သက္ကရာဇ် ၂၀၀၀ ဧပြီလကို အကောင်းတကာ့အကောင်းဆုံးလ ဖြစ်စေနိုင်မည်လော
၁ ဧပြီ ၁၉ ရက်၊ ဗုဒ္ဓဟူးနေ့ညနေသည် ကျွန်ုပ်တို့လုပ်ငန်းတော်နှစ်၏ ထင်ပေါ်သောနေ့ဖြစ်ပါလိမ့်မည်။ ထိုနေ့တွင် ကမ္ဘာတစ်ဝန်း၌ နေသည် တဖြည်းဖြည်းဝင်သွားစဉ် ကမ္ဘာအနှံ့ရှိယေဟောဝါသက်သေတို့၏ အသင်းတော်နှင့်အုပ်စုတိုင်းသည် ခရစ်တော်၏သေခြင်းဆိုင်ရာအောက်မေ့ရာပွဲကို ကျင်းပကြမည်ဖြစ်သည်။ လွန်ခဲ့သည့်နှစ်က ယင်းကိုဦးဆုံးကျင်းပခဲ့သည့်အုပ်စုမှာ အပြည်ပြည်ဆိုင်ရာရက်သတ်မျဉ်း၏ နေ့ရက်အသစ်ဘက်တွင်တည်ရှိသည့် ခရစ္စမတ်ကျွန်းပေါ်နေထိုင်သော ယေဟောဝါ၏ကျေးကျွန်အုပ်စုငယ်လေးတစ်စုဖြစ်သည်။ မည်သည့်နေရာ၌နေစေကာမူ ယေရှုခရစ်၏ပူဇော်သကာကို အမှတ်တရအထိမ်းအမှတ်ပွဲကျင်းပခြင်းသည် နှစ်၏ထူးခြားသည့်ဖြစ်ရပ်ဖြစ်ပါမည်။ သတိရအောက်မေ့ပွဲ၏ရက်စွဲကို ဤကြားညှပ်၏စာမျက်နှာ ၆ တွင်တွေ့ရသည့် ပူးတွဲပါ “သက္ကရာဇ် ၂၀၀၀ ဧပြီလအတွက် သီအိုကရက်တစ်ပြက္ခဒိန်” ပေါ်တွင်မှတ်သားထားသည်။
၂ ဧပြီတစ်လလုံးသည် မိမိသားတော်၏ပူဇော်သကာအားဖြင့်ပြသခဲ့သည့် ယေဟောဝါ၏မခံစားထိုက်သောကရုဏာတော်အတွက် ကျွန်ုပ်တို့၏လေးမြတ်မှုကို စိုးလ်အကြွင်းမဲ့နည်းဖြင့်တင်ပြရန် အံ့ချီးဖွယ်အခွင့်အရေးကိုရရှိစေသည်။ မည်သို့အားဖြင့်နည်း။ တမန်တော်ပေါလုက ဤသို့ရေးခဲ့သည်– “တစ်ယောက်သောသူသည် လူအပေါင်းတို့အတွက်ကြောင့် အသေခံသည်မှန်လျှင် လူအပေါင်းတို့သည် သေလျက်နေကြသည်ဟူ၍လည်းကောင်း၊ အသက်ရှင်သောသူတို့သည် တစ်ဖန် ကိုယ်အလိုသို့လိုက်၍မရှင်၊ သူတို့အတွက်ကြောင့်အသေခံပြီးမှ ထမြောက်တော်မူသောသူ၏အလိုသို့လိုက်၍ ရှင်စေမည်အကြောင်း လူအပေါင်းတို့အတွက်ကြောင့် အသေခံတော်မူသည်ဟူ၍လည်းကောင်း၊ ငါတို့သည် သဘောထားလျက် ခရစ်တော်၏ချစ်ခြင်းမေတ္တာတော်သည် ငါတို့ကိုအနိုင်အထက်သွေးဆောင်၏။” (၂ ကော. ၅:၁၄၊ ၁၅) မှန်ပါသည်၊ နိုင်ငံတော်၏ဓမ္မအမှုဆောင်များအနေနှင့် ယင်းလကို ကျွန်ုပ်တို့၏အကောင်းတကာ့အကောင်းဆုံးလ ဖြစ်စေခြင်းဖြင့် ကျွန်ုပ်တို့အတွက်မဟုတ်ဘဲ ကျွန်ုပ်တို့အတွက်အသေခံခဲ့သည့်ကိုယ်တော့်အတွက် အသက်ရှင်နေကြကြောင်းကို ဧပြီလအတွင်း ကျွန်ုပ်တို့တင်ပြနိုင်ပါသည်!
