ကောင်းသောအမှုအရာအတွက် စိတ်ထက်သန်မှုရှိလော့!
၁ ၂၀၀၃ ခုနှစ် သတိရအောက်မေ့ပွဲကာလသို့ ဝင်လာသည်နှင့်အမျှ “ကောင်းသောအမှုအရာအတွက် စိတ်ထက်သန်မှုရှိ” ရန် ကျွန်ုပ်တို့၌ အကြောင်းရင်းများအလျှံပယ်ရှိသည်။ (၁ ပေ. ၃:၁၃၊ ကဘ) ၎င်းတို့ထဲမှ အဓိကကျသောအရာမှာ ယေရှုခရစ်၏ ရွေးနုတ်ဖိုးပူဇော်သကာဖြစ်သည်။ (မ. ၂၀:၂၈; ယော. ၃:၁၆) ယင်းနှင့်ပတ်သက်၍ တမန်တော်ပေတရုက ဤသို့ရေးခဲ့သည်– “အချည်းနှီးကျင့်ကြံပြုမူခြင်းမှ ရွှေငွေအစရှိသော ဖောက်ပြန်ပျက်စီးတတ်သောဥစ္စာနှင့် သင်တို့ကို ရွေးတော်မူသည်မဟုတ်။ အဘယ်အပြစ်မျှမရှိ၊ အညစ်အကြေးနှင့်ကင်းစင်သော သိုးသငယ်ကဲ့သို့သော ခရစ်တော်၏အသွေးတော်မြတ်နှင့် ရွေးတော်မူသည်။” (၁ ပေ. ၁:၁၈၊ ၁၉) ဤထူးကဲသာလွန်သောမေတ္တာပြသမှုအတွက် ကျေးဇူးတင်ခြင်းက ယေရှုသည် “ခပ်သိမ်းသောဒုစရိုက်မှ ငါတို့ကို ရွေးနုတ်ခြင်းငှာလည်းကောင်း၊ ကောင်းသောအကျင့်ဘက်၌ စိတ်အားကြီး၍ ပိုင်ထိုက်တော်မူသောအမျိုးကို မိမိအဖို့ စင်ကြယ်စေခြင်းငှာလည်းကောင်း ကိုယ်ကိုကိုယ်စွန့်ကြဲတော်မူ” ကြောင်း အသိအမှတ်ပြုလျက် ကောင်းမှုပြုရာတွင်အလုပ်များနေရန် ကျွန်ုပ်တို့ကို လှုံ့ဆော်ပေးသည်။—တိ. ၂:၁၄; ၂ ကော. ၅:၁၄၊ ၁၅။
၂ ကျွန်ုပ်တို့သည် ဘုရားသခင့်ရှေ့တော်၌ နှစ်သက်ရာကိုလုပ်ဆောင်သောအခါ ကိုယ်တော်နှင့် ကောင်းသောဆက်ဆံရေးရရှိကာ ကိုယ်တော်၏ မေတ္တာပါသောဂရုစိုက်ကြည့်ရှုမှုကို ခံရကြသည်။ ပေတရုက ဤသို့ထပ်ဆင့်ဖော်ပြသည်– “အသက်ကိုမွေ့လျော်စေ၍၊ ကောင်းမွန်သောနေ့ရက်တို့ကို တွေ့မြင်ခြင်းငှာအလိုရှိသောသူသည် . . . ဒုစရိုက်ကိုလွှဲရှောင်၍ သုစရိုက် [ကောင်းမှု] ကိုပြုစေ။ သူတစ်ပါးနှင့်အသင့်အတင့်နေခြင်းကိုရှာ၍ မီအောင်လိုက်စေ။ အကြောင်းမူကား၊ ထာဝရဘုရားသည် ဖြောင့်မတ်သောသူတို့ကို ကြည့်ရှုတော်မူ၏။ သူတို့ဆုတောင်းခြင်းကိုလည်း နားထောင်တော်မူ၏။” (၁ ပေ. ၃:၁၀-၁၂) အလွန်အန္တရာယ်များသောဤအချိန်တွင် ယေဟောဝါသည် ကျွန်ုပ်တို့ကို ကြည့်ရှုစောင့်ရှောက်နေကြောင်းနှင့် “မျက်ဆန်တော်ကဲ့သို့” ကာကွယ်ရန်၊ ကျွန်ုပ်တို့အကျိုးအတွက် လုပ်ဆောင်ရန် အသင့်ရှိနေကြောင်းသိရခြင်းသည် မည်မျှကောင်းချီးတစ်ရပ်ဖြစ်ပါသည်တကား။—တရား. ၃၂:၁၀; ၆ ရာ. ၁၆:၉။
၃ ပေတရုစာရေးခဲ့သည့် အစောပိုင်းခရစ်ယာန်များသည် စုံစမ်းခြင်းများရင်ဆိုင်ရသော်လည်း မငြိမ်းသတ်နိုင်သည်အထိ ဇွဲစိတ်တောက်လောင်ကာ သတင်းကောင်းကို အတတ်နိုင်ဆုံး ကျယ်ကျယ်ပြန့်ပြန့် ကြေညာခဲ့ကြသည်။ (၁ ပေ. ၁:၆; ၄:၁၂) ယနေ့ ဘုရားသခင့်လူမျိုးလည်း အလားတူပင်ဖြစ်သည်။ “ခဲယဉ်းသောကာလ” တွင်အသက်ရှင်နေရသော်လည်း ယေဟောဝါ၏ကောင်းမြတ်မှုအတွက် ကျေးဇူးတင်ခြင်းက ဘုရားသခင်၏အလိုတော်ကို ထက်သန်စွာထမ်းဆောင်ရန် ကျွန်ုပ်တို့ကို လှုံ့ဆော်ပေးသည်။ (၂ တိ. ၃:၁; ဆာ. ၁၄၅:၇) ဤသတိရအောက်မေ့ပွဲကာလအတွင်း ကျွန်ုပ်တို့ကိုယ်တိုင် အလုပ်များနေရမည့်ကောင်းမှုများမှအချို့ကို သုံးသပ်ကြည့်ကြစို့။
