ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၈ ၁/၁၅ စာ. ၁၃-၁၈
  • ဘုရားသခင်နှင့် ဆက်၍လျှောက်လှမ်းနေလော့

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဘုရားသခင်နှင့် ဆက်၍လျှောက်လှမ်းနေလော့
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၈
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • တစ်သမတ်တည်းဖြစ်သော ဘဝလမ်းစဉ်
  • ကိုယ့်ကိုယ်ကိုယုံကြည်စိတ်ချမှု ကျော့ကွင်းကိုရှောင်
  • သင့်အား လူကိုကြောက်သောစိတ် မလွှမ်းမိုးစေနှင့်
  • ဆုံးမစကားကို ပေါ့ပေါ့တန်တန် သဘောထားခြင်းကိုရှောင်
  • ဘဝ၏ စိုးရိမ်ပူပန်မှုများကို အောင်မြင်စွာကိုင်တွယ်ခြင်း
  • မျက်မြင်အားဖြင့်မဟုတ် ယုံကြည်ခြင်းအားဖြင့် ကျင့်ဆောင်ကြလော့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၅
  • စစ်မှန်သောဘုရားသခင်ကို ကြောက်ရွံ့ခြင်း၏ အကျိုးကျေးဇူးများ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၅
  • ယေဟောဝါ၏လမ်းစဉ်၌ ဆက်၍လျှောက်လှမ်းနေ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၉
  • ဘုရားသခင်နှင့်လျှောက်လှမ်းခြင်း—ကနဦးခြေလှမ်းများ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၈
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၈
က၉၈ ၁/၁၅ စာ. ၁၃-၁၈

ဘုရားသခင်နှင့် ဆက်၍လျှောက်လှမ်းနေလော့

“ဝိညာဉ်ပကတိအတိုင်းကျင့်ကြလော့။ ထိုသို့ကျင့်လျှင် ဇာတိပကတိ၏အကျင့်သို့မလိုက်ဘဲနေကြလိမ့်မည်။”—ဂလာတိ ၅:၁၆။

၁။ (က) အဘယ်အခြေအနေကြားတွင် ဧနောက်သည် ဘုရားသခင်နှင့် မည်မျှကြာမြင့်စွာ လျှောက်လှမ်းခဲ့သနည်း။ (ခ) နောဧသည် ဘုရားသခင်နှင့်အတူ မည်မျှလျှောက်လှမ်းခဲ့ပြီး အဘယ်ကြီးလေးသောတာဝန်ကို သူရရှိခဲ့သနည်း။

သမ္မကျမ်းစာက ဧနောက်သည် “[စစ်မှန်သော] ဘုရားသခင်နှင့်အတူသွားလာ [“ဆက်၍လျှောက်လှမ်း၊” ကဘ] ၏” ဟုဆိုထားသည်။ သူ့ဝန်းကျင်ရှိ လူတို့၏တုန်လှုပ်ဖွယ်ရာစကားနှင့် ဘုရားတရားမဲ့အကျင့်စရိုက်များကြားတွင် သူသည် မိမိ၏အသက်တာကုန်ဆုံးသည့် နှစ်ပေါင်း ၃၆၅ နှစ်အထိ ဘုရားသခင်နှင့်အတူ စွဲစွဲမြဲမြဲသွားလာခဲ့၏။ (ကမ္ဘာဦး ၅:၂၃၊ ၂၄; ယုဒ ၁၄၊ ၁၅) နောဧသည်လည်း “[စစ်မှန်သော] ဘုရားသခင်နှင့်အတူသွားလာ [“လျှောက်လှမ်း၊” ကဘ] ၏။” သူသည် မိသားစုကိုမွေးမြူပြုစုနေစဉ်၊ သူပုန်ကောင်းကင်တမန်များနှင့် ၎င်းတို့၏အကြမ်းဖက်သောကလေးများ၏ ဩဇာလွှမ်းမိုးမှုကိုခံနေရသောကမ္ဘာနှင့် ဆိုင်ပြိုင်တိုက်လှန်နေစဉ်၊ ရှေးအချိန်၌ ပင်လယ်တွင်းသွားလာသည့် မည်သည့်ရေယာဉ်ထက်မဆို သာ၍ကြီးမားသောသင်္ဘောဆောက်လုပ်ခြင်း၌ အသေးစိတ်မှာကြားချက်ကို ဂရုတစိုက်ဆောင်ရွက်နေရစဉ် ထိုသို့ပြုလုပ်ခဲ့ပါသည်။ သူသည် ရေလွှမ်းမိုးဘေးပြီးနောက်၊ ဗာဗုလုန်မြို့တွင် ယေဟောဝါအား ပုန်ကန်မှုတစ်ဖန်ခေါင်းပြူလာသောအချိန်၌ပင် ဘုရားသခင်နှင့် ဆက်၍လျှောက်လှမ်းနေ၏။ နောဧသည် သူသေသည့်အသက် ၉၅၀ အထိ ဘုရားသခင်နှင့်အတူ အမှန်တကယ်ပင် ဆက်၍လျှောက်လှမ်းခဲ့သည်။—ကမ္ဘာဦး ၆:၉; ၉:၂၉။

