သမ္မာတရားကို ဝေမျှရန် မဂ္ဂဇင်းများကို အသုံးပြု
၁ ပုံကြီးချဲ့ ကြော်ငြာချက်များ၊ အထင်လွဲမှားစေသည့် နိုင်ငံရေးဆိုင်ရာ ကတိပြုချက်များနှင့် လှည့်ဖြားသော အပြည်ပြည်ဆိုင်ရာ အဆိုပြုချက်များကြောင့် မျက်မှောက် လူ့အဖွဲ့အစည်းသည် စစ်မှန်တိကျသောသတင်းကို တန်ဖိုးမထားကြတော့ချေ။ ကင်းမျှော်စင် နှင့် နိုးလော့! သာလျှင် ဘုရားသခင့်နိုင်ငံတော်နှင့်ဆိုင်သော အမှန်တရားကိုကြေညာ၍ ထိုနိုင်ငံတော်ပေးမည့် ထာဝရကောင်းချီးများကို ခံစားနိုင်ရန် မည်သို့ပြုလုပ်ရမည့်အကြောင်း ရှင်းပြသည့်အတွက် ဤမဂ္ဂဇင်းများသည် ထူးခြားပါသည်။
၂ နိုင်ငံတစ်နိုင်ငံတွင် ဤမဂ္ဂဇင်းနှစ်စောင်ကို တန်ဖိုးထားသော ပြန်ကြားရေးဝန်ကြီးတစ်ဦးသည် ယင်းတို့ကို ဖြန့်ချိပေးရန် ခွင့်ပြုချက်ရဖို့ တလိုတလား ကူညီပေးခဲ့သည်။ သူက ဤသို့ဆိုသည်– “ကင်းမျှော်စင်ဟာ အကောင်းဆုံးမဂ္ဂဇင်းတစ်စောင်ဖြစ်တယ်လို့ ကျွန်တော်ယူဆတယ်။ ကူညီပေးခွင့်ရတဲ့အတွက် ဝမ်းသာပါတယ်။” အသက်ပေးပညာကို ရရှိစေနိုင်သည့် ဤဂျာနယ်များကို ဖြန့်ချိပေးခြင်းအားဖြင့် သူတစ်ပါးကို ကျွန်ုပ်တို့ကူညီခွင့် ရရှိထားပါသည်။ (ယော. ၁၇:၃) မေလအတွင်း ဤတန်ဖိုးရှိမဂ္ဂဇင်းများကို သင်မည်သို့ တင်ဆက်မည်နည်း။ အောက်ပါ အကြံပြုချက်များသည် အကူအညီဖြစ်ပါလိမ့်မည်။
၃ ဖေဖော်ဝါရီ ၁ ရက် “ကင်းမျှော်စင်” ပါ အစပိုင်းဆောင်းပါးများကို သင်ပေါ်လွင်စေနေပါက ဤသို့ဆိုနိုင်သည်–
▪ “အခုတလော ကမ္ဘာဒေသအားလုံးမှာပဲ လူတွေ ဒုက္ခအမျိုးမျိုး ကြုံတွေ့နေကြရတယ်။ ဒီပြဿနာတွေဟာ ဘယ်သူ့ကြောင့်လည်း။ အဖြေကိုရဖို့ ဒီမဂ္ဂဇင်းတွေကို (ဖေဖော်ဝါရီ ၁ ရက် ကင်းမျှော်စင် နှင့်အတူ နိုးလော့! ကိုပြပါ) ၁၅ ကျပ်နဲ့ ယူဖတ်စေချင်တယ်။”
၄ သို့မဟုတ် လိုရင်းတိုရှင်း နိဒါန်းပြောပြီးနောက် ဤပုံစံအတိုင်း ပြောနိုင်ပါသည်–