၃ ဧပြီလတွင်အရန်ရှေ့ဆောင်ရန် စာရင်းသွင်းပါ– တမန်တော်ပေါလုက “ဘုရားသခင်၏ကျေးဇူးတော်နှင့်ယှဉ်သော ဧဝံဂေလိတရားကို သက်သေခံစေခြင်းငှာ၊ သခင်ယေရှု၏လက်မှငါခံခဲ့ပြီးသော ဓမ္မဆရာအမှုတည်းဟူသော ငါဆောင်ရွက်ရသောအမှုကို ဝမ်းမြောက်စွာပြီးစီးစေမည်အကြောင်း၊ ထိုညှဉ်းဆဲခြင်းအမှုတစ်စုံတစ်ခုကိုမျှ ငါသည်ပမာဏမပြု၊ ကိုယ်အသက်ကိုလည်းနှမြောခြင်းမရှိ” ဟူ၍ပြောရာတွင် ကျွန်ုပ်တို့အတွက် လှုံ့ဆော်မှုဖြစ်စေသော စံနမူနာတစ်ရပ်ကိုချမှတ်ခဲ့သည်။ (တ. ၂၀:၂၄) ကျွန်ုပ်တို့သည်လည်း ယေဟောဝါဘုရားသခင်၏အကြောင်းကို နှံ့နှံ့စပ်စပ်သက်သေခံရသည့် ထပ်တူအခွင့်အရေးကိုရရှိထားသည်။ ထိုသို့ဖြစ်စေရန် ကျွန်ုပ်တို့သည် ဧပြီလကို အရန်ရှေ့ဆောင်လုပ်ငန်းတွင် အကောင်းတကာ့အကောင်းဆုံးလ ဖြစ်စေလိုကြပါသည်!
၄ စနေတနင်္ဂနွေငါးကြိမ်ရှိရာ သက္ကရာဇ် ၂၀၀၀ ဧပြီလသည် များစွာသောသူတို့အတွက် ရှေ့ဆောင်ရန် အကောင်းဆုံးလတစ်လဖြစ်ပါမည်။ တစ်ခါမျှမရခဲ့ဖူးသည့် အရန်ရှေ့ဆောင်အမြင့်ဆုံးနှုန်းကိုရရှိခဲ့သည့် လွန်ခဲ့သော ၁၉၉၇ မတ်လတွင် ပါဝင်ခဲ့ကြသော ၁၃၉ ယောက်တို့သည် စုစုပေါင်းကြေညာသူ၏ ၆ ရာခိုင်နှုန်းကိုကိုယ်စားပြုသည်။ နှစ်နှစ်ကြာပြီးနောက် ၁၉၉၉ ဧပြီလတွင် မှတ်တမ်းသွင်းသည့် စုစုပေါင်းကြေညာသူအရေအတွက်သည် ၈ ရာခိုင်နှုန်းကျော်တိုးတက်ခဲ့သည်။ ယင်းက ယခင်အရန်ရှေ့ဆောင်အမြင့်ဆုံးနှုန်းကို ကျော်လွန်ရန် ကျွန်ုပ်တို့တွင်အလားအလာကောင်းရှိသည်ကို ဆိုလိုသည်။ ထို့အပြင် ယင်းနောက်ပိုင်းတွင် သတ်မှတ်နာရီကိုလျှော့ချခဲ့ရာ အသင်းတော်ရှိ နောက်ထပ်များစွာသောသူတို့အား လုပ်ငန်းတော်၏ဤကဏ္ဍကို တက်လှမ်းနိုင်စေသည်။ နှစ်ခြင်းခံပြီးသောကြေညာသူတစ်ဦးစီသည် ဤဧပြီလတွင် အရန်ရှေ့ဆောင်လုပ်နိုင်မနိုင်ကို ဆုတောင်းသုံးသပ်သင့်သည်။
