ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၂၅ နိုဝင်ဘာ စာ. ၂၂-၂၇
  • “ခင်ဗျားဟာ သိပ်တန်ဖိုးထားရတဲ့သူ ဖြစ်”

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • “ခင်ဗျားဟာ သိပ်တန်ဖိုးထားရတဲ့သူ ဖြစ်”
  • ကင်းမျှော်စင် ယေဟောဝါရဲ့နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၅
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ယေဟောဝါ တန်ဖိုးထားတယ်လို့ လူတွေ ခံစားရအောင် ယေရှု ကူညီပေးပုံ
  • ကိုယ့်ကို ယေဟောဝါ မြင်သလို မြင်တတ်လာနိုင်ပုံ
  • ယေဟောဝါက “စိတ်ကြေကွဲနေသူတွေကို ကုသပေး”
    ကင်းမျှော်စင် ယေဟောဝါရဲ့နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၄
  • သင့်ကို ယေဟောဝါ ချစ်ခင်တွယ်တာ
    ကင်းမျှော်စင် ယေဟောဝါရဲ့နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၄
  • မြေကြီးပေါ် နောက်ဆုံးရက် ၄၀ အတွင်း ယေရှု ပြခဲ့တဲ့ စံနမူနာ
    ကင်းမျှော်စင် ယေဟောဝါရဲ့နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၄
  • ကိုယ်မသိတာတွေ ရှိတယ်ဆိုတာ ကျိုးနွံမှုရှိရှိ အသိအမှတ်ပြုပါ
    ကင်းမျှော်စင် ယေဟောဝါရဲ့နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၅
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါရဲ့နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၅
က၂၅ နိုဝင်ဘာ စာ. ၂၂-၂၇

လေ့လာရန် ဆောင်းပါး ၄၇

သီချင်း ၃၈ ကိုယ်တော် သင်တို့ကို ခွန်အားရှိစေမယ်

“ခင်ဗျားဟာ သိပ်တန်ဖိုးထားရတဲ့သူ ဖြစ်”

“ခင်ဗျားဟာ သိပ်တန်ဖိုးထားရတဲ့သူ ဖြစ် [တယ်။]”—ဒံ. ၉:၂၃။

အာရုံစိုက်ရာ

ကိုယ့်ကိုယ်ကိုယ် တန်ဖိုးမရှိဘူးလို့ တချို့ ခံစားကြရတယ်။ ဒါပေမဲ့ သူတို့ကို ယေဟောဝါ သိပ်တန်ဖိုးထားမှန်း စိတ်ချလာဖို့ ဒီဆောင်းပါးက ကူညီပေးပါမယ်။

၁-၂။ ကိုယ့်ကို ယေဟောဝါ သိပ်တန်ဖိုးထားမှန်း ဘယ်လို စိတ်ချလာနိုင်သလဲ။

ကိုယ့်ကိုယ်ကိုယ် တန်ဖိုးမရှိဘူးလို့ ဘုရားကျေးကျွန်တချို့ ခံစားကြရတယ်။ လူတွေရဲ့ ဆက်ဆံပုံကြောင့် အဲဒီလိုခံစားရတာ ဖြစ်နိုင်တယ်။ သင်ကော အဲဒီလိုခံစားနေရသလား။ တကယ်တော့ မိမိကျေးကျွန်အားလုံးကို ယေဟောဝါဘုရား သိပ်တန်ဖိုးထားတယ်။ ဒါကို ဘယ်လို စိတ်ချလာနိုင်သလဲ။

၂ တစ်နည်းကတော့ လူတွေ တန်ဖိုးထားဆက်ဆံခံရတာကို ယေဟောဝါ လိုလားကြောင်း ဖော်ပြတဲ့ ကျမ်းမှတ်တမ်းတွေ သုံးသပ်ခြင်းပါပဲ။ ဥပမာ၊ လူတွေကို သားတော်ယေရှု လေးလေးစားစား ဆက်ဆံတယ်၊ ဂုဏ်တင်တယ်။ ဒါက ကိုယ့်ကိုယ်ကိုယ် အရေးမပါဘူးလို့ ခံစားရသူတွေကို အဖယေဟောဝါနဲ့ ယေရှု သိပ်တန်ဖိုးထားမှန်း သိစေတယ်။ (ယော. ၅:၁၉။ ဟီ. ၁:၃) ဒီဆောင်းပါးမှာ (၁) ယေဟောဝါ တန်ဖိုးထားတယ်လို့ လူတွေ ခံစားရအောင် ယေရှု ဘယ်လို ကူညီပေးသလဲ၊ (၂) ကိုယ့်ကို ယေဟောဝါ သိပ်တန်ဖိုးထားမှန်း ကျွန်တော်တို့ ဘယ်လို စိတ်ချလာနိုင်သလဲဆိုတာ ဆွေးနွေးသွားပါမယ်။—ဟဂ္ဂဲ ၂:၇။

