စစ်မက်ပဋိပက္ခကို လူတွေ ချုပ်ငြိမ်းစေနိုင်မလား
အကြောင်းရင်းအမျိုးမျိုးကြောင့် လူတွေ စစ်တိုက်ကြတယ်။ တချို့က နိုင်ငံရေး၊ စီးပွားရေး အပြောင်းအလဲအတွက်၊ လူ့အခွင့်အရေးအတွက် တိုက်ကြတယ်။ တချို့ကျတော့ နယ်မြေ၊ သဘာဝ သယံဇာတတွေ လိုချင်လို့ တိုက်ကြတယ်။ ကာလရှည်ကြာ ရှိခဲ့တဲ့ လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခကြောင့် တိုက်ကြတယ်။ စစ်ပွဲတွေ ရပ်တန့်ဖို့၊ ငြိမ်းချမ်းရေး ရဖို့ လူတွေ ဘယ်လို ကြိုးပမ်းကြသလဲ။ ကြိုးပမ်းမှုတွေ အရာထင်မလား။
Drazen_/E+ via Getty Images
စီးပွားရေး ဖွံ့ဖြိုးတိုးတက်အောင် လုပ်ခြင်း
ရည်ရွယ်ချက်။ စီးပွားရေး ဖွံ့ဖြိုးတိုးတက်အောင် လုပ်ပြီး လူနေမှု အဆင့်အတန်း မြှင့်တင်မယ်။ ဒါဆိုရင် စစ်မက်ပဋိပက္ခတွေရဲ့ ဇာစ်မြစ်တစ်ခု ဖြစ်တဲ့ ဆင်းရဲချမ်းသာကွာဟမှု ပပျောက်သွားမယ် ဒါမှမဟုတ် လျော့ကျသွားမယ်။
အခက်အခဲ။ အစိုးရတွေက ငွေကြေးသုံးစွဲပုံ မပြောင်းလဲချင်ကြဘူး။ ကမ္ဘာတစ်ဝန်း လူနေမှု အဆင့်အတန်း မြှင့်တင်ဖို့ ရည်ရွယ်ချက်နဲ့ ၂၀၂၂ ခုနှစ်မှာ ခန့်မှန်းခြေ အမေရိကန်ဒေါ်လာ ၃၄.၁ ဘီလီယံ သုံးစွဲခဲ့တယ်။ ဒါပေမဲ့ အဲဒီငွေပမာဏဟာ အဲဒီနှစ် စစ်အသုံးစရိတ်ရဲ့ ၀.၄ ရာခိုင်နှုန်းပဲ ရှိတယ်။
“စစ်မဖြစ်အောင် ကာကွယ်ဖို့၊ ငြိမ်းချမ်းရေး ရဖို့ ကျွန်တော်တို့ သုံးရတဲ့ ငွေထက် စစ်ဘေးသင့်သူတွေကို ကူညီပေးဖို့ သုံးရတဲ့ ငွေက အဆမတန် ပိုများနေတယ်။”—အန်တိုနီရို ဂူတာရက်စ်၊ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်။
ကျမ်းစာအဆို။ ဆင်းရဲနွမ်းပါးသူတွေကို အစိုးရတွေ၊ အဖွဲ့အစည်းတွေ ကူညီပေးနိုင်တာ မှန်ပါတယ်။ ဒါပေမဲ့ ဆင်းရဲနွမ်းပါးမှု လုံးဝ ပပျောက်သွားအောင် ဘယ်တော့မှ လုပ်နိုင်မှာ မဟုတ်ဘူး။—တရားဟောရာ ၁၅:၁၁။ မဿဲ ၂၆:၁၁။
သံတမန်ရေး
ရည်ရွယ်ချက်။ နှစ်ဦးနှစ်ဖက်အကျိုးအတွက် ဆွေးနွေးညှိနှိုင်းပြီး ပဋိပက္ခတွေ ရှိမလာအောင် ဒါမှမဟုတ် ပြေလည်သွားအောင် လုပ်မယ်။
အခက်အခဲ။ တစ်ဖက်ဖက်က မညှိနှိုင်းချင်တာမျိုး၊ အလျှော့မပေးချင်တာမျိုး ၊သဘောတူညီချက်တစ်ခုခုကို လက်မခံချင်တာမျိုး ဖြစ်တတ်တယ်။ လက်ခံပြီးခါမှ သဘောတူညီချက်တွေကို အလွယ်တကူ ဖောက်ဖျက်ကြတယ်။
“သံတမန်ရေးတိုင်း အောင်မြင်နေတာတော့ မဟုတ်ဘူး။ စစ်မီးငြိမ်းဖို့ ဆွေးနွေးညှိနှိုင်းခါမှ ချွတ်ချော်သွားပြီး မီးထိုးယပ်ခတ်ပေးသလို ဖြစ်သွားတတ်တယ်။”—ရေမွန် အက်ဖ် စမစ်၊ အမေရိကန် သံတမန်ရုံး။
ကျမ်းစာအဆို။ လူတွေဟာ “ငြိမ်သက်ခြင်း ရှိအောင် လုပ်ဆောင်” သင့်တယ်။ (ဆာလံ ၃၄:၁၄) ဒါပေမဲ့ ဒီနေ့ခေတ်မှာ “သစ္စာမရှိသူ၊ . . . ညှိနှိုင်းလို့မရသူ၊ . . . သစ္စာဖောက်သူ” များလာတယ်။ (၂ တိမောသေ ၃:၁-၄) အဲဒီလိုလူတွေ ရှိလို့လည်း စိတ်ရင်းစေတနာကောင်းတဲ့ နိုင်ငံရေးခေါင်းဆောင်တွေတောင် ပဋိပက္ခတွေ မဖြေရှင်းနိုင်ဘဲ ဖြစ်နေတာ။
