်မှန်ရှေ့ဆောင်တက်လှမ်းရန် ကူညီပေးလိမ့်မည်။ ထို့ပြင် မတ်လအတွင်း သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာမှာ အဘယ်နည်းဟူသော သင်အံမှုစာအုပ်အသစ်ဖြင့် ဝိညာဏအလင်းသို့ရောက်ရှိရန် လူတို့အားကူညီပေးရသည့် ရွှင်လန်းမှုကိုရရှိကြမည်။ ဤစာအုပ်အသစ်ဖြင့် ကျမ်းစာသင်အံမှုစရန် ပန်းတိုင်ထားပါလေ။
၇၊ ၈။ (က) အရန်ရှေ့ဆောင်ရန် ဇယားတစ်ခုဆွဲဖို့ အဘယ်အရာက ကျွန်ုပ်တို့ကိုကူညီပေးနိုင်သနည်း။ (ခ) မိသားစုပူးပေါင်းလုပ်ဆောင်မှုက မည်သို့အကူအညီဖြစ်စေနိုင်သနည်း။ မိသားစုတစ်ခုလုံး မည်သို့အကျိုးကျေးဇူးခံစားရသနည်း။
၇ အရန်ရှေ့ဆောင်အတွက် သတ်မှတ်နာရီ ၅၀ ကိုသုံးသပ်စဉ် အဘယ်ဇယားက သင့်အား တစ်ပတ်လျှင် ၁၂ နာရီခန့် သမ္မာတရားအလင်းထွန်းလင်းခွင့်ရစေမည်ကို ဆုံးဖြတ်ပါ။ ယင်းကို အောင်မြင်စွာလုပ်ဆောင်ခဲ့သူများနှင့်သာမက အခြားသူများနှင့်ပါ ဆွေးနွေးကြည့်ပါ။ ယင်းက သင်နှင့်အတူပါဝင်ရန် သူတို့ကို အားပေးရာရောက်ပေမည်။ ကောင်းစွာစီစဉ်ခြင်းဖြင့် လူကြီးလူငယ်မရွေး နှစ်ခြင်းခံပြီးသောကြေညာသူများသည် ချီးကျူးထိုက်သော ဤပန်းတိုင်သို့ရောက်ရှိရန် မခက်ခဲလွန်းကြောင်း တွေ့ရှိခဲ့ကြပြီ။ ယင်းနှင့်ပတ်သက်၍ ဆုတောင်းပါ။ ထို့နောက် ဖြစ်နိုင်မည်ဆိုလျှင် အစီအစဉ်များပြုလုပ်ကာ အရန်ရှေ့ဆောင်ခြင်းတွင်မွေ့လျော်ပါ!—မာလ. ၃:၁၀။
၈ ကောင်းစွာညှိနှိုင်းဆောင်ရွက်ခြင်းဖြင့် မိသားစုထဲမှ အနည်းဆုံးတစ်ဦး ဤပန်းတိုင်သို့ရောက်ရှိနိုင်ကြောင်း မိသားစုများစွာ တွေ့ရှိခဲ့ကြပြီ။ မိသားစုတစ်စုသည် နှစ်ခြင်းခံပြီးသောမိသားစုဝင်ငါးဦးစလုံး အရန်ရှေ့ဆောင်လုပ်မည်ဟု ဆုံးဖြတ်ခဲ့သည်။ ကျန်သည့် နှစ်ခြင်းမခံရသေးသောကလေးနှစ်ဦးသည် လုပ်ငန်းတော်တွင် ပိုမိုပါဝင်ရန် အထူးကြိုးစားခဲ့ကြသည်။ ထိုမိသားစုသည် ပိုမိုကြိုးစားအားထုတ်မှုမှ မည်သို့အကျိုးခံစားခဲ့ရသနည်း။ သူတို့ ဤသို့စာရေးခဲ့သည်– “တကယ့်ကိုအားရစရာ လတစ်လပါပဲ။ မိသားစုနှောင်ကြိုးခိုင်မြဲလာတယ်လို့ ကျွန်တော်တို့ တကယ်ပဲခံစားခဲ့ရတယ်။ ထူးမြတ်တဲ့ကောင်းချီးအတွက် ယေဟောဝါကို ကျေးဇူးတင်ပါတယ်!”
၉။ ဤအောက်မေ့ရာပွဲတော်ရာသီအတွင်း ကျွန်ုပ်တို့၏အလင်းကို မည်သို့ထွန်းလင်းစေနိုင်သနည်း။
၉ မတ်နှင့် ဧပြီလအတွင်း ကျွန်ုပ်တို့၏အထူးလုပ်ဆောင်မှုက ကျွန်ုပ်တို့ကို အားတက်စေပြီး ကောင်းကင်ခမည်းတော်နှင့် ပို၍နီးကပ်စေမည်လော။ ထိုသို့ဖြစ်ဖို့ဟူသည် ဘုရားသခင်နှင့် ကိုယ်တော့်သားတော်ကို ပိုချစ်လာရန်နှင့် ဓမ္မအမှုတွင် ပိုမိုပါဝင်ရန် ကျွန်ုပ်တို့ကိုယ်တိုင်၏ကြိုးစားမှုအပေါ် များစွာမူတည်ပါမည်။ ကျွန်ုပ်တို့၏သန္နိဋ္ဌာန်သည် ဤသို့သီဆိုခဲ့သော ဆာလံဆရာကဲ့သို့ ဖြစ်နိုင်ပါစေ– “အကျွန်ုပ်သည် နှုတ်မြွက်၍ ထာဝရဘုရား၏ဂုဏ်ကျေးဇူးတော်ကို အလွန်ချီးမွမ်းပါမည်။ များစွာသောသူတို့အလယ်မှာ ချီးမွမ်းပါမည်။” (ဆာ. ၁၀၉:၃၀) ဤအောက်မေ့ရာပွဲတော်ရာသီတွင် ကျွန်ုပ်တို့၏ ထက်သန်သောလုပ်ဆောင်မှုကို ယေဟောဝါကောင်းချီးပေးလိမ့်မည်။ ထို့ကြောင့် မှောက်မိုက်ထဲမှ နောက်ထပ်များစွာသောသူတို့ထွက်လာကာ “အသက်၏အလင်းကိုရ” နိုင်ရန် ကြီးစွာသောအလင်းကို ထွန်းလင်းကြစို့။—ယော. ၈:၁၂။