တစ်ဆင့်ညွှန်ပေးရန် သင်တောင်းဆိုသလော
သင်သည် လောလောဆယ် ကျမ်းစာသင်အံမှုတစ်ခု ကျင်းပနေလျှင် သင်သားအား သူ၏မိတ်ဆွေ၊ ဆွေမျိုး သို့မဟုတ် အသိအကျွမ်းများထဲမှလည်း ကျမ်းစာလေ့လာလိုသူရှိမရှိ မေးမြန်းကြည့်ပါ။ များသောအားဖြင့် နာမည်အချို့ကို ပြောပြပါလိမ့်မည်။ သင်သား၏ခွင့်ပြုချက်ဖြင့် ကျမ်းစာသင်အံမှုကမ်းလှမ်းရန် ထိုသူတို့ထံ လည်ပတ်သည့်အခါ သင်သား၏နာမည်ကို ပြောပြနိုင်သည်။ သင် ဤသို့ပြောနိုင်သည်– “[သင်သား၏အမည်] ဟာ ကျမ်းစာလေ့လာတာကို နှစ်သက်ပြီး ခင်ဗျားလည်း ကျွန်တော်တို့ရဲ့ အခမဲ့ ကျမ်းစာသင်တန်းအစီအစဉ်ကနေ အကျိုးရလိုလိမ့်မယ်လို့ သူက ယူဆပါတယ်။” ထို့နောက် သမ္မာကျမ်းစာသွန်သင်ရာ စာအုပ်အသုံးပြု၍ သင်အံမှုကျင်းပပုံကို တိုတိုတုတ်တုတ် သရုပ်ပြပါ။
သင်၌ ကောင်းစွာတိုးတက်နေသည့် သင်သားတစ်ဦးရှိလျှင် စိတ်ဝင်စားကောင်းစိတ်ဝင်စားမည့် မိတ်ဆွေများ၊ မိသားစုဝင်များအား သင်အံမှုအစီအစဉ်အကြောင်း ပြောပြရန် သူ့ကို အားပေးနိုင်သည်။ သူသည် ကျမ်းစာလေ့လာသည့်အခါ မိမိနှင့်အတူလာထိုင်ရန် သူတို့ကို ဖိတ်ခေါ်နိုင်သည်။ ထိုသို့ပြုရန် အဆင်မပြေလျှင် သူသည် သင်အံမှုအစီအစဉ်ကို သရုပ်ပြရန် သူတို့နှင့် သင့်ကိုတွေ့ပေးဖို့ စီစဉ်ပေးနိုင်သည်။ ထိုသို့ပြုခြင်းက အခြားသူများအား ကျမ်းစာအသိပညာစတင်ဝေမျှရန် သင်သားကို အားပေးရာရောက်မည်။
သင် ပြန်လည်ပတ်မှု ပုံမှန်ပြုလုပ်နေသူများသည်လည်း သူတို့ကိုယ်တိုင် ပုံမှန်ကျမ်းစာသင်အံမှု လက်မခံသေးသည့်တိုင် သူတို့သည် သင့်ကို တစ်ဆင့်ညွှန်ပေးနိုင်သည်။ သူတို့ကို သမ္မာကျမ်းစာသွန်သင်ရာ စာအုပ်ဝေငှသည့်အခါ “ဒီစာအုပ်ကိုရချင်တဲ့ တခြားသူတစ်ဦးဦးကို ခင်ဗျားသိသလား” ဟုမေးကြည့်နိုင်သည်။
ကျွန်ုပ်တို့သည် ခေတ်ကာလ၏အရေးတကြီးဖြစ်မှုကို ထောက်ရှု၍ သတင်းကောင်းကို ကြားနာပြီး လက်ခံလာရန် လူတို့အား ကူညီပေးဖို့ ဖြစ်နိုင်သောနည်းလမ်းတိုင်းကို အသုံးပြုလိုကြသည်။ တစ်ဆင့်ညွှန်ပေးရန် သင်တောင်းဆိုသလော။