၄ အခြားသူများအား သတိရအောက်မေ့ပွဲသို့ ဖိတ်ခေါ်ပါ– ထူးကဲသာလွန်သော ရွေးနုတ်ဖိုးဆုကျေးဇူးအတွက် ကျွန်ုပ်တို့ ကျေးဇူးတင်ကြောင်း ပြနိုင်သည့်နည်းတစ်နည်းမှာ ဤနှစ် ဧပြီ ၁၆ ရက်၊ ဗုဒ္ဓဟူးနေ့ နေဝင်ပြီးချိန်တွင်ကျင်းပမည့် ယေရှု၏သေခြင်းဆိုင်ရာ နှစ်ပတ်လည်အထိမ်းအမှတ်ပွဲကို တက်ရောက်ခြင်းဖြင့်ဖြစ်သည်။ (လု. ၂၂:၁၉၊ ၂၀) လွန်ခဲ့သည့်နှစ်က ကမ္ဘာတစ်ဝန်းတွင် မှတ်တမ်းသွင်းသည့်အသင်းတော် ၉၄,၆၀၀ တွင် စုစုပေါင်းတက်ရောက်သူ ၁၅,၅၉၇,၇၄၆ ယောက်ရှိခဲ့သည်! ၎င်းသည် ယခင်နှစ်တက်ရောက်သူထက် ၂၂၀,၀၀၀ ကျော်ပိုများသည်။
၅ ဤနှစ်တွင် တက်ရောက်သူ မည်မျှရှိမည်နည်း။ ကျွန်ုပ်တို့နှင့်အတူစုဝေးရန် အခြားသူတို့ကိုအားပေးဖို့ ကျွန်ုပ်တို့၏ ဝီရိယရှိရှိ ကြိုးစားမှုများအပေါ် များစွာမူတည်ပါမည်။ သင်ဖိတ်ခေါ်လိုသူအားလုံးနှင့်ဆိုင်သော စာရင်းတစ်ခုကို ပြုလုပ်ခြင်းဖြင့်အစပြုပါ။ စာရင်း၏ထိပ်ဆုံးတွင် သင်၏သွေးသားရင်းချာများဖြစ်သင့်သည်။ သင်၌ မယုံကြည်သူအိမ်ထောင်ဖက်ရှိလျှင် သင်နှင့်အတူ သူ့အားတက်ရောက်စေလိုသည့်ဆန္ဒကို ဖွင့်ပြောပါ။ မယုံကြည်သူခင်ပွန်းသည်တစ်ဦးက မိမိတက်ရောက်ခြင်းသည် ဇနီးသည်အတွက် မည်မျှအဓိပ္ပာယ်ရှိကြောင်း တွေ့မြင်နိုင်သောကြောင့် လွန်ခဲ့သည့်နှစ်က သတိရအောက်မေ့ပွဲကို တက်ရောက်ခဲ့သည်ဟုဆိုသည်။ သင့်စာရင်းတွင် နောက်ထပ်ထည့်မည့်သူများမှာ ဆွေမျိုးများ၊ အိမ်နီးချင်းများ၊ အလုပ်ဖော်များ သို့မဟုတ် ကျောင်းနေဖက်များဖြစ်နိုင်သည်။ သင်၏ကျမ်းစာသင်သားများကို မပျက်မကွက်ဖိတ်ခေါ်ပါ။
၆ သင် စာရင်းပြုစုပြီးနောက် တစ်ဦးစီကို ကိုယ်တိုင်ကိုယ်ကျဖိတ်ခေါ်ရန် အချိန်ဇယားဆွဲပါ။ ပုံနှိပ်ထားသည့် သတိရအောက်မေ့ပွဲဖိတ်စာများကို အသုံးပြုပါ။ အထိမ်းအမှတ်ပွဲကျင်းပမည့် အချိန်နှင့် နေရာကို လူတို့မှတ်မိစေရန် ဖိတ်စာ၏အောက်ခြေတွင် သတိရအောက်မေ့ပွဲ၏ အချိန်နှင့်တည်နေရာကို လက်နှိပ်စက်ဖြင့် သို့မဟုတ် သပ်ရပ်စွာရေးပါ။ ဧပြီ ၁၆ ရက်သို့နီးလာသည်နှင့်အမျှ သင့်စာရင်းတွင်ပါသူများအား လူကိုယ်တိုင်ဖြစ်စေ၊ တယ်လီဖုန်းဖြင့်ဖြစ်စေ နှိုးဆော်ပါ။ ဤအမြင့်မြတ်ဆုံးအခါသမယကို များနိုင်သရွေ့များများတက်ရောက်ရန် ကူညီပေးကြစို့။
