တိုးတက်သော အိမ်တံခါးဝသင်အံမှုများနှင့် တယ်လီဖုန်းဖြင့်ကျင်းပသောသင်အံမှုများ
၁။ ကျမ်းစာသင်အံမှုများကျင်းပရာတွင် ကျွန်ုပ်တို့၏ ရည်ရွယ်ချက်ကား အဘယ်နည်း။
၁ ကျမ်းစာသင်အံမှုတစ်ခုစရသည်မှာ အလွန်ပျော်ရွှင်စရာပင်! သို့သော် ကျမ်းစာလေ့လာရန် စိတ်ဝင်စားသူတစ်ဦးကို ရှာတွေ့ ခြင်းသည် အစသာရှိသေး၏။ သင်အံမှု၏ရည်ရွယ်ချက်မှာ ခရစ်တော်၏ တပည့်စစ်တစ်ဦးဖြစ်လာရန် လူတို့ကို ကူညီပေးဖို့ဖြစ်သည်။ (မ. ၂၈:၁၉၊ ၂၀) ထိုပန်းတိုင်သို့ရောက်ရှိရန် အဘယ်အရာက ကျွန်ုပ်တို့ကို ကူညီပေးနိုင်သနည်း။
၂။ အိမ်တံခါးဝသင်အံမှုနှင့် တယ်လီဖုန်းဖြင့်ကျင်းပသောသင်အံမှုများဟူသည် အဘယ်နည်း။ ယင်းတို့သည် အဘယ်ကြောင့် ထိရောက်မှုရှိသနည်း။
၂ အလုပ်များသူများ– ယနေ့ လူတို့သည် ပို၍ပို၍အလုပ်များလာကြသည်။ ဒေသအချို့တွင် အစပိုင်း၌ တစ်နာရီအပြည့် အချိန်ပေး၍ ကျမ်းစာလေ့လာလိုသူ မရှိသလောက်ပင်။ ထိုသို့သောသူများကိုကူညီရန် အိမ်တံခါးဝတွင် သို့မဟုတ် တယ်လီဖုန်းဖြင့် ကျမ်းစာသင်အံမှုများစတင်ကျင်းပဖို့ ကျွန်ုပ်တို့ အားပေးခံခဲ့ကြရပြီ။ အစပိုင်းတွင် ဤသင်အံမှုများကို တိုတိုတုတ်တုတ်ကျင်းပမည်ဖြစ်ပြီး သမ္မာကျမ်းစာသွန်သင်ရာ ကဲ့သို့သောစာအုပ်မှ အပိုဒ်တစ်ပိုဒ်နှစ်ပိုဒ်ကို အသုံးပြု၍ ကျမ်းချက်အနည်းငယ်သာ ဆွေးနွေးပေမည်။ ယခုအခါ ကြေညာသူများစွာသည် အိမ်တံခါးဝတွင် သို့မဟုတ် တယ်လီဖုန်းဖြင့် ထိုသို့သောသင်အံမှုများကျင်းပနေသည်မှာ အလွန်ချီးမွမ်းထိုက်သည်!
၃။ အိမ်တံခါးဝသင်အံမှုကျင်းပချိန်ကို တိုးမြှင့်ရန် အဘယ်ကြောင့် ကြိုးစားသင့်သနည်း။
၃ သို့သော် အိမ်တံခါးဝသင်အံမှုကို အချိန်အကန့်အသတ်မရှိ ဆက်လက်ကျင်းပနေခြင်းဖြင့် ကျေနပ်နေသင့်သလော။ ကျေနပ်မနေသင့်ပေ။ သင်အံမှုတစ်ခုကို ဦးဆုံးအကြိမ်စသည့်အခါ အိမ်တံခါးဝတွင် ကြာကြာမနေခြင်းသည် ပညာရှိရာရောက်သော်လည်း ဇူလိုင် ၁၉၉၀ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု၊ စာမျက်နှာ ၆ တွင် ဤသို့ဖော်ပြထားသည်– “သင်အံမှုသည် အတည်တကျရှိပြီး အိမ်ရှင်၏စိတ်ဝင်စားမှု တိုးများလာပြီဆိုလျှင် လေ့လာချိန်ကို တိုးပေးနိုင်ပေမည်။” ယင်းသို့ပြုရန် အရေးကြီး၏။ ဥပမာအနေနှင့် ငတ်ပြတ်နေသောကလေးတစ်ဦးကို ခံတွင်းပြန်မကောင်းမချင်း အစားအစာကျွေးသည့်အခါ အစပိုင်းတွင် အနည်းငယ်သာကျွေးပေမည်။ သို့သော် သူ့အား လနှင့်ချီပြီး ထိုအတိုင်း အနည်းငယ်သာကျွေးမည်ဆိုလျှင် ခွန်အားအပြည့်အဝပြန်ရရှိပြီး ပုံမှန်ကြီးထွားရန် မမျှော်လင့်နိုင်ပေ။ ထိုနည်းတူ ကျမ်းစာသင်သားတစ်ဦးသည် ဘုရားသခင်၏ ရင့်ကျက်သောကျေးကျွန်တစ်ဦးအဖြစ် ကြီးထွားလာရန် စနစ်တကျနှင့် ပုံမှန်သင်အံမှုပြုဖို့ ထပ်မံလိုအပ်သည်။—ဟေဗြဲ ၅:၁၃၊ ၁၄။