ယေဟောဝါ တန်ဖိုးထားတယ်လို့ လူတွေ ခံစားရအောင် ယေရှု ကူညီပေးပုံ

၃။ ဂါလိလဲနယ်သားတွေကို ယေရှု ဘယ်လို ဆက်ဆံသလဲ။

၃ ဂါလိလဲနယ်မှာ ယေရှု တတိယအကြိမ် လှည့်လည်ဟောပြောနေတုန်း တရားစကား နားထောင်ချင်လို့၊ ရောဂါဝေဒနာ ကုသခံချင်လို့ လူတွေ အုပ်လိုက်ကြီး လိုက်လာကြတယ်။ “လူတွေဟာ အရေခွံဆုတ်ပြီး ပစ်ထားခံရတဲ့ သိုးတွေ၊ ထိန်းသူမရှိတဲ့ သိုးတွေလို ဖြစ်နေ” တယ်လို့ ယေရှု ပြောတယ်။ (မ. ၉:၃၆) ဘာသာရေးခေါင်းဆောင်တွေက သူတို့ကို အရေးမလုပ်တဲ့အပြင် “ကျိန်ခြင်းခံရသူတွေ” လို့တောင် ခေါ်ကြတာ။ (ယော. ၇:၄၇-၄၉) ယေရှုကတော့ သူတို့ကို အရေးတယူ အချိန်ပေးပြီး သွန်သင်တယ်၊ ရောဂါဝေဒနာ ကုသပေးတယ်။ (မ. ၉:၃၅) နောက်ထပ် လူအများကြီးကို ကူညီပေးနိုင်ဖို့ တမန်တော်တွေကို ဟောပြောတတ်အောင် လေ့ကျင့်ပေးတယ်။ ရောဂါကုသနိုင်တဲ့ တန်ခိုးအာဏာ ပေးတယ်။—မ. ၁၀:၅-၈။

၄။ လူအထင်အမြင်သေးခံရသူတွေကို ယေရှု ဆက်ဆံပုံကနေ ဘာသိရသလဲ။

၄ လူအထင်အမြင်သေးခံရသူတွေကို အဖဘုရားနဲ့ ယေရှု သိပ်တန်ဖိုးထားမှန်း ယေရှုရဲ့ ဆက်ဆံပုံကနေ သိရတယ်။ ယေဟောဝါကို ဝတ်ပြုနေပေမဲ့ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးမရှိဘူးလို့ သင် ခံစားနေရသလား။ ဒါဆိုရင် တရားစကား နားထောင်ချင်သူတွေကို ယေရှု ဘယ်လို ဆက်ဆံသလဲဆိုတာ စဉ်းစားကြည့်လိုက်ပါ။ ယေဟောဝါရဲ့ အမြင်မှာ သင် ဘယ်လောက် တန်ဖိုးရှိမှန်း သိလာမယ်။

၅။ ဂါလိလဲနယ်က အမျိုးသမီးတစ်ယောက်အကြောင်း ပြောပြပါ။

၅ လူတွေကို သွန်သင်ပေးတဲ့အခါ အုပ်စုလိုက်ကိုသာမက တစ်ယောက်ချင်းစီကိုလည်း ယေရှု အာရုံစိုက်တယ်။ ဥပမာ၊ ဂါလိလဲနယ်မှာ ဟောပြောနေတုန်း ၁၂ နှစ်လုံး သွေးသွန်နာစွဲနေတဲ့ အမျိုးသမီးတစ်ယောက်နဲ့ ယေရှု ဆုံတယ်။ (မာ. ၅:၂၅) မောရှေပညတ်အရ အဲဒီအမျိုးသမီး မစင်ကြယ်ဘူး။ သူ့ကို ထိမိကိုင်မိသူတွေလည်း မသန့်ရှင်းဘူး။ ဒါကြောင့် သူ့ခမျာ လူတောမတိုးဘဲ ဖြစ်နေတယ်။ ယေဟောဝါကို ဝတ်ပြုဖို့ တရားဇရပ် မသွားနိုင်၊ ပွဲတော် မတက်နိုင် ဖြစ်နေရှာတယ်။ (ဝတ်. ၁၅:၁၉၊ ၂၅) ရောဂါတစ်ဖက်၊ သိမ်ငယ်စိတ်တစ်ဖက်နဲ့ တော်တော်ခံစားရမှာ။—မာ. ၅:၂၆။

