ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၃ ၉/၁၅ စာ. ၂၈-၃၁
  • ရှေ့ဆောင်လုပ်ငန်း၌ စွဲစွဲမြဲမြဲပါဝင်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ရှေ့ဆောင်လုပ်ငန်း၌ စွဲစွဲမြဲမြဲပါဝင်
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၃
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ငွေကြေးလိုအပ်ရာများကို ရင်ဆိုင်ခြင်း
  • အချိန်ပိုင်းအလုပ် ရရှိခြင်း
  • ကျန်းမာရေးချို့တဲ့ခြင်းနှင့် စိတ်ဓာတ်ကျခြင်း
  • သင့်လုပ်ငန်းတော်အခွင့်ထူးကို တန်ဖိုးထား
  • ရှေ့ဆောင်ဓမ္မအမှု၏ကောင်းချီးများ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၇
  • ရှေ့ဆောင်များကို အားပေးထောက်ခံကြောင်း တင်ပြခြင်း
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၂
  • ရှေ့ဆောင်များ အပ်နှင်းခံရပြီး ကောင်းချီးများရရှိ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၄
  • ရှေ့ဆောင်ဓမ္မအမှု၏ ကောင်းချီးများ
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၃
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၃
က၉၃ ၉/၁၅ စာ. ၂၈-၃၁

ရှေ့ဆောင်လုပ်ငန်း၌ စွဲစွဲမြဲမြဲပါဝင်

ယဟောဝါသက်သေ ၄,၅၀၀,၀၀၀ ခန့်သည် သတင်းကောင်းကို ကမ္ဘာချီကြေညာနေကြပါသည်။ သူတို့အနက် ရှေ့ဆောင် သို့မဟုတ် အချိန်ပြည့်ဘုရားသခင့်နိုင်ငံတော်ကြွေးကြော်သူ ၆၀၀,၀၀၀ ကျော်ရှိသည်။ ဤရှေ့ဆောင်တပ်မဟာအဝင်ဖြစ်သူများ၏အသက်အရွယ်မှာ ဆယ့်သုံးနှစ်အောက်မှ ၉၀ ကျော်ရှိ အငြိမ်းစားများအထိ ရှိသည်။ သူတို့သည် နောက်ခံအမျိုးမျိုးနှင့် ဘဝအတန်းအစားအမျိုးမျိုးမှ လူတို့ဖြစ်ကြသည်။

ဤအချိန်ပြည့်ဟောပြောသူများသည် ရှေ့ဆောင်ဓမ္မအမှုတွင် အောင်မြင်လိုကြသည်မှာအမှန်ပင်။ အများစုသည် ယင်းကို သူတို့၏အသက်တာအလုပ်အဖြစ် ရွေးချယ်ထားလိုကြပါသည်။ အချို့သူများမှာမူ အကြောင်းအမျိုးမျိုးကြောင့် ထိုသို့မပြုလုပ်နိုင်ကြပါ။ သို့ဖြစ်၍ပင် အခြားသူများမူ စီးပွားရေးအကျပ်အတည်းများ၊ ကျန်းမာရေးချို့တဲ့မှု၊ စိတ်ဓာတ်ကျမှုနှင့် အခြားပြဿနာများရှိလျက်ပင် ဆက်ရှေ့ဆောင်နိုင်ကြသည်။ ထိုကြောင့် အချိန်ပြည့်ဟောပြောသူတို့သည် ဤသို့သောပြဿနာများကို မည်သို့ကိုင်တွယ်ပြီး ရှေ့ဆောင်လုပ်ငန်းတွင် စွဲမြဲစွာ ပါဝင်နိုင်ကြမည်နည်း။

