မဟာအရေးကိစ္စ—ယင်းကားအဘယ်နည်း
ကျွန်ုပ်တို့တစ်ဦးစီ ရင်ဆိုင်နေရသည့် မဟာအရေးကိစ္စကားအဘယ်နည်း။ ကမ္ဘာချီပူနွေးလာခြင်းကြောင့် ပင်လယ်ရေပြင်မြင့်တက်လာခြင်းနှင့်သဘာဝမကျတော့သည့် ရာသီဥတုလော။ အန္တရာယ်ပြုသော နေ၏ခရမ်းနုရောင်ခြည်ဘေးမှ ကာကွယ်မှုလျော့နည်းစေသည့် အိုဇုန်းလွှာပါးလာခြင်းလော။ ချို့ငဲ့ဆင်းရဲခြင်းနှင့်ရာဇဝတ်မှုအစရှိသော ကမ္ဘာချီပြဿနာများကိုဖြစ်ပေါ်စေသည့် လူဦးရေပေါက်ကွဲမှုလော။ သို့မဟုတ် နျူကလီးယားစစ်တွင် မရေမတွက်နိုင် မီးလောင်ပျက်စီး၍ ကျန်နေဦးတော့ တဖြည်းဖြည်းချင်း အအေးဒဏ်၊ ငတ်မွတ်ဘေးဒဏ်၊ နေရောင်ခြည်ဒဏ်ကြောင့် ဝေဒနာခံလျက်သေဆုံးရခြင်းလော။
အဆိုပါနှင့်အခြားအရေးကိစ္စများကို ဆွေးနွေးသုံးသပ်ပြီးနောက် ၁၉၈၉ ခုနှစ်တွင် Scientific American ဂျာနယ်ကဤသို့သဘောထိုင်ခဲ့သည်။ “နျူကလီးယားစစ်ဖြစ်ခြင်းကား . . . မသေဘဲကျန်ရစ်ရန်အတွက် စိုးရိမ်စရာအရှိဆုံးဘေး အမှန်ဖြစ်သည်။” သို့ဖြစ်လျှင် နျူကလီးယားစစ်သည် ကျွန်ုပ်တို့ရင်ဆိုင်နေရသော အရေးကိစ္စကြီးဖြစ်သလော။
မဟာအရေးကိစ္စ
၁၉၈၉ ခုနှစ်ကတည်းကနိုင်ငံရေးအခြေအနေပြောင်းလဲလာသည့်အတွက် နျူကလီးယားစစ်ဖြစ်စရာအကြောင်း လျော့နည်းဟန်ရှိနေသည်။ သို့ဖြစ်လျက်ပင် နျူကလီးယားလက်နက်များရှိသမျှကာလပတ်လုံး လူသားအတွက်ထိတ်လန့်စိုးရိမ်ဖွယ်သာဖြစ်ပေမည်။ သို့ရာတွင် 1990 Britannica Book of the Year ပါအကြောင်းက အခြားအရေးကြီးကိစ္စတစ်ခုကို ဖေါ်ညွှန်းသည်။ ဤကိုးကားချက်အရ ကမ္ဘာ့လူဦးရေမှသန်း ၂၃၀ ကျော်သည် ဘုရားမဲ့ဝါဒီများဖြစ်ကြ၏။ အခြားသန်းချီသူတို့မှာမူ ဖန်ဆင်းရှင်မရှိဟူသောအယူကိုလက်ခံထားသည့် အရှေ့တိုင်းအတွေးအခေါ်များ၏သြဇာလွှမ်းခံရ၏။ ထို့အပြင် သန်းပေါင်းများစွာသောသူတို့သည် ဖန်ဆင်းရှင်ရှိသည်ဟုယုံကြည်ကြသော်လည်း ကိုယ်တော်နှင့်စပ်လျဉ်းသည့်အယူအဆများ အတော်အတန်ခြားနားကြပေသည်။ အများအားဖြင့်ဆိုလျှင်လည်း သူတို့အပြုအမူများသည် သူတို့ကိုးကွယ်သည်ဟုဆိုသောအရှင်ကို ရှုတ်ချကဲ့ရဲ့စရာဖြစ်စေသည်။—၂ ပေတရု၊ ၂:၁၊ ၂။
