ဓမ္မအမှုတွင် ကျွန်ုပ်တို့ ဇွဲထက်သန်နေရမည်
၁ ယေဟောဝါသက်သေများသည် ၁၉၉၂ ခုနှစ်မှစ၍ နှစ်စဉ်နာရီပေါင်း သန်းတစ်ထောင်ကျော်ကို ကမ္ဘာချီနိုင်ငံတော်သတင်းဟောပြောခြင်းနှင့် တပည့်ဖြစ်စေခြင်းလုပ်ငန်းတွင် ဇွဲထက်သန်စွာ အသုံးပြုနေကြသည်။ ကျွန်ုပ်တို့လည်း ထိုမဟာပြီးမြောက်မှုကြီးတွင် တစ်ထောင့်တစ်နေရာမှ ပါဝင်ခွင့်ရရှိထား၍ အလွန်ဝမ်းမြောက်ကြသည်။—မ. ၂၈:၁၉၊ ၂၀။
၂ ဤ “ခဲယဉ်းသောကာလ” အတွင်း ဓမ္မအမှုတွင် ကျွန်ုပ်တို့ကို ထောက်မကူညီပေးသော ယေဟောဝါကို ကျေးဇူးတင်ချီးမွမ်းထိုက်ပါသည်။ (၂ တိ. ၃:၁) အရေးပါသော ထိုလုပ်ငန်းတွင် ဆက်၍ ဇွဲထက်သန်စွာပါဝင်နိုင်ရန် ကျွန်ုပ်တို့ အဘယ်အရာလုပ်ဆောင်ဖို့လိုသနည်း။
၃ ဇွဲထက်သန်ရန် အခြေခံ– ဘုရားသခင်နှင့်လူသားချင်းကို နှစ်နှစ်ကာကာချစ်ခြင်းအပြင် ကျွန်ုပ်တို့၏ဆက်ကပ်အပ်နှံမှုနှင့်အညီ အသက်ရှင်လိုသည့်ဆန္ဒက နိုင်ငံတော်လုပ်ငန်းတွင်ပါဝင်ရန် လှုံ့ဆော်ပေးသည်။ (မ. ၂၂:၃၇-၃၉; ၁ ယော. ၅:၃) မေတ္တာသည် ကိုယ်ကျိုးစွန့်ရန် လှုံ့ဆော်ပေးသောကြောင့် ဟောပြောခြင်းလုပ်ငန်းတွင် ကျွန်ုပ်တို့ အပြည့်အဝပါဝင်နိုင်သည်။—လု. ၉:၂၃။
၄ ဇွဲထက်သန်နေရန် ကြိုးစားပါ– ဓမ္မအမှုတွင် ကျွန်ုပ်တို့ ဇွဲလျော့နည်းသွားစေရန် ရန်သူကြီးစာတန် အစွမ်းကုန်ကြိုးပမ်းလျက်ရှိသည်။ ရပ်ကွက်ရှိလူတို့၏ လျစ်လျူရှုမှုများ၊ ဤလောက၏စိတ်ပျံ့လွင့်စရာများ၊ နေ့စဉ်အသက်တာ၏ဖိအားပေးမှုများနှင့် ကျန်းမာရေးချို့တဲ့မှုအတွက် စိုးရိမ်ပူပန်မှုများသည် ကျွန်ုပ်တို့စိတ်ဓာတ်ကျသွားစေရန် စာတန်အသုံးပြုနေသောအရာအချို့မျှသာဖြစ်၏။
၅ ထို့ကြောင့် ကျွန်ုပ်တို့ ဇွဲထက်သန်နေစေရန် ကြိုးစားအားထုတ်ရမည်။ ကျွန်ုပ်တို့၏ “ရှေးဦးစွာသောချစ်ခြင်းမေတ္တာ” ကို ဆက်၍ရှင်သန်နေစေရန် အရေးကြီးလှသည်။ ယင်းတွင် သမ္မာကျမ်းစာကိုမှန်မှန်ဖတ်ရှု၍ တွေးတောဆင်ခြင်ခြင်း၊ ‘သစ္စာနှင့်သတိပညာရှိကျွန်’ ၏ပြင်ဆင်ပေးချက်အားလုံးကို အသုံးချခြင်းတို့ပါဝင်သည်။—ဗျာ. ၂:၄; မ. ၂၄:၄၅; ဆာ. ၁၁၉:၉၇။
၆ ကျမ်းစာပရောဖက်ပြုချက်များက ရှင်းလင်းစွာဖော်ပြသည့်အတိုင်း ဘုရားတရားမဲ့သူတို့ကိုဖျက်ဆီးမည့် ယေဟောဝါ၏နေ့သည် အလျင်အမြန်ချဉ်းကပ်လာနေပြီ။ (၂ ပေ. ၂:၃; ၃:၁၀) ယင်းကိုစိတ်စွဲမှတ်လျက် ဓမ္မအမှုတွင် ဇွဲထက်သန်နေရန်၊ ယနေ့လုပ်ဆောင်လျက်ရှိသည့် ကမ္ဘာချီနိုင်ငံတော်သတင်းဟောပြောခြင်းနှင့် တပည့်ဖြစ်စေခြင်းလုပ်ငန်းတွင် အပြည့်အဝပါဝင်ရန် ကြိုးစားအားထုတ်ကြပါစို့။