မဂ္ဂဇင်းလမ်းကြောင်းများတွင် “နိုင်ငံတော်မျိုးစေ့ကြဲခြင်း”
၁ ယေဟောဝါအားချီးမွမ်းကျူးဧခြင်းတွင် သီချင်း ၁၃၃ ကို “နိုင်ငံတော်မျိုးစေ့ကြဲခြင်း” ဟုခေါင်းစဉ်တပ်ထားသည်။ ယင်းသည် တပည့်ဖြစ်စေခြင်းလုပ်ငန်းကို မျိုးစေ့ကြဲခြင်းနှင့်နှိုင်းယှဉ်ပြသည့် ယေရှု၏ပုံဥပမာကိုအခြေပြု၏။ (မ. ၁၃:၄-၈၊ ၁၉-၂၃) သီချင်းစာသားကို ဤသို့ဖတ်ရသည်– “ကောင်းသောမြေပေါ်အဘယ်မျှသောမျိုးစေ့ကျ/ဆက်ဆံပုံပေါ်တည်ကောင်းတည်ကြ။” ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ဓမ္မအမှုဆိုင်ရာ ထိရောက်မှုကို မည်သို့တိုးတက်စေနိုင်သနည်း။ တစ်နည်းမှာ မဂ္ဂဇင်းလမ်းကြောင်းတစ်ခုကို ချမှတ်ပြီး ဆက်လက်တည်မြဲစေခြင်းအားဖြင့်ဖြစ်၏။
၂ မဂ္ဂဇင်းလမ်းကြောင်းအားဖြင့် ရည်မှန်းချက်အချို့ကို အထမြောက်စေနိုင်၏– (၁) နှစ်ပတ်တစ်ခါ မှန်မှန်လည်ပတ်ပေးခြင်းက သင့်အား စိတ်ဝင်စားသူနှင့် ခင်မင်ရင်းနှီးသောဆက်ဆံရေးကို ရရှိစေနိုင်၏။ (၂) သင်သည် ထိုသူအား ကင်းမျှော်စင်နှင့် နိုးလော့!တွင်ပါသည့် အသက်ကယ်ဆယ်ရေးနှင့်ဆိုင်သောအကြောင်းအရာများဖြင့် မှန်မှန်ထောက်ပံ့ပေးသည်။ (၃) သင့်စကားများဖြင့် ထိုသူအား ကျမ်းစာသမ္မာတရားကိုတောင့်တလာရန် ကူညီပေးနိုင်သည်၊ ယင်းက ကျမ်းစာသင်အံမှုသို့ ဦးတည်ပေးနိုင်သည်။—၁ ပေ. ၂:၂။
၃ မဂ္ဂဇင်းလမ်းကြောင်းစနိုင်ပုံ– တစ်စုံတစ်ဦးသည် မဂ္ဂဇင်းကို စိတ်ဝင်စားသည့်အခါတိုင်း လထုတ်တိုင်းတွင် ထူးခြားသောဆောင်းပါးများပါရှိကြောင်း၊ သူတို့ထံ နှစ်ပတ်တစ်ခါလာပို့ပေးလိုကြောင်း ရှင်းပြပါ။ သင်ထွက်လာပြီးနောက် ထိုသူ၏အမည်နှင့်လိပ်စာ၊ လည်ပတ်သည့်နေ့စွဲ၊ ဝေငှခဲ့သည့်စာစောင်များ၏နေ့စွဲ၊ ဆွေးနွေးခဲ့သောဆောင်းပါးနှင့် ထိုသူ အထူးစိတ်ဝင်စားသည့်အကြောင်းအရာများကို ရေးမှတ်ထားပါ။
၄ သင်သည် လူအနည်းငယ်နှင့်သာ မဂ္ဂဇင်းလမ်းကြောင်းကိုစနိုင်သည်။ ထို့နောက် သင်မဂ္ဂဇင်းဝေငှခဲ့သောအခြားသူများကို ထပ်ထည့်ခြင်းဖြင့် တိုးချဲ့ပါ။ သင့်လမ်းကြောင်းတိုးများလာသည်နှင့်အမျှ ပို၍လွယ်ကူစွာပြီးမြောက်စေရန် ယင်းကို နယ်မြေဒေသအရ သင်စီစဉ်ဆောင်ရွက်နိုင်သည်။ သွားရောက်လည်ပတ်တိုင်း မည်သည့်လထုတ်များကို ဝေငှခဲ့သည်၊ မည်သည့်အချိန်တွင်ဖြစ်သည်တို့ကို သေသေချာချာမှတ်ထားပါ။ သင်ပြောဆိုသည့်အကြောင်းအရာနှင့် နောက်တစ်ကြိမ်လည်ပတ်သည့်အခါ သမ္မာတရားတွင် ထိုသူ ပိုစိတ်ဝင်စားရန် မည်သို့ဆက်လုပ်ဆောင်မည်တို့ကို မှတ်ထားပါ။
