ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း လေ့ကျင့်ခန်းစာစောင် မှာပါတဲ့ အညွှန်းများ
မေ ၆-၁၂
ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ | ၂ ကောရိန္သု ၄-၆
“ကျွန်တော်တို့ အရှုံးမပေးကြဘူး”
(၂ ကောရိန္သု ၄:၁၆) ဒါကြောင့် ကျွန်တော်တို့ အရှုံးမပေးကြဘူး။ ခန္ဓာကိုယ်အပြင်ပန်းကတော့ ယိုယွင်းပျက်စီးနေပေမဲ့ အတွင်းစိတ်ကတော့ တစ်နေ့ပြီးတစ်နေ့ အသစ်အသစ် ပြန်ဖြစ်တယ်။
မောပန်းသော်လည်း ပန်းလျနွမ်းနယ်ခြင်းမရှိ
၁၆ ကျွန်ုပ်တို့၏ဝိညာဉ်ရေးကျန်းမာမှုကို ဂရုစိုက်ခြင်းသည် အမှန်ပင် အလွန်အရေးကြီးသည်။ ယေဟောဝါဘုရားသခင်နှင့် ရင်းနှီးသော ဆက်ဆံရေးရှိသည့်အခါ ကာယရေးအရ မောပန်းသည့်တိုင် ကိုယ်တော်အား ဝတ်ပြုကိုးကွယ်ရ၍ ဘယ်တော့မျှ မောပန်းမည်မဟုတ်ပါ။ ယေဟောဝါသည် “မောသောသူတို့အား ခွန်အားကိုပေးတော်မူ၏။ နွမ်းနယ်သောသူတို့အား အစွမ်းသတ္တိနှင့်ပြည့်စုံသောအခွင့်ကို ပေးတော်မူ၏။” (ဟေရှာယ ၄၀:၂၈၊ ၂၉) ထိုစကားများမှန်ကန်ကြောင်း ကိုယ်တွေ့ခံစားခဲ့ရသူ တမန်တော်ပေါလု ဤသို့ရေးခဲ့၏– “ထိုကြောင့် ငါတို့သည် အားလျော့စိတ်ပျက်ခြင်းနှင့် ကင်းလွတ်ကြ၏။ ငါတို့၏ပြင်လူသည် ဖောက်ပြန်ပျက်စီးခြင်းသို့ ရောက်သော်လည်း အတွင်းလူမူကား တစ်နေ့ထက်တစ်နေ့ ပြုပြင်ခြင်းကို ခံရ၏။”—၂ ကောရိန္သု ၄:၁၆။
၁၇ “တစ်နေ့ထက်တစ်နေ့” ဟူသော အသုံးအနှုန်းကို သတိပြုပါ။ ယင်းက ယေဟောဝါ၏ ပြင်ဆင်ပေးချက်များကို နေ့စဉ်နေ့တိုင်း အသုံးပြုခြင်းကို ဆိုလိုသည်။ ၄၃ နှစ်တိုင် ခရစ်ယာန်သာသနာပြုအဖြစ် တည်ကြည်စွာ အမှုဆောင်ခဲ့သူ ဆူဇီသည် ကာယရေးအရ မောပန်းပြီး စိတ်ဓာတ်ကျသည့် အချိန်အခါများ ရှိခဲ့သည်။ သို့သော် သူသည် အားအင် ကုန်ခန်းသည့်အထိ မဖြစ်ခဲ့ပါ။ သူဤသို့ပြောပြ၏– “တစ်နေ့တာရဲ့ လုပ်ငန်းဆောင်တာတွေ မလုပ်ကိုင်ခင် ယေဟောဝါထံ ဆုတောင်းဖို့နဲ့ ကျမ်းစာဖတ်နိုင်ဖို့ မနက်စောစောထတဲ့အကျင့် လုပ်ခဲ့တယ်။ နေ့တိုင်း ဒီလိုလုပ်ခဲ့တဲ့အတွက် ဒီနေ့အထိ ကျွန်မခံရပ်နိုင်ခဲ့တာ။” ကျွန်ုပ်တို့သည် ကိုယ်တော့်ထံ မှန်မှန်၊ ‘နေ့စဉ်နေ့တိုင်း’ ဆုတောင်းပြီး ကိုယ်တော်၏ မြင့်မားသော အရည်အသွေးများ၊ ကတိတော်များကို တွေးတောဆင်ခြင်မည်ဆိုလျှင် ယေဟောဝါ၏ ထောက်မကူညီမှု ရမည်ဟု ယုံကြည်စိတ်ချနိုင်ပါသည်။
(၂ ကောရိန္သု ၄:၁၇) ကျွန်တော်တို့ ခဏတာခံရတဲ့ ပေါ့ပါးတဲ့ ဆင်းရဲဒုက္ခဟာ အတိုင်းထက်အလွန် ကြီးမြတ်တဲ့ ထာဝရဘုန်းအသရေကို ရရှိစေတယ်။
it-1 ၇၂၄-၇၂၅
ခံနိုင်ရည်
အပြစ်မရှိတဲ့ အခြေအနေနဲ့ ထာဝစဉ် အသက်ရှင်ရမယ့် ခရစ်ယာန်မျှော်လင့်ချက်ကို မျက်ခြည်မပြတ်စေဖို့လည်း အရေးကြီးတယ်။ နှိပ်စက်ညှဉ်းဆဲမယ့်သူတွေလက်ထဲ သေရရင်တောင် အဲဒီမျှော်လင့်ချက် မပျက်စီးနိုင်ဘူး။ (ရ ၅:၄၊ ၅။ ၁သ ၁:၃။ ဗ ၂:၁၀) အဲဒီမျှော်လင့်ချက် ပြည့်စုံလာချိန်နဲ့ နှိုင်းယှဉ်လိုက်ရင် လောလောဆယ် ကြုံနေရတဲ့ ဒုက္ခတွေဟာ အသေးအဖွဲပါပဲ။ (ရ ၈:၁၈-၂၅) ဆင်းရဲဒုက္ခက ဘယ်လောက်ပဲ ပြင်းထန်ပါစေ ထာဝစဉ် အသက်ရှင်ရမှာနဲ့ နှိုင်းယှဉ်လိုက်ရင် အဲဒါဟာ “ခဏတာခံရတဲ့ ပေါ့ပါးတဲ့” ဆင်းရဲဒုက္ခပဲ။ (၂က ၄:၁၆-၁၈) ဆင်းရဲဒုက္ခတွေကို ခဏလောက်ပဲ ခံရမယ်ဆိုတာ သတိရပြီး ခရစ်ယာန်မျှော်လင့်ချက်ကို ဆုပ်ကိုင်ထားသူဟာ အရှုံးမပေးဘဲ ယေဟောဝါဘုရားကို သစ္စာစောင့်သိနိုင်ပါလိမ့်မယ်။
(၂ ကောရိန္သု ၄:၁၈) မြင်နိုင်တဲ့အရာကို အာရုံမစိုက်ဘဲ မမြင်နိုင်တဲ့အရာတွေကို ကျွန်တော်တို့ အာရုံစိုက်ကြတယ်။ မြင်နိုင်တဲ့ အရာတွေဟာ တစ်ခဏသာ တည်တံ့ပြီး မမြင်နိုင်တဲ့ အရာတွေကတော့ ထာဝရတည်တံ့လို့ပဲ။
ရှာဖွေလေ့လာ ဘုရားရေးရာရတနာ
(၂ ကောရိန္သု ၄:၇) မြေအိုးတွေလိုဖြစ်တဲ့ ကျွန်တော်တို့ဆီမှာ ဒီဘဏ္ဍာ ရှိနေတယ်။ ဒါကြောင့် သာမန်ထက်ထူးကဲတဲ့ တန်ခိုးဟာ ကျွန်တော်တို့ဆီက မဟုတ်ဘဲ ဘုရားသခင်ဆီကမှန်း ထင်ရှားတယ်။
“ယေဟောဝါဘုရားသခင်ကို ရွှင်ပြုံးစေပါ”
အုပ်ချုပ်ရေးအဖွဲ့ဝင် ဒေးဗစ် စပလိန်းက ကျမ်းစာကနေ ကောက်နုတ်ထားတဲ့ အဓိကအကြောင်းအရာကို ဆန်းစစ်သွားတယ်။ (၂ ကောရိန္သု ၄:၇) ဘဏ္ဍာဆိုတာ ဘာလဲ။ အဲဒါက အသိပညာလား၊ ဉာဏ်ပညာလား။ ဘယ်တစ်ခုမှ မဟုတ်ဘူးလို့ ဟောပြောသူက ဖြေဆိုတယ်။ တမန်တော်ပေါလု ပြောနေတဲ့ ဘဏ္ဍာဆိုတာ ‘အမှန်တရားကို ထင်ရှားစေခြင်း’ ဖြစ်တဲ့ ဘုရားသခင့် အမှုတော်ထမ်းဆောင်ခြင်း ဖြစ်တယ်။ (၂ ကောရိန္သု ၄:၁၊ ၂၊ ၅) ငါးလကြာ သင်တန်းတက်ခဲ့ကြတဲ့ သင်တန်းသားတွေဟာ ဒီအလုပ်မှာ အထူးတာဝန်ထမ်းဆောင်ဖို့ အသင့်ပြင်ဆင်ခဲ့ကြတယ်ဆိုပြီး ညီအစ်ကို စပလိန်းက ပြောကြားသွားတယ်။ အဲဒီတာဝန်က အလွန်လေးမြတ် တန်ဖိုးထားရမယ့်အရာ ဖြစ်တယ်။
ဟောပြောသူက “မြေအိုး” ဆိုတာ ကိုယ်ခန္ဓာကို ပြောခြင်း ဖြစ်တယ်လို့ ရှင်းပြတယ်။ မြေနဲ့လုပ်ထားတဲ့အိုးနဲ့ ရွှေနဲ့လုပ်ထားတဲ့အိုးရဲ့ ကွာခြားချက်ကို ညီအစ်ကိုက ပြောပြတယ်။ အများအားဖြင့် ရွှေနဲ့လုပ်ထားတဲ့ အိုးတွေကို သုံးခဲပါတယ်။ မြေနဲ့လုပ်ထားတဲ့ အိုးတွေကိုကျတော့ တွင်တွင်ကျယ်ကျယ် အသုံးပြုကြပါတယ်။ ရွှေအိုးထဲမှာ ဘဏ္ဍာထည့်ထားမယ်ဆိုရင် အထဲမှာရှိတဲ့ဘဏ္ဍာထက် ရွှေအိုးကိုပဲ ပိုအာရုံစိုက်မိနိုင်တယ်။ ဒါကြောင့် “သင်တို့ဟာ ကိုယ့်အပေါ် လူတွေ အာရုံစိုက်လာအောင် လုပ်ချင်ကြမှာ မဟုတ်ပါဘူး။ ခရစ်ယာန်သာသနာပြုတွေ ဖြစ်တဲ့ သင်တို့ဟာ လူတွေကို ယေဟောဝါဆီ လမ်းညွှန်ပေးချင်ကြမှာပါ။ သင်တို့ဟာ ကျိုးနွံမှုရှိတဲ့ မြေအိုးတွေ ဖြစ်ကြပါတယ်” လို့ ညီအစ်ကို စပလိန်းက ပြောကြားသွားပါတယ်။