ငွေကြေးလိုအပ်ရာများကို ရင်ဆိုင်ခြင်း

အများအားဖြင့်ဆိုလျှင် ရှေ့ဆောင်များသည် တမန်တော်ပေါလုနည်းတူ ဝမ်းစာရှာလုပ်ငန်းတစ်ခုခုကိုလုပ်ကိုင်၍ မိမိတို့၏ကုန်ကျစရိတ်ကို မိမိတို့ရှာကြသည်။ (၁ သက်သာလောနိတ် ၂:၉) ကမ္ဘာ့ဒေသအများအပြားတွင် စားဝတ်နေရေးနှင့် သယ်ယူပို့ဆောင်ရေးဘက် ကုန်ကျစရိတ်များ ခေါင်ခိုက်လာခြင်းကို သူတို့ရင်ဆိုင်နေကြရသည်။ အများအားဖြင့်ဆိုလျှင် သူတို့လိုအပ်သည့် အချိန်ပိုင်းအလုပ်ကို မရနိုင်ဘဲဖြစ်သည်။ ရရှိသည့်တိုင် ဤလုပ်ငန်းများသည် အများအားဖြင့် လူမှုဖူလုံရေးအာမခံချက်မရှိဘဲ လုပ်ခလည်းအနည်းငယ်သာ ရပါသည်။

ကျွန်ုပ်တို့သည် ‘ဘုရားသခင်၏နိုင်ငံတော်နှင့် ဖြောင့်မတ်ခြင်းတရားတော်ကို ရှေးဦးစွာ ဆက်ရှာ’ ကြမည်ဆိုလျှင် ကျွန်ုပ်တို့၏ရုပ်ပိုင်း လိုအပ်ရာများကို ယေဟောဝါပေးသနားတော်မူမည့်အကြောင်း ယုံကြည်စိတ်ချနိုင်ပါသည်။ ထိုကြောင့် ငွေကြေးအကျပ်အတည်းကြုံတွေ့ကြသောအခါ ရှေ့ဆောင်များသည် ‘နက်ဖြန်နေ့အဖို့ စိုးရိမ်’ စရာမလိုပါ။ (မဿဲ ၆:၂၅-၃၄) ဤပြဿနာများကို ကြိုးစားဖြေရှင်းကြစဉ် ယေဟောဝါကိုယုံကြည်စိတ်က မလိုအပ်ဘဲစိုးရိမ်ခြင်းကို ရှောင်ကြဉ်စေသည်။

တစ်ဦးတစ်ယောက်သောသူသည် ငွေကြေးအခက်အခဲကြုံသည့်အခါ ကုန်ကျစရိတ်တို့ကို လျှော့ချနိုင်ပေမည်။ ရ-သုံးငွေကို အနည်းငယ်ပြောင်းလဲအသုံးပြုခြင်းဖြင့် ဖူလုံနိုင်စရာအကြောင်းရှိသည်။ ကုန်ကျစရိတ်နည်းစေရန် ရှေ့ဆောင်အချို့သည် အခြားခရစ်ယာန်များနှင့် တွဲဖက်နေထိုင်ကြပါသည်။ မိမိသားသမီးများ ရှေ့ဆောင်နိုင်ရန် မိဘအချို့သည် သူတို့ထံမှ အိမ်လခမယူ၊ သို့မဟုတ် အနည်းအကျဉ်းသာယူတတ်ကြသည်။ အခြားသူများကလည်း ရှေ့ဆောင်များကို ကျွေးမွေး၍ ခရီးသွားလာခပေးခြင်းဖြင့် ကူညီတတ်ကြသည်။ သို့သော် ရှေ့ဆောင်များသည် သူတစ်ပါးအပေါ် ဝန်ထုပ်ဝန်ပိုးမဖြစ်လိုကြပါ။ အကြောင်းမူကား၊ သူတို့ကိုယ်ကိုထောက်ပံ့ရန် ကျမ်းပေးတာဝန် သူတို့၌ရှိပါသည်။—၂ သက်သာလောနိတ် ၃:၁၀-၁၂။