၂။ ‘ဘုရားသခင်နှင့် လျှောက်လှမ်းခြင်း’ ၏ဆိုလိုရင်းကာ အဘယ်နည်း။

၂ ယုံကြည်ခြင်းရှိသော ထိုအမျိုးသားတို့သည် ဘုရားသခင်နှင့်အတူ “သွားလာ [“လျှောက်လှမ်း၊” ကဘ] ၏” ဟုဆိုရာတွင် သမ္မာကျမ်းစာက အဆိုပါအသုံးအနှုန်းကို ဥပစာသဘောမျိုးဖြင့် အသုံးပြုထားခြင်းဖြစ်သည်။ ဆိုလိုသည်ကား ဧနောက်နှင့် နောဧတို့သည် ဘုရားသခင်အပေါ် ခိုင်ခံ့သောယုံကြည်ခြင်းရှိသည်အတိုင်း ကျင့်ကြံပြုမူကြ၏ဟူ၍ဖြစ်သည်။ သူတို့သည် ယေဟောဝါမိန့်မှာတော်မူသည်အတိုင်း ကျင့်ဆောင်၍ လူသားတို့နှင့်ကိုယ်တော်ဆက်ဆံပုံမှ သူတို့သိရှိထားရာနှင့်အညီ မိမိတို့၏အသက်တာကို ကိုက်ညှိပေးခဲ့ကြသည်။ (၂ ရာဇဝင်ချုပ် ၇:၁၇ နှိုင်းယှဉ်။) သူတို့သည် ဘုရားသခင့်မိန့်တော်မူချက်နှင့် စီရင်တော်မူချက်တို့ကို စိတ်ထဲတွင်သာသဘောတူညီကြောင်း ဖော်ပြခဲ့ရုံမျှသာ ပြုသည်မဟုတ်ဘဲ ကိုယ်တော်တောင်းဆိုလေသမျှ—အနည်းငယ်သာမဟုတ် အရာအားလုံးတို့ကို—မစုံလင်သောလူသားများအဖြစ် အတတ်နိုင်ဆုံးဆောင်ရွက်ကြသည်။ ဥပမာအနေနှင့် နောဧသည် ဘုရားသခင် မှာထားတော်မူသည်အတိုင်း တစ်သဝေမတိမ်းလိုက်လျှောက်ခဲ့သည်။ (ကမ္ဘာဦး ၆:၂၂) နောဧသည် သူ့ကိုပေးတော်မူသောညွှန်ကြားချက်များထက် ကျော်၍မဆောင်ရွက်ခဲ့သကဲ့သို့ ဂရုမစိုက်ဖင့်နွှဲမနေခဲ့ပါ။ ယေဟောဝါနှင့် ရင်းနှီးပွင့်လင်းသောဆက်ဆံမှုရှိသူတစ်ဦးအဖြစ် သူသည် ဘုရားသခင်ထံလွတ်လပ်စွာ ဆုတောင်းနိုင်၍ မြင့်မြတ်သောညွှန်ကြားချက်ကို တန်ဖိုးထားမြတ်နိုးကာ ဘုရားသခင်နှင့် လျှောက်လှမ်းနေခဲ့ပါသည်။ သင်သည် ယင်းသို့ပြုနေပါသလော။

တစ်သမတ်တည်းဖြစ်သော ဘဝလမ်းစဉ်

၃။ ဘုရားသခင်ထံ ဆက်ကပ်အပ်နှံနှစ်ခြင်းခံထားသူအားလုံးအတွက် အဘယ်အရာသည် အရေးကြီးသနည်း။

၃ ဘုရားသခင်နှင့်အတူ စတင်သွားလာသူတို့ကို တွေ့မြင်ရခြင်းမှာ ကြည်နူးစရာပင်ဖြစ်သည်။ သူတို့သည် ယေဟောဝါ၏အလိုတော်နှင့်အညီ အပြုသဘောပါသောခြေလှမ်းများကို လှမ်းကြရာတွင် ယုံကြည်ခြင်းကိုတင်ပြကြသည်၊ ယင်းမရှိလျှင် ဘုရားသခင်၏စိတ်တော်နှင့် မတွေ့နိုင်ချေ။ (ဟေဗြဲ ၁၁:၆) လွန်ခဲ့သောငါးနှစ်အတွင်း နှစ်စဉ် ပျမ်းမျှလူပေါင်း ၃၃၀,၀၀၀ ကျော်သည် ယေဟောဝါထံဆက်ကပ်အပ်နှံပြီး ရေတွင်နှစ်ခြင်းခံယူခဲ့ခြင်းကြောင့် ကျွန်ုပ်တို့ မည်မျှဝမ်းမြောက်လိုက်ခဲ့ရလေခြင်း! သို့သော် ဘုရားသခင်နှင့် ဆက်၍လျှောက်လှမ်းနေခြင်းသည် သူတို့နှင့် ကျွန်ုပ်တို့အားလုံးအတွက်လည်း အရေးကြီးပါသည်။—မဿဲ ၂၄:၁၃; ဗျာဒိတ် ၂:၁၀။

၄။ အီဂျစ်ပြည်မှထွက်လာခဲ့ကြသော ဣသရေလလူများသည် ယုံကြည်ခြင်းအချို့တင်ပြခဲ့ကြသော်လည်း သူတို့ထဲမှအများစုမှာ အဘယ်ကြောင့်ကတိထားရာပြည်သို့ မဝင်ခဲ့ရကြသနည်း။

၄ မောရှေအချိန်က မိသားစုတစ်စုသည် အီဂျစ်ပြည်တွင် ပသခါပွဲကျင်းပရန်၊ အိမ်၏တံခါးထုပ်နှင့် တံခါးတိုင်နှစ်ဖက်၌ အသွေးဖျန်းကြရန် ယုံကြည်ခြင်းရှိဖို့လိုပါသည်။ (ထွက်မြောက်ရာ ၁၂:၁-၂၈) သို့သော် ပင်လယ်နီတွင် ဖာရော၏ဗိုလ်ခြေတို့ ကပ်လိုက်လာသည်ကို တွေ့ကြသောအခါ လူအများသည် ယုံကြည်ခြင်းယိမ်းယိုင်သွားကြ၏။ (ထွက်မြောက်ရာ ၁၄:၉-၁၂) သို့ရာတွင် ခန်းခြောက်သောပင်လယ်ပြင်ပေါ် ဘေးကင်းရန်ကင်း သူတို့လျှောက်သွားခဲ့ကြပြီး အီဂျစ်ဗိုလ်ခြေသည် ရေလွှမ်း၍ဖျက်ဆီးခံရသည်ကို တွေ့သောအခါ “[ယေဟောဝါ၏] စကားတော်ကိုယုံ” ပြန်လေသည်ဟု ဆာလံ ၁၀၆:၁၂ ကဖော်ပြသည်။ သို့သော် မကြာမီပင် တောတောင်အရပ်တွင် ဣသရေလလူတို့သည် ရေနှင့်စားစရာအပြင် ကြီးကြပ်မှူးအတွက်ကြောင့် ညည်းညူပြီး မကျေမနပ် ဖြစ်ကြပြန်သည်။ ကတိထားရာပြည်မှပြန်လာခဲ့သော သူလျှို ၁၂ ယောက်အနက် ၁၀ ယောက်၏ အားရစရာမရှိသည့်သတင်းက သူတို့ကို ထိတ်လန့်စေခဲ့သည်။ ထိုအခြေအနေမျိုးအောက်တွင် ဆာလံ ၁၀၆:၂၄ ဆိုသည့်အတိုင်း “ထိုသူတို့သည်လည်း [ဘုရားသခင့်] စကားတော်ကိုမယုံကြ” ချေ။ အီဂျစ်ပြည်ကို သူတို့ပြန်သွားလိုကြပါသည်။ (တောလည်ရာ ၁၄:၁-၄) သူတို့တွင်ရှိသော ယုံကြည်ခြင်းသည် ဘုရားသခင့်တန်ခိုးတော်ကို အံ့ဖွယ်နည်းများဖြင့် ထင်ရှားပေါ်လွင်သည့်အခါ၌သာ ရှင်သန်လာပါသည်။ သူတို့သည် ဘုရားသခင်နှင့်အတူ သွားလာလျက်မနေကြပါ။ ရလဒ်အနေဖြင့် ထိုဣသရေလလူတို့သည် ကတိထားရာပြည်သို့ ဝင်ခွင့်မရခဲ့ကြချေ။—ဆာလံ ၉၅:၁၀၊ ၁၁။