၇ သတိရအောက်မေ့ပွဲ တက်ရောက်သူများကို ကူညီပါ– သတိရအောက်မေ့ပွဲညသည် အစဉ်ပင် စိတ်လှုပ်ရှားဖွယ် အခါသမယတစ်ခုဖြစ်၏။ ကျွန်ုပ်တို့သည် အစည်းအဝေးများ ပုံမှန်မတက်သူများကို ကြိုဆိုရသည့်အခွင့်အရေး ရရှိထားကြသည်။ ဒေသန္တရအခြေအနေခွင့်ပြုသရွေ့ စောစောရောက်ကာ နောက်ကျပြန်ရန် အစီအစဉ်များပြုလုပ်ပါ။ တက်ရောက်သူလူသစ်များနှင့် ရင်းနှီးကျွမ်းဝင်ရန် အစပြုလုပ်ဆောင်ပါ။ လှိုက်လှဲပျူငှာပြီး ဧည့်ဝတ်ကျေပွန်ပါ။—ရော. ၁၂:၁၃။
၈ သတိရအောက်မေ့ပွဲ တက်ရောက်သူအချို့အား အိမ်တွင်းကျမ်းစာသင်အံမှုအားဖြင့် ဝိညာဉ်ရေးပိုမိုတိုးတက်လာရန် ကူညီပေးနိုင်မည်လော။ လောလောဆယ် မလည်ပတ်ရသေးသော မည်သည့်ဧည့်သည်များကိုမဆို သင်ဆက်လက်ကူညီပေးနိုင်ရန် ၎င်းတို့၏အမည်နှင့် လိပ်စာများရရှိဖို့ ကြိုးစားပါ။ မေတ္တာပါပါကူညီပေးခြင်းဖြင့် ဤသူများမှအချို့သည် နောက်နှစ် သတိရအောက်မေ့ပွဲမတိုင်မီတွင် နှစ်ခြင်းမခံရသေးသော ကြေညာသူများအဖြစ် အရည်အချင်းပြည့်မီသည်အထိ တိုးတက်လာနိုင်သည်။ သတိရအောက်မေ့ပွဲ တက်ရောက်သူများထံ ပြန်လည်ပတ်မှုများပြုလုပ်သည့်အခါ ဧပြီ ၂၇ ရက်တွင်ဟောမည့် အထူးဟောပြောချက်အတွက် ဖိတ်ခေါ်ပါ။
၉ သင်သည် ဤနွေရာသီတွင် အရန်ရှေ့ဆောင်လုပ်နိုင်မည်လော– နှစ်စဉ် ယေဟောဝါအတွက် ကျွန်ုပ်တို့၏စိတ်ထက်သန်မှုက အထူးသီအိုကရက်တစ် လှုပ်ရှားမှုလများအတွင်း ဓမ္မအမှုတွင် အပြည့်အဝကြိုးစားပါဝင်ရန် လှုံ့ဆော်ပေးသည်။ [၂၀၀၂ ခုနှစ် မတ်လတွင် ညီအစ်ကိုညီအစ်မ ၁၅၈ ယောက်နှင့် ၂၀၀၂ ခုနှစ် ဧပြီလတွင်မူ ၉၇ ယောက်တို့သည် အရန်ရှေ့ဆောင်လုပ်ကြသည်ကို ကျွန်ုပ်တို့တွေ့ခဲ့ရသည်။] သတိရအောက်မေ့ပွဲကာလအတွင်း သတင်းကောင်းကို ထက်သန်စွာဟောပြောရန် အသင်းတော်တစ်ခုလုံး၏ စည်းလုံးသောကြိုးစားမှုများက ရလဒ်ကောင်းများရရှိစေနိုင်သည်။
၁၀ အမေရိကန်ပြည်ထောင်စုရှိ ကြေညာသူ ၁၀၇ ယောက်နှင့် မှန်မှန်ရှေ့ဆောင် ၉ ယောက်ရှိသော အသင်းတော်တစ်ခုက သူတို့သည် အကြီးအကဲများနှင့် ဓမ္မအမှုထမ်းများအားလုံးအပါအဝင် အရန်ရှေ့ဆောင်လုပ်သော ၅၃ ယောက်တို့နှင့်အတူ လွန်ခဲ့သည့်ဧပြီလကို “ထူးခြားသောလ” တစ်လဖြစ်စေခဲ့ကြကြောင်း သတင်းပို့ခဲ့ကြသည်။ အကြီးအကဲများသည် ထိုလတွင် အရန်ရှေ့ဆောင်လုပ်ရန် စိတ်အားထက်သန်မှုကို မည်သို့တိုးပွားစေခဲ့ကြသနည်း။ သူတို့သည် အစောပိုင်းကတည်းကအစပြု၍ များနိုင်သရွေ့များများ စာရင်းသွင်းကြရန် အားပေးခဲ့ကြသည်။ အသင်းတော်သားအားလုံးနှင့် လိုက်လျောညီထွေဖြစ်ရန် နေ့ဘက်အချိန်အသီးသီး၌ လယ်ကွင်းလုပ်ငန်းတွေ့ဆုံမှုများကို ကျင်းပကြသည်။ အထူးသဖြင့် အိုမင်းမစွမ်းသူများအတွက် တယ်လီဖုန်းဖြင့်သက်သေခံခြင်းကို အထူးအလေးပေးခဲ့ကြသည်။