(၂ ကောရိန္သု ၆:၁၃) ဒါကြောင့် သားသမီးတွေလို သဘောထားပြီး ပြောမယ်။ ခင်ဗျားတို့ဘက်က တုံ့ပြန်တဲ့အနေနဲ့ ကျွန်တော်တို့ကို တကယ်ချစ်မြတ်နိုးကြပါ။
ညီရင်းအစ်ကိုချစ်ခြင်းမေတ္တာကို ဆက်လက်တိုးပွားနေစေပါ
၇ ကျွန်ုပ်တို့ကော မည်သို့နည်း။ ညီရင်းအစ်ကိုမေတ္တာ တင်ပြရာတွင် ကျွန်ုပ်တို့၏စိတ်နှလုံးကို မည်သို့ “ကျယ်ဝန်းစေ” နိုင်သနည်း။ အသက်အရွယ်တူသူများနှင့် လူမျိုးတူသူများသည် ပင်ကိုအားဖြင့် တစ်ဦးနှင့်တစ်ဦး ညီရင်းအစ်ကိုမေတ္တာ တင်ပြရန် လွယ်ကူပေမည်။ အပန်းဖြေရာတွင် အကြိုက်တူသူများသည် အချိန်များစွာ အတူတကွ အကုန်ခံလေ့ရှိကြသည်။ သို့သော် အကြိုက်ချင်းမတူသော ခရစ်ယာန်များနှင့်မူ ကျွန်ုပ်တို့၏ “စိတ်နှလုံးကို ကျယ်ဝန်းစေ” ဖို့လိုသည်။ ကျွန်ုပ်တို့ကိုယ်ကို ဤသို့မေးခြင်းက ပညာရှိရာရောက်သည်– ‘ခရစ်ယာန်ဓမ္မအမှုမှာ ဒါမှမဟုတ် လူမှုရေးပေါင်းသင်းမှုတွေမှာ မရင်းနှီးတဲ့ ညီအစ်ကိုညီအစ်မတွေနဲ့အတူ ငါ ပါဝင်လေ့ရှိသလား။ ဝတ်ပြုရာခန်းမမှာ လူသစ်တွေကို ရင်းရင်းနှီးနှီး ပေါင်းသင်းဖို့ အချိန်ယူရဦးမယ်လို့ ယူဆတဲ့အတွက် သိပ်မပေါင်းဘဲနေသလား။ အသင်းတော်မှာရှိတဲ့ လူကြီးလူငယ်အားလုံးကို ငါ နှုတ်ဆက်သလား။’
ကျမ်းစာဖတ်ရှုခြင်း
(၂ ကောရိန္သု ၄:၁-၁၅) ကျွန်တော်တို့က ကရုဏာတော်ခံစားရလို့ ဒီအမှုတော်ကို ဆောင်ရွက်နေရတာ။ ဒါကြောင့် အရှုံးမပေးဘူး။ ၂ ရှက်စရာကောင်းတဲ့အရာတွေ မလုပ်ဘူး။ ခိုးကြောင်ခိုးဝှက် မလုပ်ဘူး။ မကောက်ကျစ်ဘူး။ ဘုရားသခင်ရဲ့ တရားစကားကို မလိမ့်တပတ်လုပ်ပြီး မသုံးဘူး။ အဲဒီအစား အမှန်တရားကို ထင်ရှားစေခြင်းအားဖြင့် ဘုရားသခင်ရှေ့မှာ လူအားလုံးအတွက် စံနမူနာကောင်း ပြတယ်။ ၃ ကျွန်တော်တို့ကြေညာတဲ့ သတင်းကောင်းဟာ ဖုံးအုပ်နေတယ်ဆိုရင်တောင် ဖျက်ဆီးခံရမယ့် သူတွေအတွက်ပဲ ဖုံးအုပ်နေတာ။ ၄ ဒီလောကစနစ်ရဲ့ ဘုရားက မယုံကြည်သူတွေရဲ့ ဉာဏ်မျက်စိကို ကွယ်စေတဲ့အတွက် ဘုရားသခင့် ပုံသဏ္ဌာန်ဖြစ်တဲ့ ခရစ်တော်နဲ့ဆိုင်တဲ့ သတင်းကောင်းရဲ့ ဘုန်းအသရေအလင်းကို အဲဒီလူတွေ မမြင်ရဘူး။ ၅ ကျွန်တော်တို့က ကိုယ့်အကြောင်းကိုယ် ဟောနေတာ မဟုတ်ဘူး။ ယေရှုခရစ်ဟာ သခင်ဖြစ်တဲ့အကြောင်း၊ ကျွန်တော်တို့ဟာ ယေရှုအတွက် ခင်ဗျားတို့ရဲ့ ကျွန်တွေဖြစ်တဲ့အကြောင်း ဟောပြောနေတာ။ ၆ “မှောင်မိုက်ထဲကနေ အလင်းထွန်းလင်းစေ” လို့ပြောတဲ့ ဘုရားသခင်က ကျွန်တော်တို့ရဲ့ စိတ်နှလုံးမှာ အလင်း ထွန်းလင်းစေပြီ။ အဲဒီအလင်းဟာ ခရစ်တော်ရဲ့ မျက်နှာမှာ ထွန်းတောက်နေတဲ့၊ ဘုန်းအသရေနဲ့ပြည့်စုံတဲ့ ဘုရားရေးရာအသိပညာပဲ။ ၇ မြေအိုးတွေလိုဖြစ်တဲ့ ကျွန်တော်တို့ဆီမှာ ဒီဘဏ္ဍာ ရှိနေတယ်။ ဒါကြောင့် သာမန်ထက်ထူးကဲတဲ့ တန်ခိုးဟာ ကျွန်တော်တို့ဆီက မဟုတ်ဘဲ ဘုရားသခင်ဆီကမှန်း ထင်ရှားတယ်။ ၈ ကျွန်တော်တို့ဟာ အဘက်ဘက်ကနေ ဖိနှိပ်ခံရပေမဲ့ မလှုပ်နိုင်လောက်အောင် ပိတ်မိမနေပါဘူး။ ကြံရာမရဖြစ်နေပေမဲ့ ထွက်ပေါက်မရှိဘဲ မနေပါဘူး။ ၉ ညှဉ်းပန်းနှိပ်စက်ခံရပေမဲ့ စွန့်ပစ်မခံရပါဘူး။ အထိုးခံရလို့ လဲကျပေမဲ့ ဇာတ်သိမ်းမသွားပါဘူး။ ၁၀ ကျွန်တော်တို့က ယေရှုလိုပဲ အသက်အန္တရာယ် အမြဲကြုံခဲ့ရတယ်။ ဒါကြောင့် ယေရှု ဒုက္ခခံရသလို ကျွန်တော်တို့လည်း ခံရတယ်ဆိုတာ ပေါ်လွင်ပါတယ်။ ၁၁ ကျွန်တော်တို့က အသက်ရှင်နေပေမဲ့ ယေရှုရဲ့နောက်ကို လိုက်တဲ့အတွက် သေဘေးနဲ့ အမြဲရင်ဆိုင်နေရတယ်။ ဒါကြောင့် ယေရှုဒုက္ခခံရသလို ကျွန်တော်တို့လည်း ခံရတယ်ဆိုတာ ပေါ်လွင်ပါတယ်။ ၁၂ ကျွန်တော်တို့ သေဘေးနဲ့ ရင်ဆိုင်ရပေမဲ့ အဲဒါက ခင်ဗျားတို့အတွက် အသက်ရှင်ခြင်း ဖြစ်လာတယ်။ ၁၃ “ယုံကြည်သက်ဝင်လို့ ငါပြောနေတာ” ဆိုပြီး ကျမ်းစာမှာ ရေးထားတဲ့အတိုင်း ကျွန်တော်တို့မှာ အဲဒီလိုယုံကြည်ခြင်းမျိုး ရှိတယ်။ ယုံကြည်သက်ဝင်လို့ ကျွန်တော်တို့ ပြောနေတာ။ ၁၄ ယေရှုကို ထမြောက်စေတဲ့အရှင်က ယေရှုနဲ့အတူ ကျွန်တော်တို့အားလုံးကို ထမြောက်စေမယ်၊ ကျွန်တော်တို့ရော ခင်ဗျားတို့ကိုပါ ယေရှုရှေ့ ခေါ်လာမယ်ဆိုတာ ကျွန်တော်တို့ သိထားတယ်။ ၁၅ ဒါတွေအားလုံးဟာ ခင်ဗျားတို့အကျိုးအတွက်ပါ။ ဘုရားသခင်ရဲ့ ဘုန်းတော်ကို ကျေးဇူးတင်ချီးမွမ်းသူတွေ များလာတဲ့အတွက် မဟာကရုဏာတော် တိုးများသည်ထက် တိုးများလာတယ်။
မေ ၁၃-၁၉
ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ | ၂ ကောရိန္သု ၇-၁၀
“ကျွန်တော်တို့ရဲ့ ကယ်ဆယ်ရေးလုပ်ငန်း”
(၂ ကောရိန္သု ၈:၁-၃) ညီအစ်ကိုတို့၊ မက်ဆီဒိုးနီးယားပြည်မှာရှိတဲ့ အသင်းတော်တွေ ဘုရားသခင်ရဲ့ မဟာကရုဏာ ခံစားရတဲ့အကြောင်း ခင်ဗျားတို့ကို သိစေချင်တယ်။ ၂ သူတို့ဟာ အကြီးအကျယ် စမ်းသပ်ခံရပြီး ဒုက္ခရောက်နေချိန်မှာတောင် ဝမ်းသာအားရဖြစ်ကြတယ်။ ချွတ်ခြုံကျနေချိန်မှာတောင် အတိုင်းထက်အလွန် ရက်ရောကြတယ်။ ၃ တတ်နိုင်သလောက်ပေးတာ မဟုတ်ဘဲ တတ်နိုင်တာထက်ပိုပြီး ပေးလှူခဲ့ကြမှန်း ကျွန်တော်ပြောရဲတယ်။
“စေတနာစိတ်နှင့်ပေးလှူသူကို ဘုရားသခင်နှစ်သက်”
