အသက်တာနဲ့ အမှုဆောင်လုပ်ငန်း လေ့ကျင့်ခန်းစာစောင်မှာပါတဲ့ အညွှန်းများ
© 2025 Watch Tower Bible and Tract Society of Pennsylvania
မတ် ၂-၈
ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ ဟေရှာယ ၄၁-၄၂
“မကြောက်နဲ့”
ယေဟောဝါဆီက နှစ်သိမ့်မှု ရယူပါ
၁၃ လွတ်မြောက်မယ်ဆိုတဲ့ မျှော်လင့်ချက် သုံ့ပန်းတွေကို ပေးပေမဲ့ လွတ်မြောက်ဖို့ နီးလေ ခက်လေ ဖြစ်မယ်ဆိုတာ ယေဟောဝါ သိတယ်။ ဂျူးသုံ့ပန်းဘဝ အဆုံးတိုင်ခါနီးမှာ ဗာဗုလုန်တစ်ဝိုက်က မြို့တွေကို၊ အဲဒီနောက် ဗာဗုလုန်ကို အင်အားကြီး မင်းတစ်ပါး တိုက်ခိုက်သိမ်းပိုက်မယ်ဆိုပြီး ကြိုဟောတယ်။ (ဟေရှာ. ၄၁:၂-၅) ဂျူးတွေ စိုးရိမ်ထိတ်လန့်စရာ လိုသလား။ “မကြောက်နဲ့။ မင်းနဲ့အတူ ငါရှိတယ်။ မစိုးရိမ်နဲ့။ ငါဟာ မင်းရဲ့ ဘုရားသခင်ပါ” ဆိုပြီး ဟိုးနှစ်ပေါင်းများစွာကတည်းက ယေဟောဝါ ကြိုပြောထားတယ်။ (ဟေရှာယ ၄၁:၁၀-၁၃ ကို ဖတ်ပါ။) “ငါဟာ မင်းရဲ့ ဘုရားသခင်ပါ” ဆိုတာ ဘာကို ဆိုလိုသလဲ။ ယေဟောဝါဟာ ဘုရား ဖြစ်မှန်း ဂျူးတွေ သိပြီးသားပဲ။ ဒါကြောင့် မိမိကို ဝတ်ပြုဖို့ သတိပေးနေတာ မဟုတ်ဘူး။ ဂျူးတွေနဲ့ အတူ မိမိ ရှိနေဆဲပဲဆိုတာ သတိပေးနေတာပါ။—ဆာ. ၁၁၈:၆။
ဟေရှာယ ၄၁:၁၀—“မကြောက်နဲ့။ မင်းနဲ့အတူ ငါရှိတယ်”
“မင်းနဲ့အတူ ငါရှိတယ်။” ယေဟောဝါက မိမိကို ဝတ်ပြုသူတွေ မကြောက်သင့်တဲ့ အကြောင်းရင်းကို ပြောတယ်။ သူတို့ တစ်ယောက်တည်း ဖြစ်နေမှာ မဟုတ်လို့ပါ။ ဘုရားသခင်က သူတို့ ခံရတဲ့ ဒုက္ခကို မြင်တယ်။ သူတို့ဆုတောင်းသံကို ကြားတယ်။ ဒါဟာ သူတို့အနားမှာ ယေဟောဝါ ရှိနေတဲ့ သဘောပါပဲ။—ဆာလံ ၃၄:၁၅။ ၁ ပေတရု ၃:၁၂။
“ငါဟာ မင်းရဲ့ဘုရားသခင်ပါ။” ယေဟောဝါက ဘယ်အခြေအနေမှာမဆို မိမိကို ဝတ်ပြုသူတွေရဲ့ ဘုရားသခင် ဖြစ်နေဆဲပဲ၊ မိမိလူတွေအဖြစ် လက်ခံနေဆဲပဲလို့ မိန့်ဆိုတယ်။ သူတို့ကို မကူညီရအောင် ဘာကမှ မတားဆီးနိုင်ဘူးဆိုတာ ယုံကြည်စိတ်ချနိုင်တယ်။—ဆာလံ ၁၁၈:၆။ ရောမ ၈:၃၂။ ဟီဘရူး ၁၃:၆။
“မင်းကို ခိုင်ခံ့စေမယ်၊ ကူညီပေးမယ်။ ဖြောင့်မတ်တဲ့ ညာလက်နဲ့ မြဲမြဲကိုင်ထားမယ်။” ယေဟောဝါက မိမိလူတွေကို ကူညီထောက်မမှာ ဖြစ်ကြောင်း ဒီစကားစု သုံးခုနဲ့ အလေးပေးဖော်ပြတယ်။ မိမိလူတွေ အကူအညီ လိုအပ်ချိန်မှာ ဘယ်လို တုံ့ပြန်မယ်ဆိုတာ မြင်သာအောင် တင်စားချက် သုံးထားတယ်။ တစ်ယောက်ယောက် လဲကျတဲ့အခါ ဘုရားသခင်က ညာလက်ကို ကမ်းပေးပြီး ဆွဲထူနိုင်တယ်။—ဟေရှာယ ၄၁:၁၃။
မိမိလူတွေကို ယေဟောဝါ ခွန်အားပေး ထောက်မတဲ့ အဓိကနည်းကတော့ သမ္မာကျမ်းစာအားဖြင့်ပါပဲ။ (ယောရှု ၁:၈။ ဟီဘရူး ၄:၁၂) ဥပမာ၊ ကျမ်းစာမှာ နွမ်းပါးမှု၊ အဖျားအနာ၊ ချစ်ရသူ သေဆုံးတာစတဲ့ အခက်အခဲတွေ ရင်ဆိုင်နေရသူတို့အတွက် လက်တွေ့ကျ အကြံဉာဏ်တွေ ပါတယ်။ (ပညာအလိမ္မာ ၂:၆၊ ၇) စမ်းသပ်မှုတွေ ခံရပ်နိုင်ဖို့ သန့်ရှင်းသော စွမ်းအားတော်ကတစ်ဆင့် စိတ်ဓာတ်ခွန်အား ပေးနိုင်တယ်။—ဟေရှာယ ၄၀:၂၉။ လုကာ ၁၁:၁၃။
‘မကြောက်နဲ့။ ငါကူညီမယ်’
ယေဟောဝါရဲ့ စကားတွေက တကယ့်ကို အားရှိစရာပါပဲ။ သင့်ကို ယေဟောဝါ ကတိပေးနေတယ်လို့ မြင်ယောင်ကြည့်ပါ။ သင်ဟာ ယေဟောဝါရဲ့ လက်ကိုကိုင်ပြီး ဘေးချင်းယှဉ်လျှောက်နေတယ်လို့ ကျမ်းချက်မှာ မပြောထားဘူး။ ဘေးချင်းယှဉ်လျှောက်တယ်ဆိုရင် ယေဟောဝါရဲ့ ညာလက်က သင့်ရဲ့ ဘယ်လက်ကို ကိုင်ထားမှာဖြစ်တယ်။ အဲဒီလိုမဟုတ်ဘဲ ယေဟောဝါက သူ့ရဲ့ ‘ဖြောင့်မတ်တဲ့ ညာလက်နဲ့’ သင့်ရဲ့ ‘ညာလက်ကို’ ဆုပ်ကိုင်ထားတယ်။ ဘဝပြဿနာတွေထဲကနေ သင့်ကို ဆွဲထုတ်လိုက်တယ် ဆိုတဲ့သဘောဖြစ်တယ်။ ယေဟောဝါက သင့်ရဲ့ညာလက်ကို ဆုပ်ကိုင်ရင်း ‘မကြောက်နဲ့။ ငါကူညီမယ်’ လို့ အားပေးနေတယ်။
ပူပင်သောကရောက်နေချိန်မှာ ကူညီပေးမယ့် မေတ္တာရှိဖခင်အဖြစ်၊ မိတ်ဆွေအဖြစ် ယေဟောဝါကို သင် ရှုမြင်သလား။ ယေဟောဝါက သင့်ကို တကယ်ဂရုစိုက်ပြီး ကူညီပေးချင်တယ်။ သင့်ကို သိပ်ချစ်တဲ့အတွက် ဘဝပြဿနာတွေကြောင့် စိတ်သောက မရောက်စေချင်ဘူး။ ကိုယ်တော်ဟာ သင် ‘ဒုက္ခရောက်ချိန်မှာ ကူညီပေးဖို့ အသင့်’ ရှိတယ်။—ဆာ. ၄၆:၁၊ ကဘ။
ဘုရားရေးရာ ရတနာ
တည်ကြည်မှုဟူသည် အဘယ်နည်း
ယေဟောဝါသည် မိမိ၏အဆွေအာဗြဟံကို “ငါသည် သင်၏အကွယ်အကာဖြစ်၏” ဟုမိန့်ဆိုခဲ့သည်။ (ကမ္ဘာဦး ၁၅:၁; ဟေရှာယ ၄၁:၈) ယင်းသည် စကားအဖြစ်ပြောခြင်းမျှသာမဟုတ်ချေ။ ယေဟောဝါသည် အာဗြဟံနှင့် သူ၏အိမ်ထောင်စုကို ဖာရောနှင့်အဘိမလက်တို့ရန်မှ ကာကွယ်ပေးပြီး ကယ်တင်ခဲ့သည်။ ရှင်ဘုရင်လေးပါး ပူးပေါင်းတိုက်ခိုက်ခြင်းမှ လောတကိုကယ်ရန် အာဗြဟံအား ကိုယ်တော်ကူညီပေးခဲ့၏။ အသက် ၁၀၀ ရှိအာဗြဟံနှင့် အသက် ၉၀ ရှိစာရာတို့မှတစ်ဆင့် ကတိထားရာမျိုးစေ့ ဆင်းသက်လာနိုင်ရန် ယေဟောဝါ သူတို့ကို မွေးဖွားနိုင်စွမ်းပေးခဲ့သည်။ ယေဟောဝါသည် အဆင်းအာရုံများ၊ အိပ်မက်များနှင့် ကောင်းကင်တမန်များအားဖြင့် အာဗြဟံနှင့်မှန်မှန်ဆက်သွယ်ခဲ့သည်။ အမှန်ဆိုရသော် ယေဟောဝါသည် အာဗြဟံအသက်ရှင်စဉ်နှင့် သူကွယ်လွန်ပြီး နှစ်ပေါင်းများစွာအထိလည်း တည်ကြည်မှုပြခဲ့၏။ အာဗြဟံ၏သားစဉ်မြေးဆက်များဖြစ်ကြသော ဣသရေလလူမျိုးသည် ရာစုနှစ်များစွာတစ်လျှောက် ကလန်ကဆန်ပြုလုပ်ခဲ့ကြသော်လည်း ယေဟောဝါသည် ကတိတည်ခဲ့သည်။ အာဗြဟံနှင့်ယေဟောဝါ၏ဆက်ဆံရေးသည် စစ်မှန်သောတည်ကြည်မှု၏ ဖော်ပြချက်တစ်ခုဖြစ်ပြီး မေတ္တာကို လက်တွေ့ပြသခြင်းဖြစ်သည်။—ကမ္ဘာဦးအခန်းကြီး ၁၂ မှ ၂၅။
မတ် ၉-၁၅
ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ ဟေရှာယ ၄၃-၄၄
နှစ်ပေါင်းနှစ်ရာလောက် ကြိုရေးထားတဲ့ ပရောဖက်ပြုချက်
အမှန်ဖြစ်ပျက်လာသည့် ပရောဖက်ပြုချက်များ