၆။ သွေးသွန်နာစွဲနေတဲ့ အမျိုးသမီး ရောဂါ ဘယ်လို သက်သာသွားသလဲ။

၆ သွေးသွန်နာစွဲနေတဲ့ အမျိုးသမီးဟာ ရောဂါသက်သာချင်ပေမဲ့ ကုသပေးဖို့ ယေရှုကို တိုက်ရိုက်မတောင်းဆိုဘူး။ ဘာကြောင့်လဲ။ ရှက်ရွံ့လို့ ဖြစ်နိုင်တယ်။ မစင်မကြယ် ဖြစ်နေပါလျက်နဲ့ လူအုပ်ထဲ တိုးဝင်လာတဲ့အတွက် ယေရှု မောင်းထုတ်လိုက်မှာ ကြောက်လို့ ဖြစ်နိုင်တယ်။ ဒါနဲ့ ယေရှုရဲ့ ဝတ်လုံကို တို့လိုက်တယ်။ “သူ့ဝတ်လုံကို တို့လိုက်ရုံနဲ့ ငါ့ရောဂါ သက်သာသွားမှာပဲ” လို့ တွေးနေခဲ့တာ။ (မာ. ၅:၂၇၊ ၂၈) ချက်ချင်းဆိုသလို ရောဂါသက်သာသွားတယ်။ ယုံကြည်ခြင်း ခိုင်မာတဲ့အတွက် ဆုချခံလိုက်ရတာပါပဲ။ ဒါပေမဲ့ “ကျွန်တော့်ဝတ်လုံကို ဘယ်သူ တို့တာလဲ” လို့ ယေရှု မေးလာလို့ ဝန်ခံလိုက်ရတော့တယ်။ ယေရှု ဘယ်လိုများ တုံ့ပြန်မလဲ။

၇။ ရောဂါနှိပ်စက်တဲ့ဒဏ်ခံနေရတဲ့ အမျိုးသမီးကို ယေရှု ဘယ်လို ဆက်ဆံသလဲ။ (မာကု ၅:၃၄)

၇ ရောဂါနှိပ်စက်တဲ့ဒဏ်ခံနေရတဲ့ အမျိုးသမီးကို ယေရှု ထောက်ထားတယ်၊ ကရုဏာနဲ့ ဆက်ဆံတယ်။ သူ “ကြောက်လို့ တဆတ်ဆတ်တုန်နေ” တာ ယေရှု သတိထားမိတယ်။ (မာ. ၅:၃၃) သူ့ခံစားချက်ကို ထည့်တွက်ပြီး စိတ်အေးသွားစေမယ့်စကား ပြောတယ်။ “သမီး” လို့တောင် ခေါ်လိုက်တယ်။ ဒီအခေါ်အဝေါ်ဟာ ယဉ်ကျေးမှု ရှိရုံသာမက မေတ္တာအငွေ့အသက် ပါတယ်။ (မာကု ၅:၃၄ ကို ဖတ်ပါ။) “အမျိုးသမီးတစ်ယောက်ကို ‘သမီး’ လို့ ယေရှု ခေါ်ဝေါ်တာ ကျမ်းစာမှာ ဒီတစ်နေရာပဲ မှတ်တမ်းတင်ထားတယ်။ အမျိုးသမီး ‘တဆတ်ဆတ်တုန်နေ’ တာ မြင်လို့ ဒီလိုခေါ်လိုက်တာ ဖြစ်နိုင်တယ်” လို့ လေ့လာမှုမှတ်စုက ဆိုတယ်။ ကောင်းကင်ဘုံစံအဖရဲ့ အဖိုးတန်သမီးလို့ ခံစားရအောင် ယေရှု ကူညီပေးလိုက်တာပဲ။ အမျိုးသမီး ဘယ်လောက် စိတ်သက်သာသွားလိုက်မလဲ။ ယေရှုသာ စိတ်အေးစေမယ့်စကား မပြောခဲ့ဘူးဆိုရင် သူ့ခမျာ ရောဂါပဲ သက်သာပြီး စိတ်မလုံမလဲ ဖြစ်ကျန်ခဲ့နိုင်တယ်။

၈။ မာရီယာမှာ ဘာအခက်အခဲတွေ ရှိသလဲ။

၈ ဒီနေ့လည်း ဘုရားကျေးကျွန်တချို့ဟာ ကျန်းမာရေး ချို့ယွင်းလို့ သိမ်ငယ်ကြတယ်။ ဥပမာ၊ ဘရာဇီးနိုင်ငံက မှန်မှန်ရှေ့ဆောင် ညီအစ်မ မာရီယာa ဟာ မွေးကတည်းက ခြေနှစ်ဖက်၊ ဘယ်လက်တစ်ဖက် ပါမလာဘူး။ “မသန်စွမ်းလေး ဖြစ်နေလို့ ကျောင်းမှာ အမြဲအနိုင်ကျင့်ခံရတယ်။ နာမည်ပြောင်တွေ ပေးကြတယ်။ မိသားစုဝင်တွေကအစ နှိမ်ကြတယ်” လို့ မာရီယာ ပြောတယ်။

