ငြိမ်းချမ်းရေး—လက်နက်ဖျက်သိမ်းခြင်းဖြင့် ရရှိမည်လော
“လက်နက်ဖျက်သိမ်းခြင်းကို ငြိမ်းချမ်းရေးနဲ့ရောနှောလိုက်ခြင်းဟာ အကြီးမားဆုံးအမှားပဲ” ဟုဝင်စတန်ချာချီက တိုင်းနိုင်ငံများဒုတိယကမ္ဘာစစ်အတွင်း တစ်ရှိန်ထိုးမဝင်မီ ပြောခဲ့သည်။ “ငြိမ်းချမ်းရေးရပြီဆိုရင် လက်နက်ဖျက်သိမ်းခြင်းပဲ” ဟုသူကထပ်ဆင့်လိုက်သည်။
ယုတ္တိမတန်ပါတကား။ ငြိမ်းချမ်းရေးမသေချာမီ မည်သူသည် လက်နက်ဖျက်သိမ်းပါမည်နည်း။ သို့သော်စစ်အတွက်လက်နက်များ တောင်ပုံရာပုံဖြစ်နေစဉ်၊ မည်သို့ငြိမ်းချမ်းရေးအစစ်အမှန် ဖြစ်နိုင်ပါမည်နည်း။ ယင်းသည်နိုင်ငံခေါင်းဆောင်များ အဖြေမတွေ့နိုင်သေးသော ကိစ္စရပ်ဖြစ်သည်။
ယင်းစကားကိုဝင်စတန်ချာချီသည် နိုင်ငံပေါင်းချုပ်အသင်းကြီးမှူး၍ လက်နက်ဖျက်သိမ်းရေးညီလာခံကို ပြုလုပ်ပြီးနောက် နှစ်နှစ်ခန့်မျှသာကြာသေးသော ၁၉၃၄ တွင်ပြောခဲ့ခြင်းဖြစ်သည်။ ၁၂ နှစ်ကြာပြင်ဆင်ခဲ့သော ဤညီလာခံ၏ရည်ရွယ်ချက်သည် ဥရောပတိုက်ကိုလက်နက်ပြန်လည်တပ်ဆင်ခြင်းမှ ကာကွယ်ရန်ဖြစ်သည်။ ကမ္ဘာတစ်ဝန်းရှိလူများသည် ပထမကမ္ဘာစစ်အတွင်း ဒဏ်ရာရသူသန်းပေါင်းများစွာအပြင် ကြောက်မက်ဖွယ်သေဆုံးခဲ့ရသော တိုက်ခိုက်သူကိုးသန်းနှင့် အရပ်သားအသေအပျောက်ကြီးမားခဲ့ပုံကို ကွက်ကွက်ကွင်းကွင်းသတိရနေဆဲပင်။ သို့ပင်ငြားလည်း၊ လက်နက်ဖျက်သိမ်းမှုသည် တစ်ခါမျှအကောင်အထည်မပေါ်ခဲ့ပေ။ အဘယ်ကြောင့်နည်း။
လက်နက်ဖျက်သိမ်းရန်ကြိုးပမ်းချက်များ
လက်နက်ဖျက်သိမ်းရန်ပေါ်လစီကို ဥပဒေပြဌာန်း၍ရနိုင်သော်လည်း ထိရောက်မှုကားမရှိချေ။ ဥပမာ၊ ၁၉၁၉ ဗာဆေးစာချုပ်အရ ဂျာမနီကို “လုံလောက်သောအာမခံချက်အပေးအယူအရ မိမိဒေသလိုအပ်ချက်နှင့်အညီ လက်နက်တပ်ဆင်ခြင်းကို အနိမ့်ဆုံးအခြေအနေဖြင့်သာနေရန်” လက်နက်ဖျက်သိမ်းစေခဲ့သည်။ ယင်းသည်နိုင်ငံပေါင်းချုပ်ပဋိညာဉ်စာတမ်း၏ အပိုဒ် ၈ တွင်ထည့်ခဲ့သော အမေရိကန်သမ္မတဝူးဒရိုးဝင်လ်ဆင်၏ အဆိုပြုချက်နှင့်အညီဖြစ်လေသည်။ သို့သော်ဟစ်တလာအာဏာရလာသောအခါ ထိုပေါ်လစီကိုသရော်ခဲ့လေသည်။