အခြားရှေ့ဆောင်များနှင့် စရိတ်စက မျှသုံးစွဲခြင်းအားဖြင့် ခရီးစရိတ် သက်သာစေနိုင်သည်။ ရှေ့ဆောင်နှစ်ဦး ကိုယ်ပိုင်ကားများရှိမည်ဆိုလျှင် တစ်ရပ်ကွက်တည်းတွင် ပူးပေါင်းဟောပြော၍ ကားတစ်စီးတည်းကိုအသုံးပြုခြင်းဖြင့် ယာဉ်နှစ်စီးကုန်ကျမည့်စရိတ်စကသက်သာစေနိုင်သည်။ ကိုယ်ပိုင်ကားများမရှိသည့်ရှေ့ဆောင်များမူကား ရှိသူတို့နှင့်ပေါင်းပြီး ခရီးစရိတ်ကို မျှခံနိုင်ပါသည်။ အနီးအနားရှိရပ်ကွက်များထံ လမ်းလျှောက်သွားခြင်းအားဖြင့်လည်း ခရီးစရိတ် ထပ်ဆင့်သက်သာစေနိုင်သည်။ နိုင်ငံများစွာတွင် ရှေ့ဆောင်များသည် ဈေးနှုန်းသက်သာသော ဘတ်စကားများကို စီးတတ်ကြသည်။

စီးပွားရေးပြဿနာများကို ကျော်လွှား၍ အချိန်ပြည့်လုပ်ငန်းတွင် စွဲစွဲမြဲမြဲပါဝင်ခဲ့သူတို့အနက် နယူးတန် ကင့်တဝဲလ်နှင့်ဇနီး ပါဝင်သည်။ စီးပွားပျက်ကပ်ကာလအတွင်း ၁၉၃၂ ခုနှစ်တွင် သူတို့ခြံမြေကိုရောင်းပြီး သားသမီးခုနစ်ယောက်အနက် ခြောက်ယောက်နှင့်အတူ စရှေ့ဆောင်ခဲ့သည်။ “ကျွန်တော်တို့ခြံမြေရောင်းရသည့်အခငွေသည် မကြာမီပင်ကုန်သွားသည်—အများအားဖြင့် ဆေးဖိုးဝါးခအတွက်ဖြစ်သည်။ တာဝန်ကျသည့် ဒုတိယနေရာသို့ ရွှေ့ပြောင်းခဲ့သည့်အခါ အိမ်ငှားခ နှစ်ပတ်စာကြိုတင်ပေးပြီးနောက် ငွေငါးဒေါ်လာသာ ကျန်ရှိတော့သည်။ မည်သို့ဆိုစေ လုပ်ငန်းတော်တွင် ဝီရိယစိုက်ထုတ်လုပ်ကိုင်ကြမည်ဆိုလျှင် ယေဟောဝါကူညီလိမ့်မည်ဟု ကျွန်ုပ်တို့စိတ်ချနေပါသည်။ . . . အဘက်ဘက်တွင် ကျွန်တော်တို့ ခြိုးခြံနေတတ်လာပါသည်။ ဥပမာ၊ ရပ်ကွက်အသစ်တစ်ခုသို့ ရွှေ့ပြောင်းသည့်အခါ ကျွန်တော်တို့၏ ခရစ်ယာန်လုပ်ငန်းနှင့်ပတ်သက်၍ နေ့စဉ် ကားသုံးစီးကို အသုံးပြုကြရကြောင်း ဓာတ်ဆီဆိုင်ပိုင်ရှင်များအား ရှင်းပြတတ်ပါသည်။ ဤသို့ပြုသည့်အတွက် ဓာတ်ဆီကို ဈေးနှုန်းသက်သာစွာ အများအားဖြင့် ဝယ်ယူနိုင်ခွင့်ရခဲ့သည်။ ကျွန်တော်တို့သားများကလည်း ကားပြင်တတ်လာသည့်အတွက် ကားပြင်ခ မကုန်တော့ပါ” ဟုညီအစ်ကိုကင့်တဝဲလ်ပြောပြသည်။ ဤနည်းဖြင့် ကင့်တဝဲလ်မိသားစုသည် စီးပွားရေးအခက်အခဲများကို အောင်မြင်စွာဖြေရှင်း၍ အချိန်ပြည့်လုပ်ငန်းတွင် စွဲမြဲစွာပါဝင်ဆောင်ရွက်နိုင်ခဲ့ကြသည်။ ညီအစ်ကိုကင့်တဝဲလ်ကွယ်လွန်ခဲ့ချိန် အသက် ၁၀၃ နှစ်အရွယ်တွင် သူသည် ရှေ့ဆောင်တစ်ဦးပင်ဖြစ်ဆဲရှိသည်။