၉။ ယေဟောဝါအတွက် မိမိ သိပ်တန်ဖိုးရှိမှန်း မာရီယာ ဘယ်လို သိလာသလဲ။

၉ မာရီယာ ယေဟောဝါသက်သေ ဖြစ်လာတော့ ညီအစ်ကို/မတွေက ဝိုင်းဖေးမကြတယ်။ ကိုယ့်ကို ယေဟောဝါ မြင်သလို မြင်တတ်လာအောင် ကူညီပေးကြတယ်။ “ကူညီပေးသူတွေရဲ့ နာမည် မှတ်စုစာအုပ်မှာ ချရေးရင် နေရာလွတ်တောင် ကျန်မှာ မဟုတ်ဘူး။ မေတ္တာပြည့်ဝတဲ့ ဒီလိုမိသားစုကြီး ပေးထားလို့ ယေဟောဝါကို သိပ်ကျေးဇူးတင်တာပဲ” လို့ မာရီယာ ပြောတယ်။ ညီအစ်ကို/မတွေရဲ့ ကူညီပေးမှုကြောင့် ယေဟောဝါအတွက် မိမိ သိပ်တန်ဖိုးရှိမှန်း မာရီယာ သိနေပြီ။

၁၀။ မာဂဒလမာရိမှာ ဘာအခက်အခဲတွေ ရှိသလဲ။ (ရုပ်ပုံကိုလည်း ကြည့်ပါ။)

၁၀ ယေရှု ကူညီပေးခဲ့သူ နောက်တစ်ယောက် ဖြစ်တဲ့ မာဂဒလမာရိအကြောင်းလည်း စဉ်းစားကြည့်ပါ။ မာရိဟာ နတ်ဆိုးခုနစ်ကောင် နှောင့်ယှက်တာခံခဲ့ရတယ်။ (လု. ၈:၂) နတ်ဆိုးပူးလို့ ထူးထူးဆန်းဆန်းတွေ ပြုမူခဲ့မှာပဲ။ သူ့ကို လူတွေ ရှောင်ကြမှာပဲ။ ဒါကြောင့် ကိုယ့်ကို ချစ်ခင်မယ့်သူ မရှိဘူး၊ ကူကယ်ပေးမယ့်သူ မရှိဘူးလို့ ခံစားရနိုင်တယ်။ ဒါပေမဲ့ နတ်ဆိုးနှောင့်ယှက်မှုကနေ လွတ်ကင်းသွားအောင် ယေရှု ကူညီပေးလိုက်ပုံပဲ။ ဒီလိုနဲ့ မာရိဟာ ယေရှုနောက်လိုက် ဖြစ်လာတယ်။ ယေဟောဝါအတွက် သိပ်တန်ဖိုးရှိတယ်လို့ မာဂဒလမာရိ ခံစားရအောင် ယေရှု ဘယ်လို ထပ်ကူညီသေးသလဲ။

ရုပ်ပုံများ– ၁။ ခပ်မှောင်မှောင် လမ်းကြားတစ်ခုမှာ စိတ်ပျက်လက်ပျက်နဲ့ ဒူးထောက်ထိုင်နေတဲ့ မာဂဒလမာရိကို ယေရှု သတိပြုမိသွား။ ၂။ ယေရှု၊ တပည့်တွေနဲ့အတူ မာဂဒလမာရိ ပျော်ပျော်ရွှင်ရွှင် အတူခရီးသွားနေကြ။

ယေဟောဝါအတွက် သိပ်တန်ဖိုးရှိမှန်း မာဂဒလမာရိ ခံစားရအောင် ယေရှု ကူညီပေး (စာပိုဒ် ၁၀-၁၁ ကို ကြည့်ပါ)


၁၁။ ယေဟောဝါအတွက် သိပ်တန်ဖိုးရှိတယ်လို့ မာဂဒလမာရိ ခံစားရအောင် ယေရှု ဘယ်လို ကူညီပေးသလဲ။ (ရုပ်ပုံတွေကိုလည်း ကြည့်ပါ။)