ဦးဆုံး၊ ပေါလုသည် ကယ်ဆယ်ရေးကြိုးပမ်းမှုတွင် စံထားလောက်သည့် မာကေဒေါနိအသင်းသားများ၏အကြောင်းကို ကောရိန္သုအသင်းသားများအား ပြောပြခဲ့သည်။ ပေါလုက ဤသို့ရေးခဲ့သည်– “ထိုအသင်းတော်တို့သည် ဆင်းရဲဒုက္ခများကို အလူးအလဲ ခံခဲ့ကြရ၏။ သို့သော်လည်း လွန်စွာ ရွှင်လန်းဝမ်းမြောက်လျက်ပင်ရှိရကား သူတို့သည် အလွန့်အလွန် ဆင်းရဲကြသော်လည်း ပေးကမ်းစွန့်ကြဲမှုတွင် အတိုင်းထက်အလွန် ရက်ရောကြ၏။” မာကေဒေါနိအသင်းသားများကို တိုက်တွန်းလှုံ့ဆော်ပေးဖို့ မလိုအပ်ခဲ့ချေ။ အမှန်မှာ “ထိုသို့ပါဝင်ခွင့်ပြုရန် မိမိတို့အလိုအလျောက် ငါတို့အား အဖန်တလဲလဲ တောင်းပန်ကြ၏” ဟု ပေါလု ပြောပြခဲ့သည်။ မာကေဒေါနိအသင်းသားများ၏ “အလွန့်အလွန်ဆင်းရဲ” မှုကို သုံးသပ်လိုက်သောအခါ သူတို့၏ ရက်ရောစွာ ပေးကမ်းစွန့်ကြဲစိတ်သည် မှတ်သားဖွယ်ရာကောင်းသည်။—၂ ကောရိန္သု ၈:၂-၄။
ကယ်ဆယ်ရေးလုပ်ငန်း
အချိန်ကတော့ အေဒီ ၄၆ ခုနှစ်လောက်မှာ ဖြစ်တယ်။ ယုဒနယ်မှာ အငတ်ဘေးကြုံရတဲ့အတွက် အဲဒီမှာနေထိုင်တဲ့ ဂျူးလူမျိုးတပည့်တွေမှာ စားစရာ မရှိတော့ဘူး။ စားစရာတွေ အရမ်းဈေးတက်သွားလို့ ဝယ်မစားနိုင်ကြတော့ဘူး။ ဆာလောင်မွတ်သိပ်တဲ့ ဒဏ်ကို ခံစားနေကြရတယ်။ ဒါပေမဲ့ ယေဟောဝါရဲ့ လက်တော်နဲ့ ကာကွယ်ပေးတာကို သူတို့ ကြုံတွေ့ရတော့မယ်။ အဲဒီလိုကာကွယ်မှုမျိုးကို ခရစ်တော်ရဲ့တပည့်တွေ အရင်က တစ်ခါမှ မကြုံဖူးသေးဘူး။ ဘာများဖြစ်မလဲ။
(၂ ကောရိန္သု ၈:၄) အဲဒီညီအစ်ကိုတွေဟာ ရက်ရက်ရောရော ပေးလှူခွင့်၊ သန့်ရှင်းသူတွေအတွက် ကယ်ဆယ်ရေးလုပ်ငန်းမှာ ပါဝင်လှူဒါန်းခွင့်ရဖို့ သူတို့ဘက်က အစပြုပြီး ကျွန်တော်တို့ကို အကြိမ်ကြိမ် မေတ္တာရပ်ခံကြတယ်။
ကယ်ဆယ်ရေးလုပ်ငန်း
၄ ကောရိန္သုဒုတိယစောင်မှာ ပေါလုက ခရစ်ယာန်တွေရဲ့ အမှုဆောင်လုပ်ငန်းမှာ ကဏ္ဍနှစ်ခု ပါဝင်တယ်လို့ ရှင်းပြခဲ့တယ်။ ပေါလုရဲ့စာက ဘိသိက်ခံခရစ်ယာန်တွေကို အဓိကပြောနေတာဖြစ်ပေမဲ့ ဒီနေ့အချိန်မှာ ခရစ်တော်ရဲ့ “အခြားသိုး” တွေနဲ့လည်း သက်ဆိုင်ပါတယ်။ (ယော. ၁၀:၁၆) အမှုဆောင်လုပ်ငန်းရဲ့ကဏ္ဍတစ်ခုက “ပြန်လည်သင့်မြတ်စေသည့် လုပ်ငန်း၊” တစ်နည်းအားဖြင့် ဟောပြောခြင်းနဲ့ သွန်သင်ခြင်းလုပ်ငန်း ဖြစ်တယ်။ (၂ ကော. ၅:၁၈-၂၀; ၁ တိ. ၂:၃-၆) နောက်ကဏ္ဍတစ်ခုကတော့ ယုံကြည်သူချင်းတွေရဲ့အကျိုးအတွက် လုပ်ဆောင်ပေးခြင်း ဖြစ်တယ်။ အထူးသဖြင့် ယုံကြည်သူချင်းတွေကို “ထောက်ပံ့” ပေးခြင်းအကြောင်း ပေါလုပြောခဲ့တယ်။ (၂ ကော. ၈:၄) “လုပ်ငန်း” နဲ့ “ထောက်ပံ့” ဆိုတဲ့ စကားလုံးနှစ်ခုကို ဂရိစကားလုံး ဒီအာခိုနီးအာ ကနေ ပြန်ဆိုထားပြီး အဲဒါက “အမှုဆောင်လုပ်ငန်း” ကို ရည်ညွှန်းတယ်။ ဒီအချက်က ဘာကြောင့်ထူးခြားတာလဲ။
၅ ပေါလုက လုပ်ဆောင်မှုနှစ်ခုစလုံးအတွက် ဂရိစကားလုံးတစ်လုံးတည်းကို အသုံးပြုခဲ့တယ်။ ဒီနည်းအားဖြင့် ယုံကြည်သူချင်းတွေကို “ထောက်ပံ့” ပေးတဲ့ ကယ်ဆယ်ရေးလုပ်ငန်းနဲ့ ခရစ်ယာန်အသင်းတော်မှာ လုပ်ဆောင်တဲ့ တခြားအမှုဆောင်လုပ်ငန်းတွေကို တစ်စုတည်း သတ်မှတ်လိုက်တယ်။ အစောပိုင်းမှာ သူအခုလို ပြောတယ်– “အမှုတော်ဆောင်ခြင်း အမျိုးမျိုးရှိ၏။ သို့သော် သခင်တစ်ပါးတည်း ရှိ၏။ လုပ်ဆောင်မှု အမျိုးမျိုးရှိ၏။ သို့သော် . . . ထိုစွမ်းအားတော် တစ်မျိုးတည်းကပင် လုပ်ဆောင် . . . တော်မူ၏။” (၁ ကော. ၁၂:၄-၆၊ ၁၁) တကယ်တော့၊ ပေါလုက အသင်းတော်ရဲ့ အမှုဆောင်လုပ်ငန်းအမျိုးမျိုးကို ဘုရားဝတ်ကိုပြုခြင်း ဒါမှမဟုတ် မြင့်မြတ်တဲ့အမှုတော်နဲ့ ဆက်စပ်ဖော်ပြခဲ့တယ်။ (ရော. ၁၂:၁၊ ၆-၈) ဒါကြောင့်လည်း “သန့်ရှင်းသူတို့ကို ကူညီထောက်မ” ဖို့ သူ့အချိန်တွေကို အသုံးပြုသင့်တယ်လို့ ယူမှတ်ခဲ့တာဖြစ်တယ်။—ရော. ၁၅:၂၅၊ ၂၆။
၆ ကယ်ဆယ်ရေးလုပ်ငန်းက ၀တ်ပြုရေးနဲ့အမှုဆောင်လုပ်ငန်းရဲ့ အစိတ်အပိုင်းတစ်ခု ဘာကြောင့် ဖြစ်တယ်ဆိုတာ ကောရိန္သုအသင်းသားတွေ နားလည်အောင် ပေါလုကူညီပေးခဲ့တယ်။ သူ့ရှင်းပြချက်ကို သတိပြုပါ– ခရစ်ယာန်တွေဟာ “ခရစ်တော်နှင့်ဆိုင်သော သတင်းကောင်းကို လက်အောက်ခံ” တဲ့အတွက် ကယ်ဆယ်ရေးပစ္စည်းတွေ ထောက်ပံ့ပေးတာ ဖြစ်တယ်။ (၂ ကော. ၉:၁၃) သူတို့က ခရစ်တော်ရဲ့ သွန်သင်ချက်တွေကို လက်တွေ့ကျင့်သုံးချင်စိတ် ရှိတာကြောင့် ယုံကြည်သူချင်းတွေကို ကူညီပေးကြတယ်။ ညီအစ်ကိုတွေရဲ့ အကျိုးအတွက် လုပ်ဆောင်တဲ့ ကြင်နာမှုလုပ်ရပ်တွေဟာ တကယ်တော့ “ဘုရားသခင်၏ သာလွန်သည့် မဟာကရုဏာတော်” ကို ဖော်ပြခြင်းဖြစ်တယ်လို့ ပေါလုပြောတယ်။ (၂ ကော. ၉:၁၄; ၁ ပေ. ၄:၁၀) ဒါကြောင့် ကယ်ဆယ်ရေးလုပ်ငန်းအပါအဝင် အကူအညီလိုအပ်နေတဲ့ ညီအစ်ကိုတွေအတွက် အမှုဆောင်ပေးခြင်းနဲ့ ပတ်သက်ပြီး ၁၉၇၅၊ ဒီဇင်ဘာ ၁ ရက်ထုတ် ကင်းမျှော်စင်မှာ အခုလိုပြောတယ်– “ဒီလုပ်ငန်းကို ယေဟောဝါဘုရားနဲ့ သားတော်ယေရှုခရစ်တို့ တကယ် အလေးအနက်ထားတယ်ဆိုတာ သံသယရှိစရာ မလိုပါဘူး။” မှန်ပါတယ်၊ ကယ်ဆယ်ရေးလုပ်ငန်းဟာ မြင့်မြတ်တဲ့အမှုတော်ရဲ့ မွန်မြတ်တဲ့ကဏ္ဍတစ်ခု ဖြစ်တယ်။—ရော. ၁၂:၁၊ ၇; ၂ ကော. ၈:၇; ဟေဗြဲ ၁၃:၁၆။
(၂ ကောရိန္သု ၉:၇) လူတိုင်း စိတ်ဆုံးဖြတ်ထားတဲ့အတိုင်း လှူဒါန်းကြပါ။ နှမြောတဲ့စိတ်၊ မလှူမနေရ ဆိုတဲ့စိတ်နဲ့ မလှူပါစေနဲ့။ စေတနာစိတ်နဲ့ လှူဒါန်းတဲ့သူကိုပဲ ဘုရားသခင် ချစ်မြတ်နိုးတယ်။
နိုင်ငံတော်လုပ်ငန်းတွေကို ငွေကြေးထောက်ပံ့ပေးပုံ