အချိန်ပိုင်းအလုပ် ရရှိခြင်း

ရှေ့ဆောင်များစွာတို့သည် အချိန်ပိုင်းအလုပ် လုပ်ကိုင်ကြခြင်းအားဖြင့် ငွေရေးကြေးရေးအရသူတို့ကိုယ်ကိုသူတို့ထောက်ပံ့ကြပါသည်။ ကောရိန္သုမြို့တွင် ဓမ္မအမှု၌ပါဝင်နိုင်ရန် ပေါလုသည် ယုံကြည်သူချင်း အာကုလနှင့်ပြစ်ကိလတို့နှင့်အတူ တဲရှင်ချုပ်သူအဖြစ်အလုပ်လုပ်ခဲ့ပါသည်။ (တမန်တော် ၁၈:၁-၁၁) ယနေ့ ဝိညာဏညီအစ်ကိုများသည် ရှေ့ဆောင်များအား အချိန်ပိုင်း ဝမ်းစာရှာလုပ်ငန်းပေးတတ်ကြပါသည်။ အခြားရှေ့ဆောင်များကလည်း အလုပ်အကိုင်ရှာပေးရေးအဖွဲ့များမှ ယာယီအလုပ်များကိုရရှိကြပါသည်။ ဘုရားသခင်ကို ယုံကြည်အားထားမှုအပြင် အလုပ်အကိုင်ရွေးချယ်ရန် လမ်းပြမှုအတွက် လှိုက်လှဲစွာဆုတောင်းရန် အထူးလိုအပ်ပါသည်။—သု. ၁၅:၂၉။

“အသေအချာဆုတောင်းသုံးသပ်ပြီးနောက် ခွန်အားအပြည့်ဖြင့် အကျွန်ုပ်၏အထက်အရာရှိထံသွား၍ အကျွန်ုပ်သည် ဓမ္မအမှုဆောင်ခြင်းတာဝန်ကို လက်ခံယူထားသည့်အတွက် ရုံးတွင် အချိန်ပြည့်အလုပ် ဝင်မလုပ်နိုင်ကြောင်း ရှင်းပြခဲ့ပါသည်။ လာမည့် ဗုဒ္ဓဟူးနေ့တွင် ယင်းလုပ်ငန်းကိုပင် အချိန်ပိုင်းဝင်လုပ်ပေးနိုင်မနိုင် မေးမြန်းခံခဲ့ရသည်။ သို့နှင့် ဝမ်းသာစွာ လက်ခံခဲ့၏” ဟုရှေ့ဆောင်တစ်ဦးပြောပြပါသည်။ ဆုတောင်းခြင်းတန်ခိုးကို လျှော့မတွက်ပါနှင့်။ သင်ဆုတောင်းသည့်အတိုင်း ပြုမူလုပ်ကိုင်သွားပါ။