ဘုရားသခင်အမှန်တကယ်ရှိသည်ဆိုလျှင် ယနေ့အရေးတကြီးဖြစ်နေသောအရေးကိစ္စသည် ကိုယ်တော်နှင့်အမှန်ပတ်သက်ရမည်။ ဘုရားရှိသည်ကိုကား မငြင်းဆိုနိုင်။ လူသားကို ကိုယ်တော်အဘယ်ကြောင့်ဖန်ဆင်းရသနည်း။ ကိုယ်တော်အပေါ် ကျွန်ုပ်တို့အဘယ်တာဝန်ရှိနေသနည်း။ ကမ္ဘာမြေကြီးကိုလူသားဖျက်ဆီးနေပုံကို ကိုယ်တော်မည်သို့အရေးယူမည်နည်း။ ကိုယ်တော်၏အချုပ်အခြာအာဏာတော်ကို များစွာသောသူတို့ငြင်းပယ်ကြခြင်းဖြင့် ကိုယ်တော်အားစိန်ခေါ်ခြင်းကို ဘုရားသခင်မည်သို့တုံ့ပြန်မည်နည်း။ အမှန်မှာ ကျွန်ုပ်တို့တစ်ဦးစီ ရင်ဆိုင်နေရသော မဟာအရေးကိစ္စမှာ “ထာဝရဘုရား [ယေဟောဝါ၊ NW ] ဟူ၍နာမတော်ရှိသော” ဘုရားသခင်၏အချုပ်အခြာအာဏာတော်ကို လက်ခံမည်လော၊ သို့မဟုတ် ငြင်းပယ်မည်လောဖြစ်သည်။—ဆာလံ ၈၃:၁၈။
စကြဝဠာ၏မူလဘူတ
ဘုရားသခင်ကိုမယုံကြည်သူတို့အတွက် သူ့အပေါ်ကျွန်ုပ်တို့တာဝန်ရှိခြင်းကား ပြဿနာမဖြစ်ပေ။ သို့သော် ကမ္ဘာနေအိမ်၏ပုံစံနှင့်အလှကျက်သရေကို ရိုးသားမှန်ကန်သောသဘောဖြင့် ကြည့်မြင်သူတိုင်းသည် ပုံစံတီထွင်ရှင်ကြီးတစ်ပါးရှိရမည်ဟု ဝန်မခံဘဲမနေနိုင်ပေ။ ကျွန်ုပ်တို့ဝန်းကျင်ရှိ သဘာဝအံ့ချီးဖွယ်များကို ကြိုးစားရှင်းပြရာတွင် သိပ္ပံပညာရှင်အများစုသည် ဘုရားသခင်ကိုထည့်မစဉ်းစားကြချေ။ ဥပမာလူအများဆိုကြသည်ကား ဤစကြဝဠာသည် အပ်ဖျားထက်သေးငယ်သည့်အစက်ကလေးမှ လက်ရှိအရွယ်ပမာဏသို့ကြီးမားလာသည်၊ ဖန်ဆင်းရှင်မလိုအပ်ဘဲ “သဘာဝတရား” အတိုင်း၊ အလိုအလျောက်ဖြစ်ပျက်လာသည်ဟူ၍ဖြစ်သည်။ သို့ရာတွင် စကြဝဠာမည်သို့ဖြစ်ပေါ်လာကြောင်း အများကြိုက်သီအိုရီအတွေးအခေါ်အသစ်တစ်ခုကိုရှင်းပြပြီးနောက် ရူပဗေဒဆရာဟန်ဘရီဘရောင်းက သူရေးသော The Wisdom of Science စာအုပ်တွင်ဤသို့ဝန်ခံထားသည်။ “လူအများအတွက်ဆိုလျှင် ထိုသီအိုရီသည် ရှင်းပြချက်အစား မျက်လှည့်ပမာဖြစ်ချေမည်။” “ကမ္ဘာ့မူလဘူတနှင့်ရည်ရွယ်ချက်သည်” သိပ္ပံပညာမဖြေရှင်းပေးနိုင်သော “လျှို့ဝှက်နက်နဲရာများ” ဖြစ်ပေသည်ဟု ပါမောက္ခဘရောင်းဝန်ခံထားသည်။
