သင့်အသင်းတော်စာအုပ်ကြီးသင်တန်း ကြီးကြပ်မှူးကို ကူညီပါ
၁ ကျွန်ုပ်တို့တစ်ဦးစီသည် အသင်းတော်စာအုပ်ကြီးသင်တန်းမှ အကျိုးကျေးဇူးများစွာ ရရှိကြသည်။ အသင်းတော်စာအုပ်ကြီးသင်တန်းကြီးကြပ်မှူးသည် သူ၏အခန်းကဏ္ဍကို မည်သို့ကျေပွန်အောင်ဆောင်ရွက်ကြောင်း ယခင်လက ကျွန်ုပ်တို့ဆွေးနွေးခဲ့ကြသည်။ သို့သော် သူ့ကိုကူညီပေးရန်နှင့် ယင်းသို့ပြုခြင်းဖြင့် ကိုယ်တိုင်နှင့် အခြားသူများ အကျိုးကျေးဇူးရရှိရန် ကျွန်ုပ်တို့အဘယ်အရာပြုလုပ်နိုင်သနည်း။
၂ အပတ်တိုင်းတက်ရောက်ပါ– စာအုပ်ကြီးသင်တန်းအုပ်စုများသည် သေးငယ်သောကြောင့် သင်၏တက်ရောက်မှုသည် အရေးပါ၏။ အပတ်တိုင်းတက်ရောက်ရန် ပန်းတိုင်ထားပါ။ သင်သည် အချိန်မီရောက်ရှိခြင်းဖြင့်လည်း အကူအညီပေးနိုင်၏၊ အကြောင်းမှာ ယင်းက ကြီးကြပ်မှူးအား အစည်းအဝေးကို စနစ်တကျစတင်ခွင့် ရစေသည်။—၁ ကော. ၁၄:၄၀။
၃ တည်ဆောက်မှုဖြစ်စေသောအဖြေများ– သင်အကူအညီပေးနိုင်သည့် နောက်တစ်နည်းမှာ ကောင်းစွာပြင်ဆင်ပြီး တည်ဆောက်မှုဖြစ်စေသော အဖြေများပေးခြင်းအားဖြင့်ဖြစ်သည်။ အချက်တစ်ချက်တည်းကိုသာ အာရုံစိုက်သည့်အဖြေများသည် များသောအားဖြင့် အကောင်းဆုံးဖြစ်၏။ ယင်းက အခြားသူများကိုလည်း အဖြေပေးရန် အားတက်စေသည်။ အပိုဒ်တစ်ပိုဒ်တွင်ပါသည့် အရာအားလုံးကိုဖြေရန် မကြိုးစားပါနှင့်။ အကြောင်းအရာပါအချက်တစ်ချက်သည် သင့်နှလုံးကိုထိမိလျှင် မှတ်ချက်ပေးရာတွင် သင်၏သဘောထားကိုဝေမျှခြင်းဖြင့် ဆွေးနွေးခန်းကို ပိုမိုစိတ်ဝင်စားဖွယ်ဖြစ်စေပါ။—၁ ပေ. ၄:၁၀။
၄ သင်သည် အုပ်စု၏အကျိုးအတွက် အပိုဒ်ဖတ်ရသည့် အခွင့်အရေးရထားလျှင် ထိုတာဝန်ကိုထမ်းဆောင်ရာ၌ ဝီရိယရှိပါ။ ကောင်းစွာဖတ်ရှုခြင်းက လေ့လာမှုကို နှစ်လိုဖွယ်ဖြစ်စေ၏။—၁ တိ. ၄:၁၃။
၅ အုပ်စုလိုက်သက်သေခံခြင်း– လယ်ကွင်းလုပ်ငန်းတွေ့ဆုံမှုများကို စာအုပ်ကြီးသင်တန်းကျင်းပသည့် နေရာများစွာတွင် ကျင်းပသည်။ ယင်းအစီအစဉ်များအပေါ် သင်၏ထောက်ခံမှုသည် ဧဝံဂေလိလုပ်ငန်းတွင်ဦးဆောင်စဉ် ကြီးကြပ်မှူးအား အကူအညီဖြစ်စေသည်။ ယင်းအစီအစဉ်များကို သင်၏ညီအစ်ကိုများနှင့် ပို၍ရင်းနှီးရန်နှင့် သူတို့ကိုအားပေးရန် အခွင့်အရေးများအဖြစ် ရှုမြင်ပါ။
၆ လယ်ကွင်းလုပ်ငန်းမှတ်တမ်းများ– လကုန်တိုင်း သင်၏လယ်ကွင်းလုပ်ငန်းမှတ်တမ်းကို အချိန်မီပေးခြင်းသည် ကြီးကြပ်မှူးကိုကူညီရန် နောက်တစ်နည်းဖြစ်၏။ သူ့အား သင်၏မှတ်တမ်းကို တိုက်ရိုက်ပေးနိုင်သည် သို့မဟုတ် နိုင်ငံတော်ခန်းမတွင် လုပ်ငန်းတော်မှတ်တမ်းအတွက် သတ်မှတ်ထားသည့် သေတ္တာတွင်ထည့်နိုင်သည်။ အတွင်းရေးမှူးသည် စာအုပ်ကြီးသင်တန်း ကြီးကြပ်မှူးများကောက်ထားသည့် လယ်ကွင်းလုပ်ငန်းမှတ်တမ်းများကိုစုသိမ်းရန် မှတ်တမ်းသေတ္တာကိုအသုံးပြုနိုင်သည်။
၇ အသင်းတော်စာအုပ်ကြီးသင်တန်းကြီးကြပ်မှူးနှင့် သင်၏ပူးပေါင်းလုပ်ဆောင်မှုသည် သတိပြုမခံရဘဲမနေပါ။ ထို့ထက်ကား ယေဟောဝါသည် “သင်တို့၏စိတ်ဝိညာဉ်နှင့်အတူရှိ” တော်မူမည်ဖြစ်ကြောင်း စိတ်ချနိုင်ပါသည်။—ဖိ. ၄:၁၃၊ သမ္မာ။