အခြားသူများအား ဝေမျှရန် အဖိုးတန်ဘဏ္ဍာကို ကျွန်ုပ်တို့ရရှိထား
၁ ဘုရားသခင့်နှုတ်ကပါဌ်တော်တွင် ကျွန်ုပ်တို့နှစ်သက်မြတ်နိုးသော အဖိုးတန်သွန်သင်ချက် အမြောက်အမြားပါရှိသည်။ (ဆာ. ၁၂:၆; ၁၁၉:၁၁၊ ၁၄) တစ်ကြိမ်တွင် ယေရှုသည် နိုင်ငံတော်၏ကဏ္ဍအမျိုးမျိုးကို ပုံဖော်သော ပုံဥပမာများကို အသုံးပြုပြီးနောက် တပည့်တော်များအား “ဤအရာအလုံးစုံတို့ကို သင်တို့သည် နားလည်ကြသလော” ဟု မေးတော်မူ၏။ တပည့်များက နားလည်ပါပြီဟု လျှောက်သောအခါ သူတို့ကို ကိုယ်တော်ဤသို့မိန့်ဆိုသည်– “သို့ဖြစ်၍ ကောင်းကင်နိုင်ငံတော်၏အကြောင်းအရာကို သင်ပြီးသော ကျမ်းဆရာမည်သည်ကား မိမိဘဏ္ဍာထဲက အထူးထူးအပြားပြားသော အသစ်အဟောင်းတို့ကို ထုတ်ဖော်သောအိမ်ရှင်နှင့်တူသည်။”—မ. ၁၃:၁-၅၂။
၂ ကျွန်ုပ်တို့ ကျမ်းစာစလေ့လာစဉ် သိရှိခဲ့ရသော ကျမ်းစာအမှန်တရားများကို ဘဏ္ဍာဟောင်းအဖြစ် ရှုမြင်နိုင်သည်။ သမ္မာကျမ်းစာကို နက်နက်နဲနဲကိုယ်ပိုင်လေ့လာရာမှ တိုးသိနားလည်လာသော ကျမ်းစာအမှန်တရားအသိပညာသည် ကျွန်ုပ်တို့အတွက် ဘဏ္ဍာသစ်ဖြစ်သည်။ (၁ ကော. ၂:၇) ထို့ပြင် ‘သစ္စာနှင့်သတိပညာရှိကျွန်’ မှတစ်ဆင့်လည်း ဘဏ္ဍာသစ်များကို နားလည်လာသည်။—မ. ၂၄:၄၅။
၃ ထိုဝိညာဏဘဏ္ဍာအသစ်အဟောင်းတို့ကို ကျွန်ုပ်တို့ အလွန်တန်ဖိုးထားလေးမြတ်ကြသည်။ ယင်းက ကျွန်ုပ်တို့သင်ယူသိရှိလာသော အဖိုးတန်အမှန်တရားများကို အခြားသူများအား ရက်ရောစွာဝေမျှခြင်းဖြင့် သမ္မာကျမ်းစာကို သွန်သင်သောဆရာများအဖြစ် လေ့ကျင့်မှုနှင့် အတွေ့အကြုံများရယူရန် လှုံ့ဆော်ပေးပါသည်။
၄ ယေရှု၏ပုံသက်သေမှ သင်ယူပါ– ယေရှုသည် ထိုဘဏ္ဍာများကို အခြားသူများအားဝေမျှရန် အကြီးအကျယ်ကြိုးစားအားထုတ်ခဲ့ခြင်းဖြင့် ယင်းတို့နှင့်ပတ်သက်၍ မိမိမည်သို့ခံစားရသည်ကို ဖော်ပြခဲ့သည်။ အလွန်ပင်ပန်းနွမ်းနယ်နေသည့်တိုင် မိမိ ‘ဘဏ္ဍာတိုက်’ ထဲမှ ဘဏ္ဍာများကို မထုတ်ဖော်ဘဲမနေခဲ့ပါ။—ယော. ၄:၆-၁၄။
၅ ဘုရားသခင်နှင့် ကိုယ်တော့်ရည်ရွယ်ချက်အကြောင်း အမှန်အတိုင်းမသိသေးသူများကို ယေရှုချစ်သောကြောင့် အသက်ပေးနိုင်သော ဘုရားသခင့်အမှန်တရားဘဏ္ဍာများကို သူတို့အား ဝေမျှခဲ့သည်။ (ဆာ. ၇၂:၁၃) ဝိညာဉ်ရေးအရ ဆာလောင်မွတ်သိပ်နေသူများ၊ တစ်နည်းအားဖြင့် ဘုရားသခင်နှင့် ကိုယ်တော့်ရည်ရွယ်ချက်အကြောင်း သင်ယူလိုသူများကို ကိုယ်တော်သနားသောကြောင့် “များစွာသောဆုံးမသြဝါဒကို ပေးတော်မူ” ခဲ့သည်။—မာ. ၆:၃၄။
၆ ယေရှုကို တုပပါ– ကျွန်ုပ်တို့သည် ကျွန်ုပ်တို့ရရှိထားသော ဘဏ္ဍာများကို အလွန်တန်ဖိုးထားမြတ်နိုးမည်ဆိုပါက ယေရှုနည်းတူ လူတို့အား ဝိညာဉ်ရေးရတနာများကို ကျမ်းစာမှ တိုက်ရိုက်ဖော်ပြရန် အလွန်စိတ်အားထက်သန်နေကြပါလိမ့်မည်။ (သု. ၂:၁-၅) တစ်ခါတစ်ရံ ကျွန်ုပ်တို့မောပန်းနေမည်ဖြစ်သော်လည်း ဝိညာဉ်ရေးအမှန်တရားများကို စိတ်အားထက်သန်မှုအပြည့်ဖြင့် ပြောပြကြပါလိမ့်မည်။ (မာ. ၆:၃၄) ကျွန်ုပ်တို့တွင်ရှိသော ဘဏ္ဍာများကို အလွန်တန်ဖိုးထားလေးမြတ်ခြင်းက ဓမ္မအမှုတွင် အပြည့်အဝပါဝင်ခြင်းဖြင့် ယင်းကို အတတ်နိုင်ဆုံးတိုးချဲ့ရန် လှုံ့ဆော်ပေးပါလိမ့်မည်။