၁၆ ဘီ.စီ.အီး. ၅၃၉ ခုနှစ်တွင် အားမာန်ပြည့်ဝသည့် ပေရသိဘုရင်ကုရု (ဆိုင်းရပ်) က မေဒိစစ်တပ်နှင့်အတူ ထိုမြို့ကို ချီတက်တိုက်ခိုက်သည့်အခါ၌ ထင်ရှားသောကမ္ဘာ့အာဏာစက်အနေနှင့် ဗာဗုလုန်၏အုပ်စိုးခြင်းကာလမှာ အဆုံးတိုင်သွားလေသည်။ သို့သော် ကုရုတွေ့လိုက်ရသည့်မြင်ကွင်းမှာ ကြောက်မက်ဖွယ်ကောင်းလှသည်။ ဗာဗုလုန်မြို့သည် ဧရာမတံတိုင်းကြီးများဖြင့် ကာရံထားသည်ဖြစ်ရာ ထိုးဖောက်၍မရနိုင်ဟုထင်ရသည်။ ယူဖရေးတီးမြစ်ကြီးသည်လည်း မြို့ကိုဖြတ်၍စီးဆင်းနေသဖြင့် မြို့၏ကာကွယ်ရေးအတွက် အရေးပါသော အထောက်အပံ့တစ်ခုဖြစ်သည်။
၁၇ ဂရိသမိုင်းပညာရှင် ဟီရိုဒိုးတပ်စ်က ၎င်းပြဿနာကို ကုရုကိုင်တွယ်ပုံအကြောင်း ဤသို့ရေးသားဖော်ပြသည်– “မြို့ထဲသို့ မြစ်ရေစီးဝင်သည့်နေရာတွင် စစ်တပ်အချို့ကို နေရာယူစေပြီး အခြားတပ်ဖွဲ့တစ်ဖွဲ့ကို မြစ်ရေစီးထွက်ရာတွင် နေရာယူစေသည်။ ခြေလျင်ဖြတ်နိုင်လောက်အောင် မြစ်ရေကျသွားသည်နှင့်တစ်ပြိုင်နက် မြစ်ကြမ်းပြင်အတိုင်း မြို့ထဲသို့ချီတက်ရန် အမိန့်ပေးထားသည်။ . . . သူသည် ယူဖရေးတီးမြစ်ရေကို ထိုအချိန်က စိမ့်မြေဖြစ်နေသည့် ချိုင့်ဝှမ်း [ယခင် ဗာဗုလုန်ဘုရင်တစ်ပါး တူးထားသည့်ရေကန်] ထဲသို့ တူးမြောင်းဖြင့် ရေကြောင်းလွှဲလိုက်ရာ မြစ်၏သဘာဝကြမ်းပြင်သည် ခြေလျင်ဖြတ်ကူးနိုင်သည့်အထိ ထိုချိုင့်ဝှမ်းထဲသို့ မြစ်ရေစိမ့်ဝင်သွားလေသည်။ ထိုအချိန်တွင် ဤရည်ရွယ်ချက်ဖြင့် ဗာဗုလုန်မြို့အနီး မြစ်ကမ်းဘေးတွင် ချထားခဲ့သည့် ပေရသိတို့သည် ထိုအချိန်တွင် ပေါင်လယ်လောက်သာနက်တော့သည့် ချောင်းထဲသို့ဆင်းပြီး မြို့ထဲသို့ဝင်ခဲ့ကြသည်။”
dp ၁၄၉-၁၅၀ လေးထောင့်ကွက် ပိုဒ်. ၄
ကမ္ဘာကို မည်သူ အုပ်ချုပ်မည်နည်း
ထို့နောက် ကုရုမင်းသည် အင်အားကြီးသော ဗာဗုလုန်ကို ထိပ်တိုက်ရင်ဆိုင်ရန် ပြင်ဆင်စိုင်းပြင်းလေသည်။ ထိုအချိန်မှစ၍ သူသည် သမ္မာကျမ်းစာ ပရောဖက်ပြုချက်၏ ပြည့်စုံချက်တွင် ပါဝင်လာသည်။ ကုရုသည် ဗာဗုလုန်ကိုဖြုတ်ချ၍ ဂျူးလူမျိုးကို အချုပ်အနှောင်မှ လွတ်မြောက်စေသည့်မင်း ဖြစ်မည်ဟု ရာစုနှစ်နှစ်ခုနီးပါးကြို၍ ပရောဖက်ဟေရှာယအားဖြင့် အမည်နာမနှင့်တကွ ယေဟောဝါဖော်ပြတော်မူ၏။ ဤသို့ကြိုတင် တာဝန်ခန့်အပ်မှုကြောင့် ကုရုမင်းအား ယေဟောဝါ၏ “ဘိသိက်ခံသောမင်း” အဖြစ် ကျမ်းစာက ရည်ညွှန်းဖော်ပြခြင်းဖြစ်သည်။—ဟေရှာယ ၄၄:၂၆-၂၈။
ဇာခရိ မြင်တာကို သင် မြင်သလား
ဂျူးလူမျိုးတွေ စိတ်လှုပ်ရှားနေကြတယ်။ နှစ်ပေါင်းများစွာ ဗာဗုလုန် သုံ့ပန်း ဖြစ်ခဲ့တဲ့ အစ္စရေးတွေကို လွှတ်ပေးဖို့ ‘ပါးရှားဘုရင် ဆိုင်းရပ်ရဲ့ စိတ်ကို ယေဟောဝါ လှုံ့ဆော်တယ်။’ မွေးရပ်မြေကို ပြန်ပြီး “အစ္စရေးတို့ရဲ့ ဘုရား ယေဟောဝါရဲ့ အိမ်တော်ကို ပြန်တည်ဆောက်” ဖို့ ဘုရင် ကြေညာတယ်။ (ဧဇ. ၁:၁၊ ၃) စိတ်လှုပ်ရှားစရာပါပဲ။ လူမျိုးတော်ကို ဘုရား ပေးထားတဲ့ ပြည်မှာ စစ်မှန်တဲ့ ဝတ်ပြုရေးကို ပြန်တည်ဆောက်နိုင်တော့မယ်။
ဘုရားရေးရာ ရတနာ
စာရှုသူများထံမှ မေးခွန်းလွှာ
ဒုတိယ၊ ဆိုင်းရပ်လို့ ခေါ်တဲ့ ဘုရင်တစ်ပါး ဂျူးတွေကို သုံ့ပန်းဘဝကနေ လွတ်မြောက်စေမယ်၊ ဗိမာန်တော် ပြန်ဆောက်ဖို့ အမိန့်ထုတ်မယ်လို့ ယေဟောဝါ ကြိုဟောတယ်။ (ဟေရှာ. ၄၄:၂၆–၄၅:၄) ပါးရှားဘုရင် ဆိုင်းရပ်ဆီမှာ အဲဒီကြိုဟောချက် ပြည့်စုံလာတယ်။ (ဧဇ. ၁:၁-၄) ဒါပေမဲ့ ဆိုင်းရပ်ဟာ စစ်မှန်တဲ့ ဘုရားကို ကိုးကွယ်သူ မဟုတ်ဘူး။ ကြိုဟောချက် ပြည့်စုံဖို့ ဆိုင်းရပ်ကို ယေဟောဝါ သုံးပေမဲ့ မိမိကို ကိုးကွယ်လာအောင် အတင်း လုပ်မယူဘူး။—ပညာ. ၂၁:၁။
မတ် ၁၆-၂၂
ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ ဟေရှာယ ၄၅-၄၇
“ငါဟာ ဘုရားသခင်ပဲ။ ငါ့လိုဘုရားမျိုး မရှိဘူး”
“နာမတော် သန့်ရှင်းမြင့်မြတ်ပါစေ။”
၁၄ ယေဟောဝါရဲ့ ရည်ရွယ်ချက် မပြည့်စုံအောင် စာတန် အစွမ်းကုန် ကြိုးစားပေမဲ့ မအောင်မြင်ပါဘူး။ ကျမ်းစာမှာ ယေဟောဝါ ဘာတွေ လုပ်ဆောင်ခဲ့တယ်ဆိုတာ မှတ်တမ်းတင်ထားတယ်။ ယေဟောဝါလို ဘုရားမျိုး မရှိကြောင်း အဲဒီမှတ်တမ်းတွေက သက်သေထူတယ်။ စာတန်နဲ့ စာတန့်ဘက်တော်သားတွေရဲ့ ပုန်ကန်မှုက ယေဟောဝါကို စိတ်ထိခိုက်စေတယ်။ (ဆာ. ၇၈:၄၀) ဒါပေမဲ့ ယေဟောဝါက ပြဿနာကို ပညာရှိရှိ၊ စိတ်ရှည်ရှည်၊ တရားမျှတစွာ ကိုင်တွယ်တယ်။ အနန္တတန်ခိုးကို နည်းလမ်းများစွာနဲ့ ပြခဲ့တယ်။ အရေးကြီးဆုံးကတော့ လုပ်ဆောင်လေသမျှမှာ မေတ္တာ ပေါ်လွင်တယ်။ (၁ ယော. ၄:၈) နာမတော် သန့်ရှင်းမြင့်မြတ်စေဖို့ ယေဟောဝါ မနားမနေ လုပ်ဆောင်တယ်။
‘ယေဟောဝါသည် တန်ခိုးကြီးတော်မူ၏’
၁၄ ကျွန်ုပ်တို့သိမြင်ကြရမည့်အတိုင်း ဘုရားသခင်သည် တန်ခိုးတော်ကို ဖန်ဆင်းခြင်း၊ ဖျက်ဆီးခြင်း၊ ကာကွယ်ပေးခြင်း၊ ပြန်လည်ထူထောင်ပေးခြင်းတွင် အသုံးပြုတော်မူသည်၊ အချုပ်အားဖြင့် ကိုယ်တော်၏ စုံလင်တော်မူသောရည်ရွယ်ချက်နှင့် ကိုက်ညီစွာ အသုံးပြုတော်မူသည်။ (ဟေရှာယ ၄၆:၁၀) အချို့အဖြစ်အပျက်များတွင် ယေဟောဝါသည် တန်ခိုးတော်ကို အသုံးပြုပြီး မိမိ၏ကိုယ်ရည်ကိုယ်သွေးနှင့် စံနှုန်းများ၏ အရေးပါသောအသွင်အပြင်များကို ဖော်ပြတော်မူ၏။ ထိုထက်မက အလိုတော်ပြည့်စုံစေရန် တန်ခိုးတော်ကိုညွှန်ကြား၏၊ မေရှိယနိုင်ငံတော်အားဖြင့် ကိုယ်တော်၏ပိုင်သအုပ်စိုးမှုကို အပြစ်တင်ခွင့်ကင်းစေရန်နှင့် ကိုယ်တော်၏သန့်ရှင်းသောနာမတော်ကို ရိုသေလေးမြတ်ခြင်းရှိစေရန် တန်ခိုးတော်ကိုအသုံးပြုတော်မူသည်။ ထိုရည်ရွယ်ချက်မပြည့်စုံစေရန် အဘယ်အရာကမျှ ဟန့်တားနိုင်မည်မဟုတ်ချေ။
ကိုယ်မသိတာတွေ ရှိတယ်ဆိုတာ ကျိုးနွံမှုရှိရှိ အသိအမှတ်ပြုပါ