၅။ ၂ ကောရိန္သု ၁၃:၅ နှင့် သု. ၃:၅၊ ၆ သည် ဘုရားသခင်နှင့် လျှောက်လှမ်းခြင်းနှင့် မည်သို့စပ်ဆိုင်သနည်း။

၅ သမ္မာကျမ်းစာက ကျွန်ုပ်တို့ကို ဤသို့သတိပေးထားသည်– “သင်တို့သည် ယုံကြည်ခြင်း၌တည်သလော၊ မတည်လောဟု ကိုယ်ကိုကိုယ်စစ်ကြောကြလော့။ ကိုယ်ကိုကိုယ်စုံစမ်းကြလော့။” (၂ ကောရိန္သု ၁၃:၅) “ယုံကြည်ခြင်း၌တည်” သည်ဟူသောဆိုလိုရင်းမှာ ခရစ်ယာန်ယုံကြည်ချက်များ၌ လုံးလုံးလျားလျားစွဲမြဲနေခြင်းဖြစ်သည်။ ကျွန်ုပ်တို့၏နေ့စဉ်ဘဝအသက်တာတွင် ဘုရားသခင်နှင့်အတူသွားလာနေကြရာ၌ အောင်မြင်လိုလျှင် ယင်းသည် အရေးကြီး၏။ ကျွန်ုပ်တို့သည် ဘုရားသခင်နှင့်အတူသွားလာရန် ယုံကြည်ခြင်းအရည်အသွေးကိုလည်း တိုးမြှင့်ပေးရမည်ဖြစ်ပြီး ယေဟောဝါအား အပြည့်အဝယုံကြည်ကိုးစားရပါမည်။ (သု. ၃:၅၊ ၆) ထိုသို့ပြုရန် ပျက်ကွက်သူတို့သည် များစွာသောထောင်ချောက်နှင့် ဘေးတို့တွင် ကျော့မိသွားနိုင်ပါသည်။ ယင်းတို့မှ အချို့ကားအဘယ်နည်း။

ကိုယ့်ကိုယ်ကိုယုံကြည်စိတ်ချမှု ကျော့ကွင်းကိုရှောင်

၆။ ခရစ်ယာန်တိုင်းသည် မတရားမေထုန်နှင့် သူ့မယားပြစ်မှားခြင်းအကြောင်း အဘယ်အရာကို သိရှိထားကြသနည်း၊ ဤအပြစ်များကို သူတို့မည်သို့ယူမှတ်ကြသနည်း။

၆ သမ္မာကျမ်းစာကိုလေ့လာ၍ မိမိ၏အသက်တာကို ယေဟောဝါထံဆက်ကပ်အပ်နှံကာ နှစ်ခြင်းခံယူပြီးသူတိုင်းသည် မတရားမေထုန်နှင့် သူ့မယားပြစ်မှားခြင်းကို ဘုရားသခင့်စကားတော်က ရှုတ်ချထားကြောင်း သိထားကြပါသည်။ (၁ သက်သာလောနိတ် ၄:၁-၃; ဟေဗြဲ ၁၃:၄) ယင်းသည်မှန်ကြောင်း သူတို့သဘောတူညီကြသည်။ သူတို့သည် ယင်းနှင့်အညီ အသက်ရှင်လိုကြသည်။ သို့တိုင် လိင်အကျင့်ယိုယွင်းခြင်းသည် စာတန်၏အထိရောက်ဆုံးသော ကျော့ကွင်းများထဲမှတစ်ခု ဖြစ်နေခဲ့သည်။ အဘယ်ကြောင့်နည်း။

၇။ မောဘလွင်ပြင်တွင် ဣသရေလအမျိုးသားတို့သည် မှားသည်ဟု သူတို့သိရှိထားသောအပြုအမူတွင် မည်သို့ပါဝင်သွားကြသနည်း။

၇ ထိုသို့အကျင့်ယိုယွင်းခဲ့သူတို့သည် အစပိုင်းတွင် ဤသို့ပြုလုပ်ရန် ကြံရွယ်လိမ့်မည်မဟုတ်ချေ။ မောဘလွင်ပြင်ရှိ ဣသရေလလူများလည်း ထိုသို့ အမှန်ပင်ဖြစ်ခဲ့ပေမည်။ တောဘဝကိုငြီးငွေ့နေကြသော ဣသရေလအမျိုးသားများအတွက် သူတို့အား ဖြားယောင်းမြှူဆွယ်နေကြသော မောဘနှင့်မိဒျန်အမျိုးသမီးတို့သည် အစတွင် ခင်မင်ရင်းနှီးပုံနှင့် ဧည့်ဝတ်ပျူငှာပုံရှိခဲ့ပေမည်။ သို့သော် ဣသရေလလူများသည် ယေဟောဝါကိုမဟုတ်ဘဲ ဗာလကိုကိုးကွယ်ကြသောသူတို့နှင့် ပေါင်းသင်းရန်၊ (ထင်ရှားသောမိသားစုများမှသူများပင်လျှင်) မိမိတို့၏သမီးငယ်များနှင့် လက်မထပ်ဘဲ သံဝါသပြုခွင့်ပြုသောသူတို့၏ဖိတ်ခေါ်ချက်များကို လက်ခံလိုက်ကြသောအခါ မည်သို့ဖြစ်ပျက်ခဲ့ကြသနည်း။ ဣသရေလတပ်ရှိသူတို့သည် ထိုသို့သောပေါင်းသင်းဆက်ဆံမှုကို နှစ်လိုဖွယ်ရာအဖြစ် စတင်တွေ့မြင်လာသောအခါ မှားသည်ဟု မိမိတို့သိရှိထားကြသောအရာ၏ ဖြားယောင်းမှုကိုခံခဲ့လိုက်ကြရာ ယင်းကြောင့် သူတို့အသက်ဆုံးရှုံးခဲ့ကြသည်။—တောလည်ရာ ၂၂:၁; ၂၅:၁-၁၅; ၃၁:၁၆; ဗျာဒိတ် ၂:၁၄။