အချိန်ပိုင်းလုပ်ငန်းရှာရသည့် မိမိတို့၏ရည်ရွယ်ချက်မှာ ဓမ္မအမှုတွင် ဆက်ပါဝင်နိုင်ရန်အတွက်ဖြစ်ကြောင်း အလုပ်ပေးလိုသည့် လုပ်ငန်းရှင်များအား ပြောပြထားလျှင် ကောင်းပေမည်။ အလုပ်ဆင်းနိုင်မည့်နေ့ရက်များနှင့် အလုပ်ခွင်တွင် တစ်ပတ်လျှင် နာရီမည်မျှ ပါဝင်လုပ်ကိုင်နိုင်ကြောင်း ကြိုတင်ပြောပြနိုင်သည်။ တရားရေးနှင့်ဆိုင်သောရုံးတစ်ရုံးတွင် အချိန်ပြည့်အလုပ်တစ်ခုကို သွေးသားတော်စပ်သောညီအစ်မနှစ်ဦးသည် တစ်ပတ်လျှင် နှစ်ရက်ခွဲစီ အချိန်ပိုင်း လုပ်ကိုင်နိုင်ခဲ့ကြသည်။ ဤညီအစ်မများသည် ဂိလဒ်ကင်းမျှော်စင်ကျမ်းစာကျောင်းတက်၍ သာသနာပြုများအဖြစ်တာဝန်ခန့်အပ်ခံရချိန်အထိ ဤအလုပ်ကိုလုပ်ကိုင်၍ ရှေ့ဆောင်နိုင်ခဲ့ကြသည်။

ယုံကြည်သူချင်းများအပြင် အခြားသူများကို မေးမြန်းခြင်း၊ သို့မဟုတ် သတင်းစာကြော်ငြာများကို သတိပြုခြင်းအားဖြင့် ကျမ်းစာနှင့်ညီညွတ်သော လုပ်ငန်းအသီးသီးကို ရနိုင်စရာအကြောင်းရှိပါသည်။ နှိမ့်ချမှုသည် များစွာအကူအညီပေးမည်။ အကြောင်းမူကား၊ ယင်းအရည်အချင်းသည် ရှေ့ဆောင်များအား အလုပ်အကိုင်ရွေးလွန်းခြင်း ရှိစေမည်မဟုတ်ပါ။ (ယာကုပ် ၄:၁၀ နှိုင်းယှဉ်။) ဆက်ရှေ့ဆောင်နိုင်ရန် အချို့သူများက အောက်တန်းကျသည်ဟုထင်မြင်သည့် ဝမ်းစာရှာလုပ်ငန်းကိုလုပ်ကိုင်စရာအကြောင်း ရှိပေမည်။ မိမိလုပ်ကိုင်လိုသည့်အလုပ်မဟုတ်သည်တိုင် စိတ်တိုင်းကျအလုပ် မပေါ်မချင်း ဤသို့သောအလုပ်မျိုးကို လက်ခံလုပ်ကိုင်နေနိုင်ပါသည်။

ကျန်းမာရေးချို့တဲ့ခြင်းနှင့် စိတ်ဓာတ်ကျခြင်း

ကြီးမားသောကျန်းမာရေးပြဿနာကြောင့် အချို့ရှေ့ဆောင်လုပ်ငန်းကို ရပ်နားခဲ့ရပါသည်။ သို့ရာတွင် ရပ်နားရန်အဆောတလျင်မဆုံးဖြတ်ပါက ဖျားနာမှုသည် ကုသ၍ပျောက်ကင်းသွားနိုင်ကြောင်း၊ သို့မဟုတ် ဆက်ရှေ့ဆောင်နိုင်ရန် ကျန်းမာရေးအတော်အသင့် တိုးတက်လာနိုင်သည်ကို တွေ့ရှိပေလိမ့်မည်။ အချို့သူများသည် ကျန်းမာရေးပြဿနာများရှိလျက်ပင် ဆေးဝါးသုံးဆောင်ခြင်း၊ မိမိနှင့်သင့်တော်သော အစာများကို စွဲမြဲစွာစားသုံးခြင်း၊ လိုအပ်သလို အနားယူ၊ လေ့ကျင့်ခန်းလုပ်ပေးခြင်းအားဖြင့် ဆက်ရှေ့ဆောင်နိုင်ကြပါသည်။ ရှေ့ဆောင်ညီအစ်မတစ်ဦးသည် လေးဘက်နာရောဂါပြင်းထန်သောကြောင့် ဓမ္မအမှုတွင် တစ်အိမ်မှတစ်အိမ်လမ်းလျှောက်သွားနိုင်ရန် အကူအညီလိုခဲ့ကြောင်းကို နယ်လှည့်ကြီးကြပ်မှူးတစ်ဦး သတိပြုမိသည်။ (တမန်တော် ၂၀:၂၀) သို့ဖြစ်လျက်ပင် သူမနှင့် သူမ၏ခင်ပွန်းသည် အိမ်တွင်းကျမ်းစာသင်အံမှု ၃၃ ခုကျင်းပနေ၍ ဘုရားသခင့်သမ္မာတရားကိုလက်ခံရန် လူပေါင်း ၈၃ ဦးအား ကူညီပေးနိုင်ခဲ့ပြီ။ အတန်ကြာသော် သူမ၏ကျန်းမာရေးတိုးတက်လာ၍ နောင် ၁၁ နှစ် အကြာတွင် ရှေ့ဆောင်သင်တန်းကျောင်းတက်ခဲ့သည်။