၅ စီးပွားရေးသမားနှင့်ပညာရှင်များကို ပါဝင်စေပါ– ဆိုင်ရှင်များနှင့် အခြားပညာရှင်များသည် ကျွန်ုပ်တို့၏မဂ္ဂဇင်းများကို ပုံမှန်လက်ခံယူနိုင်ဖွယ်ရှိသည်ဟု တွေ့ ကြုံမှုကတင်ပြပါသည်။ အကြီးအကဲတစ်ဦးသည် သူ၏မြို့မှမြို့တော်ဝန်နှင့်ပင် မဂ္ဂဇင်းလမ်းကြောင်းရရှိခဲ့သည်။ ကြေညာသူတစ်ဦးသည် မိမိထံမှ ဆယ်နှစ်ဆက်တိုက် မဂ္ဂဇင်းများယူနေသည့် အသက် ၈၀ ရှိ အဆောက်အဦပစ္စည်းရောင်းဝယ်ရေးကုမ္ပဏီပိုင်ရှင်နှင့် သင်အံမှုစခဲ့သည်!
၆ ရှေ့ဆောင်ညီအစ်မတစ်ဦးသည် စတိုးဆိုင်တစ်ဆိုင်သို့ဝင်ရာ သူမအပေါ် လှိုက်လှိုက်လှဲလှဲမရှိသည့် မောင်နှံစုံနှင့်တွေ့ခဲ့သည်။ သို့သော် မဂ္ဂဇင်းများကို သူတို့လက်ခံသောကြောင့် မဂ္ဂဇင်းလမ်းကြောင်းကို ထပ်ကမ်းလှမ်းမည်ဟု သူမဆုံးဖြတ်ခဲ့သည်။ အတန်ကြာသော် ညီအစ်မသည် သူတို့ထံလည်ပတ်ခြင်းကို ရပ်ဆိုင်းချင်သည်၊ အကြောင်းမှာ သူတို့သည် ဖော်ရွေမှုသိပ်မရှိဘဲ သဘောထားမေးခွန်းမေးသည့်အခါ၌ပင် ဘယ်အခါမျှ စကားများများမပြောသောကြောင့်ဖြစ်သည်။ သို့သော် ညီအစ်မသည် ယင်းနှင့်ပတ်သက်၍ဆုတောင်းကာ နောက်ဆုံးတွင် မောင်နှံစုံအား ထာဝစဉ်အသက်ရှင်စာအုပ်ကို ဝေငှလိုက်သည်။ ယင်းကိုဖတ်ပြီးသည့်နောက် ဇနီးဖြစ်သူက “အခုမှပဲ အမှန်တရားကိုတွေ့ရတယ်!” ဟုဆိုခဲ့သည်။ ကျမ်းစာစသင်ကာ နောက်ပိုင်းတွင် မောင်နှံစုံသည် နှစ်ခြင်းခံခဲ့ကြသည်။ ရှေ့ဆောင်၏ဇွဲသည် အမှန်ပင် အကျိုးဖြစ်ထွန်းစေခဲ့သည်။
၇ ပြန်လည်ပတ်မှုများပြုလုပ်ခြင်း– မဂ္ဂဇင်းအသစ်တစ်စောင်ကိုရသည့်အခါ ဆောင်းပါးတိုင်းကိုဖတ်ပါ။ သင်၏လမ်းကြောင်းရှိသူတစ်ဦးစီအား နှစ်သက်စရာဖြစ်စေမည့်အချက်များကို ရှာပါ။ ထို့နောက် သင်ပြန်သွားသည့်အခါ “ကျွန်တော် ဒီဆောင်းပါးကိုဖတ်တဲ့အခါ မိတ်ဆွေနဲ့ မိတ်ဆွေကို ဘယ်လိုစိတ်ဝင်စားစေမယ်ဆိုတာကို စဉ်းစားမိတယ်” ဟုပြောနိုင်သည်။ အသက်ကြီးငယ်မဟူ ကြေညာသူတိုင်းသည် မဂ္ဂဇင်းလမ်းကြောင်းရရှိထားခြင်းဖြင့် ပျော်ရွှင်မှုရနိုင်သည်။ ကလေးငယ်တစ်ဦးပင် ဤသို့ပြောနိုင်သည်– “ပြန်တွေ့ရတာဝမ်းသာပါတယ်။ နောက်ဆုံးထုတ် ကင်းမျှော်စင်နဲ့ နိုးလော့!