၈။ ကျွန်ုပ်တို့ခေတ်တွင် ခရစ်ယာန်တစ်ဦးကို လိင်အကျင့်ယိုယွင်းခြင်းသို့ အဘယ်အရာက ပို့ဆောင်ပေးကောင်း ပို့ဆောင်ပေးမည်နည်း။

၈ ကျွန်ုပ်တို့ခေတ်တွင် လူတစ်ဦးကို အဘယ်အရာက အလားတူကျော့ကွင်းမျိုးထဲ ကျရောက်စေမည်နည်း။ လိင်အကျင့်ယိုယွင်းခြင်း၏ ကြီးလေးမှုကို သူသိကောင်းသိမည်ဖြစ်သော်လည်း မိမိကိုယ်ကိုယုံကြည်စိတ်ချမှု၏အန္တရာယ်ကို သူအလေးမမူလျှင် မိမိ၏အတွေးကို ပြစ်မှားခြင်းသို့ သွေးဆောင်သောအခြေအနေက လွှမ်းမိုးသွားရန် ကိုယ့်ကိုယ်ကိုခွင့်ပြုကောင်း ခွင့်ပြုမိပေမည်။—သု. ၇:၆-၉၊ ၂၁၊ ၂၂; ၁၄:၁၆။

၉။ အဘယ်ကျမ်းဆိုင်ရာ သတိပေးချက်များက ကျွန်ုပ်တို့ကို အကျင့်ယိုယွင်းခြင်းမှ ကာကွယ်ပေးနိုင်သနည်း။

၉ ကျွန်ုပ်တို့တွင် ခွန်အားမည်မျှရှိသနည်းဟူမူ မကောင်းသောအပေါင်းအသင်းများသည် ကျွန်ုပ်တို့ကို ဖျက်ဆီးမည်မဟုတ်ဟူ၍ အလွဲမယူသင့်ကြောင်း ဘုရားသခင်စကားတော်က ကျွန်ုပ်တို့ကို ဘွင်းဘွင်းသတိပေးထားသည်။ ထိုတွင် အကျင့်ယိုယွင်းနေသူတို့၏ ဘဝဇာတ်လမ်းများပါရှိသည့် ရုပ်မြင်သံကြားအစီအစဉ်များကို ကြည့်ရှုခြင်းနှင့် မကောင်းသောလိုအင်ဆန္ဒများကို လှုံ့ဆော်ပေးသည့်မဂ္ဂဇင်းများကိုဖတ်ရှုခြင်းတို့ ပါဝင်ပါသည်။ (၁ ကောရိန္သု ၁၀:၁၁၊ ၁၂; ၁၅:၃၃) မှားယွင်းသောအခြေအနေများတွင် ယုံကြည်သူချင်းတို့နှင့် ပေါင်းသင်းမှုပြုခြင်းပင် ကြီးလေးသောပြဿနာများ ဖြစ်ပေါ်စေနိုင်ပါသည်။ လိင်ဆိုင်ရာ ဆွဲဆောင်မှုသည် ပြင်းထန်ပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့လက်မထပ်ထားသော ဆန့်ကျင်ဘက်လိင်ရှင် သို့မဟုတ် မိသားစုဝင်တစ်ဦးမဟုတ်သူနှင့် လူကွယ်ရာတွင် နှစ်ယောက်တည်းနေခြင်းကိုရှောင်ရန် ယေဟောဝါ၏အဖွဲ့အစည်းက မေတ္တာပါစွာဖြင့် စိုးရိမ်တကြီး သတိပေးထားပါသည်။ ကျွန်ုပ်တို့သည် ဘုရားသခင်နှင့် ဆက်၍လျှောက်လှမ်းနေဖို့ ကိုယ့်ကိုယ်ကိုယုံကြည်စိတ်ချမှု၏ကျော့ကွင်းကို ရှောင်ရှားရန်နှင့် ကျွန်ုပ်တို့အား ကိုယ်တော်ပေးတော်မူသော သတိပေးဆုံးမစကားကို အရေးစိုက်ရန်လိုအပ်ပါသည်။—ဆာလံ ၈၅:၈။

သင့်အား လူကိုကြောက်သောစိတ် မလွှမ်းမိုးစေနှင့်

၁၀။ “လူကိုကြောက်ရွံ့ခြင်းသဘော” ကကျော့ကွင်းထဲသို့ မည်သို့ကျရောက်စေသနည်း။

၁၀ နယပုံပြင် ၂၉:၂၅ ကနောက်ထပ်အန္တရာယ်တစ်ခုကို ဤသို့ဖော်ပြထားသည်– “လူကိုကြောက်ရွံ့ခြင်းသဘောသည် ကျော့ကွင်းကိုထောင်တတ်၏။” မုဆိုးတစ်ဦး၏ကျော့ကွင်းတွင် လည်ပင်းကိုချည်နှောင်သောကြိုးကွင်း သို့မဟုတ် တိရစ္ဆာန်တစ်ကောင်၏ခြေထောက်ကို ရစ်ပတ်ငြိတွယ်စေသည့် ကြိုးများပါဝင်လေ့ရှိသည်။ (ယောဘ ၁၈:၈-၁၁) လူကိုကြောက်ရွံ့ ခြင်းက လူတစ်ဦး၏ လွတ်လပ်စွာပြောဆိုနိုင်စွမ်းနှင့် ဘုရားသခင်၏အလိုတော်နှင့်အညီ ကျင့်ကြံခြင်းတို့ကို အလားတူပင် ပိတ်ပင်တားဆီးနိုင်ပါသည်။ အခြားသူတို့ကို စိတ်ကျေနပ်စေလိုသောဆန္ဒမှာ သာမန်ပင်ဖြစ်ပြီး လူတို့၏အထင်အမြင်ကို မထောက်မထား ဥပေက္ခာပြုခြင်းသည် ခရစ်ယာန်မဆန်ပါ။ သို့သော် ဟန်ချက်ညီဖို့လိုပါသည်။ လူတစ်ဦးသည် အခြားသူတို့ မည်သို့တုံ့ပြန်မည်ကို စိုးရိမ်ပြီး ဘုရားသခင်တားမြစ်ထားသောအရာကိုပြုလုပ်မည် သို့မဟုတ် ဘုရားသခင့်စကားတော် မိန့်မှာထားရာကို မပြုလုပ်ဘဲနေမည်ဆိုလျှင် ထိုသူသည် ကျော့ကွင်းတွင်ကျော့မိလေပြီ။