၁၁ မြို့ရွာတွေကို မိမိ လှည့်လည်ဟောပြောချိန်မှာ မာဂဒလမာရိကို ယေရှု လိုက်ပါခွင့်ပြုတယ်။b ဒါကြောင့် ယေရှုရဲ့ တရားတော်တွေကို မာရိ ကြားနာခွင့်ရတယ်။ ယေရှု ရှင်ပြန်ထမြောက်တဲ့နေ့မှာ မာရိကို ကိုယ်ထင်ပြတယ်။ အဲဒီနေ့ ယေရှုနဲ့ ဦးဆုံး စကားပြောခွင့်ရသူတွေထဲမှာ မာရိ ပါတယ်။ ယေရှု ထမြောက်ပြီ ဖြစ်ကြောင်း တမန်တော်တွေကို သွားပြောဖို့တောင် တာဝန်ပေးခံရတယ်။ ယေဟောဝါအတွက် သိပ်တန်ဖိုးရှိတယ်လို့ မာဂဒလမာရိ ခံစားရအောင် ယေရှု ကူညီပေးလိုက်တာပါပဲ။—ယော. ၂၀:၁၁-၁၈။

၁၂။ ကိုယ့်ကို ချစ်ခင်မယ့်သူ မရှိဘူးလို့ လေးဒီယာ ဘာကြောင့် ခံစားရသလဲ။

၁၂ မာဂဒလမာရိလိုပဲ ဒီနေ့ခေတ်မှာ လူများစွာဟာ ကိုယ့်ကို ချစ်ခင်မယ့်သူ မရှိဘူးလို့ ခံစားကြရတယ်။ စပိန်နိုင်ငံက ညီအစ်မ လေးဒီယာအကြောင်း သုံးသပ်ကြည့်ပါ။ သူ့ကို ကိုယ်ဝန်ဆောင်ထားတုန်း အမေဖြစ်သူက ဖျက်ချဖို့ လုပ်တယ်။ ဖျက်မချဖြစ်ဘဲ မွေးလာတော့လည်း ဂရုမစိုက်ဘဲ ပစ်ထားတယ်။ စိတ်ဒဏ်ရာရစေမယ့်စကားတွေ ပြောတယ်။ “‘ဘဝပန်းတိုင်က ဘာလဲ’ လို့ အမေးခံရတဲ့အခါ ‘လူတွေရဲ့ ချစ်ခင်နှစ်သက်မှု ရဖို့ပါ’ လို့ ဖြေမိတဲ့အထိ မေတ္တာငတ်ခဲ့တာ။ ကိုယ့်ကို ဒုက္ခအိုးတစ်ယောက်လို အမေ ပြောဆိုဖန်များတော့ တကယ်ပဲ လူချစ်မခံရမှာ ကြောက်မိတယ်” လို့ လေးဒီယာ ပြောတယ်။

၁၃။ ယေဟောဝါအတွက် မိမိ သိပ်တန်ဖိုးရှိမှန်း လေးဒီယာ ဘယ်လို သိလာသလဲ။

၁၃ လေးဒီယာ အမှန်တရား သိလာတော့ အမြင်ပြောင်းသွားတယ်။ ယေဟောဝါဆီ ဆုတောင်းလို့၊ ကျမ်းစာဖတ်လို့၊ ညီအစ်ကို/မတွေ မေတ္တာပြကြလို့ ယေဟောဝါအတွက် မိမိ သိပ်တန်ဖိုးရှိမှန်း သိလာတယ်။ “ကျွန်မခင်ပွန်းက ကျွန်မကို သိပ်ချစ်တဲ့အကြောင်း တဖွဖွ ပြောတယ်။ ကျွန်မရဲ့ ကောင်းကွက်တွေကို အမြဲချီးကျူးတယ်။ ညီအစ်ကို/မတွေလည်း အဲဒီလိုပဲ” လို့ လေးဒီယာ ပြောတယ်။ ယေဟောဝါအတွက် တန်ဖိုးရှိတယ်လို့ ခံစားရအောင် သင် ကူညီပေးနိုင်သူ တစ်ယောက်ယောက်ကို စဉ်းစားမိသလား။

ကိုယ့်ကို ယေဟောဝါ မြင်သလို မြင်တတ်လာနိုင်ပုံ

၁၄။ ကိုယ့်ကို ယေဟောဝါ မြင်သလို မြင်တတ်လာဖို့ ၁ ရှမွေလ ၁၆:၇ က ဘယ်လို ကူညီပေးသလဲ။ (“မိမိကျေးကျွန်တွေကို ယေဟောဝါ ဘာကြောင့် တန်ဖိုးထားသလဲ” လေးထောင့်ကွက်ကိုလည်း ကြည့်ပါ။)