၁၀ ပထမ၊ ယေဟောဝါကို ချစ်ပြီး ကိုယ်တော် “နှစ်သက်တော်မူရာများကို” လုပ်ဆောင်ချင်တဲ့အတွက် စေတနာအလျောက် လှူဒါန်းကြတာ ဖြစ်တယ်။ (၁ ယော. ၃:၂၂) စိတ်နှလုံးထဲကနေ တလိုတလား ပေးလှူတဲ့သူကို ယေဟောဝါ တကယ် နှစ်သက်တယ်။ ခရစ်ယာန်တွေ ပေးကမ်းတာနဲ့ပတ်သက်ပြီး တမန်တော်ပေါလု ပြောတာကို သုံးသပ်ကြည့်ရအောင်။ (၂ ကောရိန္သု ၉:၇ ကိုဖတ်ပါ။) ခရစ်ယာန်စစ်တစ်ယောက်က နှမြောတွန့်တိုစိတ်နဲ့၊ မလှူမနေရဆိုတဲ့သဘောမျိုးနဲ့ မလှူဘူး။ “မိမိနှလုံး၌ ဆုံးဖြတ်ထားသည့်အတိုင်း” လှူတယ်။ ဆိုလိုတာက ဘာတွေ လိုအပ်တယ်၊ အဲဒါကို ဘယ်လို ဖြည့်ဆည်းပေးနိုင်မယ်ဆိုတာ သေချာစဉ်းစားပြီးမှ လှူတာဖြစ်တယ်။ “စေတနာစိတ်နှင့် လှူသောသူကို ဘုရားသခင် နှစ်သက်တော်မူ၏” လို့ ပြောထားတဲ့အတွက် အဲဒီလိုပေးလှူတဲ့သူကို ယေဟောဝါ ချစ်တယ်။ ဘာသာပြန်ကျမ်း နောက်တစ်ခုမှာ “ပေးကမ်းချင်စိတ်ရှိသူကို ဘုရားသခင် ချစ်တယ်” လို့ ဖတ်ရတယ်။
ရှာဖွေလေ့လာ ဘုရားရေးရာရတနာ
(၂ ကောရိန္သု ၉:၁၅) မပြောပြတတ်လောက်အောင် ကောင်းမြတ်တဲ့ ဆုလက်ဆောင်အတွက် ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်။
ဘုရားသခင့် ‘ဆုလက်ဆောင်’ ကြောင့် သင် လှုံ့ဆော်ခံရသလား
၂ ယေရှုရဲ့ ပူဇော်သကာဟာ ဘုရားသခင့် အံ့ဖွယ်ကတိအားလုံး ပြည့်စုံလာမယ်ဆိုတဲ့ အာမခံချက်ဖြစ်မှန်း ပေါလု သိတယ်။ (၂ ကောရိန္သု ၁:၂၀ ကိုဖတ်ပါ။) ဒါကြောင့် ‘ပြော၍မကုန်နိုင်သော ဆုလက်ဆောင်’ ထဲမှာ ယေရှုရဲ့ ပူဇော်သကာအပြင် ယေဟောဝါ ပြုလုပ်ပေးတဲ့ ကောင်းမှုအားလုံး၊ ယေဟောဝါ တင်ပြတဲ့ မေတ္တာလုပ်ရပ်အားလုံး ပါဝင်တယ်လို့ ဆိုလိုတယ်။ တန်ဖိုးကြီးလွန်းတဲ့ အဲဒီဆုလက်ဆောင်အကြောင်း လူ့ဦးနှောက်နဲ့ အပြည့်အဝ နားလည်နိုင်မှာ မဟုတ်ဘူး။ အဲဒီအထူးဆုလက်ဆောင်က ကျွန်တော်တို့အပေါ် ဘယ်လို အကျိုးသက်ရောက်သင့်သလဲ။ ၂၀၁၆၊ မတ် ၂၃၊ ဗုဒ္ဓဟူးနေ့မှာ ကျင်းပမယ့် ခရစ်တော်ရဲ့ သေခြင်းအောက်မေ့ရာပွဲအတွက် ပြင်ဆင်ရာမှာ အဲဒီဆုလက်ဆောင်က ကျွန်တော်တို့ကို ဘယ်လိုနည်းတွေနဲ့ လှုံ့ဆော်ပေးသင့်သလဲ။
(၂ ကောရိန္သု ၁၀:၁၇) “ဝါကြွားမယ်ဆိုရင် ယေဟောဝါ ဘုရားအကြောင်းကိုပဲ ဝါကြွားပါစေ။”
န၉၉-E ၇/၈ ၂၀-၂၁
ဝါကြွားတာ မှားသလား
ခရစ်ယာန်ဂရိကျမ်းစောင်တွေထဲမှာ ကြိယာဖြစ်တဲ့ ကောခါအိုမိုင်ကို အပျက်သဘောနဲ့ရော အပြုသဘောနဲ့ပါ “ဂုဏ်ယူ၊ အားရရွှင်လန်း၊ ဝါကြွား” ဆိုပြီး ပြန်ဆိုထားတယ်။ ဥပမာ၊ ပေါလုက “ဘုရားသခင်ရဲ့ ဘုန်းတော်ကို ရမယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ ရွှင်လန်းနေကြစို့” လို့ ပြောတယ်။ “ဝါကြွားမယ်ဆိုရင် ယေဟောဝါဘုရားအကြောင်းကိုပဲ ဝါကြွားပါစေ” လို့လည်း အကြံပြုတယ်။ (ရောမ ၅:၂။ ၂ ကောရိန္သု ၁၀:၁၇) ဆိုလိုတာက ယေဟောဝါကို ကိုးကွယ်ရလို့ ဂုဏ်ယူဝါကြွားနိုင်တယ်။ ဒီသဘောထားရှိလို့ ဘုရားရဲ့ နာမည်ကောင်းနဲ့ ဂုဏ်သတင်းကြောင့် အားရရွှင်လန်းနိုင်ကြတာ ဖြစ်တယ်။
ကျမ်းစာဖတ်ရှုခြင်း
(၂ ကောရိန္သု ၇:၁-၁၂) ချစ်ရသူတို့၊ အဲဒီကတိတော်တွေကို ကျွန်တော်တို့ ရရှိထားတဲ့အတွက် ကိုယ်စိတ်နှစ်ပါးကို ညစ်ညူးစေတဲ့အရာ ရှိသမျှနဲ့ ကင်းစင်နေကြစို့။ ဘုရားသခင်ကို ကြောက်ရွံ့ရိုသေတဲ့စိတ်နဲ့ သန့်ရှင်းသည်ထက် သန့်ရှင်းအောင် အသက်ရှင်နေကြစို့။ ၂ ခင်ဗျားတို့ရဲ့ နှလုံးသားထဲမှာ ကျွန်တော်တို့ကို နေရာပေးကြပါ။ ကျွန်တော်တို့ ဘယ်သူ့ကိုမှ မပြစ်မှားခဲ့ဘူး။ ဘယ်သူ့ကိုမှ မဖျက်ဆီးခဲ့ဘူး။ ဘယ်သူ့ဆီကမှ အမြတ်မထုတ်ခဲ့ဘူး။ ၃ ခင်ဗျားတို့ကို အပြစ်တင်တဲ့အနေနဲ့ ပြောနေတာ မဟုတ်ပါဘူး။ ကျွန်တော်ပြောခဲ့သလိုပဲ သေသည်ဖြစ်စေ၊ ရှင်သည်ဖြစ်စေ ကျွန်တော်တို့ရဲ့ နှလုံးသားထဲမှာ ခင်ဗျားတို့ ရှိနှင့်ပြီးသားပါ။ ၄ ခင်ဗျားတို့နဲ့ပတ်သက်ပြီး ရဲရဲဝံ့ဝံ့ပြောဆိုခွင့် ကျွန်တော့်မှာ ရှိတယ်။ ခင်ဗျားတို့နဲ့ပတ်သက်လို့ တကယ်ဂုဏ်ယူပြီး စိတ်အားတက်လာတယ်။ ဒုက္ခအမျိုးမျိုး ခံရပေမဲ့ အတိုင်းထက်အလွန် ဝမ်းသာတယ်။ ၅ ကျွန်တော်တို့က မက်ဆီဒိုးနီးယားပြည်ကို ရောက်တဲ့အခါ စိတ်ထောင်းကိုယ်ကြေ ဖြစ်ခဲ့ရတယ်။ ဒါတောင် ဒုက္ခအမျိုးမျိုး ကြုံနေရတုန်းပဲ။ အပြင်က တိုက်ခိုက်တာကို ခံရသလို အတွင်းကလူတွေအတွက်လည်း စိတ်ပူနေရတယ်။ ၆ ဒါပေမဲ့ အားငယ်သူတွေကို နှစ်သိမ့်ပေးတတ်တဲ့ ဘုရားသခင်က ရောက်လာတဲ့ တိတုအားဖြင့် ကျွန်တော်တို့ကို နှစ်သိမ့်ပေးတယ်။ ၇ တိတု ရောက်လာတဲ့အပြင် ခင်ဗျားတို့ကြောင့် သူခံစားရတဲ့ နှစ်သိမ့်မှုကလည်း ကျွန်တော့်ကို အားတက်စေတယ်။ ကျွန်တော့်ကို သတိရနေတဲ့အကြောင်း၊ ခင်ဗျားတို့ ဝမ်းနည်းပူဆွေးနေတဲ့အကြောင်း၊ ကျွန်တော့်အတွက် သိပ်စိတ်ပူနေတဲ့အကြောင်း သူပြောပြတော့ ပိုပြီးဝမ်းသာရပါတယ်။ ၈ ကျွန်တော်ရေးခဲ့တဲ့ စာကြောင့် ခင်ဗျားတို့ ဝမ်းနည်းရရင်တောင် ကျွန်တော် စိတ်မကောင်း မဖြစ်ပါဘူး။ (အဲဒီစာကြောင့် ခင်ဗျားတို့ အခိုက်အတန့် ဝမ်းနည်းခဲ့ရတယ်ဆိုတဲ့အကြောင်း သိလိုက်ရတော့) အစပိုင်းမှာ ကျွန်တော် စိတ်မကောင်း ဖြစ်မိသေးတယ်။ ၉ အခုတော့ ကျွန်တော် ဝမ်းသာမိတယ်။ ခင်ဗျားတို့ ဝမ်းနည်းရလို့မဟုတ်ဘဲ နောင်တရသွားလို့ပါ။ အဲဒီဝမ်းနည်းမှုဟာ ဘုရားသခင့် အလိုတော်နဲ့ ညီပါတယ်။ ကျွန်တော်တို့ကြောင့် ခင်ဗျားတို့ မနစ်နာခဲ့ရပါဘူး။ ၁၀ ဘုရားသခင့် အလိုတော်နဲ့ညီတဲ့ ဝမ်းနည်းမှုက နောင်တရပြီး ကယ်တင်ခြင်းရစေတဲ့အတွက် အမြဲအကျိုးရစေပါတယ်။ လောကနဲ့ဆက်နွှယ်တဲ့ ဝမ်းနည်းမှုကတော့ သေခြင်းကို ဖြစ်စေတယ်။ ၁၁ ဘုရားသခင့် အလိုတော်နဲ့ညီတဲ့ ဝမ်းနည်းမှုကြောင့် ခင်ဗျားတို့ လုံ့လဝီရိယရှိတယ်။ အမှားကင်းအောင် ကြိုးစားတယ်။ မကောင်းမှုအတွက် ဒေါသထွက်တယ်။ ဘုရားသခင်ကို ကြောက်ရွံ့ရိုသေတယ်။ နောင်တရချင်စိတ် ပြင်းပြတယ်။ ဇွဲထက်သန်တယ်။ အမှားကို ပြုပြင်တယ်။ ခင်ဗျားတို့ဟာ စင်ကြယ်သူတွေဖြစ်မှန်း အဲဒီလို နည်းအမျိုးမျိုးနဲ့ တင်ပြခဲ့ကြတယ်။ ၁၂ ကျွန်တော် စာရေးလိုက်တာဟာ အပြစ်ပြုသူအတွက် မဟုတ်ဘူး။ ပြစ်မှားခံရသူအတွက်လည်း မဟုတ်ဘူး။ ကျွန်တော်တို့ပြောတာကို နားထောင်ချင်စိတ် ပြင်းပြမှန်း ဘုရားသခင့်ရှေ့မှာ ခင်ဗျားတို့ ဖော်ပြနိုင်ဖို့ပါ။