၁၁။ (က) လူတစ်ဦးအား လူကိုကြောက်ရွံ့စိတ်မလွှမ်းမိုးစေဖို့ အဘယ်အရာက အကာအကွယ်ပေးသနည်း။ (ခ) ယေဟောဝါသည် လူကိုကြောက်ရွံ့သောစိတ်ကို ကျော်နင်းအောင်ကြိုးစားနေရသည့် မိမိ၏ကျေးကျွန်တို့ကို မည်သို့အကူအညီပေးသနည်း။

၁၁ ထိုသို့သော ကျော့ကွင်းမျိုးမှ အကာအကွယ်ရခြင်းသည် တစ်ဦးတစ်ယောက်၏ မွေးရာပါစိတ်နေစိတ်ထားအပေါ်မဟုတ်ဘဲ “ထာဝရဘုရား [“ယေဟောဝါ၊” ကဘ] အားကိုးစား” ခြင်းအပေါ်မူတည်ပါသည်။ (သု. ၂၉:၂၅ခ၊ သမ္မာ) ဘုရားသခင်အား ကိုးစားခြင်းဖြင့် ပင်ကိုသဘောအရ ရှက်တတ်သောသူတစ်ဦးပင်လျှင် ရဲစွမ်းသတ္တိရှိပြီး မဖောက်ပြန်ကြောင်း သက်သေထူနိုင်ပါသည်။ ကျွန်ုပ်တို့သည် စာတန့်အစီအစဉ်စနစ်၏ ဖိစီးမှုများကိုခံရသမျှကာလပတ်လုံး လူအားကြောက်ရွံ့ခြင်းကျော့ကွင်းကို သတိထားဖို့လိုပေလိမ့်မည်။ ပရောဖက်ဧလိယသည် ရဲစွမ်းသတ္တိရှိရှိဖြင့် အမှုဆောင်ခဲ့သောမှတ်တမ်းရှိသော်လည်း ယေဇဗေလက သူ့ကိုသတ်ပစ်မည်ဟု ခြိမ်းခြောက်သောအခါ သူသည် ကြောက်ရွံ့စွာဖြင့် ထွက်ပြေးခဲ့လေ၏။ (၃ ဓမ္မရာဇဝင် ၁၉:၂-၁၈) တမန်တော်ပေတရုသည် ဖိအားပေးမှုအောက်တွင် ကြောက်ရွံ့စွာဖြင့် ယေရှုခရစ်ကို ငြင်းပယ်ခဲ့သည်၊ နှစ်ပေါင်းများစွာကြာပြီးနောက် ကြောက်စိတ်ကြောင့် ယုံကြည်ခြင်းနှင့်ဆန့်ကျင်စွာ သူပြုမူခဲ့ပြန်သည်။ (မာကု ၁၄:၆၆-၇၁; ဂလာတိ ၂:၁၁၊ ၁၂) သို့သော် ဧလိယနှင့် ပေတရုနှစ်ဦးစလုံးသည် ဝိညာဉ်ရေးဆိုင်ရာအကူအညီကို လက်ခံခဲ့ကြပြီး ယေဟောဝါအား ယုံကြည်စိတ်ချစွာ ဘုရားသခင်နှစ်သက်တော်မူသောနည်းဖြင့် ဆက်လက်အမှုဆောင်ခဲ့ကြ၏။

၁၂။ ဘုရားသခင့်စိတ်တော်နှင့်တွေ့ခြင်းမှ ဟန့်တားမှုဖြစ်စေသည့် ကြောက်ရွံ့ခြင်းကိုရှောင်ရှားနိုင်ရန် အသီးသီးအကူအညီရရှိခဲ့ကြောင်း အဘယ်ခေတ်သစ် ဥပမာများက တင်ပြပါသနည်း။

၁၂ ကျွန်ုပ်တို့ခေတ်တွင် ယေဟောဝါ၏ကျေးကျွန်များစွာသည် ကြောက်ရွံ့ခြင်းကျော့ကွင်းကို မည်သို့အနိုင်ယူနိုင်ကြောင်း သိထားခဲ့ကြပြီ။ ဂူယာနာနိုင်ငံရှိ ဆယ်ကျော်သက် သက်သေခံတစ်ဦးက ဤသို့ဝန်ခံခဲ့သည်– “ကျောင်းမှာ ရွယ်တူတွေရဲ့ဖိအားပေးမှုကို အပြင်းအထန်တိုက်လှန်ရတယ်။” သို့သော် ထပ်ဆင့်၍ သူမကဤသို့ပြောသည်– “ယေဟောဝါအပေါ် ကျွန်မရဲ့ယုံကြည်ခြင်းလည်း ပြင်းထန်တာပါပဲ။” သူမ၏ဆရာက တစ်တန်းလုံးအရှေ့တွင် သူမ၏ယုံကြည်ခြင်းကို ပြက်ရယ်ပြုသောအခါ သူမသည် ယေဟောဝါထံ အသံတိတ်ဆုတောင်းခဲ့ရသည်။ နောက်ပိုင်းတွင် သူမက လိမ္မာပါးနပ်မှုရှိရှိဖြင့် ဆရာကိုသီးသန့်သက်သေခံ၏။ ယေဟောဝါ၏တောင်းဆိုချက်များကို လေ့လာနေသောလူငယ်တစ်ဦးသည် ဘီနင်ရှိမိမိ၏ဇာတိမြို့သို့ လည်ပတ်စဉ်အတောအတွင်း ဖခင်ဖြစ်သူက မိမိအတွက်ထုလုပ်ပေးခဲ့သော ဝတ်ပြုရာပန်းပုရုပ်တစ်ခုကို ဖျက်ဆီးပစ်ရန်ဆုံးဖြတ်လိုက်၏။ ထိုဝတ်ပြုရာပန်းပုရုပ်မှာ အသက်မရှိကြောင်း သိရှိသည့်အတွက် ယင်းကို လူငယ်က မကြောက်ရွံ့သော်လည်း ဒေါသဖြစ်ကြမည့်ရွာသားများသည် မိမိအား ရှာကြံသတ်ပစ်နိုင်စရာအကြောင်းရှိသည်ကိုလည်း သူသိထားပါသည်။ သူသည် ယေဟောဝါထံ ဆုတောင်းပြီးနောက် ညဘက်တွင် ၎င်းပန်းပုရုပ်ကိုချုံတောထဲယူသွားကာ ဖျက်ဆီးပစ်လိုက်၏။ (တရားသူကြီး ၆:၂၇-၃၁ နှိုင်းယှဉ်။) ဒိုမီနီကန်သမ္မတနိုင်ငံမှ အမျိုးသမီးတစ်ဦးသည် ယေဟောဝါအား စတင်ဝတ်ပြုသောအခါ သူမ၏ခင်ပွန်းက မိမိ သို့မဟုတ် ယေဟောဝါ တစ်ဦးမဟုတ်တစ်ဦးကို ရွေးချယ်ခိုင်းပါသည်။ သူမကို ကွာရှင်းမည်ဟု ထိုသူကခြိမ်းခြောက်သည်။ သူမသည် ကြောက်ရွံ့စိတ်ကြောင့် သူမ၏ယုံကြည်ခြင်းကို စွန့်လွှတ်လိုက်ပါမည်လော။ သူမက ဤသို့အဖြေပေးသည်– “တကယ်လို့ ဖောက်ပြန်မှုသာဖြစ်ခဲ့ရင် ကျွန်မဟာ ရှက်မိပါလိမ့်မယ်၊ ဒါပေမဲ့ ယေဟောဝါဘုရားသခင်ကို ဝတ်ပြုတဲ့အတွက် ဆိုရင်တော့ မရှက်ပါဘူး!” သူမသည် ဘုရားသခင်နှင့် ဆက်၍လျှောက်လှမ်းနေခဲ့ရာ အချိန်တန်သော် သူမ၏ခင်ပွန်းသည် ဘုရားသခင်၏အလိုတော်ကို သူမနှင့်အတူဆောင်ရွက်လာပါသည်။ ကျွန်ုပ်တို့လည်း ကောင်းကင်ခမည်းတော်အား အပြည့်အဝယုံကြည်ကိုးစားခြင်းဖြင့် လူကိုကြောက်ရွံ့စိတ်ကြောင့် ယေဟောဝါ၏စိတ်တော်နှင့်တွေ့သည်ဟု ကျွန်ုပ်တို့သိထားသောအရာကို မလုပ်ကိုင်ဘဲနေခြင်းမှ ရှောင်ရှားနိုင်ပါမည်။