၅ ဤကြားညှပ်တွင်ပါသည့် “သက္ကရာဇ် ၂၀၀၀ ဧပြီလအတွက် သီအိုကရက်တစ်ပြက္ခဒိန်” ကိုအသုံးပြု၍ နောက်လအတွက် သင့်အချိန်ဇယားကို ယခုဆွဲပါ။ လယ်ကွင်းလုပ်ငန်းတွင် သင်ပါဝင်နိုင်မည့်ရက်များကို ဆုံးဖြတ်ကာ လအတွင်း ဟောပြောခြင်းလုပ်ငန်းအတွက်ပေးနိုင်သည်ဟု သင်ယူမှတ်သည့်နာရီအားလုံးကို ပေါင်းပါ။ ဖွဲ့စည်းထားမှုအရကော အလွတ်သဘောအရပါ အခြားသူများကိုသက်သေခံရာတွင် သင်အသုံးပြုနိုင်သည့်အချိန်ကို ပါဝင်စေပါ။ စုစုပေါင်းသည် အရန်ရှေ့ဆောင်များအတွက် သတ်မှတ်နာရီ ၅၀ နီးနီးရှိပါသလော။ လိုအပ်သည့်နာရီကိုမပြည့်မီလျှင် အရန်ရှေ့ဆောင်ရန် အချိန်ဝယ်ယူဖို့ သင့်အချိန်ဇယားတွင် အခြားပြုပြင်မှုတစ်ခုခုကို သင်ပြုလုပ်နိုင်မည်လော။ လအတွက် နာရီ ၅၀ ရရှိရန် တစ်နေ့လျှင်ပျမ်းမျှ တစ်နာရီနှင့်မိနစ် ၄၀ သာလိုအပ်မည်ဖြစ်သည်။
၆ ယခု မှန်မှန်ရှေ့ဆောင်များအတွက် သတ်မှတ်နာရီကို လျှော့ထားပြီဖြစ်ရာ အချိန်ပြည့်ဓမ္မအမှုတွင်ပါဝင်ရန် သင်စဉ်းစားဖူးသလော။ ဆောင်းရာသီကုန်သွားပြီဖြစ်ရာ ဧပြီလသည် အစပြုရန်ကောင်းသောလတစ်လဖြစ်ပါမည်! မှန်မှန်ရှေ့ဆောင်များအတွက် သတ်မှတ်နာရီ ၇၀ ကိုပြည့်မီရန် သင့်စွမ်းရည်နှင့်ပတ်သက်၍ စိတ်မချလျှင် ဧပြီလတွင် အရန်ရှေ့ဆောင်ကာ နာရီ ၇၀ ကိုသင့်ပန်းတိုင်အဖြစ်ထားပါလေ။ ယင်းအား သင်လုပ်ဆောင်နိုင်သည်ကို တွေ့ရသည်နှင့် ဖြစ်နိုင်လျှင်ဖြစ်နိုင်ချင်း မှန်မှန်ရှေ့ဆောင်အုပ်စုများတွင်ပါဝင်ရန် နောက်ထပ်လျှောက်လွှာတင်နိုင်ပေမည်။—ကျွန်ုပ်တို့၏ဓမ္မအမှုကိုပြီးမြောက်စေရန်ဖွဲ့စည်းထားခြင်း၊ စာမျက်နှာ ၁၁၃-၁၄ ရှု။
၇ သတင်းကောင်းကြေညာသူတစ်ဦးအဖြစ် အပြည့်အဝပါဝင်ပါ– ကျွန်ုပ်တို့၏ကိုယ်ပိုင်အခြေအနေများအရ ယေဟောဝါ၏လုပ်ငန်းတော်တွင် အတတ်နိုင်ဆုံးလုပ်ဆောင်ရန် ကြေညာသူများနှင့်ရှေ့ဆောင်များအပါအဝင် ကျွန်ုပ်တို့အားလုံးကို လှုံ့ဆော်ပေးသည့်အရာမှာ ဘုရားသခင်နှင့်အိမ်နီးချင်းကိုချစ်သည့် ကျွန်ုပ်တို့၏စစ်မှန်သောမေတ္တာပင်ဖြစ်သည်။ (လု. ၁၀:၂၇) “အသက်ရှင်တော်မူထသော၊ လူအပေါင်းတို့ကိုကယ်မတော်မူ၍ ယုံကြည်သောသူတို့ကို အထူးသဖြင့်ကယ်မတော်မူသောဘုရားသခင်၌ ငါတို့သည် ကိုးစားသည်နှင့်အညီ ပင်ပန်းစွာအမှုဆောင်ရွက်ကြ” ကြောင်းကို စိုးလ်အကြွင်းမဲ့နည်းဖြင့် ကျွန်ုပ်တို့တင်ပြကြပါသည်။ (၁ တိ. ၄:၁၀) ထို့ကြောင့် နိုင်ငံတော်လုပ်ငန်းတွင် ယောက်တိုင်းအပြည့်အဝပါဝင်ခြင်းဖြင့် ဧပြီလ၌ ၁၀၀-ရာခိုင်နှုန်းပါဝင်သည်ကို တွေ့ရဖို့ ကျွန်ုပ်တို့မျှော်လင့်သင့်သည်။