၁၅ တစ်နေ့တစ်နေ့ ဘာတွေ ကြုံရမလဲ ကျွန်တော်တို့ မသိပေမဲ့ ကောင်းကင်မှာဖြစ်စေ၊ မြေကြီးမှာဖြစ်စေ ထာဝရအသက် ပေးမယ်ဆိုတဲ့ ယေဟောဝါရဲ့ ကတိကို သိထားတယ်။ ယေဟောဝါ မုသာမသုံးမှန်း၊ ကတိတော်တွေ မပြည့်စုံအောင် ဘာကမှ မတားဆီးနိုင်မှန်းလည်း သိထားတယ်။ (တိ. ၁:၂) ယေဟောဝါတစ်ပါးတည်းသာ “နောက်ဆုံးရလဒ်ကို၊” “မလုပ်ဆောင်ရသေးတဲ့အရာတွေကို” ကြိုဟောနိုင်တယ်။ ယေဟောဝါ ကြိုဟောထားတာတွေ အရင်က ပြည့်စုံသလို အနာဂတ်မှာလည်း ပြည့်စုံလာမယ်။ (ဟေရှာ. ၄၆:၁၀) ယေဟောဝါရဲ့ မေတ္တာ မခံစားရအောင် ဘယ်အရာကမှ မတားဆီးနိုင်မှန်း ကျွန်တော်တို့ သေချာပေါက် သိထားတယ်။ (ရော. ၈:၃၅-၃၉) ဘာတွေပဲ ကြုံလာပါစေ ခံရပ်နိုင်ဖို့ လိုအပ်တဲ့ ဉာဏ်ပညာ၊ နှစ်သိမ့်မှု၊ အစွမ်းခွန်အား ယေဟောဝါ ပေးမယ်၊ ကောင်းချီးပေးမယ်ဆိုတာ စိတ်ချနိုင်ပါတယ်။—ယေ. ၁၇:၇၊ ၈။
ယေဟောဝါသည် မိမိ၏လမ်းစဉ်ကို ကျွန်ုပ်တို့အားပြသရာ ပျော်ရွှင်စေ
၁၈ အတိတ်ကကဲ့သို့ ယနေ့ ယေဟောဝါ၏လမ်းစဉ်၌ လျှောက်လှမ်းရန် သစ္စာစောင့်သိခြင်း—ကိုယ်တော်တစ်ပါးတည်းကိုသာဝတ်ပြုရန် ပိုင်းဖြတ်ခြင်း—လိုသည်။ ယုံကြည်ကိုးစားမှု—ယေဟောဝါ၏ကတိတော်များကိုစိတ်ချနိုင်ပြီး အမှန်ဖြစ်လာမည်ဟု အကြွင်းမဲ့ယုံကြည်ခြင်း—ရှိဖို့လိုသည်။ ယေဟောဝါ၏လမ်းစဉ်၌လျှောက်လှမ်းရန် နာခံမှု—ကိုယ်တော့်ပညတ်များကို သွေဖည်ခြင်းမရှိလိုက်လျှောက်ခြင်းနှင့် ကိုယ်တော့်မြင့်မြတ်သောစံနှုန်းများကိုစောင့်ထိန်းခြင်း—ရှိရမည်။ “ထာဝရဘုရားသည် ဖြောင့်မတ်တော်မူ၍ ဖြောင့်မတ်ခြင်းကိုနှစ်သက်တော်မူ၏။”—ဆာလံ ၁၁:၇၊ သမ္မာ။
၁၉ အာခတ်သည် လုံခြုံမှုရှိဖို့ ရှုရိဘုရားများကိုမျှော်ကိုးခဲ့သည်။ အီဂျစ်ပြည်တွင်ရောက်နေသော ဣသရေလလူများသည် သူတို့ကို ရှေးခေတ်အရှေ့အလယ်ပိုင်းတွင် နေရာအနှံ့ကိုးကွယ်ကြသည့် ဘုရားမ “ကောင်းကင်မိဖုရား” က သာယာဝပြောစေမည်ဟု မျှော်လင့်ခဲ့ကြသည်။ ယနေ့ ဘုရားအများသည် ပကတိရုပ်ပုံများမဟုတ်ကြပါ။ ယေရှုက ယေဟောဝါထက်ပို၍ “စည်းစိမ်” ကိုမကိုးစားကြရန် သတိပေးခဲ့သည်။ (မဿဲ ၆:၂၄) တမန်တော်ပေါလုက “ရုပ်[ပုံ]ကိုကိုးကွယ်ခြင်းဖြစ်သော လောဘလွန်ကျူးခြင်း” အကြောင်းပြောဆိုခဲ့သည်။ (ကောလောသဲ ၃:၅) ထို့ပြင် ‘သူတို့ဘုရားသည် သူတို့ဝမ်းဖြစ်’ ကြသူများအကြောင်း သူဖော်ပြခဲ့သည်။ (ဖိလိပ္ပိ ၃:၁၉) မှန်ပါသည်၊ ယနေ့ကိုးကွယ်ကြသည့် အဓိကဘုရားများတွင် ငွေနှင့် ရုပ်ပစ္စည်းပါဝင်၏။ စင်စစ်အားဖြင့် ဘာသာရေးခံယူချက်များရှိသူတို့အပါအဝင် လူအများသည် ‘မမြဲသောစည်းစိမ်ကိုကိုးစား’ ကြ၏။ (၁ တိမောသေ ၆:၁၇) လူများစွာသည် ဤဘုရားများကို ကြိုးစားပမ်းစားဝတ်ပြုနေကြရာ အချို့သည် အကောင်းဆုံးအိမ်များတွင်နေထိုင်ရခြင်း၊ ဈေးကြီးသည့်ပစ္စည်းများကိုသုံးစွဲရခြင်းနှင့် အကုန်အကျများသော အစားအစာများကို စားသုံးရခြင်းစသည်များရရှိခဲ့ကြပြီ။ သို့သော် လူအားလုံး ထိုသို့ခံစားကြရသည်မဟုတ်ပါ။ ၎င်းတို့ကိုခံစားရသူများ ကိုယ်တိုင်ပင် နောက်ဆုံးတွင် ဤအရာများမှ ရောင့်ရဲတင်းတိမ်မှုမရရှိကြပါ။ ၎င်းတို့သည် တစ်ခဏသာတည်ပြီး မမြဲသည့်အပြင် ဝိညာဉ်ရေးလိုအပ်ချက်များကိုမရောင့်ရဲစေပါ။—မဿဲ ၅:၃။
ဘုရားရေးရာ ရတနာ
အာဒံနဲ့ဧဝ အပြစ်ပြုမယ်ဆိုတာ ဘုရားသခင် ကြိုသိခဲ့သလား
ဘုရားသခင်ဟာ “ပညာနှင့်ပြည့်စုံတော်မူသော” အရှင်ဖြစ်တယ် ဆိုပြီးတော့လည်း ကျမ်းစာက ဖော်ပြတယ်။ (ရောမ ၁၆:၂၇) ဘုရားသခင်ရဲ့ အတိုင်းအဆမဲ့ ဉာဏ်ပညာနဲ့ပတ်သက်ပြီး ထင်ရှားတဲ့ သက်သေသာဓကများစွာကို ကောင်းကင်တမန်တွေ မျက်မြင်တွေ့ခဲ့ကြတယ်။ မြေကြီးနဲ့ဆိုင်တဲ့အရာတွေကို ဘုရားသခင် ဖန်ဆင်းခဲ့တုန်းက ကောင်းကင်တမန်တွေဟာ “ဝမ်းမြောက်သဖြင့် ကြွေးကြော်” ခဲ့ကြတယ်။ (ယောဘ ၃၈:၄-၇) ဧဒင်ဥယျာဉ်မှာ ဖြစ်ပျက်ခဲ့ရာတွေကိုလည်း သူတို့အရမ်းစိတ်ဝင်စားခဲ့မှာ သေချာပါတယ်။ ဉာဏ်ပညာနဲ့ပြည့်စုံတဲ့ ဘုရားသခင်က အံ့သြမိန်းမောဖွယ် စကြဝဠာနဲ့မြေကြီးကို ဖန်ဆင်းပြီးတဲ့နောက် အာဒံနဲ့ဧဝတို့ဟာ ကောင်းကင်တမန်တွေရဲ့ရှေ့မှောက်မှာ သေချာပေါက် ဖောက်ပြန်လိမ့်မယ်ဆိုပြီး ကြိုသိထားတယ်ဆိုရင် အဓိပ္ပာယ်ရှိမှာမဟုတ်ဘူး။ ဒါကြောင့် ဆင်းရဲခက်ခဲမှုတွေ ဖြစ်ပေါ်လာအောင် ဘုရားသခင် ကြိုတင်စီစဉ်ထားတယ်ဆိုတာက လုံးဝကျိုးကြောင်းမညီညွတ်ဘူး။
‘ဉာဏ်ပညာနဲ့ပြည့်စုံတဲ့ ဘုရားသခင်က အကုန်မသိဘူးဆိုတာ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ’ ဆိုပြီး တချို့က အတွန့်တက်ကောင်း တက်လိမ့်မယ်။ မှန်ပါတယ်၊ ဘုရားသခင်ရဲ့ ကြီးမားလှတဲ့ ဉာဏ်ပညာရဲ့ အသွင်အပြင်တစ်ခုက “အဦးမှစ၍ အဆုံးတိုင်အောင်” သိမြင်နိုင်စွမ်းရှိခြင်း ဖြစ်ပါတယ်။ (ဟေရှာယ ၄၆:၉၊ ၁၀) ဒါပေမဲ့ ဘုရားသခင်ဟာ မိမိရဲ့အတိုင်းအဆမဲ့ တန်ခိုးတော်ကို အပြည့်အဝ အမြဲ အသုံးမပြုသလို မိမိရဲ့သိမြင်နိုင်စွမ်းကိုလည်း အပြည့်အဝ အသုံးမပြုပါဘူး။ ဘုရားသခင်ဟာ မိမိရဲ့ ကြိုတင်သိမြင်နိုင်စွမ်းကို ဘယ်အချိန်မှာ အသုံးပြုရမယ်ဆိုတာ ရွေးချယ်တတ်ပါတယ်။ အခြေအနေနဲ့ကိုက်ညီပြီး အကြောင်းကောင်းရှိတဲ့အခါကျမှ အဲဒီအစွမ်းကို သင့်လျော်သလို ကိုယ်တော် အသုံးပြုပါတယ်။
မတ် ၂၃-၂၉
ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ ဟေရှာယ ၄၈-၄၉
ယေဟောဝါကို အာရုံစိုက်ခြင်းကနေရရှိတဲ့ အကျိုးကျေးဇူး
it “သွန်သင်သူ၊ သွန်သင်ချက်” ပိုဒ်. ၂-mwbr
သွန်သင်သူ၊ သွန်သင်ချက်
ယေဟောဝါဘုရားဟာ မိမိကျေးကျွန်တွေရဲ့ ဖန်ဆင်းရှင်၊ မဟာသွန်သင်ရှင် ဖြစ်တယ်။ (၁ဘု ၈:၃၆။ ဆ ၂၇:၁၁။ ၈၆:၁၁။ ၁၁၉:၁၀၂။ ရှာ ၃၀:၂၀။ ၅၄:၁၃) ဖန်ဆင်းရာတွေကိုယ်နှိုက်က ဉာဏ်ပညာ ကြီးမားတဲ့ ဘုရားတစ်ပါး တည်ရှိကြောင်း သိစေတယ်။ ဒီနေ့အချိန်အထိ လူသားတွေဟာ ဖန်ဆင်းခြင်းလက်ရာတွေကို အပေါ်ယံလောက်ပဲ စူးစမ်းလေ့လာနိုင်ကြသေးတယ်။ (ယဘ ၁၂:၇-၉) ဒါ့အပြင် ယေဟောဝါက မိမိနာမတော်၊ ရည်ရွယ်ချက်၊ ပညတ်ဥပဒေတွေအကြောင်း တခြားနည်းတွေနဲ့ သွန်သင်ပေးတယ်။ (ထွ ၄:၁၂၊ ၁၅။ ၂၄:၁၂။ ၃၄:၅-၇ နဲ့ နှိုင်းယှဉ်ပါ။) ဒါတွေကို ဘုရားရဲ့စကားတော် ကျမ်းစာမှာ ဖော်ပြထားတယ်။ ဘုရားသခင့် အလိုတော်နဲ့ပတ်သက်တဲ့ သွန်သင်ချက်အမှန်တွေဟာ ကျမ်းစာမှာပဲ အခြေခံတယ်။ (ရ ၁၅:၄။ ၂တိ ၃:၁၄-၁၇) စွမ်းအားတော်အားဖြင့်လည်း ဘုရား သွန်သင်ပေးနေပါတယ်။—ယဟ ၁၄:၂၆။
လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်နဲ့ပတ်သက်ပြီး သမ္မာကျမ်းစာက ဘာပြောသလဲ။ ဘုရားသခင်က သင့်ကံကြမ္မာကို ထိန်းချုပ်ထားသလား။
● ဘုရားသခင်ဟာ ကျွန်ုပ်တို့ကို ကိုယ်တော်ရဲ့ ဂုဏ်ရည်တော်နဲ့အညီ ဖန်ဆင်းထားပါတယ်။ (ကမ္ဘာဦး ၁:၂၆) ဒါကြောင့် ကျွန်ုပ်တို့ဟာ ပင်ကိုအသိစိတ်နဲ့ လုပ်ဆောင်တဲ့ တိရစ္ဆာန်နဲ့မတူဘဲ ဖန်ဆင်းရှင်လို မေတ္တာနဲ့ တရားမျှတမှု တင်ပြနိုင်ကြတယ်။ အဲဒီအပြင် ဖန်ဆင်းရှင်လိုပဲ ကျွန်ုပ်တို့ဟာ လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့် ရှိကြတယ်။
● ကျွန်ုပ်တို့ဟာ အတိုင်းအတာတစ်ခုထိတော့ ကိုယ့်အနာဂတ်ကို ကိုယ်တိုင်ဆုံးဖြတ်နိုင်တယ်။ ဘုရားပညတ်ကို နားထောင်ပြီး ‘အသက်ရှင်ခြင်းကို ရွေးယူ’ ဖို့ သမ္မာကျမ်းစာမှာ အားပေးထားတယ်။ (တရားဟောရာ ၃၀:၁၉၊ ၂၀) လွတ်လပ်စွာရွေးချယ်ပိုင်ခွင့် မရှိဘူးဆိုရင် အဲဒီလိုပြောတာက အဓိပ္ပာယ်မရှိတဲ့အပြင် ရက်စက်ရာတောင် ကျတယ်။ ဘုရားသခင်က မိမိပြောတာကို အတင်းအကျပ်လုပ်စေမယ့်အစား ဒီလိုလှိုက်လှိုက်လှဲလှဲ ဖိတ်ခေါ်ထားတယ်– ‘သင်သည် ငါ၏ပညတ်တို့ကို စောင့်ရှောက်ပါစေသော။ သို့ပြုလျှင် သင်၏ချမ်းသာသည် မြစ်ကဲ့သို့ဖြစ်လိမ့်မည်။’—ဟေရှာယ ၄၈:၁၈။
‘အသန့်ရှင်းဆုံး ယုံကြည်ခြင်းကို ခိုင်ခံ့အောင် တည်ဆောက်ပါ’
၈ နာခံမယ်ဆိုရင် အကျိုးခံစားရမယ်ဆိုတာ ဒီကျမ်းချက်က သတိရစေတယ်။ နာခံမယ်ဆိုရင် ကောင်းချီးနှစ်ခု ရမယ်လို့ ယေဟောဝါ ကတိပေးတယ်။ ပထမ၊ ကျွန်တော်တို့ရဲ့ ငြိမ်သက်ခြင်းဟာ မြစ်လိုပဲ တည်ငြိမ်နေမယ်၊ အဆက်မပြတ် အလျှံပယ် ရှိနေမယ်။ ဒုတိယ၊ ကျွန်တော်တို့ရဲ့ ဖြောင့်မတ်ခြင်းဟာ ပင်လယ်လှိုင်းတွေလို ဖြစ်လိမ့်မယ်။ သင်ဟာ ကမ်းစပ်မှာရပ်ပြီး လှိုင်းလုံးတွေ ရိုက်ခတ်လာတာကို ကြည့်တဲ့အခါ တည်မြဲခြင်းသဘောကို ခံစားမိနိုင်တယ်။ လှိုင်းလုံးတွေဟာ လာမြဲလာနေပြီး ကမ်းခြေကို အစဉ်ထာဝရ ရိုက်ခတ်နေမှာ သင် သိတယ်။ သင့်ရဲ့ ဖြောင့်မတ်တဲ့လမ်းစဉ်ဟာ အဲဒီလိုပဲ တည်မြဲနိုင်တယ်လို့ ယေဟောဝါ ပြောတယ်။ ကိုယ်တော့်အပေါ် သစ္စာရှိဖို့ ကြိုးစားနေသရွေ့ သင် ရှုံးနိမ့်သွားမှာကို ကိုယ်တော် ဘယ်တော့မှ ခွင့်ပြုမှာ မဟုတ်ဘူး။ (ဆာလံ ၅၅:၂၂ ကိုဖတ်ပါ။) အားရှိစရာ ဒီကတိတွေဟာ ယေဟောဝါနဲ့ ဖြောင့်မတ်တဲ့ ပြဋ္ဌာန်းချက်တွေအပေါ် ပိုပြီး ယုံကြည်စိတ်ချမှု ရှိလာစေတယ် မဟုတ်လား။
ဘုရားရေးရာ ရတနာ
“စေတနာထားချိန်”
၁၆ စေတနာထားချိန်ကား အဘယ်နည်း။ မူရင်း နောက်ခံအဖြစ်အပျက်တွင် ယင်းစကားသည် ပြန်လည်တည်ထောင်ခြင်း ပရောဖက်ပြုချက်၏ အပိုင်းတစ်ခု ဖြစ်ပြီး ပြည်နှင်ခံရရာမှ ဂျူးများ ပြည်တော်ပြန်ခြင်းကို ကြိုဟောခဲ့ခြင်း ဖြစ်သည်။ ဣသရေလလူမျိုးသည် စေတနာထားချိန်နှင့် ကြုံကြိုက်ခဲ့ရသည်၊ သူတို့သည် “ပြည်တော်ကို ပြုပြင်လျက် ဆိတ်ညံသော အမွေခံရာ အရပ်တို့ကို အမွေ” ပြန်ရခဲ့ချိန်တွင် ဖြစ်သည်။ (ဟေရှာယ ၄၉:၈ခ) သူတို့သည် ဗာဗုလုန်တွင် “ချုပ်ထားသောသူတို့” မဟုတ်တော့ပါ။ ပြည်တော်ပြန် ခရီးလမ်းတွင် သူတို့သည် “ရေစာကို မငတ်မမွတ်၊” မည်သည့် “အပူကိုလည်း မခံရ” စေရန် ယေဟောဝါ လုပ်ဆောင်ပေးတော်မူခဲ့သည်။ အရပ်ရပ်တွင် ကွဲလွင့်နေကြသော ဣသရေလလူများသည် “ဝေးသောအရပ် . . . မြောက်မျက်နှာနှင့် အနောက်မျက်နှာမှ” သူတို့၏ ပြည်တော်သို့ ပြန်လည်စုဝေးလာကြသည်။ (ဟေရှာယ ၄၉:၉-၁၂) ဤထူးခြားသော အစောပိုင်း ပြည့်စုံချက် ရှိသော်လည်း ဤပရောဖက်ပြုချက်သည် ပို၍ ကြီးမားသော ပြည့်စုံချက် ရှိကြောင်း သမ္မာကျမ်းစာက ဖော်ပြသည်။
၁၇ ဦးဆုံး၊ ယေရှု မွေးဖွားချိန်တွင် ကောင်းကင်တမန်များက ငြိမ်သက်ခြင်းနှင့် လူတို့အပေါ် ဘုရားသခင်၏ စေတနာ သို့မဟုတ် မျက်နှာသာ ပေးနေကြောင်း ကြွေးကြော်ခဲ့ကြသည်။ (လုကာ ၂:၁၃၊ ၁၄) ဤစေတနာမျိုးကို လူတိုင်းအပေါ် ထားခြင်း မဟုတ်ပါ၊ ယေရှုကို ယုံကြည်ကြောင်း တင်ပြသူများအပေါ်သာ ထားခဲ့ခြင်း ဖြစ်သည်။ နောက်ပိုင်းတွင် ယေရှုသည် ဟေရှာယ ၆၁:၁၊ ၂ တွင် ပါသော ပရောဖက်ပြုချက်ကို လူထုရှေ့ ဖတ်ပြပြီး “ထာဝရဘုရား၏ မင်္ဂလာနှစ်” ကို ကြွေးကြော်သူအဖြစ် မိမိကိုယ်ကိုနှင့် ဆက်စပ်ဖော်ပြခဲ့သည်။ (လုကာ ၄:၁၇-၂၁) တမန်တော် ပေါလုက ခရစ်တော်သည် လူ့ဇာတိအဖြစ်၌ နေစဉ် ယေဟောဝါထံမှ အထူး ကာကွယ်မှု ရရှိခဲ့ကြောင်း ဖော်ပြခဲ့သည်။ (ဟေဗြဲ ၅:၇-၉) ထို့ကြောင့် ထိုအချိန်က စေတနာထားချိန်သည် ယေရှု လူသားဘဝအချိန်အတွင်း ဘုရားသခင်၏ မျက်နှာသာ ရရှိချိန်နှင့် သက်ဆိုင်နေသည်။
၁၈ သို့ရာတွင်၊ ဤပရောဖက်ပြုချက် နောက်ထပ် ပြည့်စုံဖို့ ရှိသေးသည်။ ပေါလုသည် စေတနာထားချိန်နှင့်ပတ်သက်သော ဟေရှာယ၏ စကားများကို ကိုးကားပြီးနောက် သူ ဤသို့ ဆို၏– “ယခုပင် [အထူး] နှစ်သက်ဖွယ်သောအချိန် ဖြစ်၏။ ယခုပင် ကယ်တင်ရာနေ့ရက်ကာလ ဖြစ်၏။” (၂ ကောရိန္သု ၆:၂၊ သမ္မာ) ပေါလုသည် ဤစကားများကို ယေရှု သေဆုံးပြီး ၂၂ နှစ်ကြာမှ ရေးသားခဲ့ခြင်း ဖြစ်သည်။ စီ.အီး. ၃၃ ပင်တေကုတ္တေပွဲနေ့တွင် ခရစ်ယာန် အသင်းတော် မွေးဖွားလာခြင်းနှင့်အတူ ယေဟောဝါသည် ခရစ်တော်၏ ဘိသိက်ခံ နောက်လိုက်များလည်း ပါဝင်ခံစားနိုင်ရန် အလို့ငှာ ကိုယ်တော်၏ စေတနာနှစ်ကို တိုးချဲ့ခဲ့ကြောင်း ထင်ရှားသည်။