၁၁ ကျန်းမာရေးအခက်အခဲများကြောင့် လမ်းမလျှောက်နိုင်သော အသက် ၈၆ နှစ်ရှိသည့် ညီအစ်မတစ်ဦးသည် အရန်ရှေ့ဆောင်လုပ်ရန် စာရင်းသွင်းခဲ့သည်။ သူသည် နံနက်ပိုင်းမှအစပြုကာ မီးဖိုချောင်စားပွဲပေါ်တွင်ထိုင်ကာ တယ်လီဖုန်းဖြင့် နာရီအနည်းငယ်သက်သေခံပြီး နာရီအနည်းငယ်အနားယူသည်၊ ယင်းနောက် ပြန်လာကာ ထပ်မံသက်သေခံသည်။ သူဆက်သွယ်ခဲ့သူတစ်ဦးသည် လွန်ခဲ့သောနှစ်နှစ်အတွင်းက သူ၏ယောက်ျားနှင့် ဆယ်ကျော်သက် သားနှစ်ဦးသေဆုံးသွားရာ ဘုရားသခင်သည် ဤကဲ့သို့မနှစ်မြို့ဖွယ်အရာများကို ဖြစ်ပျက်ရန် အဘယ်ကြောင့် ခွင့်ပြုထားကြောင်း နားမလည်နိုင်ခဲ့ချေ။ ကောင်းစွာသက်သေခံကာ ကျမ်းစာသင်အံမှုစခဲ့ရသည်။ ညနေပိုင်းများတွင်နှင့် အခြားအချိန်များတွင် တယ်လီဖုန်းဖြင့် သက်သေခံခြင်းသည် လက်လှမ်းမမီသော အဆောက်အအုံများ သို့မဟုတ် နယ်မြေများတွင် နေထိုင်သူတို့ကို ဆက်သွယ်ရန် ထိရောက်သောနည်းတစ်နည်းဖြစ်သည်။ ယင်းက ကြေညာသူများအား နေ့ဘက်တွင် အိမ်၌မရှိသူများကိုလည်း ဆက်သွယ်နိုင်စေသည်။
၁၂ အကြီးအကဲများသည် ၎င်းတို့၏မှတ်တမ်းကို ဤသို့ပြော၍ နိဂုံးချုပ်ခဲ့ကြသည်– “အရမ်းပျော်စရာကောင်းတဲ့ အခါသမယတစ်ခုပါပဲ၊ ကျွန်တော်တို့တစ်ဦးစီအတွက် ယေဟောဝါပေးခဲ့တဲ့ အခွင့်ထူးနဲ့ ကောင်းချီးတွေအတွက် ကျေးဇူးတင်ပါတယ်။” သင့်လျော်သောအစီအစဉ်ရှိခြင်းဖြင့် သင့်အသင်းတော်သည်လည်း ထိုသို့သောကောင်းချီးများ ခံစားနိုင်သည်။
၁၃ ဓမ္မအမှုတွင် ရာနှုန်းပြည့်ပါဝင်ရန် ကြိုးစားပါ– ဘုရားသခင်နှင့် အိမ်နီးချင်းအပေါ်ထားသည့် ကျွန်ုပ်တို့၏မေတ္တာက အခြားသူများအား သတင်းကောင်းဝေငှရန် လစဉ်အချိန်ဝယ်ယူဖို့ လှုံ့ဆော်ပေးသည်။ (မ. ၂၂:၃၇-၃၉) အသင်းတော်စာအုပ်ကြီးသင်တန်း ကြီးကြပ်မှူးများနှင့် ၎င်းတို့၏လက်ထောက်များသည် ဓမ္မအမှုတွင် လစဉ်ပါဝင်ရန် မိမိတို့၏အုပ်စုဝင်များကိုကူညီဖို့ ကြိုးစားသင့်သည်။ ယင်းကိုလုပ်ဆောင်ရန် နည်းလမ်းကောင်းတစ်ခုမှာ အုပ်စုဝင်တစ်ဦးစီနှင့်အတူအမှုဆောင်ရန် အစီအစဉ်များ ကြိုတင်ပြုလုပ်ခြင်းအားဖြင့်ဖြစ်သည်။ ယင်းကိုလုပ်ဆောင်ရန် လကုန်အထိစောင့်နေမည့်အစား စောစောစပါ။ ယင်းက မေတ္တာပါသောအကူအညီများပေးရန် အခွင့်အရေးများ ပိုမိုရရှိစေမည်ဖြစ်သည်။
၁၄ သင်၏စာအုပ်ကြီးသင်တန်းအုပ်စုတွင် ဓမ္မအမှု၌ပါဝင်ရန် အလွန်ခက်ခဲသည့် အိုမင်းမစွမ်းသော ကြေညာသူများရှိသလော။ အချို့သူတို့သည် ဘိုးဘွားရိပ်သာများတွင်နေရသည် သို့မဟုတ် အိမ်တွင်းအောင်းနေရသည်ဆိုလျှင် သူတို့၏ သက်သေခံရန်အခွင့်အရေးများသည် အကန့်အသတ်ရှိမည်ကို နားလည်နိုင်သည်။ သို့သော် သူတို့သည် မိမိတို့၏အလင်းကိုလင်းစေရန် အကန့်အသတ်ရှိသော အခွင့်အရေးများကို အသုံးချခြင်းဖြင့် ၎င်းတို့၏ကောင်းမှုများကို မြင်ရသူတို့အား