မဂ္ဂဇင်းလမ်းကြောင်းများ—ကျမ်းစာသင်အံမှုစတင်ဖို့ အသုံးဝင်
၁။ ယေဟောဝါရဲ့အဖွဲ့အစည်းက မဂ္ဂဇင်းလမ်းကြောင်းထားဖို့ ဘာကြောင့်အားပေးတာလဲ။
၁ ကျွန်ုပ်တို့နဲ့အတူတူ ကျမ်းစာမလေ့လာလိုသူ တော်တော်များများဟာ မဂ္ဂဇင်းတွေတော့ ဖတ်ချင်ကြပါတယ်။ ဒါကြောင့် ယေဟောဝါရဲ့အဖွဲ့အစည်းက မဂ္ဂဇင်းလမ်းကြောင်းထားဖို့ အားပေးလာခဲ့တာ ကြာပါပြီ။ ကျွန်ုပ်တို့ရဲ့မဂ္ဂဇင်းကို ပုံမှန်ဖတ်တဲ့သူတွေဟာ ဘုရားသခင်ရဲ့တရားစကားတော်ကို တောင့်တလာကြတယ်။ (၁ ပေ. ၂:၂) တဖြည်းဖြည်းနဲ့ သူတို့ဖတ်တဲ့အရာထဲက တစ်ခုခုက သမ္မာကျမ်းစာ လေ့လာချင်လာအောင် လှုံ့ဆော်ကောင်း လှုံ့ဆော်ပါလိမ့်မယ်။
၂။ မဂ္ဂဇင်းလမ်းကြောင်းတွေ စိတ်ဝင်စားလာအောင် ဘယ်လိုလုပ်နိုင်သလဲ။
၂ အမှန်တရားမျိုးစေ့ကို ‘ရေလောင်းပါ’– မဂ္ဂဇင်းတွေကို ဒီအတိုင်းပေးလိုက်မယ့်အစား အိမ်ရှင်နဲ့ရင်းနှီးအောင် စကားစမြည်ပြောကြည့်ပါ။ အဲဒီလိုလုပ်မယ်ဆိုရင် သူ့ရဲ့အခြေအနေ၊ စိတ်ဝင်စားမှု၊ ယုံကြည်ချက်တွေကို သိလာနိုင်ပြီး ပိုင်းခြားသိမြင်မှုနဲ့ သူ့ကို စကားပြောဆိုနိုင်ဖို့ အထောက်အကူ ပြုပါလိမ့်မယ်။ (သု. ၁၆:၂၃) လည်ပတ်မှုတိုင်းအတွက် ပြင်ဆင်ပါ။ ဖြစ်နိုင်မယ်ဆိုရင် မဂ္ဂဇင်းထဲက အကြောင်းအရာတစ်ခုနဲ့ ကျမ်းချက်တစ်ချက်ကို အတိုချုပ်ပြောပြပါ။ သူ့နှလုံးသားထဲမှာ တဖြည်းဖြည်းစိမ့်ဝင်နေတဲ့ အမှန်တရားမျိုးစေ့ ဆက်ရှင်သန်နိုင်အောင် ရေလောင်းပေးပါ။ (၁ ကော. ၃:၆) လည်ပတ်တဲ့နေ့၊ ဝေငှခဲ့တဲ့စာပေ၊ ဆွေးနွေးခဲ့တဲ့ အကြောင်းအရာနဲ့ ကျမ်းချက် စတာတွေကို မှတ်စုထဲမှာ မှတ်သားထားပါ။
၃။ မဂ္ဂဇင်းလမ်းကြောင်းတွေကို ဘယ်လောက်ကြာရင် တစ်ကြိမ် လည်ပတ်သင့်သလဲ။
၃ ဘယ်လောက်ကြာရင် တစ်ခါ လည်ပတ်သင့်သလဲ။ နောက်ဆုံးထုတ်မဂ္ဂဇင်းတွေ ပေးနိုင်ဖို့ တစ်လတစ်ကြိမ် လည်ပတ်သင့်ပါတယ်။ ဒါပေမဲ့ အခြေအနေနဲ့ သူ့ရဲ့စိတ်ဝင်စားမှုပေါ်မူတည်ပြီး တစ်ကြိမ်ထက်မက လည်ပတ်နိုင်ပါတယ်။ ဥပမာ၊ မဂ္ဂဇင်းတွေပေးထားပြီး တစ်ပတ်၊ နှစ်ပတ်ကြာတဲ့အခါ သူ့ဆီပြန်သွားပြီး ဒီလိုပြောနိုင်တယ်– “ဒီနားလမ်းကြုံတာနဲ့ ကျွန်တော်ပေးထားခဲ့တဲ့ မဂ္ဂဇင်းထဲက အကြောင်းအရာလေးတစ်ခု ပြောပြချင်လို့ ဝင်လာခဲ့လိုက်တာ။” အဲဒီလိုလုပ်မယ်ဆိုရင် မဂ္ဂဇင်းထဲက အကြောင်းအရာတစ်ခုကိုဖတ်ဖို့ သူ့ကို တွန်းအားဖြစ်စေပါလိမ့်မယ်။ သူက ဖတ်ပြီးပြီဆိုရင် ဆောင်ပါးထဲကအကြောင်းအရာနဲ့ပတ်သက်ပြီး ဘယ်လိုထင်သလဲလို့မေးပြီး အတိုချုပ်ဆွေးနွေးနိုင်ပါတယ်။ ကျွန်ုပ်တို့ရဲ့စာပေကို ဖတ်ချင်တဲ့သူဆိုရင်တော့ အဲဒီလအတွက် ဝေငှဖို့ရည်ညွှန်းထားတဲ့ ဝေစာ၊ ဘရိုရှာ၊ စာအုပ်တစ်ခုခုကို သူ့အတွက် ယူသွားပေးနိုင်ပါတယ်။
၄။ မဂ္ဂဇင်းလမ်းကြောင်းတွေ ကျမ်းစာလေ့လာချင်လာပြီလားဆိုတာ သိနိုင်ဖို့ ဘယ်လိုလုပ်နိုင်သလဲ။
၄ ကျမ်းစာသင်ပေးပါလို့ အိမ်ရှင်က ပြောလာတာကို မစောင့်ပါနဲ့။ အစပြုလုပ်ဆောင်ပါ။ ကျမ်းစာလေ့လာဖို့ အရင်ကငြင်းခဲ့တယ်ဆိုရင်တောင် ကင်းမျှော်စင် မှာပါတဲ့ “ကျမ်းစာမေးခွန်းတွေရဲ့ အဖြေ” ဆိုတဲ့ဆောင်းပါးကို တစ်ခါတစ်ခါ မိတ်ဆက်ပေးပြီး သူဆွေးနွေးလိုမလို အကဲခတ်ကြည့်ပါ။ ဒီလိုနဲ့ အိပ်ပေါက်ဝ ကျမ်းစာသင်အံမှု စတင်ကောင်း စတင်နိုင်ပါလိမ့်မယ်။ အကယ်၍ သင်အံမှု မစတင်နိုင်ရင်တောင် ဆက်ပြီး မဂ္ဂဇင်းတွေပို့ပေးခြင်းအားဖြင့် သူ့ရဲ့စိတ်ဝင်စားမှုကို ဆက်ပြီးနှိုးဆွနိုင်မှာဖြစ်တယ်။