၁၉ ဘုရားသခင့် ကောင်းကင်နိုင်ငံတော် အမွေခံများအဖြစ် ဘိသိက်မခံရသော ယနေ့ခေတ်ရှိ ယေရှု၏ နောက်လိုက်များနှင့်ပတ်သက်၍ကော မည်သို့နည်း။ မြေကြီးမျှော်လင့်ချက်ရှိသော ထိုသူတို့သည် ဤနှစ်သက်ဖွယ်အချိန်မှ အကျိုးခံစားနိုင်ပါသလော။ ခံစားနိုင်ပါသည်။ ပရဒိသု ကမ္ဘာပေါ်တွင် အသက်ရှင်ပျော်မွေ့ရန် “ကြီးစွာသော ဆင်းရဲဒုက္ခထဲက ထွက်မြောက်” လာမည့် လူအုပ်ကြီးအပေါ် ယေဟောဝါ စေတနာထားသည့်အချိန်သည် ယခုအချိန်ပင် ဖြစ်ကြောင်း ဗျာဒိတ်ကျမ်း၌ ဖော်ပြထား၏။ (ဗျာဒိတ် ၇:၁၃-၁၇) ထို့ကြောင့် မစုံလင်သော လူသားများအတွက် အကန့်အသတ်နှင့်ဖြစ်သော ယေဟောဝါ စေတနာထားသည့် ဤအချိန်ကာလပိုင်းအတွင်း ခရစ်ယာန်အားလုံး အခွင့်အရေးယူ လုပ်ဆောင်နိုင်ပါသည်။
၂၀ တမန်တော် ပေါလုသည် ယေဟောဝါ၏ နှစ်သက်ဖွယ်အချိန်နှင့်ပတ်သက်သော ကြွေးကြော်ချက်ကို မပြောမီ သတိပေးချက်ကို ဦးစွာ ဖော်ပြခဲ့သည်။ သူက ခရစ်ယာန်များအား “ဘုရားသခင်၏ ကျေးဇူးတော်ကို အကျိုးမဲ့ မခံကြနှင့်” ဟု နှိုးဆော်သွေးဆောင်ခဲ့သည်။ (၂ ကောရိန္သု ၆:၁) ထိုသို့နှင့်အညီ ခရစ်ယာန်များသည် ရရှိသည့် အခွင့်အရေးတိုင်းကို ဘုရားသခင့် နှစ်သက်လက်ခံမှု ရရန်နှင့် ကိုယ်တော့်အလိုတော်ကို ဆောင်ရွက်ရန် အသုံးပြုကြသည်။ (ဧဖက် ၅:၁၅၊ ၁၆) သူတို့သည် ပေါလု၏ ဤဆုံးမသြဝါဒကို လိုက်လျှောက်လျှင် အကျိုးရမည်– “ညီအစ်ကိုတို့၊ သင်တို့သည် အသက်ရှင်တော်မူသော ဘုရားသခင့်ထံတော်မှ ထွက်သွားသောအားဖြင့် မယုံကြည်တတ်၊ ဆိုးညစ်သော စိတ်နှလုံး မရှိစေခြင်းငှာ သတိပြုကြလော့။ ဒုစရိုက်၏ လှည့်ဖြားခြင်းအားဖြင့် သင်တို့စိတ်နှလုံး မခိုင်မာစေခြင်းငှာ၊ ‘ယနေ့’ ဟူ၍ ခေါ်ဝေါ်သောအချိန်၊ နေ့တိုင်းအစဉ် အချင်းချင်း တစ်ယောက်ကို တစ်ယောက် တိုက်တွန်းနှိုးဆော်ကြလော့။”—ဟေဗြဲ ၃:၁၂၊ ၁၃။
ဧပြီ ၆-၁၂
ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ ဟေရှာယ ၅၀-၅၁
ဘုရားသခင် သွန်သင်ပေးထားသူရဲ့ စကားကို နားထောင်ပါ
နိုင်ငံတော်အမှုဆောင်များကို လေ့ကျင့်ပေးခြင်း
၅ အချိန်တန်တဲ့အခါ ယေဟောဝါက သားတော်ကို မြေကြီးပေါ်မှာလုပ်ဆောင်ရမယ့် လုပ်ငန်းနဲ့ပတ်သက်ပြီး သင်ပေးခဲ့တယ်။ မဟာသွန်သင်ရှင်နဲ့ သားဦးစပ်ကြားမှာရှိတဲ့ ဆက်ဆံရေးကို ပရောဖက်ပြုချက်မှာ ဘယ်လိုဖော်ပြတယ်ဆိုတာ သုံးသပ်ကြည့်ပါ။ (ဟေရှာယ ၅၀:၄၊ ၅ ကိုဖတ်ပါ။) ယေဟောဝါက သားတော်ကို ‘မနက်တိုင်း’ နှိုးတယ်လို့ ပရောဖက်ပြုချက်မှာ ဖော်ပြထားတယ်။ ဒီဥပမာက တပည့်ကို စာသင်ပေးဖို့ မနက်စောစောနှိုးတဲ့ ဆရာတစ်ယောက်ကို မြင်ယောင်မိစေတယ်။ ကျမ်းစာအကိုးအကားစာအုပ်တစ်အုပ်မှာ အခုလိုပြောတယ်– “တပည့်တစ်ယောက်ကို ကျောင်းထဲခေါ်သွားသလိုမျိုး ယေဟောဝါက . . . သားတော်ကို ခေါ်သွားပြီး ဘာအကြောင်းဟောပြောရမယ်၊ ဘယ်လိုဟောပြောရမယ်ဆိုတာ သင်ပေးတယ်။” ကောင်းကင် “ကျောင်းတော်” မှာ ယေဟောဝါက သားတော်ကို ဘာတွေပြောရမယ်ဆိုတာ သင်ကြားပေးတယ်။ (ယော. ၁၂:၄၉) ဘယ်လိုသွန်သင်ရမယ်ဆိုတာကိုလည်း သားတော်ကို သင်ပေးတယ်။ မြေကြီးပေါ်ရှိချိန်မှာ ယေရှုက အမှုဆောင်လုပ်ငန်း လုပ်ဆောင်ခြင်းအားဖြင့်သာမက နောက်လိုက်တွေကို လေ့ကျင့်ပေးခြင်းအားဖြင့်လည်း သူရရှိတဲ့လေ့ကျင့်မှုကို ကောင်းကောင်းအသုံးချခဲ့တယ်။
“ကျွန်တော် အဖဘုရားကို ချစ်တယ်”
၁၃ ကောင်းကင်မှာ နေတုန်းက ဖခင်ဆီကနေ သားတော် အများကြီး သင်ယူတယ်။ ဟေရှာယ ၅၀:၄-၆ အရ မေရှိယ အခန်းကဏ္ဍနဲ့ပတ်သက်ပြီး သားတော်ကို ယေဟောဝါ အထူး သွန်သင်ပေးတယ်။ သွန်သင်ပေးတဲ့အထဲမှာ မေရှိယအဖြစ် ကြုံရမယ့် အခက်အခဲတွေအကြောင်း ပါပေမဲ့ ထက်ထက်သန်သန် သင်ယူတယ်။ မြေကြီးပေါ် ရောက်လာပြီး အရွယ်ရောက်လာတော့လည်း ဖခင်ရဲ့ အိမ်တော် သွားပြီး ဝတ်ပြုကိုးကွယ်တယ်။ ယေဟောဝါအကြောင်း ဆွေးနွေးသွန်သင်တယ်။ ဗိမာန်တော်ကို၊ တရားဇရပ်ကို ယေရှု မှန်မှန် သွားတဲ့အကြောင်း ကျမ်းစာမှာ မှတ်တမ်းတင်ထားတယ်။ (လုကာ ၄:၁၆။ ၁၉:၄၇) ကျွန်တော်တို့လည်း ယေဟောဝါကို ချစ်တဲ့ မေတ္တာ ရှင်သန်ခိုင်မြဲနေစေချင်တယ်ဆိုရင် ခရစ်ယာန် အစည်းအဝေးတွေ စိတ်ပါလက်ပါ သွားတက်ပြီး ဝတ်ပြုရမယ်။ ဘုရားအကြောင်း ပိုသိကျွမ်းလာဖို့၊ ဘုရားနဲ့ ပိုရင်းနှီးလာဖို့ ကြိုးစားရမယ်။
ဘုရားရေးရာ ရတနာ
‘ကမ္ဘာမြေကို အမွေရ’ ဖို့ အသင့် ဖြစ်ပြီလား
ဒါက ဗာဗုလုန်ကနေ ပြန်လာတဲ့ အစ္စရေးတွေ လုပ်ခဲ့ရတာတွေကို အမှတ်ရစေတယ်။ ပြည်ဟာ အနှစ် ၇၀ လုံးလုံး လူမနေဘူး။ ဒါပေမဲ့ ယေဟောဝါရဲ့ ကောင်းချီးကြောင့် လှပတဲ့ပြည် ပြန်ဖြစ်လာမယ်လို့ ဟေရှာယ ကြိုဟောတယ်။ “တောကန္တာရကို ဧဒင်ဥယျာဉ်လို၊ ကန္တာရလွင်ပြင်ကို ယေဟောဝါရဲ့ ဥယျာဉ်လို ဖြစ်စေမယ်” လို့ ပြောတယ်။ (ဟေရှာ. ၅၁:၃) အဲဒီအတိုင်း အစ္စရေးတွေ လုပ်နိုင်ခဲ့တယ်။ အလားတူပဲ ကမ္ဘာမြေကို အမွေရမယ့်သူတွေဟာ ယေဟောဝါရဲ့ ကောင်းချီးကြောင့် နိုင်နိုင်နင်းနင်း အုပ်ထိန်းနိုင်ကြလိမ့်မယ်။ အဲဒီလုပ်ငန်းမှာ ပါဝင်ချင်တယ်ဆိုတာ အခုကတည်းက ပြနိုင်တယ်။
နည်းတစ်နည်းကတော့ ကိုယ့်ရဲ့အိမ်နဲ့ ပတ်ဝန်းကျင်ကို သန့်ရှင်းသပ်ရပ်စွာ ထားခြင်းအားဖြင့်ပါ။ ပတ်ဝန်းကျင်ကလူတွေ ဘယ်လိုပဲနေနေ ကိုယ်တိုင်ကတော့ သန့်သန့်ရှင်းရှင်း သပ်သပ်ရပ်ရပ် နေနိုင်တယ်။ နိုင်ငံတော်ခန်းမ၊ စည်းဝေးပွဲခန်းမ သန့်ရှင်းရေး၊ ပြုပြင်မွမ်းမံရေးတွေမှာ ပါဝင်လုပ်အားပေးနိုင်တယ်။ အခြေအနေပေးမယ်ဆိုရင် ကိုယ့်ဒေသက သဘာဝဘေး ကယ်ဆယ်ရေးမှာ စေတနာ့ဝန်ထမ်း လုပ်ဖို့လည်း လျှောက်ထားနိုင်တယ်။ ဒါမှ လိုအပ်လာတဲ့အခါ သင် ကူညီပေးချင်တယ်ဆိုတာ သိနိုင်မယ်။ ‘ကမ္ဘာမြေမှာ ထာဝစဉ် အသက်ရှင်ခွင့် ရတဲ့အခါ အသုံးဝင်မယ့် အတတ်ပညာ တစ်ခုခု သင်ယူနိုင်မလား’ ဆိုတာ ကိုယ့်ကိုယ်ကိုယ် မေးကြည့်ပါ။