ဒြပ်ဝတ္ထုနှင့်စွမ်းအင်သည် အလွန်နီးစပ်ပြီး ဒြပ်ဝတ္ထုကိုစွမ်းအင်သို့၊ စွမ်းအင်ကိုလည်းဒြပ်ဝတ္ထုသို့ ပြောင်းလဲပေးနိုင်ကြောင်း သိပ္ပံပညာရှင်များတင်ပြခဲ့ဖူးပြီ။ နျူကလီးယားပေါက်ကွဲမှုများ၌တွေ့ရှိရသည့်အတိုင်းပင် ဒြပ်ဝတ္ထုအနည်းအကျဉ်းသည် စွမ်းအင်စုကြီးကိုတင်စားသည်။ သို့ဖြစ်လျှင် ကျွန်ုပ်တို့နဂါးငွေ့တန်းတွင်ရှိ ကြယ်သန်းပေါင်း ၁၀၀,၀၀၀ နှင့်အတူ မျက်မြင်ရစကြဝဠာကိုဖွဲ့စည်းထားသည့် ကြယ်မှိန်စုသန်းပေါင်း ၁,၀၀၀ ကျော်တို့တင်စားသည့် စွမ်းအင်၏မူလဘူတကားအဘယ်မှာနည်း။
သမ္မာကျမ်းစာဤသို့ဆိုသည်။ “အထက်သို့မျှော်ကြည့်ကြလော့။ ထိုအရာတို့ကို အဘယ်သူဖန်ဆင်းသနည်း။ ထိုသူသည် သူတို့အလုံးအရင်းကို အရေအတွက်အားဖြင့် ထုတ်ဆောင်တော်မူ၏။ အလုံးစုံတို့ကို နာမည်ဖြင့် ခေါ်တော်မူ၏။ ခွန်အားကြီး၍ တန်ခိုးနှင့်ပြည့်စုံတော်မူသောကြောင့် တစ်စုံတစ်ခုမျှမပေါ်ဘဲမနေရ။” ထိုအရှင်ကား မည်သူနည်း။ သမ္မာကျမ်းစာက အဖြေကိုဤသို့မှတ်တမ်းတင်ပြသည်။ “ငါသည် ထာဝရဘုရား [ယေဟောဝါ၊ NW] ဖြစ်၏။ ထိုနာမသည် ငါ့နာမဖြစ်၏။ ငါ့ဘုန်းကို အခြားသောသူအား . . . ငါမပေး။”—ဟေရှာယ၊ ၄၀:၂၆။ ၄၂:၅၊ ၈။
ကမ္ဘာမြေကြီးအပါအဝင်စကြဝဠာသည် မတော်တဆမှုအားဖြင့် စဖြစ်ပေါ်လာသည်ဟု မှန်းဆခြင်းဖြင့် ဖန်ဆင်းရှင်ယေဟောဝါဘုရားသခင် ရသင့်ရထိုက်သောဘုန်းအသရေကို ပြယ်ပျောက်စေသည်။ (ဗျာဒိတ်၊ ၄:၁၁) ကမ္ဘာပေါ် တာဝန်သိတတ်စွာပြုမူနေထိုင်ရန် ရည်ရွယ်ချက်ကိုလည်း ပပျောက်စေသည်။ ဘုရားသခင်၏ဖန်ဆင်းရာကို မည်သို့ပြုမူသုံးစွဲကြောင်း ဘုရားသခင်အား ရှင်းလင်းတင်ပြရသည်ကို လူတို့သာသိထားကြမည်ဆိုလျှင် ညစ်ညမ်းမှု၊ အိုဇုန်းလွှာကိုဖျက်ဆီးခြင်းနှင့် ကမ္ဘာချီအပူဓာတ်တိုးမြှင့်ခြင်းအစရှိသည့်ကိစ္စများတွင် ပိုမိုဂရုစိုက်ပေမည်။
အသက်၏မူလဘူတ