ဆုံးမစကားကို ပေါ့ပေါ့တန်တန် သဘောထားခြင်းကိုရှောင်

၁၃။ ၁ တိမောသေ ၆:၉ တွင် အဘယ်ကျော့ကွင်းနှင့်ပတ်သက်၍ ကျွန်ုပ်တို့ကို သတိပေးထားသနည်း။

၁၃ မုဆိုးများအသုံးပြုသော ကျော့ကွင်းအချို့မှာ နေရာတစ်နေရာကို မတော်တဆဖြတ်သန်းသွားသော မည်သည့်တိရစ္ဆာန်ကိုမဆို ဖမ်းဆီးရန် ရည်ရွယ်ထားသော်လည်း အခြားကျော့ကွင်းများမှာမူ နှစ်သက်ဖွယ်ကောင်းဟန်ရှိသောအစာအားဖြင့် တိရစ္ဆာန်များကို မျှားတတ်ပါသည်။ စည်းစိမ်ဥစ္စာသည် များစွာသောသူတို့အတွက် အလားတူပင်ဖြစ်သည်။ (မဿဲ ၁၃:၂၂) သမ္မာကျမ်းစာက ၁ တိမောသေ ၆:၈၊ ၉ တွင် စားရန်၊ ဝတ်ရန်ရှိသမျှနှင့် ရောင့်ရဲလျက်နေကြဖို့ ကျွန်ုပ်တို့ကို တိုက်တွန်းထား၏။ ထို့နောက် ဤသို့သတိပေးထားသည်– “ငွေရတတ်ခြင်းငှာအလိုရှိသောသူတို့သည် အပြစ်သွေးဆောင်ခြင်း၊ ဖမ်းမိခြင်း၊ မိုက်မဲဖျက်ဆီးတတ်သော တပ်မက်ခြင်းများထဲသို့ ကျရောက်တတ်ကြ၏။ ထိုသို့သောအားဖြင့် လူတို့သည် အကျိုးနည်းခြင်း၊ ပျက်စီးခြင်း၌နစ်မွန်းတတ်ကြ၏။”

၁၄။ (က) လူတစ်ဦးသည် စားရန်၊ ဝတ်ရန်နှင့် ရောင့်ရဲခြင်းအကြံပြုချက်ကို နှလုံးပိုက်ကျုံးရန် အဘယ်အရာက တားဆီးမည်နည်း။ (ခ) လူတစ်ဦးသည် စည်းစိမ်ဥစ္စာကို မှားယွင်းစွာ အဓိပ္ပာယ်သတ်မှတ်ရာမှ ၁ တိမောသေ ၆:၉ တွင်မှတ်တမ်းတင်ထားသော သတိပေးချက်ကို မည်သို့ ပေါ့ပေါ့တန်တန်သဘောထားသွားနိုင်သနည်း။ (ဂ) “မျက်စိတပ်မက်ခြင်း” ကြောင့် အချို့တို့သည် အဘယ်နည်းဖြင့် ကျော့ကွင်းကိုမမြင်ဘဲ ဖြစ်သွားနိုင်သနည်း။

