သင့်နိုင်ငံတော်မျှော်လင့်ချက်ကို ဝေမျှရန် ဘရိုရှာများတင်ပြ
၁ သမ္မာကျမ်းစာပရောဖက်ပြုချက်များ ပြည့်စုံလာသည်ကိုတွေ့မြင်စဉ် ကျွန်ုပ်တို့၏နိုင်ငံတော်မျှော်လင့်ချက်၌ အားရရွှင်လန်းကြပြီး ကြားနာလိုသူ မည်သူမဆိုကို ယင်းအကြောင်းပြောပြရန် တိုက်တွန်းခံရသည်။ (လု၊ ၆:၄၅။ ရော၊ ၁၂:၁၂) ဩဂုတ်လအတွင်း လယ်ကွင်းလုပ်ငန်း၌ ဘရိုရှာများကိုတင်ပြခြင်းသည် ယေရှုမိန့်မှာသည့်အတိုင်း နိုင်ငံတော်မျှော်လင့်ချက်၌ သူတစ်ပါးတို့ကိုဝေမျှနိုင်သည့် နည်းတစ်နည်းဖြစ်သည်။—မဿဲ ၂၄:၁၄။
၂ ကျွန်ုပ်တို့၌ရွေးချယ်စရာအရောင်စုံရုံမက အကြောင်းစုံသောဘရိုရှာများရှိထားသဖြင့် ရပ်ကွက်ရှိသူတို့ လိုအပ်ရာကိုဖြည့်စွက်ကာ စိတ်ဝင်စားမှုနှိုးဆွပေးမည့် အကောင်းဆုံးဘရိုရှာသည် အဘယ်ဘရိုရှာဖြစ်မည်နည်း။ ယင်းတို့ကိုအကောင်းဆုံးနည်းဖြင့်အသုံးပြုခြင်းငှာ ထိုတွင်ပါသောအကြောင်းများကို ကိုယ်တိုင်ကောင်းစွာသိထားရန်လိုသည်။ အောက်ပါအတိုချုပ်ဖော်ပြချက်သည် အထောက်အကူပြုလိမ့်မည်။
၃ ပရဒိသုဖြစ်ပေါ်စေမည့် ဘုရားသခင့်အစိုးရ။ ယေရှုကမ္ဘာပေါ်ရှိစဉ် ဘုရားသခင့်နိုင်ငံတော်ကို သူအဓိကဟောပြောခဲ့သည်။ နိုင်ငံတော်သည် တကယ့်အစိုးရတစ်ခုဖြစ်ပြီး ယနေ့ဘဝအခက်အခဲပြဿနာများကို ယင်းကဖြေရှင်းပေးမည်အကြောင်း ဤဘရိုရှာကတင်ပြပေးသည်။
၄ ကမ္ဘာသားဘဝ ထာဝရစံစားကြ။ လူကိုဘုရားသခင်အဘယ်ကြောင့်ဖန်ဆင်းရပြီး ကမ္ဘာပေါ် မည်သို့ထာဝစဉ်ပျော်မွေ့နိုင်မည့်အကြောင်း ရှင်းပြပေးသည်။ ရုပ်ပုံများနှင့်တိုတုတ်သောကျမ်းချက်တို့သည် ကလေးသူငယ်များနှင့် စာကောင်းစွာမတတ်မြောက်သူတို့အကြိုက်ဖြစ်သည်။ နားလေးသူတို့အား အခြေခံကျမ်းစာသွန်သင်ချက်များကိုတင်ပြပေးရန် ယင်းကိုအသုံးပြုနိုင်ပါသည်။
၅ ထာဝစဉ်တည်တံ့သွားမည့် နာမတော်မြတ်။ ဤဘရိုရှာသည် ဘုရားသခင့်နာမတော်ကို ကျမ်းစာအတိုင်းနှင့်သမိုင်းအရဆွေးနွေးတင်ပြ၍ နာမတော်ကို ခရစ်ယာန်များသိရုံမက အသုံးပြုရန် အဘယ်ကြောင့်အရေးကြီးကြောင်း တင်ပြပါသည်။