ရောက်လာပါပြီ။ . . . လို့ခေါင်းစဉ်တပ်ထားတဲ့ ဒီဆောင်းပါးကို သဘောကျမယ်လို့ ကျွန်တော်ထင်တယ်။”
၈ “ကျွန်ုပ်တို့၏နောက်စာစောင်တွင်” ဟူသည့်လေးထောင့်ကွက်ကို အာရုံစိုက်ခြင်းဖြင့် နောက်ထွက်လာမည့် ဆောင်းပါးများကိုမျှော်လင့်နေရန် နှိုးဆွပေးပါ။ ဆောင်းပါးများကို စီးရီးအလိုက်ဖော်ပြထားလျှင် ယင်းတို့ကိုညွှန်ပြပြီး အပိုင်းတစ်ခုကိုမျှမလွတ်သွားစေရန် ဖတ်ရှုသူကို အားပေးပါ။ သင့်မဂ္ဂဇင်းလမ်းကြောင်းဖြစ်သူတစ်ဦးထံ မဂ္ဂဇင်းသွားပို့တိုင်း ပြန်လည်ပတ်မှုတစ်ခုယူနိုင်ကြောင်း မမေ့ပါနှင့်။ ထို့ထက်ကား ကျွန်ုပ်တို့၏ပန်းတိုင်သည် ဤလည်ပတ်မှုများကို အိမ်တွင်းကျမ်းစာသင်အံမှုများအဖြစ် တိုးတက်လာစေရန်ဖြစ်ကြောင်း သတိရပါ။
၉ သင့်လမ်းကြောင်းများထံ ပုံမှန်လည်ပတ်ပါ– သင့်မဂ္ဂဇင်းလမ်းကြောင်းထံ လက်တွေ့ကျသည့် မည်သည့်အချိန်တွင်မဆို—တနင်္လာမှသောကြာနေ့နံနက်ပိုင်းများတွင်၊ မွန်းလွဲနှောင်းပိုင်းတွင်၊ ညနေအစောပိုင်းတွင် သို့မဟုတ် စနေတနင်္ဂနွေတွင် တစ်အိမ်မှတစ်အိမ်အမှုဆောင်ပြီးနောက် သွားရောက်နိုင်သည်။ ဖျားနာခြင်း သို့မဟုတ် အားလပ်ရက်ခရီးထွက်ခြင်းကြောင့် သင့်လမ်းကြောင်းထံမသွားနိုင်ပါက သင့်မိသားစု သို့မဟုတ် အသင်းတော်ရှိကြေညာသူတစ်ဦးအား သင့်အစား မဂ္ဂဇင်းများသွားပို့ပေးရန် မေတ္တာရပ်ခံပါ။ ဤသို့ဖြင့် သင့်မဂ္ဂဇင်းလမ်းကြောင်းရှိသူများသည် မဂ္ဂဇင်းများကို အချိန်မီရရှိမည်ဖြစ်သည်။
၁၀ နိုင်ငံတော်မျိုးစေ့ကြဲရန်နည်းတစ်နည်းမှာ သင့်မဂ္ဂဇင်းလမ်းကြောင်းအားလုံးထံ ကင်းမျှော်စင်နှင့် နိုးလော့!ကို မှန်မှန်ပို့ပေးခြင်းဖြစ်သည်။ သင်သည် သူတို့အား ကျမ်းစာသမ္မာတရားကိုသင်ကြားပေးသည်နှင့်အမျှ သူတို့သည် နိုင်ငံတော်တရားစကားကိုနားလည်ပြီး အဆုံး၌ သင်နှင့်အတူ နိုင်ငံတော်အသီးများသီးနိုင်မည်ဖြစ်သည်။—မ. ၁၃:၈၊ ၂၃။