မဂ္ဂဇင်းများကို သင်ဖတ်ပါသလော
၁ အာဖရိကရှိသာသနာပြုမောင်နှံတစ်စုံသည် ကျွန်ုပ်တို့၏မဂ္ဂဇင်းများနှင့်ပတ်သက်၍ ဤသို့ဆို၏– “ကင်းမျှော်စင်က ကျွန်တော်တို့ရဲ့ရပ်ကွက်မှာ ဝိညာဉ်ရေးအရနိုးကြားနေဖို့ ကူညီပေးပါတယ်။ လထုတ်တိုင်းကနေ အားပေးမှုနဲ့ခွန်အားကို ရရှိပါတယ်။” ကျွန်ုပ်တို့၏ဂျာနယ်များကို ထပ်တူအလွန်လေးမြတ်သည့်စိတ် သင်၌ရှိသလော။ သင်သည် ယင်းတို့ကို ဖတ်ချင်စိတ်ပြင်းပြသလော။
၂ မိနစ်အနည်းငယ်ဖြင့်ပင်ဖတ်၍ရနိုင်သည့် မဂ္ဂဇင်းဆောင်းပါးများကို ပြင်ဆင်ရန် အချိန်အတော်အတန်လို၏။ ယင်းကိုသိရှိထားရာ သင်သည် ဆောင်းပါးများကို သာမန်ကာလျှံကာသာ ဖတ်မည်၊ ရုပ်ပုံများကို ကြည့်မည်လော သို့မဟုတ် သင့်အာရုံကိုဖမ်းစားသည့်ဆောင်းပါးတစ်ခုကိုသာ ရံဖန်ရံခါဖတ်မည်လော။ ထိုထက်မကပြုမည်ဆိုလျှင် ပညာရှိရာရောက်၏။ မဂ္ဂဇင်းလထုတ်တိုင်းပါ ဆောင်းပါးအားလုံးကို ဖတ်ရှုလေ့လာရန် အချိန်ယူသင့်သည်။ ကင်းမျှော်စင်သည် အချိန်တန်ဝိညာဉ်အစာအတွက် အဓိကဂျာနယ်ဖြစ်၏။ နိုးလော့!တွင် အကြောင်းအရာမျိုးစုံကိုအခြေပြုသည့် စိတ်ဝင်စားစရာကောင်းပြီး ပညာပေးသည့်ဆောင်းပါးများပါဝင်သည်။ ဤမဂ္ဂဇင်းများကိုဖတ်ရှုခြင်းဖြင့် သိရှိရသည့်အရာများသည် ကျွန်ုပ်တို့အား ဝိညာဉ်ရေးအရ ခိုင်မာစေသည်သာမက ဓမ္မအမှုတွင် ပို၍ထိရောက်စွာပါဝင်နိုင်ရန်အတွက်လည်း ပြင်ဆင်ပေး၏။ ကျွန်ုပ်တို့ကိုယ်တိုင် သစ္စာရှိရှိဖတ်ရှုသူများဖြစ်ခြင်းဖြင့် အခြားသူများအား မဂ္ဂဇင်းဝေငှရာတွင် အားတက်သရောရှိပါလိမ့်မည်။
၃ ဖတ်ရှုခြင်းအလေ့အထများကို တိုးတက်စေနိုင်ပုံ– သင်သည် မဂ္ဂဇင်းများကို အမီလိုက်ဖတ်နိုင်ရန် သာ၍ကောင်းစွာပြုနိုင်မည်လော။ များစွာသောသူတို့အတွက် အကျိုးရှိသည့်အကြံပြုချက်နှစ်ခုကို ဤတွင်ဖော်ပြပေးသည်။ (၁) ပုံမှန်ဖတ်ရှုသည့်ဇယားတစ်ခုထားပါ။ ဖတ်ရှုရန် နေ့စဉ် ၁၀ မိနစ်၊ ၁၅ မိနစ်မျှသာ သီးသန့်ဖယ်ထားခြင်းဖြင့် တစ်ပတ်အတွင်း သင်မည်မျှဖတ်နိုင်သည်ကို အံ့အားသင့်ရပါလိမ့်မည်။ (၂) သင်ဖတ်သည့်အရာကို မျက်ခြည်မပြတ်သွားစေရန် စနစ်တစ်ခုထားပါ။ သင်ဖတ်သည့် ဆောင်းပါးတစ်ခုစီ၏အစတွင် အမှတ်အသားတစ်ခုပြုလုပ်နိုင်သည်။ ယင်းသို့မမှတ်ထားပါက ဆောင်းပါးအချို့ သို့မဟုတ် မဂ္ဂဇင်းတစ်အုပ်လုံးကိုပင် လွတ်သွားနိုင်သည်။ သင်လုပ်ဆောင်နိုင်သည့် ဖတ်ရှုခြင်းလုပ်ရိုးလုပ်စဉ်တစ်ခုကိုပြုလုပ်ရန်နှင့် ယင်းအတိုင်းလိုက်လျှောက်ခြင်းသည် အရေးကြီးသည်။—ဖိလိပ္ပိ ၃:၁၆ နှိုင်းယှဉ်။
၄ “သစ္စာနှင့်သတိပညာရှိသောကျွန်” သည် လူတို့၏အမှန်တကယ်လိုအပ်ရာများနှင့်သက်ဆိုင်သည့် ဆောင်းပါးများကို ပုံနှိပ်ထုတ်ဝေခြင်းဖြင့် ပြောင်းလဲနေသောအချိန်ကာလကို ပညာရှိရှိတုံ့ပြန်လျက်ရှိသည်။ (မ. ၂၄:၄၅၊ သမ) မဂ္ဂဇင်းများသည် ကျွန်ုပ်တို့၏ဘဝကို အမှန်ပင်ထိမိစေခဲ့ပါသည်။ ကြီးမားသောအတိုင်းအတာဖြင့် ကျွန်ုပ်တို့၏ဝိညာဏတိုးတက်မှုနှုန်းကို သီအိုကရက်တစ်ဖတ်ရှုခြင်းအလေ့အထဆိုင်ရာ အရည်အသွေးက ထိန်းချုပ်ထားပါသည်။ မဂ္ဂဇင်းအားလုံးကိုဖတ်ရန် အချိန်ကိုဖန်တီးယူသူများအဖို့ ကြွယ်ဝသောဝိညာဏကောင်းချီးများသည် သိုထားလျက်ရှိသည်။