စစ်လက်နက် လျှော့ချရေး၊ ဖျက်သိမ်းရေး
ရည်ရွယ်ချက်။ အထူးသဖြင့် နျူကလီးယားလက်နက်၊ ဓာတုလက်နက်၊ ဇီဝလက်နက် လျှော့ချမယ် ဒါမှမဟုတ် ဖျက်သိမ်းမယ်။
အခက်အခဲ။ ဩဇာအာဏာ လျော့သွားမှာ စိုးလို့၊ တစ်ခုခုဆိုရင် ပြန်မခုခံနိုင်မှာ ကြောက်လို့ အစိုးရတွေက စစ်လက်နက် မလျှော့ချချင်ကြဘူး၊ မဖျက်သိမ်းချင်ကြဘူး။ စစ်လက်နက်အားလုံး ဖျက်သိမ်းရင်တောင် စစ်ဖြစ်စေတဲ့ အကြောင်းရင်းတွေ ပပျောက်အောင် မလုပ်နိုင်ကြဘူး။
“၁၉၉၁ ခုနှစ်နောက်ပိုင်းမှာ စစ်လက်နက် ဖျက်သိမ်းမယ်၊ အန္တရာယ် ရှိနိုင်ခြေတွေ လျှော့ချမယ်၊ နိုင်ငံတကာ တင်းမာမှုတွေ ဖြေလျှော့မယ်၊ ကမ္ဘာကို ပိုဘေးကင်းလုံခြုံတဲ့နေရာ ဖြစ်အောင် လုပ်မယ်ဆိုပြီး အစိုးရတော်တော်များများ ကတိကဝတ်ပြုပေမဲ့ ကတိမတည်ကြဘူး။”—“ဘေးကင်းလုံခြုံတဲ့ အနာဂတ်ကို ဖော်ဆောင်ခြင်း– စစ်လက်နက် လျှော့ချရေး၊ ဖျက်သိမ်းရေး လုပ်ငန်းစဉ် စာတမ်း။”
ကျမ်းစာအဆို။ စစ်လက်နက်တွေ ဖယ်ရှားသင့်တယ်။ ‘ဓားကို ထယ်သွား ဖြစ်အောင် ထုလုပ်’ သင့်တယ်။ (ဟေရှာယ ၂:၄) ဒါပေမဲ့ စစ်ပွဲတွေ ရပ်တန့်ဖို့ဆိုရင် စစ်လက်နက် ဖျက်သိမ်းရုံနဲ့ မလုံလောက်ဘူး။ အကြမ်းဖက်ချင်စိတ်ဟာ လူတွေရဲ့ စိတ်နှလုံးထဲမှာ ကိန်းအောင်းနေလို့ပဲ။—မဿဲ ၁၅:၁၉။
မဟာမိတ်ဖွဲ့ခြင်း
ရည်ရွယ်ချက်။ ရန်သူတွေ တိုက်ခိုက်လာတဲ့အခါ အချင်းချင်း ဝိုင်းဝန်းကာကွယ်ကြမယ်။ တစ်နိုင်ငံကို တိုက်ရင် မဟာမိတ်နိုင်ငံတွေ ပါလာမှာ ဖြစ်လို့ တော်ရုံ ဘယ်သူမှ လာတိုက်ရဲမှာ မဟုတ်ဘူး။
အခက်အခဲ။ မဟာမိတ်နိုင်ငံတွေ ရှိလို့ ကြောက်ပြီး မတိုက်ဘဲ နေတာတော့ မဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုရင် မဟာမိတ်နိုင်ငံတွေဟာ ကတိ အမြဲတည်မယ်၊ ဘယ်အချိန် ဘယ်လို ဝင်ကူမယ်ဆိုတာမျိုး အာမမခံထားလို့ပဲ။
“တစ်နိုင်ငံနဲ့ တစ်နိုင်ငံ မဟာမိတ်ဖွဲ့ပြီး အပြန်အလှန် ကူညီကြဖို့ . . . နိုင်ငံပေါင်းချုပ်အသင်း ကြိုးပမ်းခဲ့သလို ကုလသမဂ္ဂလည်း ကြိုးပမ်းနေတယ်။ ဒါပေမဲ့ မအောင်မြင်ပါဘူး။”—“ဗြိတိန်နီကာ စွယ်စုံကျမ်း။”
ကျမ်းစာအဆို။ စည်းလုံးခြင်းဟာ အင်အားဆိုတာ မှန်ပါတယ်။ (ဒေသနာ ၄:၁၂) ဒါပေမဲ့ ရေရှည် တည်တံ့ခိုင်မြဲမယ့် ငြိမ်းချမ်းရေးနဲ့ လုံခြုံရေး ရနိုင်ဖို့ လူ့အဖွဲ့အစည်းတွေကို အားကိုးလို့မရဘူး။ “မကယ်တင်နိုင်တဲ့ အုပ်စိုးရှင်၊ မကယ်တင်နိုင်တဲ့လူကို မကိုးစားကြနဲ့။ သူဟာ အသက်ထွက်ပြီး မြေကြီးထဲ ပြန်သွားတတ်တယ်။ အဲဒီနေ့မှာပဲ သူ့အကြံအစည်တွေ ပျက်စီးသွားတယ်။”—ဆာလံ ၁၄၆:၃၊ ၄။
ရေရှည် တည်တံ့ခိုင်မြဲမယ့် ငြိမ်းချမ်းရေး ရနိုင်ဖို့ နိုင်ငံများစွာ ဝိုင်းဝန်းကြိုးပမ်းပေမဲ့ စစ်ပွဲတွေ ရှိနေဆဲပါပဲ။