▪ “ကမ္ဘာတစ်ဝန်းမှာ ကလေးများရင်ဆိုင်နေရတဲ့ ပြဿနာတွေကြောင့် မကြာမီနှစ်အနည်းငယ်အတွင်းမှာ လူတွေစိုးရိမ်နေကြတာ သတိထားမိမယ်။ ကလေးတွေနဲ့ပတ်သက်ပြီး ခင်ဗျားဒေသမှာ ဘာပြဿနာတွေ တွေ့နေရသလဲ။” ဖြေဆိုပါစေ။ အင်္ဂလိပ်နိုးလော့! မေ ၈ ရက်ထုတ် အဖွင့်ဆောင်းပါးများတွင် ဆွေးနွေးထားသည့် ကမ္ဘာတစ်ဝန်း ကလေးသူငယ်များကြုံတွေ့နေရသည့် ပြဿနာအချို့ကို ဖော်ပြပါ။ ထို့နောက် ဘုရားသခင့်နိုင်ငံတော်ကမ်းလှမ်းသည့် ဖြေရှင်းနည်းကို ညွှန်ပြပါ။
၅ သင်၏ ပြန်လည်ပတ်မှုများ မှတ်တမ်းတွင် အစကနဦး၌ အနည်းငယ်စိတ်ဝင်စားခဲ့သော်လည်း အကျိုးမဖြစ်ထွန်းခဲ့သူများ၏ နာမည်စာရင်း ရှိကောင်းရှိမည်။ တုံ့ပြန်မှု အကန့်အသတ်သာ ရှိခဲ့သောကြောင့် ဆက်၍ ပြန်သွားစရာမလိုဟု သင်ယူဆမည်။ သို့သော် ဤစာရင်းကိုအသုံးပြုကာ မဂ္ဂဇင်းလမ်းကြောင်းဖွင့်ရန် ကြိုးစားနိုင်ပါသည်။ တစ်ဦးတစ်ယောက်အတွက် စိတ်ဝင်စားစရာဖြစ်မည့် ဆောင်းပါးတစ်ခုကို သတိပြုမိသည့်အခါ ထိုသူ့ထံ အရောက်သွားပြီး မဂ္ဂဇင်းကမ်းလှမ်းပေးပါ။
၆ အလွတ်သဘောသက်သေခံခြင်း– မဂ္ဂဇင်းများကိုစိတ်ဝင်စားစေရန် ဤနည်းကား အလွန်ကောင်းသောနည်း ဖြစ်သည်။ အာရုံဆွဲဆောင်သည့် အဖုံးများကို မသိမသာ ဖော်ပြလိုက်ရုံဖြင့် အပြန်အလှန်စကား စတင်ပြောဆိုနိုင်ခွင့်ရပေမည်။ မိမိ၏လုပ်ဖော်ကိုင်ဖက်များ ဖြတ်သန်းသွားလာစဉ် တွေ့မြင်နိုင်ရန် ညီအစ်မတစ်ဦးသည် မိမိ၏စားပွဲပေါ်တွင် စာစောင်အချို့ကို တင်ထားရုံဖြင့် စောင်ရေအတော်အတန် ဝေငှနိုင်ခဲ့သည်။ စောင်ရေအချို့ကို အမြဲသယ်ဆောင်ထားပါ။ ဈေးသွားစဉ်၊ ကျောင်းသွားစဉ်၊ ကားစီးစဉ်၊ သို့မဟုတ် အခြားနေရာတွင်ပင် လူတို့နှင့်တွေ့ဆုံသည့်အခါ ဤလအတွင်း မဂ္ဂဇင်းများကို စ တင်ပြ၍ဝေငှနိုင်ရန် ကြိုးစားပါ။
၇ ကင်းမျှော်စင်နှင့်နိုးလော့!အကူအညီဖြင့် ယေဟောဝါအကြောင်း၊ ကိုယ်တော်၏ ဝတ်ပြုမှုအကြောင်း အရေးကြီးမေးခွန်းများအတွက် အဖြေများကို ရရှိခဲ့ပြီ။ “သစ္စာစောင့်တော်မူသော ဘုရားသခင်၊ ယေဟောဝါ” ကို လူတို့သိကျွမ်းလာရန် အတတ်နိုင်ဆုံးကူညီပေးဖို့ ဤဂျာနယ်များကို အသုံးပြုလိုကြပါသည်။—ဆာ. ၃၁:၅။