မေ ၂၀-၂၆
ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ | ၂ ကောရိန္သု ၁၁-၁၃
“ပေါလုရဲ့ ‘ကိုယ်ခန္ဓာမှာ စူးတဲ့ဆူး’”
(၂ ကောရိန္သု ၁၂:၇) ထူးဆန်းတဲ့ အဲဒီဗျာဒိတ်တော်ကို ရရှိတဲ့အတွက် ကျွန်တော့်ကို အထင်မကြီးစေချင်ဘူး။ ကျွန်တော် စိတ်ကြီးမဝင်မိအောင် ကိုယ်ခန္ဓာမှာစူးတဲ့ဆူး ကျွန်တော်ရထားတယ်။ ကျွန်တော် စိတ်ကြီးမဝင်မိအောင် စာတန်ရဲ့တမန်ဖြစ်တဲ့ အဲဒီဆူးက ကျွန်တော့်ကို အမြဲစူးရှနာကျင်စေတယ်။
အားနည်းသော်ငြား တန်ခိုးနှင့်ပြည့်စုံ
တည်ကြည်သော ကျေးကျွန်နောက်တစ်ဦးက သူ့အား တစ်ချိန်လုံး စိတ်အနှောင့်အယှက်ပေးသည့် “ကိုယ်၌ စူးသောဆူး” ကို ဖယ်ရှားပေးပါရန် ယေဟောဝါထံ တောင်းဆိုခဲ့သည်။ တမန်တော်ပေါလုက ဤအခက်အခဲကို မိမိထံမှ ဖယ်ရှားပေးပါရန် သုံးကြိမ်တိုင် ဘုရားသခင်ထံ ဆုတောင်းခဲ့သည်။ မည်သည့်အခက်အခဲပင်ဖြစ်ပါစေ၊ စူးကဲ့သို့ပင် စိတ်အနှောင့်အယှက်ဖြစ်စေသည့် ယင်းအခက်အခဲက ယေဟောဝါအမှုတော် ထမ်းဆောင်ရာတွင် ပေါလု ခံစားရသောပျော်ရွှင်မှုကို ပျောက်သွားစေနိုင်သည်။ ယင်းကို မပြတ်စူးရှနာကျင်စေသည့် အဖြစ်နှင့် ပေါလု နှိုင်းယှဉ်ခဲ့သည်။ ယေဟောဝါ ဤသို့ဖြေကြားခဲ့သည်– “ငါ့ကျေးဇူးသည် သင့်အဖို့ လောက်ပေ၏။ ငါ့တန်ခိုးသည် အားနည်းခြင်းအဖြစ်၌ စုံလင်တတ်သည်။” ယေဟောဝါသည် ထိုကိုယ်၌စူးသော ဆူးကို မဖယ်ရှားပေးခဲ့ပါ။ ပေါလုသည် ကြိုးစားရုန်းကန်ရန် လိုသည်၊ သို့သော် သူ ဤသို့ ဆက်ပြောသည်– “ငါသည် အားနည်းသောအခါ တန်ခိုးနှင့်ပြည့်စုံလျက်ရှိ၏။” (၂ ကော. ၁၂:၇-၁၀) သူ အဘယ်အရာ ဆိုလိုသနည်း။
(၂ ကောရိန္သု ၁၂:၈၊ ၉) အဲဒီဆူးကို ဖယ်ရှားပေးဖို့ ဘုရားသခင်ဆီ သုံးကြိမ် အသနားခံခဲ့တယ်။ ၉ ဒါပေမဲ့ ဘုရားသခင်က “ငါ့ရဲ့ မဟာကရုဏာဟာ မင်းအတွက် လုံလောက်ပြီ။ ဘာလို့လဲဆိုတော့ မင်း အားနည်းတဲ့အခါ ငါ့တန်ခိုး အပြည့်အဝ ထင်ရှားလို့ပဲ” ဆိုပြီး ပြောတယ်။ ဒါကြောင့် ကျွန်တော့်အားနည်းချက်တွေအကြောင်း ဝမ်းမြောက်ဝမ်းသာ ကြွားပြောမယ်။ ဒါမှ ခရစ်တော်ရဲ့တန်ခိုးက ကျွန်တော့်ကို တဲလို အမြဲလွှမ်းမိုးထားလိမ့်မယ်။
ယေဟောဝါသည် ‘ဆုတောင်းသောသူတို့အား သန့်ရှင်းသော ဝိညာဉ်တော်ကို ပေးတော်မူ၏’
၁၇ ပေါလု၏ဆုတောင်းချက်ကို တုံ့ပြန်သည့်အနေနှင့် “ငါ့ကျေးဇူးသည် သင့်အဖို့ လောက်ပေ၏။ ငါ့တန်ခိုးသည် အားနည်းခြင်းအဖြစ်၌ စုံလင်တတ်သည်” ဟု ယေဟောဝါ မိန့်တော်မူခဲ့၏။ ပေါလု ဤသို့ဆိုသည်– “ထို့ကြောင့် ခရစ်တော်၏တန်ခိုးသည် [“ရွက်ဖျင်တဲကဲ့သို့၊” ကဘ] ငါ့အပေါ်၌ ကျိန်းဝပ်မည်အကြောင်း ငါ့ကိုယ်၌ အားနည်းခြင်းအဖြစ်ကို ဝမ်းမြောက်သောစိတ်နှင့်ဝါကြွားခြင်းငှာ သာ၍ငါအလိုရှိ၏။” (၂ ကောရိန္သု ၁၂:၉; ဆာလံ ၁၄၇:၅) ထို့ကြောင့် ခရစ်တော်မှတစ်ဆင့် ဘုရားသခင်၏ တန်ခိုးပါသောကာကွယ်မှုသည် သူ့အပေါ်တွင် ရွက်ဖျင်တဲကဲ့သို့ အုပ်မိုးလျက်ရှိသည်ဟု ပေါလုခံစားရသည်။ ယနေ့လည်း ကျွန်ုပ်တို့၏ဆုတောင်းချက်များကို အလားတူနည်းဖြင့် ယေဟောဝါ ဖြေကြားတော်မူသည်။ မိမိကျေးကျွန်များအပေါ် အမိုးအကာသဖွယ် အုပ်မိုးလျက် ကာကွယ်ပေးတော်မူသည်။
၁၈ မှန်ပါသည်၊ ရွက်ဖျင်တဲသည် လေကြီးမိုးကြီးတိုက်ခတ်မှုကို ရပ်တန့်သွားစေမည် မဟုတ်သော်လည်း မိုးဒဏ်လေဒဏ်မှ အတန်အရာ ကာကွယ်ပေးသည်။ ထိုနည်းတူ “ခရစ်တော်၏တန်ခိုး” ဖြင့် ရရှိသောအကွယ်အကာသည် ကျွန်ုပ်တို့အပေါ် ကျရောက်သော စမ်းသပ်မှုများ၊ ခက်ခဲမှုများကို ရပ်တန့်မသွားစေပါ။ သို့သော် ဤလောက၏ အန္တရာယ်ရှိသော အငွေ့အသက်များနှင့် လောကမင်းစာတန်၏ တိုက်ခိုက်မှုများမှ ဝိညာဉ်ရေးအရ ကာကွယ်ပေးသည်။ (ဗျာ. ၇:၉၊ ၁၅၊ ၁၆) ထို့ကြောင့် သင်နှင့် ‘မကင်းလွတ်’ နိုင်သောစမ်းသပ်မှုကို ရင်ဆိုင်ရသည့်တိုင် သင်ကြိုးစားတိုက်လှန်နေသည်ကို ယေဟောဝါ သိရှိပြီး “သင့်အော်ဟစ်သံကို” ထူးတော်မူမည်ဖြစ်ကြောင်း စိတ်ချနိုင်ပါသည်။ (ဟေရှာယ ၃၀:၁၉; ၂ ကောရိန္သု ၁:၃၊ ၄) ပေါလု ဤသို့ရေးသည်– “ဘုရားသခင်သည် သစ္စာနှင့်ပြည့်စုံတော်မူသည်ဖြစ်၍ သင်တို့ မခံနိုင်သော စုံစမ်းနှောင့်ယှက်ခြင်းကို သင်တို့၌ ရောက်စိမ့်သောငှာ အခွင့်ပေးတော်မမူ။ သင်တို့သည် ခံနိုင်မည်အကြောင်း စုံစမ်းနှောင့်ယှက်ခြင်းအရာနှင့်တကွ ထွက်မြောက်သောလမ်းကိုလည်း စီရင်ပြုပြင်တော်မူလိမ့်မည်။”—၁ ကောရိန္သု ၁၀:၁၃; ဖိလိပ္ပိ ၄:၆၊ ၇။
(၂ ကောရိန္သု ၁၂:၁၀) ဒီတော့ ခရစ်တော်အတွက်ခံရတဲ့ အားနည်းခြင်း၊ စော်ကားခြင်း၊ ချို့တဲ့ခြင်း၊ နှိပ်စက်ညှဉ်းပန်းခြင်း၊ ကျပ်တည်းခက်ခဲခြင်းတွေကို ကျွန်တော် ကျေနပ်စွာ ခံယူပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော် အားနည်းတဲ့အခါ အစွမ်းခွန်အားပြည့်နေလို့ပဲ။