ယူအဲန်သည်ဒုတိယကမ္ဘာစစ်ပြီးနောက် လက်နက်ဖျက်သိမ်းရန်အတွက် ပို၍အောင်မြင်၊ ခိုင်မာသော အုတ်မြစ်ချပေးနိုင်ခဲ့ပြီလော။ မချပေးနိုင်ခဲ့ချေ။ ထိုသို့မအောင်မြင်ရခြင်းမှာလည်း အခိုင်အမာမကြိုးပမ်းလို၍ကားမဟုတ်ချေ။ အလုံးအရင်းကိုဖျက်ဆီးနိုင်သော နျူကလီးယားလက်နက်များ ယခုလက်ဝယ်ရှိနေသောကြောင့် လက်နက်ဖျက်သိမ်းခြင်းသည် အရေးကြီးသောကိစ္စရပ်ဖြစ်နေလေသည်။ The New Encyclopedia Britannica, က“လက်နက်ပြိုင်ဆိုင်မှုများသည် စီးပွားရေးအရမလျော်ကန်ခြင်းနှင့် မလွဲမရှောင်သာစစ်ပွဲသို့ဦးတည်နိုင်ကြောင်း ယခင်ကအခိုင်အမာပြောဆိုမှုများကို “အနာဂတ်တွင်နျူကလီးယားလက်နက်များကို အလုံးအရင်းနှင့်အသုံးပြုခြင်းသည် လူသားရပ်တည်ရေးကိုယ်နှိုက်ကို ခြိမ်းခြောက်နေကြောင်း အခြေတင်ပြောဆိုမှုများဖြင့် အစားထိုးခဲ့ပြီ” ဟုဆိုသည်။
အရှေ့နှင့်အနောက် လက်နက်ပြိုင်ဆိုင်မှုကိုတားဆီးရန် ၁၉၅၂ တွင် ၁၂ နိုင်ငံလက်နက်ဖျက်သိမ်းရေးကော်မီရှင်ကို တည်ထောင်ခဲ့သည်။ ယင်းသည်အရာမရောက်ခဲ့ပဲ နောက်ဆုံးတွင်နိုင်ငံကြီးနှစ်နိုင်ငံသည် ထင်မြင်ရာသာလုပ်ဆောင်ကြသည်။ လောလောဆယ်အထိ အခြားသဘောတူညီချက်များနှင့် စာချုပ်များချုပ်ဆိုခဲ့ပေပြီ။ သို့ပင်ငြားလည်း၊ အပြန်အလှန်မယုံသင်္ကာစိတ်က စစ်လက်နက်အားလုံးကို လုံးဝဖျက်သိမ်းရန် ခွင့်မပြုချေ။ ယင်းသည် “စိတ်ကူးယဉ်သူများ၏ အဆိုထောက်ခံချက်” သာဖြစ်သည်ဟု The New Encyclopedia Britannica ကဆိုလေသည်။
အကုန်အကျကိုတွက်ချက်ခြင်း
လက်နက်ဖျက်သိမ်းရန် သို့မဟုတ် မဖျက်သိမ်းရန်တွင် မည်သည့်အကုန်အကျပါဝင်သနည်း။ အကုန်အကျကိုငွေဖြင့် အမြဲမတွက်ချက်ချေ။ လက်နက်နှင့်ဆက်နွယ်နေသောစက်ရုံများတွင် အလုပ်အကိုင်သည်လည်း အဓိကစဉ်းစားစရာဖြစ်နေသည်။ နိုင်ငံအများတွင်အခွန်ငွေများကို လက်နက်များဝယ်ရာတွင်သုံးပြီး လက်နက်များထုတ်လုပ်ခြင်းက အလုပ်အကိုင်ကိုဖြစ်ပေါ်စေသည်။ ထို့ကြောင့်လက်နက်ဖျက်သိမ်းခြင်းက အလုပ်လက်မဲ့သို့ဦးတည်နိုင်သည်။ ထို့ကြောင့်ပင်၊ ကာကွယ်ရေးဘတ်ချက်အတွက် အခိုင်အမာတာဝန်ယူထားသော နိုင်ငံများအတွက်လုံးဝလက်နက်ဖျက်သိမ်းခြင်းကို တုန်လှုပ်ကြသည်။ ထို့သို့သောအတွေးသည် သူတို့အတွက်စိတ်ကူးယဉ်အိပ်မက်အစား ချောက်ချားဖွယ်ပင်ဖြစ်သည်။