စိတ်ဓာတ်ကျခြင်းကြောင့် အချို့ ရှေ့ဆောင်ဓမ္မအမှုကို ရပ်နားလိုက်ပေမည်။ (သု. ၂၄:၁၀) နယ်လှည့်ကြီးကြပ်မှူးတစ်ဦးအား ရှေ့ဆောင်တစ်ဦးက “ရှေ့ဆောင်လုပ်ငန်းကို နားတော့မည်။ . . . ကျွန်တော်ငွေပေးဆပ်ရန်လိုနေသည်” ဟူ၍ပြောပါသည်။ သူ့မှာ ဒေါ်လာ ၂၀ ကျမည့် မျက်မှန်တစ်လက် လိုအပ်ခဲ့သည်။ “ဒေါ်လာ ၂၀ လိုရုံနှင့် ရှေ့ဆောင်နားတော့မလား” ဟုကြီးကြပ်မှူးမေးသည်။ ထိုနောက် ဒေသခံကော်ဖီခြံတွင် ဒေါ်လာ ၂၀ အခဖြင့် တစ်ရက်အလုပ်ဝင်လုပ်ကာ မျက်မှန်ဝယ်ပြီး ဆက်ရှေ့ဆောင်ရန် အကြံပြုခဲ့ပါသည်။ ထပ်မံစကားစမြည်ပြောဆိုကြရာတွင် စိတ်ဓာတ်ကျရသည့် အကြောင်းရင်းမှာ စရိတ်စကကြီးသော ကားပြုပြင်ခများကြောင့်ဖြစ်ကြောင်း သိရှိရပါသည်။ သို့ဖြစ်၍ နေ့စဉ်နေရာအနှံ့ရောက်မည့်အစား မိုင်အနည်းငယ်အတွင်းသာ ကားကိုအသုံးပြုရန် အကြံပြုသည်။ ဝိညာဉ်ရေးကိုလည်း ဂရုစိုက်ရန် တိုက်တွန်းပေးသည်။ အကြံပေးသည့်အတိုင်း ရှေ့ဆောင်လုပ်ကိုင်ခဲ့ရာ နောက်ခြောက်လအကြာတွင် ဂိလဒ်ကျောင်းတက်ရန် ဖိတ်ခေါ်ခံခဲ့ရပါသည်။ ကျောင်းဆင်းပြီး တိုင်းတစ်ပါးတွင် သာသနာပြုအဖြစ် သူကွယ်လွန်သည့်တိုင် သစ္စာရှိရှိ အမှုဆောင်ရွက်ခဲ့သည်။ မှန်ပါသည်။ စိတ်ဓာတ်ကျခြင်းကိုအရှုံးမပေးဘဲ ယေဟောဝါသည် ကျွန်ုပ်တို့နှင့်အတူရှိကြောင်း စွဲမှတ်ထားမည်ဆိုလျှင် ကြီးမားသောကောင်းချီးများကို မကြာခဏခံစားကြရသည်။