သမ္မာတရားကို အမှန်တကယ်စိတ်ဝင်စားရန် လှုံ့ဆော်ပေးနိုင်သည်။ (မ. ၅:၁၆) စာအုပ်ကြီးသင်တန်း ကြီးကြပ်မှူးများသည် ထိုသို့သောသူများအား ၁၅ မိနစ်အထိ လယ်ကွင်းလုပ်ငန်းမှတ်တမ်း သွင်းနိုင်ကြောင်းသိရှိရန် သေချာစေသင့်သည်။ သက်သေခံရန် သူတို့အသုံးပြုသည့်အချိန်ကို မှတ်တမ်းသွင်းနိုင်ခြင်းသည် ဤသစ္စာရှိကြေညာသူများကို အားရှိစေကာ ယင်းက သူတို့ကို ပျော်ရွှင်အားရကျေနပ်မှု ခံစားရစေသည်။ ယင်းသည် ဘုရားသခင့်လူမျိုးတော်၏ ကမ္ဘာချီလုပ်ဆောင်မှုမှတ်တမ်း တိကျမှုရှိကြောင်းသေချာရန်လည်း ကူညီပေးသည်။
၁၅ ကောင်းမှုပြုရာတွင် အလုပ်များနေသောလူငယ်များ! ယေဟောဝါ၏အမှုတော်တွင် မိမိတို့၏အစွမ်းခွန်အားကို အသုံးပြုကြသော ခရစ်ယာန်လူငယ်များအား တွေ့မြင်ရခြင်းသည် မည်မျှအားရစရာပါတကား! (သု. ၂၀:၂၉) သင်သည် လူငယ်ဖြစ်လျှင် ဤအထူးလှုပ်ရှားသည့်လများအတွင်း ယေဟောဝါအတွက် သင်၏စိတ်ထက်သန်မှုကို မည်သို့ပြသနိုင်သနည်း။
၁၆ သင်သည် အသင်းတော်တွင် နှစ်ခြင်းမခံရသေးသောကြေညာသူတစ်ဦး မဖြစ်သေးလျှင် ထိုအခွင့်ထူးကို လက်လှမ်းယူနိုင်မည်လော။ သင့်ကိုယ်သင် အောက်ပါမေးခွန်းများမေးပါ– ‘အခြေခံကျမ်းစာသမ္မာတရားအသိပညာကို ငါရရှိထားပြီလား။ ငါ နိုင်ငံတော်လုပ်ငန်းမှာပါဝင်ဖို့ ဆန္ဒရှိ သလား။ ငါဟာ အမူအကျင့်မှာ ပုံသက်သေကောင်းသလား။ ငါဟာ အခြားသူတွေကို သတင်းကောင်းပြောပြခြင်းအားဖြင့် ကိုယ့်ရဲ့ယုံကြည်ခြင်းကို ဖော်ပြနိုင်သလား။ အဲဒီလိုလုပ်ဖို့ ငါ့ရဲ့နှလုံးက ငါ့ကိုလှုံ့ဆော်ပေးသလား။’ သင်သည် ထိုမေးခွန်းများကို ဟုတ်ကဲ့ဟုဖြေနိုင်ပါက ကြေညာသူတစ်ဦးဖြစ်လိုသော သင်၏ဆန္ဒကို မိဘများအား ပြောပြပါ။ သင်၏မိဘများသည် လုပ်ငန်းတော်ကော်မတီဝင် အကြီးအကဲတစ်ဦးထံ ချဉ်းကပ်နိုင်သည်။
၁၇ သင်သည် သတင်းကောင်းကြေညာသူတစ်ဦးဖြစ်နေပြီဆိုလျှင် ဓမ္မအမှုတွင် တိုးချဲ့ပါဝင်ရန် ကျောင်းအားလပ်ချိန်ကို ကောင်းစွာအသုံးပြုနိုင်မည်လော။ အစီအစဉ်ဇယားကောင်းတစ်ခုနှင့် မိဘများ၊ အခြားသူများ၏အကူအညီဖြင့် နှစ်ခြင်းခံပြီးသောလူငယ်များစွာသည် အရန်ရှေ့ဆောင်လုပ်နိုင်ခဲ့ကြပြီ။ ထိုသို့မလုပ်နိုင်ပါက လယ်ကွင်းဓမ္မအမှုတွင် တိုးချဲ့ပါဝင်ရန် သန္နိဋ္ဌာန်ချပါ။ သင်ကိုယ်တိုင်အတွက် ပန်းတိုင်တစ်ခုထားပါ။ အမှုဆောင်နာရီပန်းတိုင်အပြင် သင့်ဓမ္မအမှုအရည်အသွေးနှင့်စပ်လျဉ်းသည့် နောက်ပန်းတိုင်တစ်ခုထားပါ။ သင်သည် တစ်အိမ်စီတွင် ကျမ်းချက်တစ်ချက်ဝေမျှရန်၊ သင့်ပြန်လည်ပတ်မှုများ၏အရည်အသွေးကိုတိုးတက်စေရန်၊ ကျမ်းစာသင်အံမှုတစ်ခုစရန်၊ တယ်လီဖုန်းဖြင့်သက်သေခံခြင်း သို့မဟုတ် အခြားလုပ်ငန်းတော်ကဏ္ဍအချို့ပါဝင်စေဖို့ သင့်ဓမ္မအမှုကိုတိုးချဲ့ရန် ကြိုးစားနိုင်သည်။ ဤနှစ်သတိရအောက်မေ့ပွဲသို့ သင်နှင့်အတူ အိမ်နီးချင်း၊ ကျောင်းနေဖက် သို့မဟုတ် ဆွေမျိုးတစ်ဦး တက်ရောက်ရန်ပန်းတိုင်နှင့်ပတ်သက်၍ကော။ သီအိုကရက်တစ်လှုပ်ရှားမှုများတွင် အပြည့်အဝပါဝင်ခြင်းသည် အကျိုးခံစားရမည်ဖြစ်ကာ အသင်းတော်ရှိ အခြားသူများကို အမှန်ပင် အားပေးမှုဖြစ်စေပါမည်။—၁ သက်. ၅:၁၁။
၁၈ လူသစ်များကို တိုးတက်ရန်ကူညီပါ– လွန်ခဲ့သောလုပ်ငန်းတော်နှစ်အတွင်း မြန်မာနိုင်ငံ၌ လစဉ်ပျမ်းမျှ အိမ်တွင်းကျမ်းစာသင်အံမှု ၂,၁၉၄ ခုကျင်းပခဲ့သည်။ အချိန်တန်သော် ဤသင်သားများထဲမှ အများစုသည် ဆက်ကပ်အပ်နှံ နှစ်ခြင်းခံသည်အထိ တိုးတက်လာမည်ဖြစ်သည်။ သို့သော် ထိုပန်းတိုင်သို့မရောက်မီ သတင်းကောင်းကြေညာသူများအဖြစ် သူတို့အရည်အချင်းပြည့်မီရန် ကျွန်ုပ်တို့ကူညီပေးဖို့လိုသည်။ ယင်းသည် ယေရှုခရစ်၏နောက်တော်လိုက်များဖြစ်ရန် လူသစ်များကို သွန်သင်ပေးရာ၌ အရေးပါသောခြေလှမ်းဖြစ်သည်။ (မ. ၉:၉; လု. ၆:၄၀) သင်၌ ထိုခြေလှမ်း လှမ်းရန်အသင့်ရှိသည့် ကျမ်းစာသင်သားတစ်ဦးရှိသလော။
၁၉ သင့်သင်သား၏တိုးတက်မှုနှင့်စပ်လျဉ်း၍ မသေမချာဖြစ်နေလျှင် သင်၏စာအုပ်ကြီးသင်တန်း ကြီးကြပ်မှူး သို့မဟုတ် လုပ်ငန်းတော်ကြီးကြပ်မှူး၏ အကူအညီကိုရယူပါ။ သူ့အား သင်အံမှုတွင် အတူပါဝင်ရန် ဖိတ်ခေါ်နိုင်သည်။ ဤညီအစ်ကိုများ၌ သင်သား၏ဝိညာဏတိုးတက်မှုကို အကဲဖြတ်ရန် ထုတ်နုတ်တင်ပြနိုင်သည့် တန်ဖိုးရှိသောအတွေ့အကြုံရှိကြသည်။ သင်သား၏ဝိညာဉ်ရေး ဆက်လက်တိုးတက်ရန် အကူအညီဖြစ်စေမည့် အကြံပြုချက်များ သူတို့၌ရှိပေမည်။
၂၀ သင်၏သင်သားသည် နှစ်ခြင်းမခံသေးသော ကြေညာသူတစ်ဦးဖြစ်လိုကြောင်း တင်ပြလာကာ သူအရည်အချင်းပြည့်မီသည်ဟု သင်ယူဆပါက ဦးစီးကြီးကြပ်မှူးနှင့် စကားပြောပါ။ သူသည် ကျွန်ုပ်တို့၏ဓမ္မအမှု စာအုပ် စာမျက်နှာ ၉၉-၁၀၀ ပါအချက်အလက်များကိုအသုံးပြု၍ အရည်အချင်းပြည့်မီ,မမီ သုံးသပ်ရန် သင်နှင့် သင်၏သင်သားအား အကြီးအကဲနှစ်ဦးတွေ့ဆုံရန် စီစဉ်ပေးမည်ဖြစ်သည်။ (ကင်းမျှော်စင်၊ နိုဝင်ဘာ ၁၅၊ ၁၉၈၉၊ စာမျက်နှာ ၁၆-၁၇ ရှု။) သင်သားအား ကြေညာသူတစ်ဦးဖြစ်ရန် လက်ခံသဘောတူလျှင် သင်သည် သူ့အား ချက်ချင်းစတင် လေ့ကျင့်ပေးသင့်သည်။ သူလယ်ကွင်းလုပ်ငန်းမှတ်တမ်းပေးသည်နှင့် သင်သားသည် နှစ်ခြင်းမခံသေးသော ကြေညာသူတစ်ဦးဖြစ်ကြောင်း အသင်းတော်အား အသိပေးပါမည်။ လူငယ်ရောလူကြီးပါ,ပါဝင်သည့် ထောင်နှင့်ချီသော ကြေညာသူလူသစ်များသည် ဤအထူးလှုပ်ရှားသည့်လများအတွင်း ဤအရေးပါသော သမိုင်းမှတ်တိုင်ကို စိုက်ထူနိုင်ပါသည်။