၄။ အိမ်ထဲတွင် ကျမ်းစာသင်အံမှုကျင်းပခြင်း၏ အကျိုးကျေးဇူးများကား အဘယ်နည်း။
၄ အိမ်တွင်းကျမ်းစာသင်အံမှုများ– သီးသန့်နေရာတစ်ခုဖြစ်သော အိမ်ထဲတွင်ဖြစ်စေ၊ သင့်လျော်သည့် အခြားနေရာတစ်ခုခုတွင်ဖြစ်စေ သင်အံမှုကျင်းပခြင်းသည် ပိုကောင်းသည်။ ယင်းက သင်ယူရန် ပို၍လွယ်ကူစေပြီး ဘုရားသခင့်နှုတ်ကပါဌ်တော်ကို သဘောပေါက်ရန် သင်သားအတွက် အကူအညီဖြစ်စေမည်။ (မ. ၁၃:၂၃) သွန်သင်ပေးသူအတွက်လည်း သင်သား၏လိုအပ်ရာများနှင့်အညီ လေ့လာသောအကြောင်းအရာကို ပြုပြင်ပြောင်းလဲဖို့ ပို၍အထောက်အကူဖြစ်မည်။ ထို့ပြင် လေ့လာချိန် ပိုကြာခြင်းဖြင့် ယုံကြည်ခြင်းခိုင်ခံ့စေရန် ဘုရားသခင့်နှုတ်ကပါဌ်တော်ကို ပို၍စေ့စေ့စပ်စပ် သုံးသပ်ခွင့်ရစေမည်။—ရော. ၁၀:၁၇။
၅။ အိမ်တံခါးဝသင်အံမှုမှ အိမ်တွင်းသင်အံမှုသို့ မည်သို့ကူးပြောင်းနိုင်သနည်း။
၅ အိမ်တံခါးဝသင်အံမှုမှ အိမ်တွင်းသင်အံမှုသို့ သင် မည်သို့ကူးပြောင်းနိုင်သနည်း။ တိုတုတ်သည့်သင်အံမှု အကြိမ်ကြိမ်ကျင်းပပြီးနောက် အချိန်ပိုကြာကြာသတ်မှတ်လေ့လာရန် ကမ်းလှမ်းပါ။ သို့မဟုတ် ထိုသူအား “ဒီအကြောင်းအရာကို အတူထိုင်ပြီး ဆွေးနွေးဖို့ ဒီနေ့ အချိန်ရနိုင်မလား” သို့မဟုတ် “ဒီအကြောင်းအရာကို ဒီနေ့ ဘယ်လောက်ကြာကြာဆွေးနွေးချင်သလဲ” ဟူ၍မေးခြင်းဖြင့် သွယ်ဝိုက်ချဉ်းကပ်နည်းကို အသုံးပြုနိုင်သည်။ သင်၏ကြိုးပမ်းမှုများမအောင်မြင်လျှင် တိုတုတ်သည့် အိမ်တံခါးဝသင်အံမှုများကို ဆက်၍သာကျင်းပပါ။ သင့်လျော်သည့်အချိန်တွင် အိမ်တွင်းသို့ ကူးပြောင်းရန် ထပ်မံကြိုးစားကြည့်ပါ။
၆။ ဓမ္မအမှုကို မည်သည့်ရည်ရွယ်ချက်ဖြင့် ထမ်းဆောင်သင့်သနည်း။ ဤဆောင်းပါးမှ အကြံပြုချက်များက ထိုရည်ရွယ်ချက် အထမြောက်စေရန် ကျွန်ုပ်တို့ကို မည်သို့ကူညီပေးနိုင်သနည်း။
၆ ထိုက်တန်သူများအား ဆက်လက်ရှာဖွေစဉ် ကျမ်းစာသင်အံမှုများ စတင်ကျင်းပရန်ဟူသော ကျွန်ုပ်တို့၏ပန်းတိုင်ကို မျက်ခြည်အပြတ်မခံဘဲနေကြစို့။ ကျွန်ုပ်တို့၏ပန်းတိုင်မှာ စိတ်နှလုံးရိုးဖြောင့်သူများအား ယေဟောဝါ၏ ဆက်ကပ်အပ်နှံ နှစ်ခြင်းခံပြီးသောကျေးကျွန်များဖြစ်လာရန် ကူညီပေးဖို့ဖြစ်သည်။ ဤရည်ရွယ်ချက်ဖြင့် ဓမ္မအမှုထမ်းဆောင်စဉ် ကျွန်ုပ်တို့၏ကြိုးပမ်းမှုများကို ကိုယ်တော်ကောင်းချီးပေးပါစေ။—၂ တိ. ၄:၅။