သင့်လုပ်ငန်းတော်အခွင့်ထူးကို တန်ဖိုးထား

ဆင်းရဲခြင်းနှင့် အစာရေစာငတ်ပြတ်ခြင်း အစရှိသည့် စုံစမ်းခြင်းများကြား မိမိ၏ဓမ္မအမှုကို ဘဏ္ဍာတိုက်တစ်ခုအဖြစ် ပေါလုယူမှတ်ပါသည်။ (၂ ကောရိန္သု ၄:၇; ၆:၃-၆) ယနေ့ အခက်အခဲဒုက္ခနှင့် ညှဉ်းပန်းနှိပ်စက်ခြင်းများ ခံနေရလျက်ပင် အာဖရိက၊ အာရှ၊ အရှေ့ဥရောပနှင့် အခြားအရပ်များရှိ ယေဟောဝါ၏ကျေးကျွန် မြောက်မြားစွာတို့သည် သူတို့၏ ရှေ့ဆောင်ခြင်းအခွင့်အရေးကို စွဲမြဲစွာ ဆုပ်ကိုင်ထားကြပါသည်။ ထိုကြောင့် စုံစမ်းခြင်းများကြုံတွေ့သည့်အခါ ယေဟောဝါအားချီးမွမ်းခြင်းငှာ ဤလုပ်ငန်းတော်အခွင့်ထူးတွင် စွဲစွဲမြဲမြဲပါဝင်နိုင်ရန် အတတ်နိုင်ဆုံးကြိုးစားပါ။

ရှေ့ဆောင်အများသည် သူတို့၏ဘဝပုံစံကို ရိုးရှင်းစေကြခြင်းကြောင့်သာ အချိန်ပြည့်ဟောပြောခြင်းလုပ်ငန်းကို ဝင်လုပ်ကိုင်နိုင်ခဲ့ပါသည်။ ပေါလုနည်းတူ သူတို့သည် စည်းစိမ်ရှာခြင်းနှင့်ဆိုင်သော သွေးဆောင်မှုများကို ငြင်းပယ်ကာ “စားရန်၊ ဝတ်ရန်” နှင့်သာရောင့်ရဲတင်းတိမ်နေတတ်ရန် မွေးမြူကြသည်။ ရှေ့ဆောင်လုပ်ငန်းကို စွဲစွဲမြဲမြဲလုပ်ကိုင်နိုင်ရန် မရှိမဖြစ်အရာများလောက်နှင့်သာ သူတို့ကျေနပ်နေတတ်ရန် လိုပါသည်။ (၁ တိမောသေ ၆:၈) ရုပ်ပစ္စည်းပိုင်ဆိုင်မှုများထက် ဘုရားပေးအခွင့်အရေးများကို တန်ဖိုးထားမြတ်နိုးခြင်းမှ ရွှင်လန်းခြင်းရလဒ်ကို ခံစားကြရသည်။