၁၄ သင့်ကို လောကက လူတွေ မြင်သလို ယေဟောဝါ မမြင်ကြောင်း သတိရပါ။ (၁ ရှမွေလ ၁၆:၇ ကို ဖတ်ပါ။) ရုပ်သွင်၊ ပိုင်ဆိုင်မှု၊ ပညာရေးကို ကြည့်ပြီး သင့်တန်ဖိုးကို ယေဟောဝါ မပိုင်းဖြတ်ဘူး။ (ဟေရှာ. ၅၅:၈၊ ၉) ဒါကြောင့် သင်လည်း လောကစံနှုန်းနဲ့ မဟုတ်ဘဲ ယေဟောဝါရဲ့ စံနှုန်းနဲ့ သင့်တန်ဖိုးကို တိုင်းတာပါ။ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးမရှိဘူးလို့ ခံစားခဲ့ရတဲ့ ဧလိယ၊ နောမိ၊ ဟန္နတို့ကို ယေဟောဝါ တန်ဖိုးထားကြောင်း ဖော်ပြတဲ့ ကျမ်းမှတ်တမ်းတွေ ဖတ်ပါ။ သင့်ကို ယေဟောဝါ ချစ်ခင်တန်ဖိုးထားကြောင်း ပေါ်လွင်တဲ့ ကိုယ်ပိုင်အတွေ့အကြုံတွေ ချရေးထားပါ။ လူ့တန်ဖိုးအကြောင်း ဆွေးနွေးထားတဲ့ အဖွဲ့အစည်းစာပေတွေ ရှာဖတ်ပါ။c

မိမိကျေးကျွန်တွေကို ယေဟောဝါ ဘာကြောင့် တန်ဖိုးထားသလဲ

လူတွေကို တိရစ္ဆာန်တွေနဲ့ သိသိသာသာ ကွာခြားအောင် ယေဟောဝါ ဖန်ဆင်းထားတယ်။ မိမိကို သိကျွမ်းပြီး ရင်းနှီးနိုင်စွမ်း ပေးထားတယ်။ (က. ၁:၂၇။ ဆာ. ၈:၅။ ၂၅:၁၄။ ဟေရှာ. ၄၁:၈) ဒီတစ်ချက်နဲ့တင် ကျွန်တော်တို့ တန်ဖိုးရှိတယ်ဆိုတာ ပေါ်လွင်တယ်။ ယေဟောဝါကို ပိုသိကျွမ်းလာတယ်၊ နာခံတယ်၊ ယေဟောဝါဆီ ဆက်ကပ်အပ်နှံတယ်ဆိုရင် ပိုလို့တောင် တန်ဖိုးရှိလာမယ်။—ဟေရှာ. ၄၉:၁၅။

၁၅။ ဒံယေလကို “သိပ်တန်ဖိုးထားရတဲ့သူ” လို့ ယေဟောဝါ ဘာကြောင့် မြင်သလဲ။ (ဒံယေလ ၉:၂၃)

၁၅ ကိုယ့်ရဲ့ သစ္စာရှိမှုကို ယေဟောဝါ တန်ဖိုးထားကြောင်း စိတ်ချပါ။ အသက် ၁၀၀ နီးပါး ရှိနိုင်ပြီ ဖြစ်တဲ့ ပရောဖက် ဒံယေလဟာ စိတ်ဓာတ်ကျပြီး “အကြီးအကျယ် နွမ်းလျနေတယ်။” (ဒံ. ၉:၂၀၊ ၂၁) ဒါနဲ့ ယေဟောဝါ ဘယ်လို အားပေးသလဲ။ ဒံယေလဟာ “သိပ်တန်ဖိုးထားရတဲ့သူ” ဖြစ်ကြောင်း၊ သူ့ဆုတောင်းသံတွေကို မိမိ ကြားကြောင်း ကောင်းကင်တမန် ဂါဗြေလကို သွားပြောခိုင်းတယ်။ (ဒံယေလ ၉:၂၃ ကို ဖတ်ပါ။) ဒံယေလကို ယေဟောဝါ ဘာကြောင့် သိပ်တန်ဖိုးထားသလဲ။ ဖြောင့်မတ်မှုကို မြတ်နိုးလို့၊ သစ္စာရှိလို့ပဲ။ (ယေဇ. ၁၄:၁၄) ကျွန်တော်တို့အတွက် နှစ်သိမ့်မှု ဖြစ်စေဖို့ ဒီမှတ်တမ်းကို ကျမ်းစာမှာ ယေဟောဝါ ထည့်သွင်းထားတာ။ (ရော. ၁၅:၄) ဖြောင့်မတ်မှုကို မြတ်နိုးတဲ့၊ သစ္စာရှိရှိ အမှုဆောင်နေတဲ့ သင့်ကိုလည်း ယေဟောဝါ သိပ်တန်ဖိုးထားတယ်။ သင့်ဆုတောင်းသံတွေကို ကြားတယ်။—မိ. ၆:၈။ ဟီ. ၆:၁၀။