၆ “ကြည့်ရှုလော့။ ငါသည်ခပ်သိမ်းသောအရာတို့ကို အသစ်ဖန်ဆင်းသည်။” ဤဘရိုရှာသည် ပရဒိသုကိုဖော်ပြကာ သမ္မာကျမ်းစာနှင့်ဖန်ဆင်းရှင်ကို တန်ဖိုးထားလေးမြတ်စေသည်။ ဆိုးသွမ်းမှုကို ဘုရားသခင်အဘယ်ကြောင့်ခွင့်ပြုထားရကြောင်း ဆွေးနွေးတင်ပြပြီးနောက် သမ္မာကျမ်းစာ၏အခြေခံသွန်သင်ချက်များဖြစ်သည့် ရွေးနှုတ်ဖိုး၊ ရှင်ပြန်ထမြောက်ခြင်း နှင့်နိုင်ငံတော်အကြောင်းကို ဆွေးနွေးတင်ပြပါသည်။ စာမျက်နှာများအောက်တွင် မေးခွန်းများပါရှိသည့်အတွက် ဤဘရိုရှာနှင့်ကျမ်းစာသင်အံမှုကျင်းပရန် လွယ်ကူစေသည်။
၇ Should You Believe in the Trinity?: သုံးပါးတစ်ဆူကိုယုံကြည်သည်ဟုလူတို့ဆိုကြမည်ဖြစ်သော်လည်း ယင်းကိုနားလည်ပုံမတူကြပါ။ သုံးပါးတစ်ဆူကားအဘယ်နည်း၊ ယင်းကိုသမ္မာကျမ်းစာသွန်သင်သလော၊ ယေရှုခရစ်သည် အနန္တတန်ခိုးရှင်ဘုရားသခင်လော သို့မဟုတ် သုံးပါးတစ်ဆူအဝင်လော၊ သန့်ရှင်းသောဝိညာဉ်တော်ကားအဘယ်နည်း၊ ယင်းသည် မည်သို့ဆောင်ရွက်သနည်း အစရှိသည့်မေးခွန်းများကို ဤဘရိုရှာကဖြေဆိုပေးသည်။
၈ တစ်အိမ်မှတစ်အိမ် သို့မဟုတ် အလွတ်သဘောသက်သေခံရာတွင် အသုံးပြုလိုသောဘရိုရှာကိုရွေးချယ်ပြီးနောက် ဤကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှုစာစောင်၏ နောက်ကျောစာမျက်နှာပါဆောင်းပါးတို့ကို ပြန်သုံးသပ်သင့်သည်။ စာအုပ်စာတမ်းများကို မည်သို့ဝေငှပြီး စိတ်ဝင်စားမှုကိုနှိုးဆွကာ ကျမ်းစာသင်အံမှုစရန်ရည်ရွယ်ချက်ဖြင့် ပြန်လည်ပတ်မှုများမည်သို့ပြုလုပ်နိုင်ကြောင်း အကြံပြုချက်များရရှိပါလိမ့်မည်။
၉ မကြာခဏဆိုသလို ထုံးစံအရဖြစ်စေ၊ သို့မဟုတ် အလွတ်သဘောအရဖြစ်စေ သက်သေခံသည့်အခါ ဘရိုရှာသည် သက်သေခံချက်ကို ထိရောက်စေလိမ့်မည်။ သို့ရာတွင် ဘရိုရှာအမျိုးမျိုးဆောင်ထားခြင်း၊ ယင်းတို့ပါအကြောင်းကိုသိထားခြင်းဖြင့် အသင့်ရှိကာ ထိုးထွင်းဉာဏ်အသုံးပြုရမည်။ ဇွဲလုံ့လဖြင့်ကျွန်ုပ်တို့ဓမ္မအမှုဆောင်ရွက်ကြခြင်းကို ယေဟောဝါကောင်းချီးချပေးခြင်းဖြင့် နိုင်ငံတော်မျှော်လင့်ချက်၌ ကျွန်ုပ်တို့နှင့်အတူပျော်ရွှင်နိုင်မည့်သူများ တိုးများလာပါလေစေ။—တ၊ ၁၃:၄၇၊ ၄၈။