“မောပန်းသူကို ငါခွန်အားပေးမယ်”
၈ ဟေရှာယ ၄၀:၃၀ ကိုဖတ်ပါ။ ဘယ်လောက်ပဲ အရည်အချင်း ရှိနေပါစေ ကိုယ့်အစွမ်းခွန်အားနဲ့ မတတ်နိုင်တာတွေ ရှိတယ်။ ဒါကို ကျွန်တော်တို့အားလုံး သိထားရမယ်။ တမန်တော်ပေါလုဟာ လူတော်တစ်ယောက် ဖြစ်ပေမဲ့ ကန့်သတ်ချက်တွေ ရှိနေလို့ လုပ်ချင်တာအားလုံး မလုပ်နိုင်ခဲ့ဘူး။ သူ့စိုးရိမ်ပူပန်မှုအကြောင်း ဘုရားသခင်ဆီ ပြောပြတော့ “မင်း အားနည်းတဲ့အခါ ငါ့တန်ခိုး အပြည့်အဝ ထင်ရှား” တယ်လို့ ဘုရား ပြန်ပြောတယ်။ ဒီအချက်ကို ပေါလု နားလည်ခဲ့လို့ “ကျွန်တော် အားနည်းတဲ့အခါ အစွမ်းခွန်အားပြည့်နေ” တယ်လို့ နိဂုံးချုပ်ခဲ့တယ်။ (၂ ကော. ၁၂:၇-၁၀) ဘာကို ဆိုလိုသလဲ။
၉ ဘုရားသခင့် အကူအညီ မပါရင် အများကြီး မလုပ်နိုင်ကြောင်း ပေါလု သဘောပေါက်ခဲ့တယ်။ ပေါလု လိုနေတဲ့အစွမ်းခွန်အားကို ဘုရားသခင့် သန့်ရှင်းသော စွမ်းအားတော်က ဖြည့်ပေးနိုင်ခဲ့တယ်။ ဒီ့အပြင် ပေါလုရဲ့ အစွမ်းခွန်အားနဲ့ မပြီးမြောက်နိုင်တဲ့ တာဝန်တွေကို ပြီးမြောက်အောင် ဘုရားသခင့် စွမ်းအားတော်က ကူညီပေးတယ်။ ကျွန်တော်တို့လည်း အလားတူပါပဲ။ ယေဟောဝါဆီက ခွန်အားရမယ်ဆိုရင် တကယ်အားရှိကြပါလိမ့်မယ်။
ရှာဖွေလေ့လာ ဘုရားရေးရာရတနာ
(၂ ကောရိန္သု ၁၂:၂-၄) ခရစ်တော်နဲ့ တစ်စိတ်တစ်ဝမ်းတည်းရှိတဲ့ လူတစ်ယောက်ကို ကျွန်တော်သိတယ်။ သူဟာ လွန်ခဲ့တဲ့ ၁၄ နှစ်တုန်းက တတိယကောင်းကင်ဘုံဆီ ချီဆောင်ခံခဲ့ရတယ်။ သူ ချီဆောင်ခံရတုန်းက ခန္ဓာကိုယ်ပါလား၊ မပါလားဆိုတာတော့ ကျွန်တော် မသိဘူး။ ဘုရားသခင်ပဲ သိတယ်။ ၃ အဲဒီလူကို ကျွန်တော်သိတယ်။ သူ ချီဆောင်ခံရတုန်းက ခန္ဓာကိုယ်ပါလား၊ မပါလားဆိုတာတော့ ကျွန်တော် မသိဘူး။ ဘုရားသခင်ပဲ သိတယ်။ ၄ သူက ပရဒိသုဆီ ချီဆောင်ခံခဲ့ရတယ်။ လူတွေကို ပြောလို့မရတဲ့၊ ပြောခွင့်မရှိတဲ့ စကားတွေ ကြားခဲ့ရတယ်။
စာရှုသူများထံမှ မေးခွန်းလွှာ
၂ ကောရိန္သု ၁၂:၂ မှာပါတဲ့ “တတိယကောင်းကင်” ဟာ ယေရှုခရစ်နဲ့ ၁၄၄,၀၀၀ အုပ်ချုပ်တဲ့ မေရှိယနိုင်ငံ၊ “ကောင်းကင်သစ်” ဖြစ်ပုံရတယ်။—၂ ပေ. ၃:၁၃။
ဘုရားနိုင်ငံဟာ သာလွန်မြင့်မြတ်တဲ့ အုပ်ချုပ်မှုဖြစ်တဲ့အတွက် “တတိယကောင်းကင်” ဖြစ်တယ်။
စိတ်အာရုံမှာ ပေါလု “ချီဆောင်ခံခဲ့ရ” တဲ့ “ပရဒိသု” ဟာ (၁) မြေကြီးပေါ် တည်ရှိလာမယ့် ပကတိပရဒိသု၊ (၂) အဲဒီအချိန်မှာ ရှိလာမယ့်၊ လက်ရှိ ပုံဆောင်ပရဒိသုထက် ပိုကြီးမားကျယ်ပြန့်တဲ့ ပုံဆောင်ပရဒိသု၊ (၃) ကမ္ဘာသစ်နဲ့အတူ ကောင်းကင်မှာ တစ်ချိန်တည်း တည်ရှိမယ့် “ဘုရားသခင့်ပရဒိသု” တို့ကို ဆိုလိုပုံရတယ်။
(၂ ကောရိန္သု ၁၃:၁၂) အချင်းချင်း သန့်ရှင်းတဲ့အနမ်းနဲ့ နှုတ်ဆက်ကြပါ။
it-2 ၁၇၇
အနမ်း
“သန့်ရှင်းတဲ့အနမ်း။” အစောပိုင်း ခရစ်ယာန်တွေဟာ “သန့်ရှင်းတဲ့အနမ်း” နဲ့ နမ်းကြတယ်။ (ရ ၁၆:၁၆။ ၁က ၁၆:၂၀။ ၂က ၁၃:၁၂။ ၁သ ၅:၂၆) အမျိုးသား အချင်းချင်း၊ အမျိုးသမီး အချင်းချင်းလည်း “မေတ္တာနဲ့နမ်းပြီး” (၁ပ ၅:၁၄) နှုတ်ဆက်ပုံရတယ်။ အစောပိုင်း ခရစ်ယာန်တွေ အဲဒီလို နှုတ်ဆက်ကြတာဟာ နမ်းပြီး နှုတ်ဆက်တဲ့ ဟီဘရူးထုံးစံနဲ့ တူနိုင်တယ်။ ကျမ်းစာက အသေးစိတ် မဖော်ပြထားပေမဲ့ “သန့်ရှင်းတဲ့အနမ်း” ဒါမှမဟုတ် “မေတ္တာနဲ့နမ်းပြီး” နှုတ်ဆက်တာက ခရစ်ယာန် အသင်းတော်ထဲမှာ စည်းလုံးမှုရှိတယ်၊ အချင်းချင်း သင့်တော်တဲ့နည်းနဲ့ ချစ်ကြတယ်ဆိုတာ ဖော်ပြတယ်။—ယဟ ၁၃:၃၄၊ ၃၅။
ကျမ်းစာဖတ်ရှုခြင်း
(၂ ကောရိန္သု ၁၁:၁-၁၅) ကျွန်တော် ဆင်ခြင်ဉာဏ်မဲ့တဲ့ပုံ ပေါက်နေရင်တောင် သည်းခံပေးကြပါ။ တကယ်လည်း ခင်ဗျားတို့ သည်းခံပါတယ်။ ၂ ခင်ဗျားတို့အတွက် ဘုရားသခင် စိုးရိမ်သလို ကျွန်တော်လည်း စိုးရိမ်လို့ပါ။ ဘာလို့လဲဆိုတော့ ခင်ဗျားတို့ကို ခင်ပွန်းဖြစ်သူ ခရစ်တော်ဆီ အပျိုစင်အဖြစ် ဆက်သပြီး ထိမ်းမြားစေမယ်လို့ ကျွန်တော် ကတိပြုထားလို့ပဲ။ ၃ မြွေက ဧဝကို ဉာဏ်နီဉာဏ်နက်သုံးပြီး လှည့်စားခဲ့သလို ခရစ်တော်ကိုပဲ ပေးထိုက်တဲ့ ခင်ဗျားတို့ရဲ့ ရိုးသားဖြူစင်တဲ့စိတ်ကို တစ်ယောက်ယောက်က ယိုယွင်းအောင်လုပ်လိုက်မှာ ကျွန်တော် စိုးရိမ်နေတယ်။ ၄ တစ်ယောက်ယောက်က ခင်ဗျားတို့ဆီ ရောက်လာပြီး ကျွန်တော်တို့ဟောပြောတဲ့ ယေရှုအကြောင်းမဟုတ်ဘဲ တခြားတစ်ယောက်အကြောင်း ဟောရင်၊ ခင်ဗျားတို့ ခံယူထားတဲ့ စိတ်ဓာတ်မျိုးမဟုတ်ဘဲ တခြားစိတ်ဓာတ်မျိုးကို လာသွတ်သွင်းပေးရင်၊ ခင်ဗျားတို့ လက်ခံထားတဲ့ သတင်းကောင်းမဟုတ်ဘဲ တခြားသတင်းတရားကို ယူဆောင်လာရင် ခင်ဗျားတို့က အဲဒီလူကို အသာတကြည် သည်းခံထားကြမှာ။ ၅ ကျွန်တော်ဟာ ခင်ဗျားတို့ရဲ့ ထူးချွန်တမန်တော်ကြီးတွေထက်တော့ နည်းနည်းလေးမှ မညံ့ဘူးလို့ ထင်ပါတယ်။ ၆ ကျွန်တော် အဟောအပြော ညံ့တယ်ဆိုရင်တောင် အသိပညာပိုင်းမှာ မညံ့ပါဘူး။ အဲဒီအသိပညာရှိထားမှန်းကိုလည်း ကဏ္ဍတိုင်းမှာ နည်းမျိုးစုံနဲ့ ကျွန်တော်တို့ ပြခဲ့တာပဲ။ ၇ ခင်ဗျားတို့ကို ဂုဏ်တင်ဖို့ ကိုယ့်ကိုယ်ကိုယ် နှိမ့်ချခဲ့တာ၊ သတင်းကောင်းကို အဖိုးအခမယူဘဲ ဝမ်းသာအားရ ဟောပြောခဲ့တာ ကျွန်တော့်ရဲ့အပြစ် ဖြစ်သွားသလား။ ၈ ခင်ဗျားတို့ကို အစေခံဖို့ တခြားအသင်းတော်တွေဆီက အထောက်အပံ့ကို ယူမိတဲ့အတွက် သူတို့ကို ချို့ငဲ့အောင်လုပ်သလို ဖြစ်သွားပြီ။ ၉ ခင်ဗျားတို့နဲ့အတူ ရှိတုန်းက ကျွန်တော် တစ်ခုခု လိုအပ်ခဲ့ရင်တောင် ဘယ်သူ့ကိုမှ ဝန်မပိစေခဲ့ဘူး။ မက်ဆီဒိုးနီးယားပြည်ကလာတဲ့ ညီအစ်ကိုတွေက ကျွန်တော့်အတွက် လိုလေသေးမရှိ ကူညီပေးကြတယ်။ ဒါကြောင့် ခင်ဗျားတို့အတွက် ဝန်မပိရလေအောင် အရာရာ ဂရုစိုက်ခဲ့တယ်။ နောင်လည်း အဲဒီလိုပဲ ဂရုစိုက်မှာပါ။ ၁၀ ခရစ်တော်ရဲ့ နောက်လိုက်ဖြစ်နေသရွေ့ အခါယပြည်တစ်ခုလုံးမှာ ဒီအကြောင်းကို ဝင့်ကြွားစွာ ပြောနေမှာပဲ။ ကျွန်တော့်ကို ဘာကမှ မတားဆီးနိုင်ဘူး။ ၁၁ ခင်ဗျားတို့ကို ဝန်မပိစေချင်တာ ဘာကြောင့်လဲ။ ခင်ဗျားတို့ကို မချစ်လို့လား။ ခင်ဗျားတို့ကို ချစ်လို့ဆိုတာ ဘုရားသခင် သိပါတယ်။ ၁၂ တချို့က ကိုယ့်ကိုယ်ကိုယ် တမန်တော်တွေပါလို့ ကြွားပြောနေကြတယ်။ ဒါကြောင့် သူတို့ အဲဒီလိုကြွားစရာမရှိအောင် အခု ကျွန်တော်လုပ်နေတာတွေကို ဆက်ပြီးလုပ်သွားဦးမှာပဲ။ ၁၃ အဲဒီလူတွေဟာ တမန်တော် အတုအယောင်တွေ၊ သူတစ်ပါးကို လှည့်ဖြားသူတွေ၊ ခရစ်တော်ရဲ့ တမန်တော် ဖြစ်ယောင်ဆောင်သူတွေပဲ။ ၁၄ ဒါဟာ အံ့သြစရာမဟုတ်ပါဘူး။ စာတန်တောင်မှ အလင်းရဲ့ ကောင်းကင်တမန် ဖြစ်ယောင်ဆောင်သေးတာပဲ။ ၁၅ ဒါကြောင့် စာတန်ရဲ့ နောက်လိုက်တွေကလည်း မှန်ရာလုပ်တဲ့သူ ဖြစ်ယောင်ဆောင်တာ အံ့သြစရာ မဟုတ်ပါဘူး။ ဒါပေမဲ့ သူတို့ရဲ့လုပ်ရပ်အတိုင်း ဇာတ်သိမ်းသွားကြလိမ့်မယ်။
မေ ၂၇–ဇွန် ၂
ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ | ဂလာတိ ၁-၃
“ကျွန်တော်က သူ့ကို ပွင့်ပွင့်လင်းလင်း ပြစ်တင်ပြောဆိုခဲ့တယ်”
(ဂလာတိ ၂:၁၁-၁၃) အန္တိအုတ်မြို့ကို ကေဖ ရောက်လာတဲ့အခါ သူ့လုပ်ရပ် မှားနေတဲ့အတွက် ကျွန်တော်က သူ့ကို ပွင့်ပွင့်လင်းလင်း ပြစ်တင်ပြောဆိုခဲ့တယ်။ ၁၂ ယာကုပ်လွှတ်လိုက်တဲ့ လူတချို့ ရောက်မလာခင်တုန်းကတော့ သူက လူမျိုးခြားတွေနဲ့အတူ စားသောက်လေ့ရှိတယ်။ သူတို့လည်း ရောက်လာရော လူမျိုးခြားတွေနဲ့ မပေါင်းဖော်တော့ဘဲ ခပ်ခွာခွာနေတယ်။ အရေဖျားဖြတ်ထားသူတွေကို သူကြောက်တာကိုး။ ၁၃ ဂျူးတချို့လည်း သူ့လိုပဲ ဟန်ဆောင်လာကြတယ်။ ဗာနဗတောင် သူတို့လို ဟန်ဆောင်ခဲ့တယ်။
သင့်မှာ ယေဟောဝါရဲ့ တရားမျှတမှုအမြင်မျိုး ရှိသလား
၁၆ ဂလာတိ ၂:၁၁-၁၄ ကိုဖတ်ပါ။ ပေတရုဟာ လူကို ကြောက်ရွံ့တဲ့ ထောင်ချောက်ထဲ ကျရောက်ခဲ့တယ်။ (သု. ၂၉:၂၅) ကိစ္စရပ်အပေါ် ယေဟောဝါရဲ့ အမြင်ကို ကိုယ်တွေ့ သိခဲ့ရပေမဲ့ ဂျေရုဆလင် အသင်းတော်မှာရှိတဲ့ အရေဖျားလှီးထားတဲ့ ဂျူးတွေရဲ့ အမြင်ကို ပေတရု ကြောက်ခဲ့တယ်။ အေဒီ ၄၉ အစည်းအဝေးကို တက်ရောက်ခဲ့တဲ့ တမန်တော် ပေါလုက အန္တိအုတ်မြို့မှာ ပေတရုနဲ့ တွေ့ပြီး သူ့ရဲ့ဟန်ဆောင်မှုကို ဖော်ထုတ်ခဲ့တယ်။ (တ. ၁၅:၁၂။ ဂလ. ၂:၁၃) ပေတရုရဲ့ အမှားကြောင့် စိတ်ထိခိုက်ခဲ့ရတဲ့ လူမျိုးခြား ခရစ်ယာန်တွေ ဒီမတရားမှုကို ဘယ်လို တုံ့ပြန်ကြမလဲ။ တိုက်မိလဲသွားကြမလား။ အမှားကြောင့် ပေတရု အခွင့်ထူးတွေ ဆုံးရှုံးသွားမလား။
(ဂလာတိ ၂:၁၄) သတင်းကောင်းနဲ့ဆိုင်တဲ့ အမှန်တရားအတိုင်း မကျင့်ကြမှန်း ကျွန်တော် သတိပြုမိတဲ့အတွက် အားလုံးရှေ့မှာ ကေဖကို “ခင်ဗျားဟာ ဂျူးလူမျိုးဖြစ်လျက်နဲ့ ဂျူးလိုမဟုတ်ဘဲ လူမျိုးခြားတွေလို နေထိုင်တယ်ဆိုရင် လူမျိုးခြားတွေကို ဂျူးဓလေ့ထုံးစံအတိုင်း လိုက်ဖို့ ဘာလို့ ဖိအားပေးတာလဲ” ဆိုပြီး ပြောလိုက်တယ်။
ယေဟောဝါကို ချစ်မြတ်နိုးသူတွေ တိုက်မိမလဲနိုင်
၁၂ ပေတရုက လူတွေ သူ့ကို ဘယ်လိုထင်မလဲဆိုတာကို စိုးရိမ်ကြောက်ရွံ့ခဲ့တယ်။ အဲဒါကြောင့် သူ မကြာခဏ အမှားလုပ်ခဲ့မိပေမဲ့ ယေရှုနဲ့ ယေဟောဝါအပေါ် သူ ဆက်သစ္စာရှိခဲ့တယ်။ ဥပမာ၊ သူဟာ သူ့သခင်ကို မသိဘူးလို့ လူရှေ့သူရှေ့မှာ သုံးကြိမ်အထိ ငြင်းခဲ့တယ်။ (လု. ၂၂:၅၄-၆၂) နောက်ပိုင်းတစ်ကြိမ်မှာ ပေတရုဟာ ခရစ်ယာန်တစ်ယောက်လို မကျင့်ကြံခဲ့ဘူး၊ လူမျိုးခြားယုံကြည်သူတွေကို အရေဖျားလှီးတဲ့ ဂျူးခရစ်ယာန်တွေလောက် အရေးမပါတဲ့ပုံစံနဲ့ ဆက်ဆံခဲ့တယ်။ အဲဒါကို တမန်တော်ပေါလု ကောင်းကောင်းတွေ့မြင်ခဲ့တယ်၊ ခရစ်ယာန်အသင်းတော်မှာ အဆင့်အတန်းခွဲခြားတာမျိုး လုံးဝမရှိသင့်ဘူး။ ပေတရုရဲ့သဘောထား လွဲမှားခဲ့တယ်။ ပေတရုရဲ့အပြုအမူကို အသင်းတော်မှာရှိတဲ့ တခြားသူတွေ တုပမိနိုင်တယ်။ ဒါကြောင့် ပေါလုက သူ့ကို တဲ့တိုးဆုံးမခဲ့တယ်။ (ဂလ. ၂:၁၁-၁၄) ပေတရုဟာ ဆုံးမခံရတာကို မကျေမနပ်ဖြစ်ပြီး အသက်ပြေးပွဲကနေ ထွက်သွားခဲ့သလား။ မထွက်သွားခဲ့ပါဘူး။ ပေါလုရဲ့ဆုံးမမှုကို သူအလေးအနက်ခံယူခဲ့တယ်၊ သူ့သဘောထားကို ပြောင်းလဲပြီး ပြေးပွဲမှာဆက်ပြေးခဲ့တယ်။
ရှာဖွေလေ့လာ ဘုရားရေးရာရတနာ
(ဂလာတိ ၂:၂၀) ခရစ်တော်နဲ့အတူ သစ်တိုင်မှာ ကျွန်တော် ရိုက်ထားခံရပြီ။ အခု အသက်ရှင်နေတာ ကျွန်တော် မဟုတ်တော့ဘူး။ ကျွန်တော့်အထဲမှာ ရှင်သန်နေတာဟာ ခရစ်တော်ပဲ။ ကျွန်တော့်ကိုချစ်ပြီး ကျွန်တော့်အတွက် အသက်စွန့်ခဲ့တဲ့ ဘုရားသခင့်သားတော်ကို ယုံကြည်နေလို့သာ ဒီခန္ဓာကိုယ်နဲ့ ကျွန်တော် အသက်ရှင်နေတာ။
“ဆင်းရဲဒုက္ခများစွာခံ” ရတဲ့ကြားမှာ ဘုရားသခင်ကို သစ္စာရှိရှိ အမှုဆောင်ပါ
၂၀ သွယ်ဝိုက်တိုက်ခိုက်နည်းတွေကို ဘယ်လို တိုက်လှန်နိုင်သလဲ။ ဥပမာ၊ စိတ်ဓာတ်ကျတဲ့ ခံစားချက်တွေကို ဘယ်လိုတိုက်လှန်နိုင်သလဲ။ အကောင်းဆုံးနည်းတွေထဲက တစ်ခုက ယေရှုရဲ့ရွေးနုတ်ဖိုး ပူဇော်သကာအကြောင်း တွေးတောဆင်ခြင်ခြင်းပဲ။ တမန်တော်ပေါလု အဲဒီအတိုင်းလုပ်ခဲ့တယ်။ သူ စိတ်ဓာတ်ကျတဲ့အခါတွေ ရှိခဲ့တယ်။ ဒါပေမဲ့ ခရစ်တော်ဟာ စုံလင်တဲ့သူတွေအတွက် မဟုတ်ဘဲ သူ့လိုအပြစ်သားတွေအတွက် အသေခံခဲ့တယ်ဆိုတာ သူသိတယ်။ “ယခု အသက်ရှင်နေခြင်းသည် ဘုရားသခင်၏ သားတော်ကို ယုံကြည်ခြင်းကြောင့်ဖြစ်၏။ ကိုယ်တော်သည် ငါ့ကိုချစ်၍ ငါ့အတွက် ကိုယ်ကိုစွန့်တော်မူ၏” လို့ သူရေးခဲ့တယ်။ (ဂလ. ၂:၂၀) ပေါလုဟာ ရွေးနုတ်ဖိုးကို လက်ခံပြီး အဲဒါက သူ့အတွက်ဖြစ်တယ်လို့ ယုံကြည်ခဲ့တယ်။