အသက်မည်သို့အစချီသနည်း ဟူသောမေးခွန်းကိုလည်း သုံးသပ်ပါလေ။ ဘုရားသခင်အကူအညီမပါဘဲ အသက်ဖြစ်ပေါ်လာသည်ဟု သွန်သင်ပေးခံထားခဲ့ရပြီ။ သို့သော် ယင်းကခိုင်လုံသောသိပ္ပံမူတစ်ခုနှင့်ဆန့်ကျင်နေသည်။ တစ်ချိန်တစ်ခါက ချေးပိုးထိုးများသည် နွားချေးမှလည်းကောင်း၊ လောက်ကောင်များသည်ပုပ်ပျက်သောအသားမှလည်းကောင်း၊ ကြွက်များမူ ရွှံ့ နွံမှလည်းကောင်း ဖြစ်လာသည်ဟုယုံကြည်ကြ၏။ လွန်ခဲ့သောရာစုတွင်ပင် သက်မဲ့ဒြပ်ဝတ္ထုမှ အဏုဇီဝရုပ်များဖြစ်ပေါ်လာသည်ဟု သိပ္ပံပညာရှင်များသွန်သင်ပေးခဲ့သည်။ သို့သော် ယင်းကဲ့သို့သောအတွေးအခေါ်များ မှားယွင်းကြောင်းကို ရက်ဒီ၊ ပါ့စ်ချယ်နှင့်အခြားသိပ္ပံပညာရှင်များက သက်သေထူပြခဲ့ပြီ။ The World Book Encyclopedia (၁၉၉၀ နှစ်ထုတ်) ကဤသို့ဆိုသည်။ “ပါ့စ်ချယ်၏စမ်းစစ်ချက်များကိုတွေ့ရှိပြီးနောက် သက်ရှိအားလုံးသည် ရှိထားနှင့်သောသက်ရှိမှတစ်ဆင့် ဖြစ်ပေါ်လာသည်ဟူသောသဘောတရားကို ဇီဝဗေဒပညာရှင်အများစုလက်ခံလာကြသည်။”
သို့တစေ ရှေးလွန်လေပြီးသောကာလ၌ အခြေအနေတစ်မူထူးခြားသည်ဟု သိပ္ပံပညာရှင်များယူဆကြ၏။ ဆဲလ်တစ်ခုတည်းသာရှိ ပထမသက်ရှိများသည် သက်ရှိအတွက်လိုအပ်သောဓာတ်များပါဝင်သည့် ကမ္ဘာဦးစအရည်ဟုခေါ်ဆိုကြသော သက်မဲ့ဖျော်ရည်မှ မတော်တဆဖြစ်ပေါ်လာသည်ဟုဆိုကြပါသည်။ “ကမ္ဘာဦးစအရည်မှလူသားဖြစ်ပေါ်လာရန် မတော်တဆမှုဖြင့်သာ ဖြစ်ပေါ်လာပြီ” ဟု A Guided Tour of the Living Cell တွင်ခရစ္စရှန်ဒီဒုဗ်အဆိုပြုထားသည်။
ဘုရားသခင်အကြောင်း သမ္မာကျမ်းစာက “ကိုယ်တော်ထံမှာ အသက်စမ်းရေတွင်းရှိပါ၏” ဟုဆိုသည်။ (ဆာလံ ၃၆:၉) အသက်သည် ရှိထားနှင့်သောသက်ရှိမှတစ်ဆင့်သာ ဖြစ်ပေါ်လာနိုင်သည်ဟူသောတွေ့ရှိချက်နှင့် ထိုစကားများအမှန်ညီညွတ်ပေသည်။ သို့ရာတွင် ယခုခေတ်စားနေသည့်သိပ္ပံပညာက ဘုရားသခင်ပေးသောဆုကျေးဇူးတစ်ခုဖြစ်သည့် အသက်ကို အလိုအလျောက်ဖြစ်ပေါ်လာသည်ဟု ယူမှတ်လိုသဖြင့် လူအများမိမိတို့ဘဝအသက်တာကို မည်သို့အသုံးပြုကြောင်းတင်ပြရန် ဘုရားရှေ့တာဝန်ရှိသည်ကိုမသိကြချေ။ သို့ဖြစ်၍ ဘုရားသခင်၏တရားဥပဒေများကို သူတို့ချိုးဖောက်ကြသည်။ တစ်ဦးထံမှတစ်ဦးခိုးယူ၊ တစ်ဦးကိုတစ်ဦးဖိစီး၊ သတ်ဖြတ်ကြသည်။ အချိန်၊ ငွေနှင့်တီထွင်ဉာဏ်အတော်အတန်အကုန်ခံ၍ ထိတ်လန့်စွာစွမ်းဆောင်နိုင်သည့် လူသတ်လက်နက်များကိုလည်း ပြုလုပ်ဖန်တီးကြသည်။