ဥပမာတင်ပြရလျှင် အန်တင် ကီရ်ဘာသည် ဘုရားသခင့်နိုင်ငံတော်ရေးရာများအကြောင်း ဝါရှင်တန်ဒီစီရှိ အစိုးရအရာရှိများအား တင်ပြခွင့်ရရှိခဲ့သည်။ သူသည် ရှေ့ဆောင်အဖြစ်လည်းကောင်း၊ ၁၉၅၀ ပြည့်လွန်နှစ်များအတွင်း တိုက်နယ်ကြီးကြပ်မှူးအဖြစ်လည်းကောင်း အမှုထမ်းခဲ့ဖူးသူတစ်ဦးဖြစ်သည်။ သူ၏ ယခင်စီးပွားဖက်များက ဒေါ်လာတစ်သန်းအမြတ်ရှိမည့် လုပ်ငန်းတစ်ခုကို သူ့အားလာကမ်းလှမ်းသည်။ သို့ရာတွင် ဤသို့ရရန် သူသည် တစ်နှစ်ခန့်စီးပွားရေးလောကထဲဝင်ရပေမည်။ လမ်းပြညွှန်ကြားမှုနှင့် သဘောထားမှန်ရရှိရန် သူဆုတောင်းပြီးနောက် “ကျွန်တော့်အား တစ်လောကလုံးမှ ပိုက်ဆံအားလုံးပုံပေးသည့်တိုင် ဝမ်းမြောက်ဖွယ်ယေဟောဝါအမှုတော်ထမ်းရခွင့်ကို တစ်နှစ်ခန့်ပင် မစွန့်လွှတ်နိုင်ပါ။ ဝါရှင်တန်မြို့ရှိ ကျွန်တော့်ညီအစ်ကိုများအကျိုး ဆောင်ရွက်ပေးရခြင်းကို ပိုတန်ဖိုးထားပါသည်။ ဤသို့ပြုလုပ်နေ၍ ယေဟောဝါကောင်းချီးခံစားနေရသည်။ ဒေါ်လာတစ်သန်းကြွယ်ဝလာမည် မှန်ပါသည်။ သို့သော် ထိုသို့တစ်နှစ်ခန့်လုပ်ကိုင်ပြီးနောက် ကျွန်တော့်ဝိညာဉ်ရေး မဆိုထားနှင့် ကာယရေးအခြေအနေပါ မည်သို့ရှိသွားပါမည်နည်း” ဟုသူပြောဆို၍ ကမ်းလှမ်းချက်ကို ငြင်းပယ်လိုက်လေသည်။ မိမိတို့၏အခွင့်အရေးများကို ထပ်တူပင် အမြတ်တနိုးထားကြခြင်းက ရှေ့ဆောင်လုပ်ငန်းတွင် များစွာသောသူတို့အား စွဲစွဲမြဲမြဲပါဝင်စေပါသည်။

ရှေ့ဆောင်များသည် ကြီးမြတ်သောကောင်းချီးများကို ခံစားနေကြရသည်တကား! ယေဟောဝါ၏ဘုန်းတန်ခိုးရှိ မင်းရိုက်ရာအကြောင်း အချိန်နာရီပေါင်းများစွာ ပြောဆိုဟောပြောခြင်းသည် ကောင်းချီးတစ်ရပ်ပင်ဖြစ်သည်။ (ဆာလံ ၁၄၅:၁၁-၁၃) ဓမ္မအမှုတွင် ကိုယ့်ကိုယ်ကိုမြှပ်နှံပါဝင်ခြင်းကြောင့် ရှေ့ဆောင်များသည် ဆင်းရဲဖိစီးခံရသူ၊ ဖျားနာသူ၊ သို့မဟုတ် ဝမ်းနည်းကြေကွဲရသူများနှင့် စိတ်ဒုက္ခရောက်၍ စစ်မှန်သောမျှော်လင့်ချက် လိုအပ်နေသူများအား ဝိညာဏသက်သာမှုပေးခွင့်ရသည့် ကောင်းချီးကို ခံစားကြရသည်။ သို့ဖြစ်၍ အချိန်ပြည့်ဟောပြောခြင်းလုပ်ငန်း၌ ပါဝင်ရန် အခြေအနေခွင့်ပေးမည်ဆိုလျှင် ကောင်းချီးများစွာ အမှန်ခံစားရပါလိမ့်မည်။ ‘ယေဟောဝါ၏ကောင်းချီးမင်္ဂလာသည် စည်းစိမ်ကို ဖြစ်စေတတ်၏။’ (သု. ၁၀:၂၂) ကိုယ်တော်၏အကူအညီ၊ ကောင်းချီးမင်္ဂလာအားဖြင့်လည်း ဘုရားသခင့်နိုင်ငံတော်သတင်းကြွေးကြော်သူ မြောက်မြားစွာတို့သည် ရှေ့ဆောင်လုပ်ငန်းတွင် ရွှင်လန်းအားရစွာ စွဲစွဲမြဲမြဲပါဝင်နေနိုင်ကြခြင်းဖြစ်သည်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