၁၄ ဤသတိပေးချက်ရှိလင့်ကစား များစွာသောသူတို့သည် အဆိုပါဆုံးမစကားကို ကိုယ်တိုင်မကျင့်သုံးကြသောကြောင့် ကျော့မိခဲ့ကြပြီ။ အဘယ်ကြောင့်နည်း။ ရောင့်ရဲတင်းတိမ်ရန် ကျွန်ုပ်တို့ကို သမ္မာကျမ်းစာက တိုက်တွန်းထားသည့် “စားရန်၊ ဝတ်ရန်” ထက်ပိုသော ဘဝပုံစံကို ကောက်ကောက်ပါအောင်လိုက်နေရန် မာန်မာနစိတ်က သူတို့အား တိုက်တွန်းနေခြင်းကြောင့်လော။ စည်းစိမ်ဥစ္စာကို လူကုံထံတို့ပိုင်ဆိုင်ရာအတိုင်း သတ်မှတ်ကြရာ သမ္မာကျမ်းစာ၏သတိပေးချက်ကို သူတို့ ပေါ့ပေါ့တန်တန် သဘောထားနေကြခြင်းကြောင့်လော။ သမ္မာကျမ်းစာက ငွေရတတ်ခြင်းငှာ အလိုရှိခြင်းနှင့် စားရန်၊ ဝတ်ရန်ရှိသမျှနှင့် ရောင့်ရဲလျက်နေခြင်းကို ယှဉ်ပြထားခြင်းမျှဖြစ်သည်။ (ဟေဗြဲ ၁၃:၅ နှိုင်းယှဉ်။) “မျက်စိတပ်မက်ခြင်း”—ဝိညာဉ်ရေးလိုက်စားမှုကိုပင် အရှုံးခံကာ သူတို့တွေ့မြင်ရာတို့ကို ပိုင်ဆိုင်လိုခြင်း—က သူတို့အား စစ်မှန်သောဝတ်ပြုရေးကို ဒုတိယနေရာသို့တွန်းပို့စေပါသလော။ (၁ ယောဟန် ၂:၁၅-၁၇; ဟဂ္ဂဲ ၁:၂-၈) မိမိတို့၏ဘဝတွင် ယေဟောဝါ၏လုပ်ငန်းတော်ကို အဓိကထားခြင်းအားဖြင့် သမ္မာကျမ်းစာ၏ဆုံးမစကားကို အမှန်တကယ်နှလုံးသွင်းကာ ဘုရားသခင်နှင့် လျှောက်လှမ်းသူတို့သည် မည်မျှပို၍ပျော်ရွှင်ပါမည်တကား!

ဘဝ၏ စိုးရိမ်ပူပန်မှုများကို အောင်မြင်စွာကိုင်တွယ်ခြင်း

၁၅။ ယေဟောဝါ၏လူများစွာအတွက် အဘယ်အခြေအနေများက အမှန်စိုးရိမ်စရာ ဖြစ်စေနိုင်သနည်း၊ ထိုကဲ့သို့သော ဖိစီးမှုအောက် ကျွန်ုပ်တို့ကျရောက်သောအခါ အဘယ်ကျော့ကွင်းကို ကျွန်ုပ်တို့ သတိပြုရမည်နည်း။

၁၅ ချမ်းသာလိုခြင်းထက် စားဝတ်နေရေးအတွက် လိုအပ်ရာများကိုရဖို့ စိုးရိမ်ကြောင့်ကြခြင်းကို သာ၍တွေ့ရှိရသည်။ ယေဟောဝါ၏ကျေးကျွန်အများစုမှာ ပစ္စည်းဥစ္စာအနည်းငယ်မျှသာ ပိုင်ဆိုင်ကြ၏။ သူတို့သည် အဝတ်အစားအနည်းငယ်၊ မိသားစုအတွက် ညအိပ်စရာနေရာနှင့် အနည်းဆုံးတစ်နေ့တာအတွက် နာရီပေါင်းများစွာ ပင်ပင်ပန်းပန်းအလုပ်လုပ်ကြရသည်။ အခြားသူတို့မှာမူ မိမိတို့ကိုယ်တိုင်ဖြစ်စေ၊ မိသားစုမှသူများဖြစ်စေ၊ ဖျားနာခြင်း သို့မဟုတ် အသက်အရွယ်အိုမင်းခြင်းပြဿနာများကြောင့် ရုန်းကန်တွန်းလှန်ကြရပါသည်။ ထိုသို့သောအခြေအနေမျိုးကြောင့် သူတို့၏ဘဝအသက်တာမှ ဝိညာဉ်ရေးရာများကို ပပျောက်သွားစေဖို့ မည်မျှလွယ်ကူလိုက်လေခြင်း!—မဿဲ ၁၃:၂၂။

၁၆။ ဘဝ၏ဖိစီးမှုများကို ကျွန်ုပ်တို့ကိုင်တွယ်ဖြေရှင်းဖို့ ယေဟောဝါသည် ကျွန်ုပ်တို့အား မည်သို့အကူအညီပေးသနည်း။

၁၆ ယေဟောဝါသည် မေတ္တာပါစွာဖြင့် ကျွန်ုပ်တို့ကို မေရှိယနိုင်ငံတော်အောက် ခံစားရမည့် သက်သာမှုအကြောင်း အသိပေးထားတော်မူသည်။ (ဆာလံ ၇၂:၁-၄၊ ၁၆; ဟေရှာယ ၂၅:၇၊ ၈) ကိုယ်တော်သည် ကျွန်ုပ်တို့ ဦးစားထားသင့်ရာကို မည်သို့ဦးစားထားရန် အကြံပေးခြင်းအားဖြင့် ဘဝ၏ဖိစီးမှုများကို ယခုပင် ကိုင်တွယ်ဖြေရှင်းနိုင်ဖို့ ကျွန်ုပ်တို့ကိုအကူအညီပေးတော်မူ၏။ (မဿဲ ၄:၄; ၆:၂၅-၃၄) ယေဟောဝါသည် အတိတ်ကာလက ကိုယ်တော်၏ကျေးကျွန်များကို ကူညီပေးခဲ့ပုံမှတ်တမ်းအားဖြင့် ကျွန်ုပ်တို့ကို စိတ်ချစေတော်မူသည်။ (ယေရမိ ၃၇:၂၁; ယာကုပ် ၅:၁၁) ကျွန်ုပ်တို့အပေါ် မည်သည့်ဘေးဆိုးပင်ကျရောက်ပါစေ ကိုယ်တော့်အပေါ်သစ္စာတည်ကြည်သော ကျေးကျွန်များကို ကိုယ်တော်သည် အမြဲချစ်ခြင်းမေတ္တာရှိတော်မူကြောင်း ကျွန်ုပ်တို့အားစိတ်ချစေခြင်းအားဖြင့် ခွန်အားရှိစေတော်မူသည်။ (ရောမ ၈:၃၅-၃၉) ယေဟောဝါအား ယုံကြည်ကိုးစားသူတို့ကို ကိုယ်တော်က ဤသို့ကြေညာတော်မူသည်– “ငါသည် သင့်ကိုမစွန့်၊ သင့်ကိုအလျှင်းပစ်၍မထား။”—ဟေဗြဲ ၁၃:၅။

၁၇။ ပြင်းထန်သောဆင်းရဲမှု ကြုံတွေခဲ့ရသူ တစ်ဦးချင်းစီအနေဖြင့် ဘုရားသခင်နှင့် ဆက်၍လျှောက်လှမ်းနိုင်ခဲ့သည့် ဥပမာများပေးပါ။

