ထာဝရအသက်ရစေသော အသိပညာကို ပျံ့နှံ့စေခြင်း
၁ ယေဟောဝါသည် “လူတို့အားပညာအတတ်ကိုသွန်သင်တော်မူသောအရှင်” ဖြစ်တော်မူသည်။ (ဆာ. ၉၄:၁၀) ဘုရားသခင်နှစ်သက်သည့်နည်းဖြင့် ကိုးကွယ်ရမည်ကိုမသိသေးသောသူများထံ အသက်ကယ်တင်နိုင်သည့်အသိပညာပျံ့နှံ့ရန် ကိုယ်တော်သည် ကျွန်ုပ်တို့ကိုအသုံးပြုတော်မူသည်။ ထာဝရအသက်ရစေသော အသိပညာ စာအုပ်သည် နှလုံးရိုးဖြောင့်သူများကို ဘုရားသခင့်နှုတ်ကပါဌ်တော်ကျမ်းစာမှ တိကျမှန်ကန်သည့်နားလည်ခြင်းသဘောကိုရရှိနိုင်ရန် အလွန်ကောင်းမွန်သည့်ကိရိယာတစ်ခုဖြစ်သည်။ (၁ တိ. ၂:၃၊ ၄) အသိပညာ စာအုပ်၏ ရှင်းလင်းပြတ်သားပြီး သမ္မာတရားနှင့် ဆိုင်သည့်အကျယ်တဝင့်ဖော်ပြချက်များက လူတို့အား ယေဟောဝါသင်ကြားပေးလိုသည့်အရာများကို ရရှိရန်ကူညီပေးပါမည်။ ဤလတွင် ယင်းစာအုပ်ကိုဖတ်ချင်စိတ်ဖြစ်ပေါ်လာစေရန် အပြန်အလှန် ပြောဆိုရာ၌ လူတို့ကိုအာရုံစိုက်လိုပေသည်။ ဤတွင်အကြံပြုချက်အချို့ပါဝင်ပါသည်။ ယင်းတို့ကိုအလွတ်ကျက်မှတ်မည့်အစား ကိုယ်ပိုင်စကားနှင့် ပင်ကိုပြောဆိုဟန်ဖြင့် အဓိကဆိုလိုချင်သည့်အချက်ကို ဖော်ပြရန်ကြိုးစားပါ။
၂ များစွာသောသူတို့သည် ချစ်မြတ်နိုးရသူတစ်ဦးကို သေခြင်း၌ဆုံးရှုံးခဲ့ရခြင်း ဖြစ်နိုင်သောကြောင့် ဤကဲ့သို့ဦးစွာပြောဆိုခြင်းဖြင့် ရှင်ပြန်ထမြောက်ခြင်းမျှော်လင့်ချက်ကို စိတ်ဝင်စားလာစေနိုင်သည်–
▪ “ကျွန်တော်တို့အများစုဟာ ချစ်ရတဲ့သူတစ်ဦးကိုသေခြင်းမှာဆုံးရှုံးနေကြရပါတယ်။ အဲ့ဒီသူကို နောက်တစ်ခါပြန်တွေ့ရမယ်လို့တွေးဖူးပါသလား။ [တုံ့ပြန်မှုကိုစောင့်ပါ။] သေခြင်းဟာ လူသားတွေနဲ့ပတ်သက်တဲ့ ဘုရားသခင်ရဲ့မူလရည်ရွယ်ချက်မဟုတ်ပါဘူး။ ကျွန်တော်တို့ရဲ့ချစ်ရတဲ့သူများကို သေခြင်းကနေကယ်တင်နိုင်တယ်ဆိုတာ ယေရှုသက်သေပြခဲ့ပါတယ်။ [ယောဟန် ၁၁:၁၁၊ ၂၅၊ ၄၄ ဖတ်။] လွန်ခဲ့တဲ့ရာစုနှစ်ပေါင်းများစွာကတည်းက ဖြစ်ပျက်ခဲ့ပေမဲ့ အကောင်အထည်ဖော်ဖို့ ဘုရားသခင် ကတိပေးထားပါတယ်။ [အသိပညာစာအုပ် စာမျက်နှာ ၈၅ ရှိရုပ်ပုံကိုဖွင့်ပြီး အညွှန်းကိုဖတ်ပါ။ ပြီးနောက် စာမျက်နှာ ၈၆ ရှိရုပ်ပုံကိုပြပြီးရှင်းပြပါ။] ဒီလိုနှစ်သိမ့်မှုဖြစ်စေတဲ့ ထမြောက်ခြင်းမျှော်လင့်ချက်အကြောင်း ပိုပြီးဖတ်ချင်တယ်ဆိုရင် ခင်ဗျားဆီမှာဒီစာအုပ်ကို ထားခဲ့ချင်ပါတယ်။”
၃ အစပိုင်းရှင်ပြန်ထမြောက်ခြင်း မျှော်လင့်ချက်အကြောင်း ဆွေးနွေးပြီးနောက် ထိုသူနှင့်ပင်အပြန်အလှန်စကားတစ်ခုအတွက် ဤနည်းဖြင့်သင်အစပြုနိုင်ပါသည်–
▪ “သေခြင်းဟာ လူသားတွေအတွက် ဘုရားသခင်ရဲ့မူလရည်ရွယ်ချက် မဟုတ်ဘူးလို့ ကျွန်တော်ပြောတာကို ခင်ဗျားမှတ်မိပါလိမ့်မယ်။ ဒီအတိုင်းမှန်တယ်ဆိုရင် ကျွန်တော်တို့ဘာကြောင့်အိုရသေရကြတာလဲ။ အချို့လိပ်တွေဟာ နှစ်ပေါင်းတစ်ရာကျော်အသက်ရှင်ပြီး အချို့သစ်ပင်တွေကျတော့ နှစ်ထောင်နဲ့ချီပြီး သက်တမ်းရှိကြတယ်။ လူတွေကျတော့ ဘာဖြစ်လို့အသက် ၇၀၊ ၈၀ လောက်ပဲရှည်ရတာလဲ။ [တုံ့ပြန်မှုကိုစောင့်ပါ။] ကျွန်တော်တို့သေရတာ ပထမလူမောင်နှံဘုရားသခင်ကိုမနာခံခဲ့ကြလို့ဘဲ။” ရောမ ၅:၁၂ ကိုဖတ်ပါ။ အသိပညာ စာအုပ်စာမျက်နှာ ၅၃ ကိုပြန်ဖွင့်ပြီး အခန်းခေါင်းစဉ်ကိုဖတ်ပါ။ ပထမအပိုဒ်သုံးပိုဒ်ကို စဉ်းစားဆင်ခြင်စေပြီး ပုံနှိပ်ထားသည့်မေးခွန်းများ၏အဖြေကိုညွှန်ပြပါ။ အခန်း၏ကျန်အပိုင်းကိုဆွေးနွေးရန် နောက်တစ်ကြိမ်ပြန်လာဖို့ချိန်းဆိုပါ။ ထိုအချိန်အတွင်း ယင်းကိုဖတ်ပြီးရန်အားပေးခဲ့ပါ။
၄ ဘာသာတရားကိုင်းရှိုင်းသည်ဟု ထင်ရသူတစ်ဦးကိုပြောပါက သင်ဤသို့ပြောနိုင်သည်–
▪ “အမှန်ပြောရမယ်ဆိုရင် ယနေ့အချိန်မှာ ကွဲပြားနေတဲ့ဘာသာရာပေါင်းများစွာရှိနေ ကြပါတယ်။ သူတို့ဟာကွဲလွဲတဲ့ယုံကြည်ချက်အမျိုးမျိုးကိုသွန်သင်ပေးကြပါတယ်။ တချို့က ဘာသာအားလုံး ကောင်းတာပါဘဲ၊ အားလုံးအတူတူပါဘဲလို့ပြောကြပါတယ်။ ခင်ဗျားကောဘယ်လိုထင်ပါသလဲ။ [တုံ့ပြန်မှုကိုစောင့်ပါ။] ယေရှုက မှန်တဲ့ဘာသာကိုသင်ပေးခဲ့ပြီး