ဧပြီ ၁၃-၁၉
ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ ဟေရှာယ ၅၂-၅၃
ကြီးမားတဲ့မေတ္တာကို ယေရှု ပြခဲ့
လူငယ်တို့—ရွယ်တူချင်းဖိအားကို တွန်းလှန်ပါ
၂ သင့်ရွယ်တူချင်းတွေက သင့်အပေါ် အလွန်သြဇာလွှမ်းမိုးနေသလား။ လွှမ်းမိုးနေတယ်ဆိုရင် ဘာကြောင့် အဲဒီလိုဖြစ်တာလဲ။ တခြားသူတွေရဲ့ နှစ်သက်လက်ခံမှုကို သင်ရချင်လို့လား။ ဒီခံစားချက်က အမြဲမမှားပါဘူး။ အမှန်တော့ လူကြီးတွေတောင်မှ သူတို့ရဲ့ သက်တူရွယ်တူတွေရဲ့ နှစ်သက်လက်ခံမှုကို ရလိုကြတယ်။ လူငယ်ဖြစ်စေ၊ လူကြီးဖြစ်စေ ဘယ်သူမှ အပယ်ခံ မဖြစ်ချင်ကြဘူး။ အမှန်တော့ ကောင်းတာလုပ်တိုင်း အမြဲချီးမွမ်း မခံရပါဘူး။ ယေရှုတောင် ဒီလိုကြုံခဲ့ရတယ်။ ဒါပေမဲ့ ကိုယ်တော်က မှန်ရာကိုပဲ အမြဲလုပ်ခဲ့တယ်။ တချို့က ကိုယ်တော့်နောက်လိုက်ပြီး တပည့်ဖြစ်လာကြပေမဲ့ တခြားသူတွေကတော့ ဘုရားသခင့်သားတော်ကို မထီမဲ့မြင်ပြုပြီး “မရိုသေ” ခဲ့ကြဘူး။—ဟေရှာ. ၅၃:၃။
ယေဟောဝါသည် မိမိ၏ မေရှိယကျွန်ကို ချီးမြှောက်တော်မူ၏
၂၅ မေရှိယသည် ဒုက္ခဆင်းရဲ ခံပြီး အသေခံရန် လိုလိုလားလား ရှိခဲ့သလော။ ဟေရှာယ ဤသို့ ဆို၏– “ထိုသူသည် ညှဉ်းဆဲခြင်း ခံရသော်လည်း ကိုယ်ကို နှိမ့်ချ၍ နှုတ်ကို မဖွင့်ဘဲ နေ၏။ သတ်ခြင်းငှာ ဆောင်သွားသော သိုးကဲ့သို့ သူ့ကို ဆောင်သွား၍ သိုးမသည် အမွေးညှပ်သောသူတို့ရှေ့မှာ ဆိတ်ဆိတ်နေသကဲ့သို့ သူသည် နှုတ်ကို မဖွင့်ဘဲ နေ၏။” (ဟေရှာယ ၅၃:၇၊ သမ္မာ) မိမိအသက်တာ၏ နောက်ဆုံးညတွင် ယေရှုသည် မိမိကို အကူအညီ ပေးရန် “ကောင်းကင်တမန် တစ်ဆယ့်နှစ်တပ်မက” ကို ဆင့်ခေါ်နိုင်တော်မူ၏။ သို့သော် ကိုယ်တော် ဤသို့ မိန့်တော်မူခဲ့၏– “သို့ဖြစ်လျှင် ဤသို့သော အမှုအရာတို့သည် ဖြစ်ရမည်ဟူသော ကျမ်းစာအချက်သည် အဘယ်သို့ ပြည့်စုံအံ့နည်း။” (မဿဲ ၂၆:၅၃၊ ၅၄) ယင်းအစား “ဘုရားသခင်၏ သိုးသငယ်” သည် ပြန်ခုခံခြင်း မပြုလုပ်ခဲ့ပါ။ (ယောဟန် ၁:၂၉) ယဇ်ပုရောဟိတ် အကြီးများနှင့် လူအကြီးအကဲတို့က ပိလတ်ရှေ့တွင် ယေရှုကို မဟုတ်မမှန် စွပ်စွဲကြသော်လည်း ယေရှုသည် “စကားတစ်ခွန်းကိုမျှ ပြန်ပြောတော်မမူ” ခဲ့ပါ။ (မဿဲ ၂၇:၁၁-၁၄) ကိုယ်တော်သည် ဘုရားသခင့် အလိုတော် ဆောင်ခြင်းကို အနှောင့်အယှက် ဖြစ်နိုင်သည့် ဘာတစ်ခုကိုမျှ မပြောလိုခဲ့ပါ။ မိမိ၏ သေခြင်းသည် နာခံမှု ရှိသော လူသားများကို အပြစ်၊ ဖျားနာခြင်း၊ သေခြင်းတို့မှ ကယ်လွှတ်နိုင်ကြောင်း ယေရှု ကောင်းကောင်း သိထားခြင်းကြောင့် ယဇ်ပူဇော်ခံရမည့် သိုးသငယ်ကဲ့သို့ လိုလိုလားလား အသေခံလိုခဲ့သည်။
ဘုရားရေးရာ ရတနာ
ယေဟောဝါက မိမိလူမျိုးကို သန့်ရှင်းစေချင်
၉ စင်ကြယ်တဲ့ ဝတ်ပြုကိုးကွယ်ရေး။ မှားယွင်းတဲ့ ဘာသာရေးနဲ့ ကျွန်တော်တို့ ဘယ်နည်းနဲ့မှ မပတ်သက်ရဘူး။ အစ္စရေးတွေ ဗာဗုလုန်သုံ့ပန်းဘဝမှာ အကျင့်ပျက်တဲ့ တိတ္ထိဘာသာဝင်တွေကြားမှာ နေထိုင်ခဲ့ကြတယ်။ အစ္စရေးတွေ နေရင်းပြည် ပြန်လာပြီး စင်ကြယ်တဲ့ ဝတ်ပြုကိုးကွယ်ရေး ပြန်တည်ထောင်မယ့်အကြောင်း ဟေရှာယ ပရောဖက်ပြုခဲ့တယ်။ “အဲဒီကနေ ထွက်သွားကြ။ မသန့်ရှင်းတာမှန်သမျှ လက်နဲ့တောင် မထိကြနဲ့။ . . . သူ့ဆီကနေ ထွက်သွားကြ။ ကိုယ့်ကိုယ်ကိုယ် သန့်ရှင်းအောင်နေကြ” လို့ ယေဟောဝါ မိန့်မှာခဲ့တယ်။ အစ္စရေးတွေရဲ့ ဝတ်ပြုရေးဟာ ဗာဗုလုန်ရဲ့ မှားယွင်းတဲ့ ဘာသာရေး သွန်သင်ချက်တွေ၊ အကျင့်အကြံတွေ၊ ဓလေ့ထုံးစံတွေနဲ့ ရောယှက်မနေရဘူး။—ဟေရှာယ ၅၂:၁၁။
၁၀ ဒီနေ့ ခရစ်ယာန်စစ်တွေလည်း မှားယွင်းတဲ့ ဘာသာရေးကို ရှောင်ကြဉ်ကြတယ်။ (၁ ကောရိန္သု ၁၀:၂၁ ကိုဖတ်ပါ။) ကမ္ဘာတစ်ဝန်းက လူကြိုက်များတဲ့ ထုံးတမ်းစဉ်လာတွေ၊ ယဉ်ကျေးမှုဓလေ့တွေ၊ ယုံကြည်ချက်တွေဟာ မှားယွင်းတဲ့ ဘာသာရေး သွန်သင်ချက်တွေအပေါ် အခြေခံတယ်။ ဥပမာ၊ ယဉ်ကျေးမှုများစွာမှာ လူသေပြီးတဲ့နောက် ဆက်အသက်ရှင်တဲ့အရာ ရှိတယ်လို့ ယုံကြည်ကြတယ်။ ဒီယုံကြည်ချက်အပေါ် အခြေခံတဲ့ ဓလေ့ထုံးစံများစွာ ရှိတယ်။ (ဒေသနာ ၉:၅၊ ၆၊ ၁၀) အဲဒီထုံးစံတွေကို ခရစ်ယာန်တွေ ရှောင်ရမယ်။ ဒီဓလေ့ထုံးစံတချို့မှာ ပါဝင်ဖို့ မိသားစုဝင်တွေက ဖိအားပေးလာနိုင်တယ်။ ဒါပေမဲ့ ကျွန်တော်တို့ကို သန့်ရှင်းတယ်လို့ ယေဟောဝါ ရှုမြင်စေချင်တဲ့အတွက် အဲဒီလိုဖိအားတွေကို အလျှော့ပေးလိုက်လျောကြမှာ မဟုတ်ဘူး။—တမန်တော် ၅:၂၉။
ဧပြီ ၂၀-၂၆
ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ ဟေရှာယ ၅၄-၅၅
သင် ဘယ်လောက် ပေးဆက်ချင်သလဲ
မြင့်မြတ်သောပညာရေး၏ သာလွန်ထူးမြတ်မှု
၃ ယေဟောဝါ၏ကောင်းမြတ်မှုကြောင့် ကိုယ်တော်သည် မစုံလင်သောလူသားများကို သွန်သင်ရန် တလိုတလား ရှိတော်မူသည်။ ဘိသိက်ပေးခံရသော ခရစ်ယာန်များနှင့်ပတ်သက်၍ ဟေရှာယ ၅၄:၁၃ တွင် ဤသို့ ပရောဖက်ပြုထား၏– ‘သင်၏သားသမီးအပေါင်းတို့သည် ယေဟောဝါဆုံးမသွန်သင်တော်မူသောသူဖြစ်၍ များစွာသောစည်းစိမ်ချမ်းသာနှင့် ပြည့်စုံကြလိမ့်မည်။’ ယင်းစကားများသည် မူအားဖြင့် ခရစ်တော်၏ “အခြားသိုး” နှင့်လည်းသက်ဆိုင်သည်။ (ယော. ၁၀:၁၆) ယင်းသို့ဖြစ်ကြောင်း ကျွန်ုပ်တို့ခေတ်တွင် ပြည့်စုံလျက်ရှိသော ပရောဖက်ပြုချက်တစ်ခုက ထင်ရှားစေသည်။ လူမျိုးအပေါင်းမှ လူတို့သည် စစ်မှန်သောဝတ်ပြုရေးသို့ တဖွဲဖွဲတက်သွားကြသည်ကို စိတ်အာရုံတွင် ဟေရှာယ မြင်တွေ့ခဲ့သည်။ သူတို့အချင်းချင်း ပြောဆိုနေသည့်အရာနှင့် စပ်လျဉ်း၍ ဟေရှာယဤသို့ ဖော်ပြသည်– ‘ယေဟောဝါ၏တောင်တော်၊ ယာကုပ်အမျိုး၏ ဘုရားသခင့် အိမ်တော်သို့ တက်သွားကြကုန်အံ့။ လမ်းခရီးတော်တို့ကို ပြသသွန်သင်တော်မူ၍ ငါတို့သည် ခြေရာသို့ လိုက်သွားကြမည်။’ (ဟေရှာ. ၂:၁-၃) ဘုရားသခင်၏သွန်သင်မှုခံရခြင်းသည် အခွင့်ထူးပင်!