၈ ယေရှု၏ဤနှိုးဆော်ချက်ကို မမေ့ကြစို့နှင့်– “စပါးရိတ်စရာ များစွာရှိ၏။ ရိတ်သောသူတို့သည် နည်းကြ၏။ ထို့ကြောင့် လုပ်ဆောင်သောသူတို့ကို စပါးရိတ်စေခြင်းငှာ စေလွှတ်တော်မူမည်အကြောင်း စပါးရှင်ကိုဆုတောင်းကြလော့။” ယေရှုသည် ယင်းကိုပြောပြီးနောက် ချက်ချင်းပင် မိမိ၏ တမန်တော် ၁၂ ပါးကိုဆင့်ခေါ်ကာ ဟောပြောရန် သူတို့ကိုစေလွှတ်ခဲ့သည်။ (မ. ၉:၃၇၊ ၃၈; ၁၀:၁၊ ၅၊ ၇) နောက်တစ်နှစ်ခန့်တွင် ဟောပြောခြင်းလုပ်ငန်းတွင် ၁၂ ဦးကိုကောင်းစွာလေ့ကျင့်ပေးပြီးနောက် “စပါးရိတ်စရာများစွာရှိ၏ . . . ထို့ကြောင့် လုပ်ဆောင်သောသူတို့ကို စပါးရိတ်စေခြင်းငှာ စပါးရှင်စေလွှတ်တော်မူမည်အကြောင်း ဆုတောင်းကြလော့” ဟူသောထပ်တူညွှန်ကြားချက်ကိုပင်ပေးကာ “အခြားသောတပည့်တော်ခုနစ်ကျိပ်တို့ကို ခန့်ထားတော်မူ၍ . . . စေလွှတ်” ခဲ့သည်။ (လု. ၁၀:၁၊ ၂) ထိုဆုတောင်းချက်များအား ယေဟောဝါဖြေကြားခဲ့ပုံကို တမန်တော်ကျမ်းက ဖော်ပြသည်။ စီ.အီး. ၃၃ ပင်တေကုတ္တေပွဲတွင် တပည့်တော်အရေအတွက်သည် ၁၂၀ ခန့်သို့တိုးတက်လာသည်။ ထိုအချိန်တွင် ဆက်တိုက်တိုးတက်လာသော အမြင့်ဆုံးနှုန်းများမှာ တပည့်တော် ၃,၀၀၀ နှင့် ၅,၀၀၀ အထိဖြစ်လာသည်။ (တ. ၁:၁၅; ၂:၄၁; ၄:၄) ထို့နောက် “တပည့်တော်တို့သည် အလွန်ပွားများ” ကြသည်။ (တ. ၆:၇) အလားတူပင် မျက်မှောက်ခေတ်တွင် နောက်ထပ်နိုင်ငံတော်ဟောပြောသူများ တိုးများလာရန်အတွက် အရှင်သခင်ထံ ဆက်၍အသနားခံနေရမည်ဖြစ်သည်! ကျွန်ုပ်တို့၏ဆုတောင်းချက်များနှင့်အညီ အသင်းတော်ကြေညာသူတစ်ဦးစီသည် ဓမ္မအမှုတွင် လတိုင်း ပါဝင်ရန် အစီအစဉ်များအတိအကျပြုလုပ်သင့်သည်။