သို့ပင်ငြားလည်းကျွန်ုပ်တို့သည် စစ်လက်နက်နှင့်ဆက်နွယ်သော ငွေအလုံးအရင်းကို ဥပေက္ခာပြု၍မရချေ။ ကမ္ဘာထုတ်လုပ်မှုအားလုံးတန်ဖိုး၏ ၁၀ ရာခိုင်နှုန်းကို လက်နက်အတွက်အသုံးပြုကြောင်း ခန့်မှန်းတွက်ချက်ကြသည်။ ယင်းကားမည်မျှနည်း။ ငွေဖောင်းကြွမှုကြောင့် အမှန်တကယ်စာရင်းကွာခြားသော်လည်း တစ်နေ့တွင်တစ်မိနစ်လျှင် ကျပ် ၁၀ သန်းကျော် (ယူအက်စ်ဒေါ်လာ ၁.၅၄ သန်း) အသုံးပြုနေသည်ကို စဉ်းစားကြည့်ပါ။ သင်၌ထိုမျှငွေ စီမံခန့်ခွဲရန်ရထားလျှင် ဘာကိုဦးစားပေး ဆောင်ရွက်မည်နည်း။ ငတ်မွတ်ဘေးကယ်ဆယ်ရေးလော။ ကျမ်းမာရေးလုပ်ငန်းများလော။ကလေးသူငယ်စောင့်ရှောက်ရေးလော။ ဝန်းကျင်ပြုပြင်ရေးလော။ လုပ်နိုင်စရာများစွာပင်ရှိပါသည်။
ဥပမာ၊ ယူအက်စ်အက်စ်အာရ်တွင် မကြာမီကကြေညာသော “တင့်ကားမှလယ်ထွန်စက်သို့” ဟူသည့် အစီအစဉ်ကိုကြည့်ပါ။ ထိုတွင်လက်နက်စက်ရုံများမှအချို့ကို “စက်မှုကဏ္ဍအတွက်ခေတ်မီအသုံးအဆောင်” အမျိုးအစား ၂၀၀ ထုတ်လုပ်ရန် ပြောင်းလဲပစ်လိုက်ခဲ့သည်။ အဘယ်ကြောင့်စိုက်ပျိုးရေးဆိုင်ရာအသုံးအဆောင်များ ဤမျှလိုအပ်ရသနည်း။ ဗြိတိန်၏ Farming News အရ “လယ်များမှထွက်သောအသီးအရွက် သုံးပုံတစ်ပုံသာ စားသုံးသူများထံရောက်ပြီး၊ ကျန်သောအသီးအရွက်များသည်လယ်ကွင်းတွင်ပုပ်သွားခြင်း သို့မဟုတ် သယ်ယူပို့ဆောင်ရာနှင့်ကုန်လှောင်ရုံများတွင် ပျက်စီးသွားသည်။
တင့်ကားအစားလယ်ထွန်စက်ထုတ်လုပ်ခြင်းသည် ချီးမွမ်းဖွယ်ဖြစ်ပြီး၊ လုပ်ရိုးလုပ်စဉ်မဟုတ်သောကြောင့် ခေါင်းစီးသတင်းအဖြစ်ဖော်ပြလေသည်။ သို့ပင်ငြားလည်း၊ လက်နက်ထုတ်လုပ်ခြင်းစုစုပေါင်းအပေါ် အကျိုးသက်ရောက်မှုသည် အသေးဖွဲသာဖြစ်သည်။ ယေရှုခရစ်ကြိုတင်ဟောပြောသကဲ့သို့ပင် “မြေကြီးပေါ်မှာဖြစ်လတံ့သော ဘေးများကိုမျှော်၍ကြောက်လန့်” နေသောကမ္ဘာတွင် လက်နက်အတွက်မရေမတွက်နိုင်သည့် သန်းပေါင်းများစွာသော ပေါင်၊ ရူဘယ်၊ ဒေါ်လာများ ဆက်လက်အသုံးပြုနေခဲ့ကြသည်။ လုံးဝလက်နက်ဖျက်သိမ်းခြင်းသည် အိပ်မက်သာဖြစ်နေမည်လော။ မဟုတ်လျှင်၊ ယင်းဖြစ်ပေါ်လာရန် ဘာလိုအပ်သနည်း။—လုကာ ၂၁:၂၆။