“အမှန်တရားကို ဝယ်ပါ။ ဘယ်တော့မှ မရောင်းနဲ့”
၆ ဟေရှာယ ၅၅:၁-၃ ကိုဖတ်ပါ။ ဟေရှာယရေးတဲ့ ယေဟောဝါရဲ့ စကားတွေက အမှန်တရားကို ဝယ်တယ်ဆိုတာ ဘာကိုဆိုလိုကြောင်း ပိုနားလည်စေတယ်။ ယေဟောဝါက မိမိရဲ့ စကားကို ရေ၊ နို့၊ စပျစ်ဝိုင်နဲ့ ခိုင်းနှိုင်းထားတယ်။ ကြည်လင်အေးမြတဲ့ ရေကို သောက်ရသလိုပဲ ဘုရားသခင့် အမှန်တရားစကားတွေက လန်းဆန်းစေတယ်။ နို့က ကလေးကို သန်မာထွားကျိုင်းစေသလို ယေဟောဝါရဲ့ စကားတွေက ကျွန်တော်တို့ကို ဘုရားရေးရာဘက် သန်မာထွားကျိုင်းစေတယ်။ ယေဟောဝါရဲ့စကားဟာ စပျစ်ဝိုင်နဲ့လည်း တူတယ်။ ကျမ်းစာမှာ စပျစ်ဝိုင်ကို ပျော်ရွှင်ခြင်းနဲ့ ဆက်စပ်ဖော်ပြထားတယ်။ (ဆာ. ၁၀၄:၁၅) ‘စပျစ်ဝိုင်ကို ဝယ်ကြ’ လို့ ယေဟောဝါပြောတာက မိမိစကားအတိုင်း နေထိုင်ရင် ပျော်ရွှင်မယ်လို့ အာမခံနေတာဖြစ်တယ်။ (ဆာ. ၁၉:၈) ဘုရားသခင့် အမှန်တရား စကားတွေကို လေ့လာ၊ လိုက်နာခြင်းရဲ့ အကျိုးတွေကို လှလှပပ ပုံဖော်လိုက်တာပဲ။ ကျွန်တော်တို့ပေးရတဲ့ အဖိုးအခက ကြိုးစားအားထုတ်မှုပါပဲ။ အမှန်တရားကို ဝယ်ဖို့ ပေးဆပ်ရတဲ့ အရာငါးခုကို သုံးသပ်ကြည့်ကြစို့။
အမှန်တရားကို ဝယ်ဖို့ ဘာတွေ ပေးဆပ်ရ
၇ အချိန်။ အမှန်တရားကို ဝယ်လိုသူတိုင်း ပေးဆပ်ရတဲ့အရာ ဖြစ်တယ်။ သတင်းကောင်း နားထောင်ဖို့၊ ကျမ်းစာနဲ့ ကျမ်းစာစာပေတွေ ဖတ်ဖို့၊ ကိုယ်ပိုင် ကျမ်းစာလေ့လာဖို့၊ အစည်းအဝေးတွေကို ပြင်ဆင်တက်ရောက်ဖို့ အချိန်ပေးရတယ်။ သိပ်အရေးမပါတဲ့ လုပ်ဆောင်မှုတွေကနေ အချိန်ကို ‘ဝယ်’ ရမယ်။ (ဧဖက် ၅:၁၅၊ ၁၆ နဲ့ အောက်ခြေမှတ်ချက်ကို ဖတ်ပါ။) အခြေခံ ကျမ်းစာသွန်သင်ချက်တွေကို တိကျမှန်ကန်စွာ သိလာဖို့ အချိန် ဘယ်လောက်လိုသလဲ။ ကိုယ့်အခြေအနေပေါ် မူတည်တယ်။ ယေဟောဝါရဲ့ ဉာဏ်ပညာ၊ နည်းလမ်း၊ လုပ်ဆောင်မှုတွေကို သင်ယူလို့ မကုန်နိုင်ဘူး။ (ရော. ၁၁:၃၃) ပထမဆုံးထုတ် ကင်းမျှော်စင် စာစောင်မှာ အမှန်တရားကို “ပန်းတစ်ပွင့်” နဲ့ ခိုင်းနှိုင်းထားပြီး “အမှန်တရားပန်း တစ်ပွင့်တည်းနဲ့ ကျေနပ်မနေပါနဲ့။ တစ်ပွင့်တည်းနဲ့ လုံလောက်ရင် ဘုရားသခင်က ဒီလောက်အများကြီး ပြင်ဆင်ပေးမှာ မဟုတ်ဘူး။ ဆက်ရှာပါ။ ဆက်စုပါ” လို့ ဖော်ပြထားတယ်။ ‘ငါ့ရဲ့ အမှန်တရားပန်းစည်း ဘယ်လောက် ကြီးသလဲ’ လို့ ကိုယ့်ကိုယ်ကိုယ် မေးပါ။ ထာဝရအသက်ရှင်နေရင်တောင် ယေဟောဝါအကြောင်း သင်ယူလို့ ကုန်မှာမဟုတ်ဘူး။ အမှန်တရားကို ဝယ်ဖို့ ကိုယ့်အခြေအနေ ခွင့်ပြုသရွေ့ အချိန်ကို ပညာရှိရှိ သုံးဖို့ အရေးကြီးတယ်။ အမှန်တရား ဆာငတ်သူတစ်ယောက်အကြောင်း သုံးသပ်ကြည့်ပါ။
“သင့်နားထောင်ပုံကို ဂရုစိုက်လော့”
ကျွန်ုပ်တို့၏ ဂရုတစိုက်နားထောင်ခြင်းကို တားဆီးသည့်အရာ များစွာရှိသည်။ ကျွန်ုပ်တို့၏စိတ်သည် စိုးရိမ်ပူပန်မှုများနှင့် ပြည့်ကျပ်နေပေမည်။ ပရိသတ်ထဲရှိ သို့မဟုတ် စည်းဝေးကျင်းပနေရာအပြင်ဘက်ရှိ ဆူညံမှုနှင့်လှုပ်ရှားမှုတို့က ကျွန်ုပ်တို့ကို စိတ်ပျံ့လွင့်စေပေမည်။ ကိုယ်လက်အင်္ဂါများ ဝေဒနာခံနေရခြင်းကြောင့် ကျွန်ုပ်တို့အား စူးစိုက်ရန် ခက်ခဲစေပေမည်။ ကလေးငယ်များရှိသောသူတို့သည် အာရုံအမျိုးမျိုးဖြစ်နေကြောင်း တွေ့ရှိရတတ်သည်။ အစီအစဉ်ပေါ်တွင် ကျွန်ုပ်တို့အာရုံစူးစိုက်ထားရန် အဘယ်အရာက အကူအညီပေးနိုင်သနည်း။
ကျွန်ုပ်တို့အာရုံစူးစိုက်သည့်နေရာကို မျက်လုံးများက အကြီးအကျယ်သြဇာညောင်းသည်။ အာရုံစုစည်းဖို့ သင့်အားကူညီရန် သင့်မျက်လုံးများကို ဟောပြောသူအား ကြည့်နေစေခြင်းဖြင့် ယင်းတို့ကိုအသုံးပြုပါ။ ကျမ်းချက်တစ်ချက်—ရင်းနှီးနေသည့် ကျမ်းချက်တစ်ချက်ပင်ဖြစ်ပါစေ သူရည်ညွှန်းသည့်အခါ ရှာဖွေပြီး ၎င်းကိုသူဖတ်သည့်အခါ လိုက်ဖတ်ပါ။ ဆူညံသံ သို့မဟုတ် လှုပ်ရှားသံဘက်သို့ လှည့်ကြည့်ရန်သွေးဆောင်မှုကို တွန်းလှန်ပါ။ အကယ်၍ မျက်လုံးများက ပျံ့လွင့်စေသည့်သတင်းအချက်အလက်ဖြင့် သင့်စိတ်ကို လွှမ်းနေစေပါက စင်မြင့်မှတင်ဆက်နေသည့်အရာ တော်တော်များများကို သင်လက်လွတ်သွားလိမ့်မည်။
မည်သည့် “မငြိမ်မသက်သည့်အတွေးအခေါ်” မဆိုသည် အစီအစဉ်ပေါ်တွင် အာရုံစုစည်းထားရန် သင့်ကိုခက်ခဲစေလျှင် အာရုံစူးစိုက်ရန်လိုအပ်သည့် စိတ်နှလုံး၏ငြိမ်သက်မှုကို ပေးသနားရန် ယေဟောဝါထံဆုတောင်းပါ။ (ဆာ. ၉၄:၁၉; ဖိ. ၄:၆၊ ၇) လိုအပ်ပါက ထိုသို့ထပ်တလဲလဲပြုလုပ်ပါ။ (မ. ၇:၇၊ ၈) အသင်းတော်အစည်းအဝေးများသည် ယေဟောဝါထံမှ စီစဉ်ပေးမှုတစ်ခုဖြစ်သည်။ ယင်းတို့မှ သင်အကျိုးရရန် ကိုယ်တော်အလိုရှိကြောင်း သင်ယုံကြည်စိတ်ချနိုင်သည်။—၁ ယော. ၅:၁၄၊ ၁၅။
ဘုရားရေးရာ ရတနာ
“မစိုးရိမ်နဲ့။ ငါဟာ မင်းရဲ့ဘုရားသခင်ပါ”
၁၄ ပထမ၊ ခရစ်တော်ရဲ့ နောက်လိုက်တွေအနေနဲ့ အမုန်းခံရမယ်လို့ ကျွန်တော်တို့ မျှော်လင့်ထားကြတယ်။ (မ. ၁၀:၂၂) နောက်ဆုံးကာလမှာ တပည့်တွေ အပြင်းအထန် နှိပ်စက်ညှဉ်းပန်းခံရမယ်လို့ ယေရှု ကြိုပြောတယ်။ (မ. ၂၄:၉။ ယော. ၁၅:၂၀) ဒုတိယ၊ ရန်သူတွေဟာ မုန်းရုံသာမက လက်နက်အမျိုးမျိုး သုံးလိမ့်မယ်လို့ ဟေရှာယ ပရောဖက်ပြုချက်မှာ ကြိုသတိပေးတယ်။ အဲဒီလက်နက်တွေထဲမှာ လှည့်စားတာ၊ လိမ်လည်တာ၊ ရက်ရက်စက်စက် နှိပ်စက်တာတွေ ပါဝင်တယ်။ (မ. ၅:၁၁) အဲဒီလက်နက်တွေ မသုံးဖို့ ရန်သူတွေကို ယေဟောဝါ တားဆီးမှာ မဟုတ်ဘူး။ (ဧ. ၆:၁၂။ ဗျာ. ၁၂:၁၇) ဒါပေမဲ့ ကျွန်တော်တို့ ကြောက်စရာ မလိုပါဘူး။ ဘာကြောင့်လဲ။
၁၅ တတိယအချက်ကို သုံးသပ်ကြည့်ပါ။ “လက်နက်တစ်ခုမှ အောင်မြင်မှာ မဟုတ်ဘူး” လို့ ယေဟောဝါ ပြောတယ်။ ရဲတိုက်နံရံက မုန်တိုင်းဒဏ်ကနေ ကာကွယ်ပေးသလို ယေဟောဝါက “ဖိနှိပ်ညှဉ်းပန်းသူတွေ ဒေါသူပုန်ထတဲ့အခါ” ကျွန်တော်တို့ကို ကာကွယ်ပေးတယ်။ (ဟေရှာယ ၂၅:၄၊ ၅ ကိုဖတ်ပါ။) ရန်သူတွေ ဘယ်တော့မှ အောင်မြင်မှာ မဟုတ်ဘူး။—ဟေရှာ. ၆၅:၁၇။
ဧပြီ ၂၇–မေ ၃
ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ ဟေရှာယ ၅၆-၅၇
ယေဟောဝါဘုရားကို ဝတ်ပြုရလို့ ပျော်ရွှင်ချမ်းမြေ့ရ
