သက်သေခံမဟုတ်သည့်အိမ်ထောင်ဖက်များကို
မည်သို့ကူညီပေးနိုင်သနည်း
၁ညီအစ်ကိုများနှင့် ဖော်ဖော်ရွေရွေရှိကာ အသင်းတော်ကိုစိတ်ဝင်စားကြသော်လည်း ဘုရားသခင်၏ကျေးကျွန်များဖြစ်ရန် တွန့်ဆုတ်နေသူများနှင့် ယေဟောဝါ၏ကျေးကျွန်များစွာသည် ထိမ်းမြားထားကြသည်။ ခင်ပွန်းသည်တစ်ဦးက “တစ်အိမ်မှတစ်အိမ်သွားရတာ ကျွန်တော့်အတွက် အတားအဆီးကြီးတစ်ခုဖြစ်တယ်” ဟုဝန်ခံခဲ့သည်။ အခြားသူများတွင် ကျော်လွှားရန်လိုအပ်သည့် ကျမ်းစာနှင့်မညီသောအကျင့်များရှိပေမည် သို့မဟုတ် မိမိတို့၏အိမ်ထောင်ဖက်ကဲ့သို့ သီအိုကရက်တစ်ဇယားဖြင့် ဘယ်သောအခါမျှ အလုပ်များမနေနိုင်ဟု ယူမှတ်ကြပေမည်။ သူတို့ကို ကျွန်ုပ်တို့ မည်သို့ကူညီနိုင်သနည်း။
၂ပုဂ္ဂိုလ်ရေးစိတ်ဝင်စားမှုပြပါ– အခြားသူများအား ပုဂ္ဂိုလ်ရေးစိတ်ဝင်စားခြင်းနှင့် သူတို့၏စိုးရိမ်ပူပန်မှုများကို ဂရုပြုခြင်းက ကျမ်းစာသမ္မာတရားကိုတုံ့ပြန်ရန် သူတို့အတွက် လမ်းပွင့်စေနိုင်သည်။ (ဖိ. ၂:၄) ယခင်က မိမိတို့၏အိမ်ထောင်ဖက်နှင့် ယုံကြည်ခြင်းမတူသူများသည် အခြားသူများပြသခဲ့သည့် မေတ္တာပါသောစိတ်ဝင်စားမှုကို ဖော်ပြလေ့ရှိကြသည်။ “အသင်းတော်အကြီးအကဲတစ်ဦးဖြစ်တဲ့ ဟိုစေးက ကျွန်တော့်ကို အထူးစိတ်ဝင်စားမှုပြခဲ့တယ်။ နောက်ဆုံး ကျွန်တော် လေးလေးနက်နက်နဲ့ ကျမ်းစာစလေ့လာခဲ့တာလည်း သူ့အားပေးမှုကြောင့်ဖြစ်မယ်လို့ထင်တယ်” ဟုအစပိုင်းတွင်ဖော်ပြခဲ့သည့် ခင်ပွန်းသည်က ရှင်းပြခဲ့သည်။ လာရောက်လည်ပတ်ကြသောညီအစ်ကိုများသည် သူ၏စိတ်ဝင်စားရာများကိုပြောဆိုရန် ကြိုးပမ်းခဲ့ကြသည်ဟု အခြားခင်ပွန်းသည်တစ်ဦးက ပြန်ပြောပြ၏။ “[ကျွန်တော့်ဇနီးရဲ့] ယုံကြည်ချက်ကို လုံးဝခြားနားတဲ့ရှုထောင့်ကနေ စကြည့်ခဲ့တယ်။ သူ့မိတ်ဆွေတွေဟာ အကြောင်းမျိုးစုံပြောနိုင်တဲ့ ဗဟုသုတအလွန်ကြွယ်ဝသူတွေပဲ” ဟုဆိုသည်။—၁ ကော. ၉:၂၀-၂၃။
၃လက်တွေ့ကျအကူအညီပေးပါ– ကြင်နာစွာကူညီပေးမှုခံရခြင်းဖြင့်လည်း သက်သေခံမဟုတ်သောအိမ်ထောင်ဖက်များကို စွဲမှတ်သွားစေနိုင်သည်။ (သု. ၃:၂၇; ဂလ. ၆:၁၀) သက်သေခံလူငယ်တစ်ဦးသည် မယုံကြည်သူခင်ပွန်းသည်တစ်ဦး၏ကား စက်ပျက်သွားသောအခါ ကူညီပေးခဲ့သည်။ “အဲ့ဒါဟာ ကျွန်တော့်အတွက် တကယ့်ကို စွဲမှတ်စရာဖြစ်ခဲ့တယ်” ဟု ထိုသူက ပြန်ပြောပြသည်။ အခြားညီအစ်ကိုတစ်ဦးမူ ညီအစ်မတစ်ဦး၏ မယုံကြည်သူခင်ပွန်းအား အိမ်ခြံစည်းရိုးခတ်ရာတွင် တစ်နေကုန် ကူညီပေးခဲ့သည်။ သူတို့သည် အတူတူအလုပ်လုပ်ကာ စကားပြောဆိုကြစဉ် ခင်မင်ရင်းနှီးလာသည်။ နှစ်ပတ်ကြာပြီးနောက် ထိုသူသည် ညီအစ်ကိုထံချဉ်းကပ်၍ “ကျွန်တော်ရဲ့အသက်တာမှာ အပြောင်းအလဲတချို့လုပ်ဖို့ အချိန်တန်ပြီ။ ကျွန်တော့်ကို ကျမ်းစာသင်ပေးနိုင်မလား” ဟုဆိုသည်။ သူသည် အလျင်အမြန်တိုးတက်လာကာ ယခု နှစ်ခြင်းခံပြီးသော သက်သေခံတစ်ဦးဖြစ်နေပြီ။
၄ကျွန်ုပ်တို့၏ရပ်ကွက်ရှိ ထိုက်တန်သူများကို ဆက်လက်ရှာဖွေနေစဉ် ကျွန်ုပ်တို့၏ယုံကြည်သူချင်းများနှင့် ထိမ်းမြားထားသူများအား ဆက်လက်ကူညီပေးကြစို့။—၁ တိ. ၂:၁-၄။