ဘုရားသခင်မနှစ်သက်တဲ့ အခြားသောဝတ်ပြုမှုပုံစံများကို ပြသခဲ့ပါတယ်။ [မဿဲ ၇:၂၁-၂၃ ဖတ်။] ဘုရားသခင့်နှစ်သက်မှုကိုရချင်တယ်ဆိုရင် ဘုရားအလိုတော်နဲ့အညီကိုးကွယ်ရမယ်။” အသိပညာ စာအုပ်အခန်း ၅ ကိုဖွင့်ပြီးခေါင်းစဉ်ကြီးကိုဖတ်ကာ အချို့ခေါင်းစဉ်ငယ်များကိုညွှန်ပြပါ။ ဤအကြောင်းအရာသည် ဘုရားသခင့်နှစ်သက်မှုကိုမည်သို့ရနိုင်ပုံကို လေ့လာနေသူအား ကူညီပေးကြောင်းရှင်းပြပါ။ ဖတ်ဖို့အိမ်ရှင်သဘောတူပါက စာအုပ်ကိုထားခဲ့ဖို့ ကမ်းလှမ်းပါ။ ကမ္ဘာချီလုပ်ငန်းအတွက် အလှူငွေများလက်ခံကြောင်းပြောပြပါ။
၅ သင်၏လည်ပတ်မှုတွင် ဘာသာမြောက်မြားစွာတည်ရှိနေ၍ စိတ်ရှုပ်ထွေးနေရ သည့်သူတို့သည် ဤမေးခွန်း၏အဖြေကိုတန်ဖိုးထားလေးမြတ်နိုင်သည်–
▪ “ယနေ့ရှိနေတဲ့ ကွဲပြားနေတဲ့ဘာသာမြောက်မြားစွာထဲမှာ မှန်တဲ့ဘာသာကိုဘယ်လိုသတ်မှတ်နိုင်ပါ သလဲ။ ဘာသာမှန်ကို ခင်ဗျားဘယ်လိုသတ်မှတ်မလဲ။ [တုံ့ပြန်မှုကိုစောင့်ပါ။] ယေရှုက ကျွန်တော်တို့ကို သူ့ရဲ့တပည့်စစ်များကို ဘယ်လိုခွဲခြားသိမြင်နိုင်တယ်ဆိုတာ မိန့်တော်မူခဲ့ပါတယ်။” ယောဟန် ၁၃:၃၅ ကိုဖတ်ပါ။ အသိပညာ စာအုပ် အခန်း ၅ ရှိအပိုဒ် ၁၈ နှင့် ၁၉ ကိုစဉ်းစားဆင်ခြင်စေပါ။ ဤဝိညာဏလမ်းညွှန်များကိုအသုံးပြုပြီး ရှောင်ရှားရမည့်လမ်းစဉ်များကိုညွှန်ပြပါက မှန်သောဘာသာကိုသိမြင်နိုင်မည်ဖြစ်သည်။ ယေဟောဝါသက်သေများအား သူတို့၏စစ်မှန်သည့် မေတ္တာနှင့် မြင့်မားသောစာရိတ္တစံချိန်တို့ကြောင့် ကမ္ဘာတစ်ဝန်းကသိရှိနေကြောင်းပြောပြပါ။ အသိပညာ စာအုပ်ကိုအသုံးပြုပြီး ကျမ်းစာလေ့လာပုံကိုရှင်းပြပါ။ သို့ဖြင့် ဘုရားသခင်နှစ်သက်မည့် ဝတ်ပြုမှုပုံစံကို ရှင်းလင်းစွာခွဲခြားနိုင်မည်ဖြစ်သည်။
၆ သင်သည် မိဘတစ်ဦးနှင့်တွေ့ပါက ဤချဉ်းကပ်နည်းသည် ထိရောက်နိုင်သည်–