၂၁ စီစဉ်မှုက အကျိုးအများဆုံးရရှိစေ– ကြိုတင်စီစဉ်မှုက ဤသတိရအောက်မေ့ပွဲကာလအတွင်း သီအိုကရက်တစ်လှုပ်ရှားမှုများ အောင်မြင်ရန် အကူအညီဖြစ်စေပါမည်။ (သု. ၂၁:၅) အကြီးအကဲများ၏အပိုင်းမှ အာရုံစိုက်ဖို့လိုမည့် ကိစ္စရပ်များစွာရှိပါသည်။
၂၂ အကြီးအကဲများသည် လယ်ကွင်းဓမ္မအမှုတွင် အကျိုးအများဆုံးရရှိရန် အသင်းတော်အားကူညီပေးဖို့ ကြားရက်အပါအဝင် စနေ၊ တနင်္ဂနွေနေ့တို့အတွက် လယ်ကွင်းလုပ်ငန်းတွေ့ဆုံမှုများကျင်းပရန် လက်တွေ့ကျသောအစီအစဉ်များပြုလုပ်သင့်သည်။ လုပ်ငန်းတော်ကြီးကြပ်မှူးသည် ဤအစီအစဉ်များပြုလုပ်ရာ၌ ဦးဆောင်သင့်သည်။ နံနက်အစောပိုင်း၊ မွန်းလွဲနှောင်းပိုင်း သို့မဟုတ် ညနေအစောပိုင်းအတွက် ထပ်ဆင့်တွေ့ဆုံမှုများ စီစဉ်နိုင်မည်လော။ အသင်းတော်အား အစီအစဉ်များနှင့်ပတ်သက်၍ အသိပေးသင့်သည်။ အစီအစဉ်ဇယားကို ကြော်ငြာသင်ပုန်းတွင် ကပ်ထားလျှင် အကူအညီဖြစ်စေမည်။
၂၃ အကြီးအကဲများသည် ဧပြီ ၁၆ ရက်မတိုင်မီတွင် သတိရအောက်မေ့ပွဲအတွက် အစီအစဉ်များကို ကောင်းစွာစီစဉ်ထားကြောင်း သေချာစေသင့်သည်။ ယင်းတို့တွင် တစ်နေရာတည်း၌ စုဝေးကြမည်ဖြစ်သည့် အခြားအသင်းတော်များနှင့်အတူ နိုင်ငံတော်ခန်းမ အသုံးပြုခြင်းနှင့်ပတ်သက်၍ ညှိနှိုင်းခြင်း၊ နိုင်ငံတော်ခန်းမသန့်ရှင်းရေး၊ ဧည့်ကြိုများနှင့် မုန့်၊ စပျစ်ရည်ဝေမည့်သူများကို ရွေးချယ်ခြင်း၊ မုန့်နှင့်စပျစ်ရည်ကို ရရှိထားခြင်းတို့ပါဝင်သည်။ သတိရအောက်မေ့ပွဲ ကျင်းပမည့်အချိန်၊ နေရာနှင့် ထိုအပတ်အတွက် စည်းဝေးအစီအစဉ် ပြောင်းလဲမှုမှန်သမျှကို အသင်းတော်အား အသိပေးသင့်သည်။ ဤအရာများကို ဝီရိယရှိရှိ ကြည့်ရှုဆောင်ရွက်ခြင်းက အထိမ်းအမှတ်ပွဲကို “လျောက်ပတ်စွာစနစ်တကျ” ဖြစ်စေပေမည်။—၁ ကော. ၁၄:၄၀၊ သတင်းကောင်း။
၂၄ အိမ်ထောင်ဦးစီးများသည် သတိရအောက်မေ့ပွဲကာလအတွင်း တိုးချဲ့လုပ်ဆောင်မှုတွင် မိသားစုမည်သို့ပါဝင်နိုင်ကြောင်း ဆွေးနွေးရန် မိသားစုသင်အံမှုတစ်စိတ်တစ်ဒေသကို အသုံးပြုလိုပေမည်။ သင့်မိသားစုတစ်ခုလုံး အရန်ရှေ့ဆောင်လုပ်နိုင်မည်လော။ သို့မဟုတ် မိသားစုသည် မိသားစုဝင်တစ်ဦး သို့မဟုတ် တစ်ဦးထက်မက ထိုသို့လုပ်ဆောင်ရာတွင် ဝိုင်းဝန်းကူညီနိုင်မည်လော။ ထိုသို့မဖြစ်နိုင်လျှင် ဓမ္မအမှုတွင် မိသားစုလိုက် အချိန်ပိုမိုအသုံးပြုရန် သတ်သတ်မှတ်မှတ်ပန်းတိုင်များထားပါ။ မိသားစုဝင်များတွင် အားပေးမှုနှင့် အကူအညီအနည်းငယ်ဖြင့် နှစ်ခြင်းမခံရသေးသော ကြေညာသူတစ်ဦးအဖြစ် အရည်အချင်းပြည့်မီနိုင်သည့် ငယ်ရွယ်သူတစ်ဦးရှိသလော။ သင့်မိသားစုသည် ဤနှစ်သတိရအောက်မေ့ပွဲသို့ လူမည်မျှဖိတ်ခေါ်နိုင်မည်နည်း။ ကောင်းစွာစီစဉ်ခြင်းက သင့်မိသားစုအား ကောင်းချီးနှင့် ရွှင်လန်းမှုများစွာ ရရှိစေမည်ဖြစ်သည်။