၉ ကျေးဇူးပြု၍ ပူးတွဲပါ “သက္ကရာဇ် ၂၀၀၀ ဧပြီလအတွက် သီအိုကရက်တစ်ပြက္ခဒိန်” ကိုဆန်းစစ်ကြည့်ပါ။ လ၏ပထမနှစ်ရက်သည် စနေနှင့်တနင်္ဂနွေဖြစ်သောကြောင့် လစောစောပိုင်းတွင်စရန် ထိုစနေတနင်္ဂနွေနေ့၌ အမှုဆောင်ဖို့ သင်စီစဉ်နိုင်မည်လော။ လအတွင်းတွင် သင့်အသင်းတော်စာအုပ်ကြီးသင်တန်းအုပ်စုနှင့်အတူ “မဂ္ဂဇင်းနေ့” တိုင်းကို သင်ထောက်ကူပေးနိုင်မည်လော။ ဓမ္မအမှုတွင် တနင်္ဂနွေနေ့တိုင်း တစ်နာရီ သို့မဟုတ် ထိုထက်ပို၍ အသုံးပြုခြင်းနှင့်ပတ်သက်၍ကော။ နေ့တာရှည်သောကြောင့် ညနေခင်းတွင် အချိန်ပိုရပါမည်။ ညနေပိုင်းသက်သေခံခြင်းအချို့တွင် ပါဝင်ရန် သင်စီစဉ်နိုင်သလော။ အလုပ်တွင်၊ ကျောင်းတွင် သို့မဟုတ် အခြားနေ့စဉ်လုပ်ငန်းများဆောင်ရွက်စဉ် အလွတ်သဘောသက်သေခံရန် ရသမျှအခွင့်အရေးအားလုံးကို အသုံးချဖို့ မမေ့ပါနှင့်။
၁၀ နှစ်ခြင်းမခံရသေးသောကြေညာသူများအဖြစ် စတင်အမှုဆောင်ရန် အရည်အချင်းပြည့်မီ၍ အကြီးအကဲများကထောက်ခံသူအားလုံးအတွက် ဧပြီလသည် အခွင့်သာသောအချိန်ဖြစ်ပါလိမ့်မည်။ သင်သည် တစ်စုံတစ်ဦးနှင့် ကျမ်းစာလေ့လာနေလျှင် ဦးစီးကြီးကြပ်မှူးထံချဉ်းကပ်၍ သတင်းကောင်းကြေညာသူတစ်ဦးအဖြစ် သုံးသပ်ပေးဖို့တောင်းဆိုရန် ထိုသူသည် အလုံအလောက်တိုးတက်နေပြီလော။ သင်သည် နှစ်ခြင်းမခံရသေးသောကလေးများရှိလျှင် သူတို့၏ဝိညာဏတိုးတက်မှုကို အကြီးအကဲများနှင့်ဆွေးနွေးပြီးပြီလော။ ဤအချိန်သည် စတင်ကြေညာဟောပြောရန် သူတို့အတွက် အချိန်အခါကောင်းဖြစ်မည်မဟုတ်လော။—ကျွန်ုပ်တို့၏ဓမ္မအမှုကိုပြီးမြောက်စေရန်ဖွဲ့စည်းထားခြင်း၊ စာမျက်နှာ ၉၇-၁၀၀ ရှု။
၁၁ သက္ကရာဇ် ၂၀၀၀ ဧပြီလကို အကောင်းတကာ့အကောင်းဆုံးလဖြစ်စေရန် ကြိုးစားရာတွင် ကျွန်ုပ်တို့အားလုံးသည် ဓမ္မအမှုတွင်ပါဝင်ပြီး လကုန်လျှင် လယ်ကွင်းလုပ်ငန်းမှတ်တမ်းကို ပေးရန်လိုသည်။ (မာကု ၆:၃၀ နှိုင်းယှဉ်။) ပထမဆုံးအကြိမ် လယ်ကွင်းလုပ်ငန်းတွင်ပါဝင်သော နှစ်ခြင်းမခံရသေးသည့် ကြေညာသူသစ်လွင်များအား သူတို့၏လုပ်ဆောင်မှုကို မည်သို့ချက်ချင်းရေးမှတ်ရမည်ကို ပြပေးသင့်သည်။ ကျွန်ုပ်တို့သည် ကိုယ့်အပိုင်းကိုလုပ်ဆောင်ကြခြင်းဖြင့် ဧပြီလမှတ်တမ်းအပြင် ကျွန်ုပ်တို့၏သက်သေခံရန်ကြိုးစားမှုများဖြင့် ယေဟောဝါအား အလွန်ကျယ်လောင်စွာချီးမွမ်းထောမနာပြုရာတွင် ကောင်းစွာပါဝင်နိုင်ပါသည်။