ယေဟောဝါသည် စိတ်နှိမ့်ချသောသူတို့ကို အားသစ်လန်းစေ
၁၄ သို့ရာတွင်၊ ဘုရားသခင်၏ စိတ်ရှည်သည်းခံချိန် ကုန်ဆုံးသွားမည်။ ထိုအချိန်ကို ရှုမျှော်ကာ ယေဟောဝါ ဤသို့ ကြေညာ၏– “သင်၏ ကုသိုလ် [“ဖြောင့်မတ်ခြင်း၊” သမ္မာ] နှင့် သင် ပြုသောအမှုတို့ကို ငါဖော်ပြမည်။ ထိုသို့သောအမှုသည် အကျိုးကို မပေးနိုင်။ သင်သည် အော်ဟစ်သောအခါ သင်၏ အလုံးအရင်းတို့သည် ကယ်နုတ်ကြစေ။ လေသည် သူတို့ကို တိုက်သွားလိမ့်မည်။ လေတစ်မှုတ်နှင့် လွင့်ကြလိမ့်မည်။” (ဟေရှာယ ၅၇:၁၂၊ ၁၃က) ယေဟောဝါသည် ယုဒ၏ အယောင်ဆောင် ဖြောင့်မတ်ခြင်းကို ဖော်ထုတ်တော်မူမည်။ သူ၏ ဟန်ဆောင်လုပ်ရပ်များသည် အဘယ် အကျိုးမျှ ပြုမည် မဟုတ်ပါ။ သူ၏ “အလုံးအရင်းတို့၊” သူ၏ ရုပ်ပုံများသည် သူ့ကို မကယ်လွှတ်နိုင်ပါ။ ဘေးဒုက္ခ ကျရောက်လာသောအခါ သူ ကိုးစားခဲ့သော ဘုရားများသည် လေတစ်ချက် မှုတ်ထုတ်လိုက်ရုံဖြင့် ပျောက်လွင့်သွားမည်။
၁၅ ယေဟောဝါ၏ စကားတော်သည် ဘီ.စီ.အီး. ၆၀၇ တွင် ပြည့်စုံလာသည်။ ဗာဗုလုန်ဘုရင် နေဗုခဒ်နေဇာသည် ယေရုရှလင်မြို့ကို ဖျက်ဆီးပြီး ဗိမာန်တော်ကို မီးရှို့ကာ ပြည်သူအများစုကို သုံ့ပန်းများအဖြစ် ခေါ်ဆောင်သွားချိန်တွင် ဖြစ်သည်။ “ထိုသို့ ယုဒအမျိုးသည် မိမိပြည်မှ သိမ်းသွားခြင်းကို ခံရသတည်း။”—၄ ဓမ္မရာဇဝင် ၂၅:၁-၂၁။
၁၆ အလားတူ၊ ခရစ်ယာန်ဘောင်၏ ရုပ်ပုံများစွာသည် ယေဟောဝါ၏ အမျက်ထွက်ရာနေ့တွင် သူ့ကို ကယ်လွှတ်မည် မဟုတ်ပါ။ (ဟေရှာယ ၂:၁၉-၂၂; ၂ သက်သာလောနိတ် ၁:၆-၁၀) “မဟာဗာဗုလုန်”—ကမ္ဘာ့ မှောက်မှားသော ဘာသာရေး အင်ပါယာ—၏ ကျန်အစိတ်အပိုင်းများနှင့်အတူ ခရစ်ယာန်ဘောင်သည် လုံးလုံး ဖျက်ဆီးခံရမည်။ ပုံဆောင် သားရဲနီနှင့် ၎င်း၏ ချိုဆယ်ချောင်းသည် “[မဟာဗာဗုလုန်] ၏ စည်းစိမ်ကို ဖျက်ဆီးလိမ့်မည်။ သူ၏ အဝတ်တန်ဆာကို ချွတ်၍ သူ၏ အသားကို ကိုက်စားလိမ့်မည်။ သူ၏ ကိုယ်ကိုလည်း မီးရှို့လိမ့်မည်။” (ဗျာဒိတ် ၁၇:၃၊ ၁၆၊ ၁၇) “ငါ၏ လူမျိုးတို့၊ သူ၏ အပြစ်တို့ကို ဆက်ဆံခြင်းနှင့်လည်းကောင်း၊ သူ၏ ဘေးဒဏ်များကို ခံခြင်းနှင့်လည်းကောင်း ကင်းလွတ်အံ့သောငှာ သူ၏အထဲက ထွက်ကြလော့” ဟူသော အမိန့်ကို ကျွန်ုပ်တို့ နာခံခဲ့ခြင်းသည် အလွန် ဝမ်းသာစရာပါတကား! (ဗျာဒိတ် ၁၈:၄၊ ၅) ကျွန်ုပ်တို့သည် နောက်ပြန်လှည့်ခြင်း၊ ၎င်း၏ နည်းလမ်းများကို ပြန်လုပ်ဆောင်ခြင်း ဘယ်တော့မျှ မဖြစ်ပါစေနှင့်။
“ကျွန်တော့်နိုင်ငံဟာ ဒီလောကနဲ့ မပတ်သက်ဘူး”
၁၆ ဒီလိုပြောင်းလဲဖို့ သိပ်အရေးကြီးတယ်။ ကျမ်းစာမှာ လူသားတွေကို မငြိမ်သက်နိုင်ဘဲ ဟုန်းဟုန်းထနေတဲ့ ပင်လယ်နဲ့ ခိုင်းနှိုင်းထားတယ်။ (ဟေရှာ. ၁၇:၁၂။ ၅၇:၂၀၊ ၂၁။ ဗျာ. ၁၃:၁) နိုင်ငံရေးက လူတွေကို စိတ်ဝမ်းကွဲစေပြီး အကြမ်းဖက်အောင် လှုံ့ဆော်ပေမဲ့ ကျွန်တော်တို့ကတော့ စည်းလုံးငြိမ်သက်မှုကို ထိန်းသိမ်းထားကြတယ်။ ကွဲပြားနေတဲ့ လောကမှာ မိမိလူမျိုးရဲ့ စည်းလုံးမှုကို ယေဟောဝါ တွေ့တဲ့အခါ သိပ်ဝမ်းသာမှာပဲ။—ဇေဖနိ ၃:၁၇ ကိုဖတ်ပါ။
it “ငြိမ်သက်ခြင်း” ပိုဒ်. ၃–mwbr
ငြိမ်သက်ခြင်း
ငြိမ်သက်မှု ရယူနိုင်ပုံ။ ယေဟောဝါဟာ ငြိမ်သက်ခြင်းရဲ့ ဘုရားသခင် ဖြစ်တယ်။ (၁က ၁၄:၃၃။ ၂က ၁၃:၁၁။ ၁သ ၅:၂၃။ ဟီ ၁၃:၂၀) ငြိမ်သက်ခြင်းရဲ့ ရင်းမြစ်လည်း ဖြစ်တယ်။ (တလ ၆:၂၆၊ ၁ရ ၂၂:၉။ ဆ ၄:၈။ ၂၉:၁၁။ ၁၄၇:၁၄။ ရှာ ၄၅:၇။ ရ ၁၅:၃၃။ ၁၆:၂၀) ငြိမ်သက်ခြင်းဟာ စွမ်းအားတော်ကြောင့် ဖြစ်ပေါ်လာတဲ့ အရည်အသွေးတစ်ခုပါ။ (ဂ ၅:၂၂) ဒါကြောင့် ဘုရားနဲ့ ဆက်ဆံရေးကောင်းရှိသူတွေပဲ စစ်မှန်တဲ့ ငြိမ်သက်မှု ခံစားနိုင်ကြတယ်။ လူတစ်ယောက် ကြီးလေးတဲ့အပြစ် ကျူးလွန်မိရင် ဘုရားနဲ့ ဆက်ဆံရေး တင်းမာလာပြီး စိတ်အနှောင့်အယှက်လည်း ဖြစ်ရတယ်။ “ကိုယ့်အပြစ်ကြောင့် အရိုးတွေလည်း သက်သာရာမရ ဖြစ်နေတယ်” လို့ ဆာလံဆရာ ပြောတယ်။ (ဆ ၃၈:၃) ဒါကြောင့် ငြိမ်သက်ခြင်း လိုလားသူတွေဟာ “မကောင်းမှုကို ရှောင်ပြီး ကောင်းမှုကို လုပ်ဆောင်” ဖို့ လိုအပ်တယ်။ (ဆ ၃၄:၁၄) ဖြောင့်မတ်ခြင်း မရှိရင် ငြိမ်သက်ခြင်းဆိုတာလည်း မရှိနိုင်ဘူး။ (ဆ ၇၂:၃။ ၈၅:၁၀။ ရှာ ၃၂:၁၇) ဒါကြောင့် လူဆိုးတွေဆီမှာ ငြိမ်သက်ခြင်း ရှိမနေတာပါ။ (ရှာ ၄၈:၂၂။ ၅၇:၂၁။ ရှာ ၅၉:၂-၈ နဲ့ နှိုင်းယှဉ်ပါ။) ဆန့်ကျင်ဘက်အနေနဲ့ ယေဟောဝါဆီ အပြည့်အဝ ဆက်ကပ်အပ်နှံထားသူ၊ ပညတ်တော်ကို အလွန်နှစ်သက်သူ၊ (ဆ ၁၁၉:၁၆၅) ပညတ်တော်တွေကို အာရုံစိုက်သူတွေကတော့ ငြိမ်သက်ခြင်း ပိုင်ဆိုင်ရလိမ့်မယ်။—ရှာ ၄၈:၁၈။
ဘုရားရေးရာ ရတနာ
ဟေရှာယကျမ်းမှ ပေါ်လွင်ချက်များ—၂
၅၆:၆—“တစ်ပါးအမျိုးသား” တို့ကား မည်သူများနည်း။ သူတို့သည် မည်သည့်နည်းဖြင့် ယေဟောဝါ၏ “ပဋိညာဉ်ကိုစွဲလမ်း” ကြသနည်း။ “တစ်ပါးအမျိုးသား” တို့မှာ ယေရှု၏ “အခြားသိုး” များဖြစ်သည်။ (ယောဟန် ၁၀:၁၆) သူတို့သည် ပဋိညာဉ်သစ်နှင့်ဆက်စပ်သည့် ပညတ်များကို နာခံခြင်း၊ ပဋိညာဉ်သစ်ဖြင့် ပြုလုပ်သောအစီအစဉ်များကို အပြည့်အဝ ပူးပေါင်းဆောင်ရွက်ခြင်း၊ ဝိညာဉ်တော်ဖွားခရစ်ယာန်များနှင့်တန်းတူ ဝိညာဉ်အစာ စားသုံးခြင်း၊ ဟောပြောခြင်းနှင့် တပည့်ဖြစ်စေခြင်းလုပ်ငန်းတွင် သူတို့ကို ထောက်မပေးခြင်းဖြင့် ပဋိညာဉ်သစ်ကို စွဲလမ်းကြသည်။
မြင့်မြတ်သောအစည်းအဝေးများကို ရိုသေလေးစားကြောင်း တင်ပြခြင်း
ယေဟောဝါသည် မိမိလူမျိုးဖြစ်သော ဝိညာဉ်တော်ဖွားခရစ်ယာန်များနှင့် သူတို့အပေါင်းပါများကို “သန့်ရှင်းသောတောင်” တွင် ဝတ်ပြုရန် စုသိမ်းခဲ့ပေပြီ။ “လူအမျိုးမျိုးဆုတောင်းရာအိမ်” ဖြစ်သော မိမိ၏ ဝိညာဉ်ရေးဝတ်ပြုရာအိမ်တော်တွင် သူတို့ကိုဝမ်းမြောက်စေသည်။ (ဟေရှာယ ၅၆:၇; မာကု ၁၁:၁၇) အဆိုပါဖြစ်ရပ်များက ယေဟောဝါ၏ဝတ်ပြုရေးသည် သန့်ရှင်းစင်ကြယ်မြင့်မြတ်ကြောင်း ဖော်ပြသည်။ ကျွန်ုပ်တို့သည် လေ့လာသင်ယူရန်နှင့် ဝတ်ပြုရန် စုဝေးသည့်နေရာများကို ရိုသေလေးစားခြင်းဖြင့် သန့်ရှင်းမြင့်မြတ်မှုနှင့်ပတ်သက်၍ ယေဟောဝါနည်းတူ ရှုမြင်ကြောင်း တင်ပြကြသည်။