၂၅ ကျန်ရှိနေသည့်အချိန်ကို အပြည့်အဝအသုံးချပါ– တမန်တော်ပေတရုသည် ပထမရာစုခရစ်ယာန်များထံ စာရေးရာတွင် ၎င်းတို့အား ဂျူးအစီအစဉ်စနစ်၏အဆုံး နီးပြီဖြစ်သောကြောင့် အချိန်ကာလ၏အရေးတကြီးဖြစ်မှုကို သတိပေးခဲ့သည်။ (၁ ပေ. ၄:၇) ယနေ့ အထောက်အထားအားလုံးက လက်ရှိကမ္ဘာ့အစီအစဉ်စနစ်၏အဆုံးသည် လက်တစ်ကမ်းသာလိုတော့ကြောင်း ဖော်ပြသည်။ ကျွန်ုပ်တို့၏ဘဝပုံစံက ထိုခံယူချက်ကို နေ့စဉ်ထင်ဟပ်နေသင့်သည်။ ယေဟောဝါ၏ ထက်သန်သောကျေးကျွန်များအနေနှင့် ကျွန်ုပ်တို့သည် အရေးကြီးသော သတင်းကောင်းကြေညာခြင်းလုပ်ငန်းအပေါ် အာရုံစိုက်သင့်သည်။—တိ. ၂:၁၃၊ ၁၄။
၂၆ ယခုအချိန်သည် စိတ်အားထက်သန်စွာ ပြုမူဆောင်ရွက်ရမည့်အချိန်ဖြစ်သည်! သင်၊ သင့်မိသားစုနှင့် အသင်းတော်အတွက် ယေဟောဝါလုပ်ဆောင်ပေးရာများကို တွေးတောဆင်ခြင်ပါ။ ကျွန်ုပ်တို့အား နည်းလမ်းများစွာဖြင့် အကျိုးပြုခဲ့ရာများအတွက် ကိုယ်တော်အား မည်သည့်အခါမျှ ပြန်မပေးဆပ်နိုင်သော်လည်း ကျွန်ုပ်တို့သည် ယေဟောဝါအား စိုးလ်အကြွင်းမဲ့ဝတ်ပြုမှုကို ပေးနိုင်သည်။ (ဆာ. ၁၁၆:၁၂-၁၄) ကျွန်ုပ်တို့၏ ဝီရိယရှိရှိကြိုးစားမှုများသည် အထက်အရပ်မှကောင်းချီးများဖြင့် ဆုချခံရမည်ဖြစ်သည်။ (သု. ၁၀:၂၂) “ဘုရားသခင်သည် အရာရာ၌ ယေရှုခရစ်အားဖြင့် ဘုန်းတော်ထင်ရှားစေ” ရန် ဤတိုးချဲ့လုပ်ဆောင်မည့်အထူးကာလအတွင်း ကျွန်ုပ်တို့အားလုံး “ကောင်းသောအမှုအရာအတွက် စိတ်ထက်သန်မှုရှိ” နိုင်ကြပါစေ။—၁ ပေ. ၃:၁၃၊ ကဘ; ၄:၁၁။
[စာမျက်နှာ ၃ ပါ ရုပ်ပုံ]
ကမ္ဘာတစ်ဝန်း သတိရအောက်မေ့ပွဲ တက်ရောက်သူဦးရေ
၁၉၉၉ ၁၄,၀၈၈,၇၅၁
၂၀၀၀ ၁၄,၈၇၂,၀၈၆
၂၀၀၁ ၁၅,၃၇၄,၉၈၆
၂၀၀၂ ၁၅,၅၉၇,၇၄၆
[စာမျက်နှာ ၄ ပါ ရုပ်ပုံ]
သတိရအောက်မေ့ပွဲသို့ မည်သူ့ကို သင်ဖိတ်ခေါ်မည်နည်း
□ မိသားစုနှင့် ဆွေမျိုးရင်းချာများ
□ အိမ်နီးချင်းများနှင့် အသိအကျွမ်းများ
□ အလုပ်ဖော်များနှင့် ကျောင်းနေဖက်များ
□ ပြန်လည်ပတ်မှုများနှင့် ကျမ်းစာသင်သားများ
[စာမျက်နှာ ၅ ပါ ရုပ်ပုံ]
သတိရအောက်မေ့ပွဲ တက်ရောက်သူများကို ကူညီပါ
□ လှိုက်လှိုက်လှဲလှဲကြိုဆိုပါ
□ ပြန်လည်ပတ်မှုများပြုလုပ်ပါ
□ သူတို့ကို ကျမ်းစာသင်အံမှု ကမ်းလှမ်းပါ
□ သူတို့ကို အထူးဟောပြောချက်တက်ရောက်ရန် ဖိတ်ခေါ်ပါ
[စာမျက်နှာ ၆ ပါ ရုပ်ပုံ]
သတိရအောက်မေ့ပွဲကာလအတွက် သင့်ပန်းတိုင်များကား အဘယ်နည်း
□ သင်ဖိတ်ခေါ်ထားသူတစ်စုံတစ်ဦးကို သတိရအောက်မေ့ပွဲ တက်စေပါ
□ သတင်းကောင်းကြေညာသူတစ်ဦးအဖြစ် အရည်အချင်းပြည့်မီပါ
□ ဓမ္မအမှုတွင် နာရီအတော်အသင့် အသုံးပြုပါ
□ ဓမ္မအမှု၏ကဏ္ဍအချို့တွင် တိုးတက်ပါ
□ အရန်ရှေ့ဆောင်တစ်ဦးအဖြစ် အမှုဆောင်ပါ