၁၂ သတိရအောက်မေ့ပွဲသို့ သင်နှင့်အတူ အခြားသူများကိုခေါ်လာပါ– သက္ကရာဇ် ၂၀၀၀ ခရစ်တော်၏သေခြင်းဆိုင်ရာသတိရအောက်မေ့ပွဲတွင် တက်ရောက်သူအမြင့်ဆုံးနှုန်းသစ်ကို တွေ့ မြင်ရလျှင် ကျွန်ုပ်တို့ပီတိဖြစ်မည်မဟုတ်လော။ ပီတိဖြစ်ပါမည်၊ အကြောင်းမှာ ယင်းက လူအများစုသည် ကျွန်ုပ်တို့၏အကျိုးအလို့ငှာ ဘုရားသခင်နှင့် ယေရှုခရစ်တို့တင်ပြခဲ့သည့် အကြီးမားဆုံးသောမေတ္တာပြသမှုများအတွက် လေးမြတ်မှုကိုတင်ပြရန် တစ်ခါနှင့်မျှမတူအောင် စုရုံးလာကြသည်ဟူသည့် သဘောသက်ရောက်မည်ဖြစ်သောကြောင့်ပင်! (ယော. ၃:၁၆; ၁၅:၁၃) သင်နှင့်သင့်မိသားစု သတိရအောက်မေ့ပွဲတက်ရောက်ခြင်းကို မည်သည့်အတားအဆီးမျှမရှိစေရန် လိုအပ်သည့်အစီအစဉ်မှန်သမျှကိုပြုလုပ်ပါ။
၁၃ ယခုအချိန်သည် အခြားသူများအား သတိရအောက်မေ့ပွဲသို့ စတင်ဖိတ်ခေါ်ရမည့်အချိန်ဖြစ်သည်။ သင်တက်ရောက်စေလိုသည့်သူတိုင်း၏ စာရင်းတစ်ခုကိုပြုစုပါ။ ယခင်က ကျမ်းစာလေ့လာခဲ့သူမည်သူမဆိုနှင့် ယခုလေ့လာနေသူအားလုံးအပြင် သင့်ပြန်လည်ပတ်မှုအားလုံးကို ပါဝင်စေပါ။ အလုပ်၊ ကျောင်းနှင့် အိမ်နီးချင်းရှိ သင့်အသိအကျွမ်းများအပြင် သင်၏မည်သည့်စီးပွားဖက်များကိုမဆို စာရင်းတွင်ထည့်ပါ။ အခြားအသိအကျွမ်းများနှင့် သင့်ဆွေမျိုးများကိုပါဝင်စေရန် မမေ့ပါနှင့်။ စာရင်းပြုစုပြီးနောက် တစ်ဦးစီအား စိတ်ပါလက်ပါဖြင့် ကိုယ်တိုင်ကိုယ်ကျဖိတ်ခေါ်မှုပြုခြင်းကို စတင်ပါ။ သတိရအောက်မေ့ပွဲကျင်းပမည့် အချိန်နှင့်နေရာကို ရှင်းလင်းစွာပြောပြပါ။ ဧပြီ ၁၉ ရက်နီးလာသည်နှင့်အမျှ သင့်စာရင်းတွင်ပါသူများကို လူကိုယ်တိုင်ဖြစ်စေ၊ တယ်လီဖုန်းဖြင့်ဖြစ်စေ နှိုးဆော်ပါ။ သတိရအောက်မေ့ပွဲကို သင်နှင့်အတူတက်ရောက်နိုင်ရန် ထိုညတွင် သူတို့ကို လာခေါ်မည်ဟုကမ်းလှမ်းပါ။
၁၄ အသင်းမထံမှ ယခင်ညွှန်ကြားချက်နှင့်အညီ အကြီးအကဲများအဖွဲ့သည် ရပ်ကွက်ရှိ မလှုပ်ရှားသောကြေညာသူအားလုံးကို သတိရအောက်မေ့ပွဲတက်ရန်အားပေးဖို့ အထူးကြိုးစားကြပါမည်။ (မ. ၁၈:၁၂-၁၄) အကြီးအကဲများသည် ဖေဖော်ဝါရီ ၂ ရက်၊ ၁၉၉၉ နေ့စွဲပါအသင်းမ၏စာကို ပြန်သုံးသပ်လိုမည်ဖြစ်သည်။ အသင်းတော်အတွင်းရေးမှူးသည် မလှုပ်ရှားသောကြေညာသူအားလုံး၏စာရင်းတစ်ခုကို ပြုလုပ်ရမည်ဖြစ်ပြီး လုပ်ငန်းတော်ကြီးကြပ်မှူးသည် သူတို့ထံလည်ပတ်၍ သတိရအောက်မေ့ပွဲသို့ဖိတ်ခေါ်ရန် အကြီးအကဲများအား တာဝန်ပေးပါမည်။ ဖြစ်နိုင်လျှင်ဖြစ်နိုင်ချင်း အားရှိစေသည့်သိုးထိန်းလည်ပတ်မှုတစ်ခုကို ရရှိစေခြင်းအားဖြင့် ဤမလှုပ်ရှားသူများသည် ဧပြီလအတွင်းပင် လယ်ကွင်းဓမ္မအမှု၌ ပြန်လှုပ်ရှားလာရန် အကူအညီရရှိနိုင်ဖွယ်ရှိသည်။ လယ်ကွင်းလုပ်ငန်းတွင် အတွေ့အကြုံရှိသောကြေညာသူတစ်ဦးနှင့်အတူပါဝင်ရန် ဖိတ်ခေါ်ခံရခြင်းက သူတို့အတွက် တည်ဆောက်မှုဖြစ်စေပါမည်။
၁၅ ဧပြီလအတွက် ကောင်းစွာထောက်ကူရန် အားပေးပါ! သက္ကရာဇ် ၂၀၀၀ ဧပြီလကို အကောင်းတကာ့အကောင်းဆုံးလဖြစ်စေရန် အကြီးအကဲများ၊ ဓမ္မအမှုထမ်းများနှင့် အိမ်ထောင်ဦးစီးများ၏အပိုင်းကို ကောင်းစွာညှိနှိုင်းဆောင်ရွက်ရမည်ဖြစ်သည်။ အကြီးအကဲများသည် အရာရာကို ကောင်းစွာဖွဲ့စည်းဆောင်ရွက်ရာတွင်နှင့် ဦးဆောင်မှုပြုရာတွင် ဝီရိယရှိရမည်ဖြစ်သည်။ (ဟေဗြဲ ၁၃:၇) သတ္တပတ်အတွင်းပိုင်းနှင့် သတ္တပတ်အကုန်ပိုင်းရက်များတွင် လုပ်ငန်းတော်တွေ့ဆုံမှုများအတွက် လက်တွေ့ကျအစီအစဉ်များကို ပြုလုပ်ဖို့လိုသည်။ မွန်းလွဲနှောင်းပိုင်းနှင့် ညနေအစောပိုင်းလုပ်ငန်းအတွက် လုပ်ငန်းတော်ထပ်ဆင့်တွေ့ဆုံမှုများကို စီစဉ်နိုင်ပါသည်။ ဧပြီလအတွက်ဆွဲထားသည့် ဇယားအပြည့်အစုံအားလုံးကို ကြော်ငြာသင်ပုန်းတွင် ကပ်ထားသင့်သည်။ စီစဉ်ထားသည့် လုပ်ငန်းတော်တွေ့ဆုံမှုတစ်ခုစီကို ကိုင်တွယ်ရန် တစ်ဦးတစ်ယောက်ကို တာဝန်ပေးဖို့လိုပါမည်။ ရပ်ကွက်ကိုစီစဉ်ပေးထားသင့်သည်၊ သို့မှသာ လုပ်ငန်းတော်အတွက်တွေ့ဆုံသူအားလုံးသည် သတ်မှတ်ထားသည့်အချိန်အတွက် အလုံအလောက်ရှိစေပါမည်။
၁၆ ဧပြီလအတွင်း ကင်းမျှော်စင် နှင့် နိုးလော့! မဂ္ဂဇင်းများကို ဝေငှမည်ဖြစ်သည်။ အိမ်တွင်းကျမ်းစာသင်အံမှုများစရန် ကြိုးစားရာတွင် စိတ်ဝင်စားမှုပြသူအားလုံးအား တောင်းဆို ဘရိုရှာကိုဝေငှရန်ဖြစ်သည်။ ထို့ကြောင့် ထုတ်ပေးရန် မဂ္ဂဇင်းနှင့်ဘရိုရှာများ အလုံအလောက်ရှိဖို့လိုသည်။