၂၁ သင်လည်း ရွေးနုတ်ဖိုးပူဇော်သကာကို သင့်အတွက် ဘုရားပေးတဲ့လက်ဆောင်အဖြစ် လက်ခံမယ်ဆိုရင် အကျိုးခံစားရနိုင်တယ်။ ဒီလိုပြောလို့ စိတ်ဓာတ်ကျတာက ချက်ချင်းပျောက်သွားမယ်လို့ မဆိုလိုဘူး။ တချို့သူတွေဆိုရင် ကမ္ဘာသစ် မလာမချင်း စိတ်ဓာတ်ကျတဲ့ ခံစားချက်တွေကို ခံရပ်သွားရမှာဖြစ်တယ်။ ဒါပေမဲ့ လက်မလျှော့တဲ့သူတွေ ဆုရမယ်ဆိုတာ သတိရပါ။ ဘုရားသခင့်နိုင်ငံတော်ဟာ တစ်ရက်ထက်တစ်ရက် ပိုနီးလာပြီ။ အဲဒီအခါကျရင် မြေကြီးတစ်ခုလုံး အေးချမ်းငြိမ်သက်ပြီး လူသားအားလုံး စုံလင်လာမယ်။ ဆင်းရဲဒုက္ခများစွာ ခံစားနေရတဲ့ကြားမှာတောင် အဲဒီနိုင်ငံတော်ထဲ ဝင်ဖို့ စိတ်ပိုင်းဖြတ်ထားပါ။
(ဂလာတိ ၃:၁) အသိဉာဏ်မဲ့တဲ့ ဂလာတိပြည်သားတို့၊ ခင်ဗျားတို့ကို ဘယ်သူ လှည့်စားလိုက်တာလဲ။ တကယ်တော့ သစ်တိုင်တင်ခံရတဲ့ ယေရှုခရစ်အကြောင်း ခင်ဗျားတို့ ကောင်းကောင်း နားလည်ထားတာပဲ။
it-1 ၈၈၀
ဂလာတိကျမ်း
“အသိဉာဏ်မဲ့တဲ့ ဂလာတိပြည်သားတို့” လို့ ပေါလု ပြောတဲ့အခါ ဂလာတိ မြောက်ပိုင်းမှာရှိတဲ့ ဂဲလစ်လူမျိုးကနေ ဆင်းသက်လာတဲ့ လူမျိုးစုတစ်စုကို ရည်ညွှန်းနေတယ်ဆိုတဲ့ အထောက်အထား တစ်ခုမှ မရှိဘူး။ (ဂ ၃:၁) အဲဒီအစား အသင်းတော်တွေထဲမှာ ဂျူးဝါဒီတွေရဲ့ လွှမ်းမိုးမှု ခံနေတဲ့ လူတချို့ကို ပေါလု အပြစ်တင်နေတာ ဖြစ်တယ်။ အဲဒီဂျူးတွေက ပဋိညာဉ်သစ်ပေါ်မူတည်ပြီး ‘ယုံကြည်လို့သာ ဖြောင့်မတ်သူဖြစ်’ လာတယ်လို့ ပြောမယ့်အစား မောရှေပညတ်ကို စောင့်ထိန်းလို့ ဖြောင့်မတ်တာဆိုပြီး ပြောနေကြတယ်။ (၂:၁၅–၃:၁၄။ ၄:၉၊ ၁၀) ပေါလု စာရေးခဲ့တဲ့ “ဂလာတိပြည်မှာရှိတဲ့ အသင်းတော်တွေ” ဟာ ဂျူးနဲ့ ဂျူးလူမျိုး မဟုတ်သူတွေနဲ့ ဖွဲ့စည်းထားတယ်။ ဂျူးမဟုတ်သူတွေထဲမှာ ဘာသာပြောင်းလာတဲ့ အရေဖျားဖြတ်သူတွေနဲ့ အရေဖျားမဖြတ်တဲ့ လူမျိုးခြားတွေ ပါဝင်တယ်။ သူတို့ထဲက တချို့ဟာ စဲလ်တစ်မျိုးနွယ်တွေ ဖြစ်နိုင်တယ်။ (တ ၁၃:၁၄၊ ၄၃။ ၁၆:၁။ ဂ ၅:၂) သူတို့အားလုံးက ဂလာတိပြည်မှာ နေထိုင်ကြလို့ သူတို့ကို ဂလာတိခရစ်ယာန်တွေလို့ ခေါ်တာဖြစ်တယ်။ ပေါလုက ဒီစာကို ရောမလက်အောက်ခံ တောင်ပိုင်းက မိမိသိကျွမ်းသူတွေဆီ ရေးနေတာ ဖြစ်တယ်။ သူတစ်ခါမှ မရောက်ဘူးတဲ့ မြောက်ပိုင်းက သူစိမ်းတွေဆီ ရေးနေတာ မဟုတ်ဘူး။
ကျမ်းစာဖတ်ရှုခြင်း
(ဂလာတိ ၂:၁၁-၂၁) အန္တိအုတ်မြို့ကို ကေဖ ရောက်လာတဲ့အခါ သူ့လုပ်ရပ် မှားနေတဲ့အတွက် ကျွန်တော်က သူ့ကို ပွင့်ပွင့်လင်းလင်း ပြစ်တင်ပြောဆိုခဲ့တယ်။ ၁၂ ယာကုပ်လွှတ်လိုက်တဲ့ လူတချို့ ရောက်မလာခင်တုန်းကတော့ သူက လူမျိုးခြားတွေနဲ့အတူ စားသောက်လေ့ရှိတယ်။ သူတို့လည်း ရောက်လာရော လူမျိုးခြားတွေနဲ့ မပေါင်းဖော်တော့ဘဲ ခပ်ခွာခွာနေတယ်။ အရေဖျားဖြတ်ထားသူတွေကို သူကြောက်တာကိုး။ ၁၃ ဂျူးတချို့လည်း သူ့လိုပဲ ဟန်ဆောင်လာကြတယ်။ ဗာနဗတောင် သူတို့လို ဟန်ဆောင်ခဲ့တယ်။ ၁၄ သတင်းကောင်းနဲ့ဆိုင်တဲ့ အမှန်တရားအတိုင်း မကျင့်ကြမှန်း ကျွန်တော် သတိပြုမိတဲ့အတွက် အားလုံးရှေ့မှာ ကေဖကို “ခင်ဗျားဟာ ဂျူးလူမျိုးဖြစ်လျက်နဲ့ ဂျူးလိုမဟုတ်ဘဲ လူမျိုးခြားတွေလို နေထိုင်တယ်ဆိုရင် လူမျိုးခြားတွေကို ဂျူးဓလေ့ထုံးစံအတိုင်း လိုက်ဖို့ ဘာလို့ ဖိအားပေးတာလဲ” ဆိုပြီး ပြောလိုက်တယ်။ ၁၅ ကျွန်တော်တို့ဟာ ဂျူးလူမျိုးအဖြစ် မွေးဖွားလာတာ။ လူမျိုးခြားတွေထဲက အပြစ်သားတွေ မဟုတ်ဘူး။ ၁၆ ပညတ်စောင့်ထိန်းလို့ မဟုတ်ဘဲ ယေရှုခရစ်ကို ယုံကြည်လို့သာ ဖြောင့်မတ်သူအဖြစ် သတ်မှတ်ခံရတယ်ဆိုတာ ကျွန်တော်တို့ အသိအမှတ်ပြုပါတယ်။ ဒါကြောင့် ခရစ်တော်ယေရှုကို ကျွန်တော်တို့ ယုံကြည်တယ်။ ပညတ်စောင့်ထိန်းလို့ မဟုတ်ဘဲ ခရစ်တော်ကို ယုံကြည်လို့ ဖြောင့်မတ်သူတွေအဖြစ် သတ်မှတ်ခံရတာပါ။ ပညတ်စောင့်ထိန်းရုံနဲ့ ဘယ်သူမှ ဖြောင့်မတ်သူအဖြစ် သတ်မှတ်ခံရမှာ မဟုတ်ဘူး။ ၁၇ ကျွန်တော်တို့ဟာ ခရစ်တော်အားဖြင့် ဖြောင့်မတ်သူအဖြစ် သတ်မှတ်ခံရဖို့ ကြိုးစားနေလျက်နဲ့ အပြစ်သားတွေ ဖြစ်နေသေးတယ်ဆိုရင် ခရစ်တော်ဟာ အပြစ်လုပ်အောင် အားပေးတဲ့သူ ဖြစ်သွားမှာပေါ့။ ဒါ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ၁၈ ဖြိုချခဲ့တာတွေကို ကျွန်တော် ပြန်တည်ဆောက်တယ်ဆိုရင် အပြစ်ကျူးလွန်သူပဲလို့ ကိုယ့်ကိုယ်ကိုယ် ဖော်ပြရာရောက်မှာပေါ့။ ၁၉ ကျွန်တော်ဟာ ပညတ်တရားမှာ သေဆုံးသွားပြီ။ အဲဒီလို သေဆုံးသွားလို့ ဘုရားသခင်အတွက် အသက်ရှင်လာပြီ။ ၂၀ ခရစ်တော်နဲ့အတူ သစ်တိုင်မှာ ကျွန်တော် ရိုက်ထားခံရပြီ။ အခု အသက်ရှင်နေတာ ကျွန်တော် မဟုတ်တော့ဘူး။ ကျွန်တော့်အထဲမှာ ရှင်သန်နေတာဟာ ခရစ်တော်ပဲ။ ကျွန်တော့်ကိုချစ်ပြီး ကျွန်တော့်အတွက် အသက်စွန့်ခဲ့တဲ့ ဘုရားသခင့်သားတော်ကို ယုံကြည်နေလို့သာ ဒီခန္ဓာကိုယ်နဲ့ ကျွန်တော် အသက်ရှင်နေတာ။ ၂၁ ဘုရားသခင်ရဲ့ မဟာကရုဏာကို ကျွန်တော် မငြင်းပယ်ဘူး။ ပညတ်စောင့်ထိန်းလို့ ဖြောင့်မတ်သူဖြစ်မယ်ဆိုရင် ခရစ်တော် အသေခံတာ အလကားဖြစ်သွားမှာပေါ့။