၁၇ ၎င်းကိုသိထားခြင်းအားဖြင့် ခွန်အားရရှိကြသည့် စစ်မှန်သောခရစ်ယာန်များသည် လောကလမ်းစဉ်များသို့ ပြန်လည်လိုက်ပါသွားမည့်အစား ဘုရားသခင်နှင့်အတူ သွားလာကြသည်။ နိုင်ငံများစွာရှိ ဆင်းရဲသူတို့၏ ယေဘုယျ လောကအတွေးအခေါ်တစ်ခုမှာ သာ၍ကြွယ်ဝသူတို့ထံမှ ခိုးယူပြီး မိသားစုကိုလုပ်ကျွေးခြင်းသည် ခိုးသည့်သဘော မသက်ရောက်ပါဟူ၍ဖြစ်၏။ သို့သော် ယုံကြည်သည်အတိုင်း ကျင့်ဆောင်ပြုမူသူတို့သည် ထိုရှုမြင်ပုံကို ငြင်းပယ်ကြသည်။ သူတို့သည် အရာခပ်သိမ်းတို့ထက် ဘုရားသခင်နှစ်သက်သည့်အရာမှန်ကို တန်ဖိုးထားကြပြီး မိမိတို့၏ဖြောင့်မှန်သောအမူအကျင့်များကြောင့် ကိုယ်တော်ထံမှဆုကျေးဇူးရရှိရန် မျှော်လင့်ကြ၏။ (သု. ၃၀:၈၊ ၉; ၁ ကောရိန္သု ၁၀:၁၃; ဟေဗြဲ ၁၃:၁၈) အိန္ဒိယမှ မုဆိုးမတစ်ဦးသည် အလုပ်လုပ်လိုစိတ်နှင့်အတူ ကြံရည်ဖန်ရည်ရှိခြင်းအားဖြင့် ရင်ဆိုင်ရသမျှကို ကိုင်တွယ်ဖြေရှင်းနိုင်ရန် အကူအညီရရှိခဲ့သည်။ သူမ၏ဘဝအဖြစ်ဆိုးကြောင့် စိတ်ပျက်နေမည့်အစား ဘဝတွင် ဘုရားသခင့်နိုင်ငံတော်နှင့်ဖြောင့်မတ်ခြင်းကို ရှေ့ဦးထားမည်ဆိုလျှင် မိမိနှင့် မိမိ၏သားအတွက် လိုအပ်ရာများရရှိဖို့ မိမိ၏ကြိုးစားမှုများကို ယေဟောဝါကောင်းချီးပေးတော်မူမည်ဖြစ်ကြောင်း သူမသိထားပါသည်။ (မဿဲ ၆:၃၃၊ ၃၄) ကမ္ဘာပေါ်ရှိ ထောင်နှင့်ချီသောသူတို့သည် ဆင်းရဲမှုကိုရင်ဆိုင်ရငြား ယေဟောဝါသည် သူတို့၏ခိုလှုံရာရဲတိုက်ဖြစ်ကြောင်း တင်ပြနေကြသည်။ (ဆာလံ ၉၁:၂) သင်သည်လည်း ဤသို့ပင်ဖြစ်သလော။

၁၈။ စာတန့်လောက၏ ကျော့ကွင်းများကို ရှောင်ရှားနိုင်ဖို့ အဓိကသော့ချက်ကား အဘယ်နည်း။

၁၈ လက်ရှိအစီအစဉ်စနစ်တွင် ကျွန်ုပ်တို့ နေထိုင်သ၍ကာလပတ်လုံး ရှောင်ရှားရန် ကျော့ကွင်းများစွာရှိပေလိမ့်မည်။ (၁ ယောဟန် ၅:၁၉) သမ္မာကျမ်းစာက ယင်းတို့ကို ဖော်ပြထားပြီး မည်သို့ရှောင်ရှားနိုင်ပုံကိုလည်း ကျွန်ုပ်တို့အား တင်ပြထားသည်။ ယေဟောဝါအား အမှန်တကယ်ချစ်မြတ်နိုး၍ ကိုယ်တော့်စိတ်တော်နှင့်မတွေ့မည်ကို စိုးရိမ်ကြောင့်ကြသူတို့သည် ထိုသို့သော ကျော့ကွင်းများကို အောင်မြင်စွာကိုင်တွယ်ဖြေရှင်းနိုင်ပေသည်။ သူတို့သည် “ဝိညာဉ်ပကတိအတိုင်းကျင့်ကြ” လျှင်လောကလမ်းစဉ်များကို အညံ့ခံအရှုံးပေးလိမ့်မည်မဟုတ်ချေ။ (ဂလာတိ ၅:၁၆-၂၅) မိမိတို့၏ဘဝအသက်တာကို ယေဟောဝါနှင့် ဆက်ဆံရေးအပေါ် အမှန်ပင် တည်ဆောက်ကြသူအားလုံး အနာဂတ်တွင် ဘုရားသခင်နှင့်အတူသွားလာစဉ် ကိုယ်တော်နှင့် ထာဝစဉ် ရင်းနှီးကျွမ်းဝင်နိုင်သည့် ကြီးမြတ်သောအခွင့်အလမ်း ရှိနေပါသည်။—ဆာလံ ၂၅:၁၄။

သင့်မှတ်ချက်ကား အဘယ်နည်း

▫ ကိုယ့်ကိုယ်ကို ယုံကြည်စိတ်ချခြင်းကား မည်သို့ကျော့ကွင်းဖြစ်နိုင်သနည်း။

▫ အဘယ်အရာက လူကိုကြောက်ရွံ့ခြင်း၏လွှမ်းမိုးမှုမှ ကျွန်ုပ်တို့အား ကာကွယ်ပေးနိုင်သနည်း။

▫ စည်းစိမ်ဥစ္စာရှာခြင်းအန္တရာယ်နှင့်ပတ်သက်၍ အကြံပြုချက်ကို လိုက်လျှောက်ဖို့ အဘယ်အရာက ကျွန်ုပ်တို့ကို ပျက်ကွက်စေမည်နည်း။

▫ ဘဝ၏စိုးရိမ်ပူပန်မှု ကျော့ကွင်းထဲမကျစေရန် အဘယ်အရာက ကျွန်ပ်တို့ကို ကူညီပေးနိုင်သနည်း။

[စာမျက်နှာ ၁၆ ပါ ရုပ်ပုံ]

များစွာသောသူတို့သည် ဘဝတစ်လျှောက်လုံး ဘုရားသခင်နှင့် ဆက်၍လျှောက်လှမ်းနေကြသည်

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