၁၇ လကုန်လျှင် အသင်းတော်အတွင်းရေးမှူးသာမက စာအုပ်ကြီးသင်တန်းမှူးများနှင့် သူတို့၏လက်ထောက်များအားလုံးသည် ဓမ္မအမှုတွင်ပါဝင်ခဲ့သူတစ်ဦးစီထံမှ လယ်ကွင်းလုပ်ငန်းမှတ်တမ်းများကိုကောက်ခံရာတွင် ပါဝင်ဖို့လိုမည်ဖြစ်သည်။ သူတို့သည် မိမိတို့အုပ်စုတွင်ရှိသူတစ်ဦးစီအား လကုန်သည်နှင့်ချက်ချင်း လုပ်ငန်းတော်မှတ်တမ်းပေးကြရန် အားပေးလိုမည်ဖြစ်သည်။ ယင်းကို ဧပြီ ၃၀ ရက်၊ တနင်္ဂနွေနေ့တွင်ပင် အပြီးပေးနိုင်ပါသည်။ ထို့နောက် အတွင်းရေးမှူးသည် မှတ်တမ်းများကိုရေတွက်သည့်အခါ မှတ်တမ်းမပေးသေးသည့် ကြေညာသူအချို့ကို သတိပြုမိမည်ဆိုလျှင် သူသည် အသင်းမထံသို့ အသင်းတော်မှတ်တမ်းပို့ရမည့် မေလ ၆ ရက်မတိုင်မီတွင် မှတ်တမ်းပေးကြရန် သူတို့ကို ကြင်နာစွာသတိပေးနိုင်သည်။
၁၈ သတိရအောက်မေ့ပွဲအချိန်အခါသည် ဘုရားသခင့်လူမျိုးအတွက် နှစ်၏အရေးအကြီးဆုံးကာလဖြစ်သည်။ ယင်းသည် ကျွန်ုပ်တို့အားလုံးအတွက် ယေဟောဝါ၏လုပ်ငန်းတွင် အလွန်အလုပ်များသောအချိန်ဖြစ်သင့်သည်။ ယောက်တိုင်းသည် သတင်းကောင်းကြေညာသူတစ်ဦးအဖြစ် အတတ်နိုင်ဆုံးအပြည့်အဝပါဝင်လျှင်၊ အရန်ရှေ့ဆောင်ရန် စာရင်းသွင်းနိုင်သူများသည် ထိုသို့လုပ်ဆောင်လျှင်၊ ခရစ်တော်၏သေခြင်းဆိုင်ရာအောက်မေ့ရာပွဲသို့ အခြားသူများကို ကျွန်ုပ်တို့နှင့်အတူခေါ်ဆောင်ရာတွင် ဝီရိယရှိလျှင် ထိုသို့ဖြစ်ပါလိမ့်မည်။ သက္ကရာဇ် ၂၀၀၀ ဧပြီလကို အကောင်းတကာ့အကောင်းဆုံးလဖြစ်ဖို့ ကြိုးစားကာ ဘုရားသခင်အား အားလုံးချီးမွမ်းဂုဏ်တင်ကြသည်နှင့်အမျှ ယေဟောဝါ၏ကြွယ်ဝသောကောင်းချီးရရန် စိတ်အားထက်သန်စွာဆုတောင်းကြစို့!—ဟေဗြဲ ၁၃:၁၅။
[စာမျက်နှာ ၃ ပါ ရုပ်ပုံ]
ရရှိခဲ့သည့်အမြင့်ဆုံးနှုန်း–
အရန်ရှေ့ဆောင် ၁၃၉ ယောက်
(မတ် ၁၉၉၇)
[စာမျက်နှာ ၄ ပါ ရုပ်ပုံ]
ရရှိခဲ့သည့်အမြင့်ဆုံးနှုန်း–
စုစုပေါင်းကြေညာသူ ၂,၅၇၄ ယောက်
(စက်တင်ဘာ ၁၉၉၉)
[စာမျက်နှာ ၅ ပါ ရုပ်ပုံ]
ရရှိခဲ့သည့်အမြင့်ဆုံးနှုန်း–
သတိရအောက်မေ့ပွဲတက်ရောက်သူ ၆,၃၂၅ ယောက်
(၁၉၉၇)