၁၆။ ယေဟောဝါကို မေတ္တာပြည့်ဝတဲ့ ဖခင်အဖြစ် ဘယ်လို မြင်တတ်လာနိုင်သလဲ။

၁၆ ယေဟောဝါကို မေတ္တာပြည့်ဝတဲ့ ဖခင်လို့ မြင်ပါ။ ယေဟောဝါက သင့်ကို ကူညီပေးချင်တယ်။ အမှားလိုက်မရှာဘူး။ (ဆာ. ၁၃၀:၃။ မ. ၇:၁၁။ လု. ၁၂:၆၊ ၇) ဒီအချက်ကို သတိရတာက ကိုယ့်ကိုယ်ကိုယ် တန်ဖိုးမရှိဘူးလို့ ခံစားရသူများစွာကို အားတက်လာစေတယ်။ စပိန်နိုင်ငံက ညီအစ်မ အီလီအာနာအကြောင်း စဉ်းစားကြည့်ပါ။ စိတ်ဒဏ်ရာရအောင် ခင်ပွန်းဖြစ်သူ ပြောဆိုလွန်းလို့ ကိုယ့်ကိုယ်ကိုယ် အချစ်မခံရဘူး၊ အသုံးမကျဘူးလို့ ခံစားခဲ့ရတယ်။ “အသုံးမကျဘူးဆိုတဲ့ ခံစားချက် ဝင်လာပြီဆိုရင် ယေဟောဝါရဲ့ မေတ္တာရင်ခွင်ထဲမှာ ထွေးပိုက်ခံထားရတယ်ဆိုပြီး ကိုယ့်ကိုယ်ကိုယ် မြင်ယောင်ကြည့်လိုက်တယ်” လို့ အီလီအာနာ ပြောတယ်။ (ဆာ. ၂၈:၉) တောင်အာဖရိကမှာ နေတဲ့ ညီအစ်မ လော်ရန်လည်း ဒီလိုပြောတယ်– “ကျွန်မကို မေတ္တာကြိုးနဲ့ ယေဟောဝါ ညင်ညင်သာသာ ဆွဲငင်ခဲ့တယ်၊ နှစ်တွေတစ်လျှောက်လည်း မေတ္တာကြိုးနဲ့ ဆက်ရစ်ပတ်ထားတယ်၊ တခြားသူတွေကို သွန်သင်ပေးဖို့တောင် သုံးနေတယ်ဆိုမှတော့ ကျွန်မကို သေချာပေါက် ချစ်ပြီး တန်ဖိုးထားလို့ပဲပေါ့။”—ဟော. ၁၁:၄။

၁၇။ ယေဟောဝါရဲ့ မျက်နှာသာ ရထားကြောင်း ဘယ်လို သိရသလဲ။ (ဆာလံ ၅:၁၂) (ရုပ်ပုံကိုလည်း ကြည့်ပါ။)

၁၇ ယေဟောဝါရဲ့ မျက်နှာသာ ရထားကြောင်း စိတ်ချပါ။ (ဆာလံ ၅:၁၂ ကို ဖတ်ပါ။) ယေဟောဝါရဲ့ မျက်နှာသာဟာ “ဒိုင်းလွှားကြီးလို” ဖြောင့်မတ်သူတွေကို ကာကွယ်ပေးတယ်လို့ ဒါဝိဒ် ပြောတယ်။ တန်ဖိုးမရှိဘူးဆိုတဲ့ အတွေးနဲ့ ကိုယ့်ကိုယ်ကိုယ် ထိုးနှက်မိချိန်မှာ ယေဟောဝါရဲ့ မျက်နှာသာ ရထားတယ်ဆိုတဲ့အသိက ဒိုင်းလွှားကြီးလို ကာကွယ်ပေးတယ်။ ယေဟောဝါရဲ့ မျက်နှာသာ ရထားကြောင်း ဘယ်လို သိရသလဲ။ ကျွန်တော်တို့ကို သိပ်တန်ဖိုးထားကြောင်း ကျမ်းစာကတစ်ဆင့် ယေဟောဝါ ပြောတယ်။ သိပ်တန်ဖိုးထားကြောင်း အကြီးအကဲတွေ၊ ညီအစ်ကို/မတွေကို သုံးပြီး သတိပေးတယ်။ ဒါဆိုရင် တစ်ယောက်ယောက် အားပေးစကား ပြောလာတဲ့အခါ ဘယ်လို တုံ့ပြန်သင့်သလဲ။

ညီအစ်မတစ်ယောက် အမှုဆောင်လုပ်ငန်းမှာ ပါဝင်ဖို့ အစည်းအဝေးခန်းမကနေ ပြုံးရွှင်စွာ ထွက်လာ။ သူ့ရဲ့ပခုံးကို နောက်ညီအစ်မတစ်ယောက်က ဖက်ထား။

တန်ဖိုးမရှိဘူးဆိုတဲ့ အတွေးနဲ့ ကိုယ့်ကိုယ်ကိုယ် ထိုးနှက်မိချိန်မှာ ယေဟောဝါရဲ့ မျက်နှာသာ ရထားတယ်ဆိုတဲ့အသိက ဒိုင်းလွှားကြီးလို ကာကွယ်ပေး (စာပိုဒ် ၁၇ ကို ကြည့်ပါ)