အရေးကြီးကိစ္စကိုဖြေရှင်းခြင်း
ဘုရားမဲ့ဝါဒီများနှင့်ခေတ်မီသူများအပြင် ဘုရားသခင်၏အချုပ်အခြာအာဏာကို ငြင်းပယ်သူ ထောင်ပေါင်းများစွာရှိသေးသည်။ ဘုရားသခင်ကိုယုံကြည်ပါသည်ဟုဆိုသူ ယနေ့များစွာရှိသည်။ ခရစ်ယာန်အမည်ခံသူသန်း ၁,၇၀၀ ကျော်ရှိသည်။ ခရစ်ယာန်ဘောင်ချာ့ချ်များသည် သူတို့ဝတ်ပြုစည်းဝေးရာတွင် နှစ်ရာစုချီ ဘုရားသခင်ကို လူသိရှင်ကြားထောမနာပြုကြသည်။ သို့သော် ဘုရားသခင်၏အချုပ်အခြာကိစ္စတွင် ထိုသန်း ၁,၇၀၀ ကျော်တို့သည် အဘယ်အခြေအနေမျိုးတွင်ရှိကြပါသနည်း။
ဘုရားသခင်၏တိကျသောမိန့်မှာချက်များကို ဆန့်ကျင်ဘက်ပြုခြင်းအားဖြင့် ကိုယ်တော်၏အချုပ်အခြာအာဏာကို မလေးမခန့်ပြုကြောင်း တစ်ဦးစီသော်လည်းကောင်း၊ လူမျိုးလိုက်သော်လည်းကောင်း တင်ပြခဲ့ကြပြီ။ ခရစ်ယာန်အမည်ခံသောလူမျိုးများသည် လူ့သမိုင်းတွင် အဆိုးတကာ့အဆိုးဆုံး စစ်ပွဲကြီးနှစ်ခုအပါအဝင် ဘုရားတရားမဲ့အဓမ္မမှုများကို ကျူးလွန်ခဲ့ကြပြီ။ စစ်ပွဲများကို နှစ်ဘက်စလုံးရှိ “ခရစ်ယာန်” ဓမ္မဆရာများ ကောင်းချီးပေးကြသည်။ ဤကဲ့သို့သောဟန်ဆောင်မှုမျိုးဖြင့် ဘုရားသခင်ကိုရှုတ်ချကဲ့ရဲ့စရာဖြစ်စေခဲ့ပြီ။ သမ္မာကျမ်းစာဆိုသည်အတိုင်းပင်ဖြစ်သည်။ “သူတို့သည် ဘုရားသခင်ကိုသိယောင်ဆောင်သော်လည်း အကျင့်အားဖြင့် ဘုရားသခင်ကိုငြင်းပယ်ကြ၏။”—တိတု၊ ၁:၁၆။
သို့တစေ ဘုရားသခင်သည် “ကိုယ်ကိုငြင်းပယ်တော်မမူနိုင်။” (၂ တိမောသေ၊ ၂:၁၃) ဤအချုပ်အခြာအာဏာအရေးကိစ္စ၏ ရှုထောင့်အားလုံးကို ကိုယ်တော်တိုင်နှုတ်မြွက်သောရည်ရွယ်ချက်နှင့်အညီ ဖြေရှင်းပေးရမည့်အချိန် ရောက်ရလိမ့်မည်။ “ငါသည် ထာဝရဘုရား [ယေဟောဝါ၊ NW] ဖြစ်ကြောင်းကို သူတို့သိရကြလိမ့်မည်။” (ယေဇကျေလ၊ ၃၈:၂၃) သို့သော် အဘယ်ကြောင့်ဤမျှကြာရှည်နေတော်မူသနည်း။ နောက်ဆုံး ယင်းအရေးကိစ္စသည် မည်သို့ဖြေရှင်းပြီးမည်နည်း။ အရေးအကြီးဆုံးကိစ္စတွင် မှန်ကန်စွာဆုံးဖြတ်နိုင်ဖို့ မည်သို့ပြုလုပ်နိုင်မည်နည်း။
[စာမျက်နှာ ၃ ပါ ရုပ်ပုံ]
Background : U. S. Naval Observatory photo