အပိုင်း ၁၁–တိုးတက်သောကျမ်းစာသင်အံမှုများကျင်းပခြင်း
ပြန်လည်ပတ်မှုများပြုလုပ်တတ်ရန် သင်သားများအား ကူညီပေးခြင်း
၁ ကျမ်းစာသင်သားတစ်ဦးသည် ဟောပြောခြင်းလုပ်ငန်းတွင် စတင်ပါဝင်သည့်အခါ သတင်းကောင်းကို စိတ်ဝင်စားသူများနှင့် သူတွေ့ဆုံပါလိမ့်မည်။ ထိရောက်သောပြန်လည်ပတ်မှုများပြုလုပ်တတ်ရန်နှင့် စိတ်ဝင်စားမှုကို ပြုစုပျိုးထောင်ပေးတတ်ရန် ကြေညာသူလူသစ်တစ်ဦးအား ကျွန်ုပ်တို့ မည်သို့ကူညီနိုင်သနည်း။
၂ ပြန်လည်ပတ်မှုတစ်ခုအတွက် ပြင်ဆင်မှုသည် ဦးဆုံးလည်ပတ်ချိန်တွင် စတင်သည်။ သူဟောပြောသည့်သူများအပေါ် စိတ်ရင်းမှန်ဖြင့် စိတ်ဝင်စားမှုပြရန် သင်သားကို အားပေးပါ။ (ဖိ. ၂:၄) သူတို့၏သဘောကိုနှိုက်ထုတ်ရန်၊ သူတို့ပြောဆိုရာများကို နားထောင်ပေးရန်နှင့် သူတို့၏စိုးရိမ်မကင်းဖြစ်မှုများကို ရေးမှတ်ထားရန် သူ့အား အဆင့်ဆင့် လေ့ကျင့်ပေးပါ။ တစ်စုံတစ်ဦးက စိတ်ဝင်စားမှုပြသည့်အခါ လည်ပတ်မှုနှင့်စပ်လျဉ်း၍ သက်ဆိုင်သောအချက်အလက်များကို ကြေညာသူလူသစ်အား ရေးမှတ်စေပါ။ နောက်ထပ်ဆွေးနွေးမှုများစီစဉ်တတ်ရန် ကူညီပေးဖို့ ထိုအချက်အလက်များကို အသုံးပြုပါ။
၃ ပန်သွားရန် ပြင်ဆင်ခြင်း– ဦးဆုံးအကြိမ်လည်ပတ်မှုကို ပြန်သုံးသပ်ပြီး အိမ်ရှင်နှစ်သက်မည့် နိုင်ငံတော်သတင်း၏ကဏ္ဍတစ်ခုကို မည်သို့ရွေးချယ်ကြောင်း သင်သားအား ပြပေးပါ။ (၁ ကော. ၉:၁၉-၂၃) လေ့လာသည့် စာအုပ်တစ်အုပ်မှ အပိုဒ်တစ်ခုနှင့်အတူ ကျမ်းချက်တစ်ချက်ကို အသားပေးသည့် တိုတုတ်သောတင်ဆက်မှုတစ်ခုကို အတူပြင်ဆင်ပါ။ ထို့ပြင် နောက်တစ်ကြိမ်လည်ပတ်မှုအတွက် လမ်းခင်းရန် ဆွေးနွေးခန်းအဆုံးတွင် မေးနိုင်သည့်မေးခွန်းတစ်ခုကို ပြင်ဆင်ပါ။ ဆက်တိုက်ပြုလုပ်မည့် လည်ပတ်မှုတစ်ခုစီတွင် ထိုသူ၌ ဘုရားသခင့်နှုတ်ကပါဌ်တော်အသိပညာ တိုးတက်စေနိုင်ပုံကို ကြေညာသူလူသစ်အား ပြပေးပါ။
၄ သင်သားအား ရိုးရှင်းသောနိဒါန်းတစ်ခု ပြင်ပေးခြင်းကလည်း အထောက်အကူပြု၏။ အိမ်ရှင်အား နှုတ်ဆက်ပြီးနောက် သူ ဤသို့ပြောနိုင်သည်– “အရင်တစ်ခေါက်က ကျွန်တော်တို့ စကားပြောလို့သိပ်ကောင်းတယ်။ [အကြောင်းအရာကိုဖော်ပြ] အကြောင်းနဲ့ပတ်သက်တဲ့ နောက်ထပ် ကျမ်းစာအချက်အလက်တွေကို ဝေမျှပေးဖို့ ပြန်လာတာပါ။” အခြားပုဂ္ဂိုလ်တစ်ဦးက တံခါးလာဖွင့်ပေးမည်ဆိုလျှင် မည်သို့တုံ့ပြန်ရမည်ကိုလည်း ကြေညာသူလူသစ်အား ပြပေးဖို့လိုပေမည်။
၅ ဝီရိယရှိရှိပြန်သွားပါ– စိတ်ဝင်စားသူတိုင်းထံ ချက်ချင်းပြန်သွားခြင်းဖြင့် ပုံသက်သေကောင်းချမှတ်ရန် သင်သားကို အားပေးပါ။ အိမ်တွင် လူတွေ့ဖို့ဆိုလျှင် မဆုတ်မနစ်ဇွဲဖြင့် ပြန်သွားဖို့လိုပေမည်။ ထပ်မံလည်ပတ်ရန် ချိန်းဆိုမှုများပြုလုပ်ပုံကို သင်ပေးပြီး ကတိအတိုင်း ပြန်သွားဖို့လိုအပ်ကြောင်း နားလည်ရန် သင်သားအား ကူညီပေးပါ။ (မ. ၅:၃၇) သိုးကဲ့သို့သောသူများကို ရှာဖွေပြီး သူတို့၏စိတ်ဝင်စားမှုကို ပြုစုပျိုးထောင်ပေးစဉ် ကြင်နာမှု၊ ထောက်ထားညှာတာမှုနှင့် လေးစားမှုတို့ရှိရန် ကြေညာသူလူသစ်အား လေ့ကျင့်ပေးပါ။—တိ. ၃:၂။