၁၈။ ချီးမွမ်းခံရတဲ့အခါ ဘယ်လို တုံ့ပြန်သင့်သလဲ။

၁၈ ကိုယ့်ကို ချစ်ခင်သူတွေ စိတ်ရင်းမှန်နဲ့ ချီးမွမ်းလာတဲ့အခါ ‘မဟုတ်ရပါဘူး’ ဆိုပြီး မငြင်းပါနဲ့။ မိမိရဲ့ မျက်နှာသာ ရထားကြောင်း သင် သိစေဖို့ သူတို့ကို ယေဟောဝါ သုံးနေတာ ဖြစ်နိုင်တယ်။ အစောပိုင်းမှာ ဖော်ပြခဲ့တဲ့ အီလီအာနာ အခုလိုပြောတယ်– “ချီးမွမ်းစကားတွေကို တဖြည်းဖြည်း လက်ခံတတ်လာပါပြီ။ မကောင်းပြောတာပဲ ကြားခဲ့ရတော့ ကိုယ့်မှာ ကောင်းကွက်တွေ ရှိတယ်ဆိုတာ ယုံဖို့ ခက်နေတာ။ ဒါပေမဲ့ ယေဟောဝါ ယုံကြည်လက်ခံစေချင်မှန်း ကျွန်မ သိတယ်။” အကြီးအကဲတွေ မေတ္တာပါပါ ကူညီပေးလို့လည်း ယေဟောဝါအတွက် မိမိ သိပ်တန်ဖိုးရှိမှန်း အီလီအာနာ သိနေပြီ။ အခုဆိုရင် ရှေ့ဆောင်လုပ်ရင်း ဗေသလအတွက်လည်း အိမ်ကနေ အလုပ်လုပ်ပေးနေတယ်။

၁၉။ ကောင်းကင်ဘုံစံအဖအတွက် ကျွန်တော်တို့ သိပ်တန်ဖိုးရှိတယ်ဆိုတာ ဘာကြောင့် စိတ်ချနိုင်သလဲ။

၁၉ ကောင်းကင်ဘုံစံအဖအတွက် ကျွန်တော်တို့ သိပ်တန်ဖိုးရှိတယ်ဆိုတာ ဘာကြောင့် စိတ်ချနိုင်သလဲ။ ယေရှု အာမခံထားလို့ပါပဲ။ (လု. ၁၂:၂၄) ယေဟောဝါအတွက် တန်ဖိုးရှိတယ်ဆိုတာ ကိုယ်တိုင် လက်ခံသလို တခြားသူတွေလည်း လက်ခံတတ်လာအောင် အတတ်နိုင်ဆုံး ကူညီပေးကြရအောင်။

သင် ဘယ်လို ဖြေမလဲ

  • ယေဟောဝါ တန်ဖိုးထားတယ်လို့ လူတွေ ခံစားရအောင် ယေရှု ဘယ်လို ကူညီပေးသလဲ။

  • သွေးသွန်နာစွဲနေတဲ့ အမျိုးသမီးကို ယေရှု ဘယ်လို ကူညီပေးသလဲ။

  • ကိုယ့်ကို ယေဟောဝါ မြင်သလို ဘယ်လို မြင်တတ်လာနိုင်သလဲ။

သီချင်း ၁၃၉ မြင်ယောင်ကြည့်ပါ၊ ကမ္ဘာသစ်မှာ

a အမည်လွှဲများ။

b မာဂဒလမာရိဟာ ယေရှုကို အလုပ်အကျွေးပြုဖို့ လိုက်ပါလာတဲ့ အမျိုးသမီးတွေထဲက တစ်ယောက် ဖြစ်တယ်။ အဲဒီအမျိုးသမီးတွေဟာ ကိုယ့်ပစ္စည်းဥစ္စာတွေ သုံးပြီး ယေရှုနဲ့ တမန်တော်တွေကို အလုပ်အကျွေးပြုကြတာ။—မ. ၂၇:၅၅၊ ၅၆။ လု. ၈:၁-၃။

c ဥပမာ၊ ယေဟောဝါထံ ချဉ်းကပ်လော့ စာအုပ် အခန်း ၂၄ ကို ကြည့်ပါ။ ခရစ်ယာန် အသက်တာအတွက် ကျမ်းပိုဒ်များ စာအုပ်၊ “သံသယ” ဆိုတဲ့ အကြောင်းအရာအောက်က ကျမ်းပိုဒ်တွေ၊ ကျမ်းမှတ်တမ်းတွေ ဖတ်ပါ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