▪ “ကျွန်တော်တို့နေ့စဉ်နဲ့အမျှ ဘယ်စာရိတ္တစံနှုန်းမှရှိပုံမရတဲ့လူငယ်တွေရဲ့ အကျင့်ပျက်တဲ့ သတင်းတွေကိုပဲကြားနေကြရပါတယ်။ အချို့လူကြီးများက စာရိတ္တစံနှုန်းတွေကိုပိုင်းခြားသိမြင်အောင် ကလေးများကိုမသင်ပေးတဲ့အတွက် ကျောင်းစနစ်ကို အပြစ်တင်ချင်ကြပါတယ်။ ဒီလို လေ့ကျင့်သင်ကြားပေးသင့်တာ ဘယ်သူဖြစ်မယ်လို့ခင်ဗျားထင်ပါသလဲ။ [တုံ့ပြန်မှုကိုစောင့်ပါ။] ဒီမေးခွန်းရဲ့အဖြေနဲ့ပတ်သက်ပြီး ကျမ်းစာပြောတာကိုနားထောင်ကြည့်ပါ။ [ဧဖက် ၆:၄ ဖတ်။] ဒီကျမ်းချက်က သားသမီးများကို စာရိတ္တစံနှုန်းတွေကိုသင်ကြားပေးရမှာ မိဘများရဲ့တာဝန်ဖြစ်တယ်လို့ပြောထားပါတယ်။” အသိပညာစာအုပ် စာမျက်နှာ ၁၄၅ ကိုဖွင့်၊ အပိုဒ် ၁၆ ကိုဖတ်ပြီး စာမျက်နှာ ၁၄၇ ရှိရုပ်ပုံကိုရှင်းပြပါ။ ဤစာအုပ်ကို မိသားစု တစ်ခုလုံးလေ့လာဖို့ စီစဉ်ထားကြောင်းရှင်းပြပါ။ စာမျက်နှာ ၁၄၆၊ အပိုဒ် ၁၇၊ ၁၈ ကိုအသုံးပြုပြီး မိသားစုနှင့်လေ့လာမှုကို မည်သို့ပြုလုပ်နိုင်ပုံကို သရုပ်ပြရန်ကမ်းလှမ်းပါ။
၇ ဦးဆုံးလည်ပတ်ချိန်တွင် စိုးရိမ်နေသည့်မိဘတစ်ဦးနှင့် သင်အံမှုအစပြုခဲ့ပါက နောက်တစ်ကြိမ်လည်ပတ်ချိန်တွင် ဤသို့ပြောခြင်းဖြင့် ဆက်၍သင်နိုင်သည်–
▪ “ယနေ့ကမ္ဘာပေါ်မှာ ကျွန်တော်တို့ရဲ့သားသမီးတွေအတွက် သွေးဆောင်မှုတွေဟာ အတော်.ကိုများနေပါတယ်။ အဲ့ဒီအရာတွေက သူတို့ကြီးလာတဲ့အခါ ဘုရားရေးရာကြောက်ရွံ့ ခြင်းရှိဖို့ အခက်အခဲဖြစ်စေပါတယ်။ နောက်ဆုံးဆွေးနွေးခဲ့တုန်းက မူနှစ်ခုကို ကျွန်တော်တို့ခွဲခြားဖော်ပြခဲ့တာ ခင်ဗျားမှတ်မိပါလိမ့်မယ်။ ဘုရားတရားကြည်ညိုတဲ့မိဘများအနေနှင့် ကျွန်တော်တို့ရဲ့သားသမီးများ ရှေ့ကောင်းတဲ့ပုံသက်သေပြသပြီး အမြဲပဲသူတို့ကိုချစ်တယ်ဆိုတာ ဖော်ပြပေးသင့်ပါတယ်။ မိဘများဆီက သားသမီးများလိုအပ်တဲ့နောက်ထပ်အရာတစ်ခုကိုလည်း ကျမ်းစာကဖော်ပြပေး ထားပါတယ်။” သုတ္တံ ၁:၈ ကိုဖတ်ပါ။ အသိပညာစာအုပ်စာမျက်နှာ ၁၄၈ ကိုဖွင့်ပြီး အကျုံးဝင်သည့်အပိုဒ် ၁၉-၂၃ ကိုလေ့လာပါ။ မိသားစုတစ်စုလုံးနှင့် အခန်း ၁ ကိုစတင်လေ့လာရန် နောက်တစ်ကြိမ်ပြန်လာမည်ဟု ပြောဆိုပါ။