ကလေးသူငယ်တို့—သင်တို့သည် ကျွန်ုပ်တို့၏ရွှင်လန်းရာဖြစ်!
၁ လူငယ်မောင်မယ်တို့၊ သင်တို့သည် ယေဟောဝါ၏အမိန့်တော်နှင့် အကျွမ်းတဝင်ရှိပြီး အသင်းတော်၏လုပ်ငန်းများတွင် ပါဝင်ပါသလော။ (တရား. ၃၁:၁၂; ဆာ. ၁၂၇:၃) ယေဟောဝါအားအတူတကွဝတ်ပြုစဉ် ကျွန်ုပ်တို့၏အနားတွင် သင်တို့ရှိနေခြင်းသည် ရွှင်လန်းစရာပင်! သင်တို့သည် အစည်းအဝေးများတွင် ငြိမ်သက်စွာထိုင်ပြီး အာရုံစူးစိုက်နားထောင်ကြသောအခါ ကျွန်ုပ်တို့၏နှလုံးကိုနွေးထွေးစေပါသည်။ သင်တို့၏ကိုယ်ပိုင်စကားများဖြင့် ကြိုးစားအဖြေပေးကြသောအခါ ကျွန်ုပ်တို့ကို အထူးပျော်ရွှင်စေပါသည်။ သင်တို့သည် သီအိုကရက်တစ်ဓမ္မအမှုကျောင်းတွင် ပေးအပ်သည့်တာဝန်များကို တင်ဆက်သောအခါ၊ လယ်ကွင်းလုပ်ငန်းတော်တွင် ကျွန်ုပ်တို့နှင့်အတူ ထက်သန်စွာပူးပေါင်းကြသောအခါနှင့် သင်တို့၏ကျောင်းနေဖက်များနှင့် ဆရာဆရာမများကို ရဲရင့်စွာသက်သေခံသောအခါ အသင်းတော်တစ်ခုလုံး နှစ်ထောင်းအားရဖြစ်ကြပါသည်။—ဆာ. ၁၄၈:၁၂၊ ၁၃။
၂ သင်တို့၏အမူအကျင့်ကောင်းများ၊ သပ်ရပ်သောအသွင်အပြင်၊ သန့်ရှင်းသောအကျင့်အကြံနှင့် လူကြီးများအပေါ် ရိုသေလေးစားမှုတို့ကို တွေ့ မြင်ရသောအခါ ကျွန်ုပ်တို့ဂုဏ်ယူကြောင်း သင်တို့အားသိရှိစေလိုပါသည်။ အထူးသဖြင့် သင်တို့ကိုယ်တိုင် သီအိုကရက်တစ်ပန်းတိုင်များထားခြင်းဖြင့် ‘သင်တို့ကိုဖန်ဆင်းတော်မူသောအရှင်မြတ်ကိုအောက်မေ့’ ကြောင်းတင်ပြသောအခါ ကျွန်ုပ်တို့အလွန်ပင်ဝမ်းသာရပါသည်။—ဒေ. ၁၂:၁; ဆာ. ၁၁၀:၃။
၃ သင်တို့၏ပန်းတိုင်များကို ကျွန်ုပ်တို့အားပြောပြပါ– ရှစ်နှစ်အရွယ်ယောက်ျားကလေးတစ်ဦးသည် ခရိုင်ကြီးကြပ်မှူးတစ်ဦးအား ဤသို့ပြောပြသည်– ‘ဦးဆုံး ကျွန်တော်နှစ်ခြင်းခံချင်တယ်၊ ပြီးတော့ အသံချဲ့စက်နဲ့ မိုက်ခွက်တွေကို ကိုင်တွယ်ပေးခြင်း၊ ဧည့်ကြိုလုပ်ပေးခြင်း၊ စာအုပ်စာတမ်းဌာနမှာကူညီပေးခြင်း၊ စာအုပ်ကြီးသင်တန်းနဲ့ ကင်းမျှော်စင်သင်တန်းမှာအပိုဒ်ဖတ်ပေးခြင်းဖြင့် အသင်းတော်မှာ အကူအညီပေးချင်တယ်။ ပြီးတော့ ဓမ္မအမှုထမ်းတစ်ဦးနဲ့ အကြီးအကဲတစ်ဦးဖြစ်ချင်တယ်။ ရှေ့ဆောင်လည်းဖြစ်ချင်တယ်။ ရှေ့ဆောင်ကျောင်းလည်းတက်ချင်တယ်။ ပြီးတော့ ဗေသလကိုသွားချင်တယ်၊ တိုက်နယ်ကြီးကြပ်မှူး ဒါမှမဟုတ် ခရိုင်ကြီးကြပ်မှူးတစ်ဦးဖြစ်ချင်တယ်။’ သူသည် ဘုရားသခင့်အမှုတော်ဆောင်ရသည့်အခွင့်ထူးအတွက် ကျေးဇူးတင်လေးမြတ်မှုကို ကောင်းစွာတင်ပြခဲ့ပါသည်တကား!
၄ သင်တို့သည် ကာယရေးနှင့်ဝိညာဉ်ရေးအရ တိုးတက်ကြီးထွားလာသည်နှင့်အမျှ သင်တို့၏ပန်းတိုင်များသို့ရောက်ရှိသည်ကို တွေ့ မြင်ရ၍ ကျွန်ုပ်တို့ဝမ်းမြောက်ပါသည်။ (လုကာ ၂:၅၂ နှိုင်းယှဉ်။) နှစ်စဉ်နှစ်တိုင်း သင်တို့သည် ထောင်နှင့်ချီ၍ နှစ်ခြင်းမခံရသေးသောကြေညာသူများဖြစ်လာပြီး ယေဟောဝါ၏ဆက်ကပ်အပ်နှံကျေးကျွန်များအဖြစ် နှစ်ခြင်းခံရန်အရည်အချင်းပြည့်မီလာကြသည်။ သင်တို့သည် အရန်ရှေ့ဆောင်ရန်နှင့် အချိန်ပြည့်လုပ်ငန်းတော်သို့ပင် ဝင်ရောက်နိုင်ရန် ကြိုးစားအားထုတ်ကြသည်ကို ထပ်မံတွေ့ မြင်ရသည့်အခါ ကျွန်ုပ်တို့၏ရွှင်လန်းမှုတိုးလာသည်။ ကလေးသူငယ်တို့၊ သင်တို့သည် အမှန်ပင် ကျွန်ုပ်တို့၏ရွှင်လန်းရာနှင့် ကောင်းကင်ခမည်းတော်ကို ချီးမွမ်းထောမနာပြုရာတွင် ရင်းမြစ်ကောင်းတစ်ရပ်ဖြစ်သည်။ သင်တို့အား ယေဟောဝါ ကြွယ်ဝစွာကောင်းချီးပေးပါစေ။—သု. ၂၃:၂၄၊ ၂၅။